လွန်ခဲ့သော ၂ရက်ခန့်က ဖြစ်သည်။ ကျနှတ်တို့၏ ဇာတ်လိုက်ကျော် အလွတ်စုံထောက် စိန်ကြက်ဆင် တယောက် ကျနုတ်၏ ရုံးခန်းရှိရာ ပန်းဆိုးတန်းလမ်း အထက်ဘလောက်သို့ ဆိုင်းမပါ ဗုံမဆင့် ရောက်ရှိပြီး သကာလ မဆိုင်းမတွပင် အောက်ပါစကားကို ပြောလိုက်လေတော့သည်။

စိန်ကြက်ဆင်။ ကဲ ကိုယ့်လူရေ ခင်ဗျားတို့ စာအုပ်တိုက်အတွက် အလွန်တရာ အရောင်းသွက်စေမဲ့ ဖြစ်ရပ်မှန် မှုခင်းဇာတ်လမ်းကြီး တပုဒ်တော့ ရလာလေရဲ့…. ၊ အကြောင်းစုံ ပြောရမှာတော့ဖြင့် အချိန်လိုတာမို့ မင်္ဂလာတောင်ညွန့် မဆလာစက် မှတ်တိုင်နားက မပြူး(မျက်ပြူး)တို့ အသုပ်ဆိုင် သွားကျစို့ဗျာ….. ၊ အိုက်မှာ ကျုပ်လိုက်လာတဲ့ အမှုအကြောင်း ပြောရင်း အသုပ်လည်းစား ဟိုဘက် ကုလားဘုရားကျောင်း ရေတံလျှောက်က ကျလာတဲ့ မိုးရေကို ဒန်ဇလုံနဲ့ခံထားပီး ပြန်ကျိုလို့ လက်ဖက်ခြောက် ခပ်ထားတဲ့ အကြမ်းရည်လေးလဲ သောက်ရတာပေါ့။

အထက်ပါ စဂါးကြော အရှည်ကြီးအား မမောမပန်း တရစပ် ပြောပြီးလျှင် သူ့စတိုင်အတိုင်း ပခုံးတွန့် မေးထိုး မျက်စောင်းပြူးကာ “အမ်ဟမ်း” ဟု အသံခပ်အက်အက် ထွက်ကာ ချာကနဲ လှည့်ထွက်သွားသဖြင့် ကျနုတ်လည်း ဖတ်လက်စ အမေရိကန်ထုတ် ကြက်ဆင်တံဆိပ် လကျော် ကြောငြာစာစောင်အား အသာချပီးလျှင် သူ့နောက် ခပ်သွက်သွက် လိုက်လာပေတော့သည်။

ဤနေရာတွင် ကျနုတ်တို့၏ ဇာတ်လိုက်ကျော် စိန်ကြက်ဆင်အား အနှီစာဖတ်သူတို့နှင့် အနည်းငယ် မိတ်ဆက်ပေးရလျှင် …. ၄င်း၏ နာမည်ရင်းမှာ စောဂဲမွေး ဖြစ်ပီး လွန်ခဲ့သော ဆယ်နှစ်နီးပါးခန့်က ရန်ကုန်မြို့ရှိ စသုံးလုံးရုံးချုပ် သက်သာကန်တီးတွင် လက်ဘက်ရည် ရောင်းရာမှ အစိုးရရုံးများ နေပြင်းတော်အရပ်သို့ရွှေ့စဉ် ဝန်ထမ်းများ အကြွေးမပေးသည်ကတကြောင်း၊ သူနေထိုင်ရာ တောင်ဒဂုံ ကုန်းပေါ်ဆိပ်ကမ်းမြို့နယ်ရှိ ၁၀ပေပတ်လည် ပလုံပလုံ ကွန်ဒိုအိမ်ယာအနီး အပျိုကြီး မဝင်းအား မခွဲနိုင်သည်က တစ်ကြောင်းတို့ကြောင့် လုပ်ငန်းသိမ်း ဆိုင်ပိတ်ကာ တံငါနားနီး တံငါဆိုသကဲ့သို့ သတင်းပေးယောင်ယောင် အင်ဖော်မာယောင်ယောင် လုပ်နေရာမှ ဘယ်သူမှ မခန့်အပ်ပဲ အလွတ်စုံထောက်အဖြစ် သင်းကိုသင်း အတည်ပြုလိုက်လေသည်။

ကျနုတ်သည် ဂျာနယ်အယ်ဒီတာချုပ် ဘဝမှ ဒယ်ဒီတာပြုတ် ဖြစ်ပြီးသကါလ လအတော်ကြာ လေလွင့်နေစဉ် အနှီ စိန်ကြက်ဆင်နှင့် တွေ့ဆုံရင်းနှီးခဲ့ရာ မသူတော်ချဉ်း အသင်းလွင့်လွင့် ပေါင်းမိချေတော့သည်။

ယခုတလော ဟိုးဟိုးကြော်နေသော မြန်မာကုန်မြို့ အင်းစိန် ဘူတာရုံလမ်းရှိ စိန်မိသားစု အိမ်အတွင်း နေ့ခင်းဘက် နာရီပြန် တချက်ထိုး အကြော်ခန့် စိန်မိသားစုမှ ဒေါ်မမစိန်အပါအဝင် ဝင့်ဝင့်စိန် ထွားထွားစိန် လုံးလုံးစိန်နှင့် လက်လက်စိန်တို့ သားအမိ ငါးယောက်တို့သည် နေ့လည်စာစားပီး တရေးတမော တုံးလုံးပက်လက် အနားယူနေစဉ် မျက်နှာဖုံးမစွပ် လူတစ်ဦးမှ အိမ်အတွင်း ဝင်ရောက်ကာ ရာဇဝတ်မှုကျူးလွန်ခဲ့သဖြင့် ယင်းတို့ သားအမိ ၅ဦးအနက် ထွားထွားစိန် တစ်ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့လေသည်။

ယင်းအမှုအား စီအိုင်ဒီ စစစ ဘီအက်စ်အိုင်နှင့် မည်သည့် မှုခင်းဖော်ထုတ်သော အဖွဲ့အစည်းများမှ တိကျသေချာစွာ ဖော်ထုတ်နိုင်ခြင်း အဖြေထုတ်နိုင်ခြင်း မရှိပဲ ၄င်းတို့ မိသားစု၏ အိမ်ထောင်ဦးစီးဖြစ်သူ ဦးတုတ်စိန်ကိုသာ ဖမ်းစီးချုပ်နှောင် ထားလေသည်။

ယင်းကိစ္စနှင့် ပတ်သတ်၍ သတင်းစာ ဂျာနယ်များမှ မည်သို့ပင် တစုံတရာ မေးမြန်း ရေးသား ဝေဖန်ကျစေကါမူ တာဝန်ရှိသူများမှ တစုံတရာ ဖော်ထုတ်ရှင်းလင်းခြင်း မရှိကျသကဲ့သို့ အခြားခြား စပ်ဆက်သိရှိသူများမှလည်း တခွန်းတကြောင်း တပါဒမျှ ပြောဆိုခြင်းမရှိလေသော အခါ……….

ကျနုတ်တို့၏ ဇာတ်လိုက်ကျော် စိန်ကြက်ဆင်သည် ယင်းအမှုအခင်းနှင့် ပတ်သတ်၍ တာဝန်ဆိုတာ သိမှ ရှိခြင်းဟု ယူဆပီးသကါလ တာဝန်သိသူ တာဝန်ရှိသူ တစ်ဦးပီသစွာ ၆လခန့် ဖော်ထုတ်နိုင်ခြင်း မရှိသော ထိုအမှုကြီးအား ၁၃မိနစ်ခန့်ဖြင့် ရှင်းလင်းတိကျစွာ ဖော်ထုတ် ဖြေရှင်းနိုင်ခဲ့သောကြောင့်………

အများပြည်သူ သိရန်အလို့ငှာ ကျနုပ်တို့၏ ဆနွင်းရောင် ဝါဝါထိန် စန္ဒာလမင်း ဂျာနယ်မှ ကျနုပ် ဂျိုးကြိမ်း (၉၆ ကျောင်သားပွဲတော်) နှင့် အယ်ဒီချာ အဖွဲ့အား အမှုအခင်းနှင့် သက်ဆိုင်သော လျှို့ဝှက်ချက် ထွက်ဆိုချက် အဖြစ်မှန်များအား ပြောဆိုရှင်းပြသွားခဲ့ လေတော့သတည်း။
သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း

ကျောက်စိမ်းတညင်

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း