ဒီ အစီအစဉ်လေးက ကျွန်တော် တင်သမျှပို့စ်တွေထဲမယ် အဆင်ပြေသလို ရှိတဲ့ ပို့စ်လေးထင်ပါတယ်… ဟီး…

အဲလိုလေးလဲ ရှိဦးမှ… တခါတခါ အားကို ရှိချင်ဘူး…

ဒီဆိုင်လေးက ရွှေဟင်္သာတ ဆိုင်လေးရဲ့ မျက်စောင်းထိုးမှာဗျ… မိုးရာသီတုန်းက ခပ်ကုပ်ကုပ်လေး ဆိုပေမယ့် မနေ့က သွားစားတော့ ဆိုင်က ကြီးသားဗျ…

တကယ်တော့ ရွှေဟင်္သာတ ဆိုင်ကလဲ အရင်က ဒီဆိုင်လို လမ်းဘေးဆိုင်လေးပဲ… နောက်မှ အားပေးတဲ့ ပရိသတ်များလို့ ဆိုင်နဲ့ ကနားနဲ့ ဖြစ်သွားတာ…

အစီအစဉ် တခုနဲ့ တခု ခြားသွားတာ ခွင့်လွှတ်ကြပါနော်… တကယ်တော့ တဂျီး စပွန်ဆာ မပေးသေးလို့ စောင့်နေတာ…

အခုတော့ ပေးပလားဆိုတော့… နိုးပါ…. မနေနိုင်လို့ ကိုယ်ဘာသာ ၀ယ်စား၊ ရိုက်ပြီး ပို့စ်တင်ရတာပါ…. :P

ရောက်တာတော့ ဒီဆိုင်လေးကို ခဏခဏ ရောက်ဖြစ်ပါတယ်… ညနေတိုင်း ဆိုင်မှာ စားဖြစ်တော့ ပတ်ချာရမ်းလိုက်ရင် ဒီဆိုင်ကို ပြန်ပြန်ကျပါတယ်…

ဈေးလဲ တော်တယ်လေ… ဗိုက်လဲ ၀ ပါတယ်… ကျွန်တော် တင်ပေးတယ်ဆိုတာလဲ တကယ်တော့ တန်ကောင်း ဗိုက်ပြည့်ဖို့ အတွက်ပါ…

ဆိုင်ကို ရောက်ရင် ဗိုက်ကဆာတော့ အရင် စားဖြစ်တယ်.. ပြီးမှ အယ်… မေ့သွားပြိဆိုတော့ ပုံက ပျက်နေပြီ… ဒါနဲ့ မတင်ဖြစ်တာလဲ ပါပါတယ်…

ကဲ… အပြောလေးတွေ လျှော့ပြီး… စားလိုက်ကြစို့… :)

 

ဆိုင်မှာ ဈေး အကြီးဆုံး က ၇၀၀ ကျပ်ပဲ… ခေါက်ဆွဲသုပ် တို့ ဘာတို့လိုက ၃၀၀ ကျပ်… အကြော်စုံသုပ် တို့ ပုဇွန်ခွက်ကြော်သုပ်တို့က ၇၀၀ ကျပ်….

 

 

P1280264

ဒါလေးက ပုဇွန်ခွက်ကြော်သုပ် ဖို့ လုပ်ထားတဲ့ ဘယ်လိုပြောမလဲ အပုံပေါ့… အဲမှာမှ ခွက်နဲ့ ချင်ပြီး  သုပ်ပေးတာ… :)

P1280263

ဒါကတော့ ခုနက အကြော်အမှုန်တွေ နဲ့ ပုဇွန် အကောင်လိုက်ပါ ပါတဲ့ ပုံ… အပေါ်မှ တစွန်းတစ မြင်ရတာက ချင်တဲ့ ခွက်… :D

P1280265

ဒါက အကြော်မစုံ တစုံ ၅၀၀ ဖိုး… အောက်မှာ မန်းလေး ပဲကြော် တခု၊ ကြက်သွန်ကြော်က ပေါင်း ၂ ခု၊ ပဲကပ်ကြော်က တခု၊ ဘရာကြော်က ၂ခု…

ဘူးသီးကြော်ကျတော့ ပွဲလိုက်ရတာမို့ မထည့်ပေးလိုက်တော့တာ… ပြီးတော့ အကြော်စုံ သုပ်ကျတော့ … သွားယူတဲ့ အကြော်လောက်မများပဲ ဈေး များနေလို့ .. အခုလို ရွေး ၀ယ်စားရတာ… :)

P1280266

ဒါက အချဉ်ရည်၊ ဆလပ်ပေါတဲ့ ရာသီဆို ဆလပ်ပါပါတယ်.. ခုတော့ ဂေါ်ဖီပဲ… အချဉ်ရည်ကတော့ မန်ကျည်းအနှစ် နဲ့ လုပ်ထားတာ အရမ်းကြိုက်ပါတယ်…

P1280267

ဒါက အကြော်စုံကို အဝေး ပုံ ထပ်ရိုက်ထားတာပါ…

P1280268

ဒါက ခေါက်ဆွဲသုပ် ၃၀၀ ကျပ်… တန်ပါတယ်… ထမင်းဖြူ  ၂၀၀ ကတော့ နည်းနည်းများလို့… ဗိုက်မ ၀ ရင် အသုပ်ပဲ ထပ်စားပါတယ်…

ချဉ်ငံစပ်လို့သာ ပြောလိုက်… အရမ်းကြီး မစပ် ပဲ… စားကောင်းပါတယ်… အစပ်အဟပ်တည့်လို့ မိန်းကလေးတွေ စားပြီးရင် စားချင်မှာ သေချာပါတယ်… :)

မှတ်ချက်.. နည်းနည်းတော့ နည်းတယ်… ဟီး…

P1280269

ဟင်းချိုပါ… ပြည်ပန်းညိုပါ… တော်တော်ကို ရှားတယ်လို့ ထင်မိပါတယ်.. တော်ရုံဆို ဂေါ်ဖီပြုတ်… ဒါမှမဟုတ်ရင် ပဲပင်ပေါက်ပြုတ် ဟင်းချို….

ခုကတော့ ပြည်ပန်းညို ဟင်းချိုပါ.. ဆားက မဖျက်ထားတော့ တော်တော်ကို ချိုပြီး သောက်ကောင်းပါတယ်… ပုံမှန် ၃ ခွက်တောင်းသောက်လို့ မှတ်မိနေပါတယ်.. ဟဲ…

P1280272

ဒါကတော့ ဒီဆိုင်ရဲ့ နာမည်ကျော် ပုဇွန်ခွက်ကြော်သုပ်ပါ… ဘေးက ရေနွေးကြမ်းကလဲ တကယ်ကို အပူ အနေတော်နဲ့ အဖန် အခါး မျှတ ပါပေတယ်…

အကြော်စုံ ဆိုသည့် အမျိုးက ထိုသို့ ရေနွေးကြမ်း နဲ့မှ သောက်ကောင်းပေတာကိုးဗျ…

 

ကဲ … ဒါဆိုရင်တော့ ဒီတပတ် သွားစားမယ် ဆိုင်လေးကတော့ ဗဟိုလမ်းမပေါ်က… ရှမ်းလမ်း ဆီဆိုင်မျက်စောင်းထိုး… က … ကောင်း အကြော်စုံ ဆိုင်လေးဖြစ်ပါတယ်…

ဖယ်ရီလေးနဲ့ သွားတော့ အဲဆိုင်တည့်တည့်မှာပဲ… ရပ်တော့ ကွက်တိပေါ့…

ထုံးစံအတိုင်းလေးပဲ မှာပါမယ်… ခေါက်ဆွဲသုပ် တပွဲ… ထမင်းဖြူ  တပွဲရယ်… အကြော်စုံကတော့ ကိုယ်ဘာသာ ရွေးလဲ ရတယ်ဗျ… ၅၀၀ ဖိုးလောက် မဒမ်က သွားရွေးတယ်…

မကြာပါဘူး… မှာထားတာတွေ လာချတယ်…ပါလာတဲ့ ခွက်တွေ ပလုံးတွေကို နေရာချပြီးတာနဲ့ စားဖို့ စ ပြင်ပါပြိဗျာ…

အရင်ဆုံး ထမင်းပန်းကန်ကို သူ့ဘက်ထား အကြော်ပန်းကန်ကို  ကျွန်တော့်ဘက်ထား အချဉ်ပန်းကန်ကို အလယ်အပေါ်မှာထား… ခေါက်ဆွဲသုပ်ကို အလယ်မှာထားလိုက်ပါတယ်…

မဒမ်က ပဲကပ်ကြော်လေးကို ဖဲ့ ဦးချပါတယ်.. ဒါနဲ့ အချဉ်လေးကို တို့ ပါးစပ်ထဲ ခဏ ထည့် ၀ါးရင်း ထမင်းကို တဇွန်း ထည့် စားလိုက်ပါတယ်… တော်တော်ကို အဆင်ပြေပါတယ်…

အကြော်က ဘယ်လို ကြော်လဲ မသိဘူး.. ကြွပ်နေတုန်းပဲ ဗျ… ဂျလွတ် ဂျလွတ် ၂ ချက်ပဲ မြည်ပြီး ထမင်းရောသွားပါတယ်… အဲအချိန်မှာပဲ အချဉ်ရည်ရဲ့ တော်သင့်မျှတတဲ့ အရသာက လျှာကို လာထိပါတယ်…

ပုံမှန်ဆို အရည်ဆမ်းစား မဟုတ်ရင် ဟင်းအနှစ်မပါရင် မစားတတ်သူကြီး… မငြီးပါဘူး… စားကောင်းနေပါတယ်… ဟင်းချိုလေးကိုလဲ တဇွန်း ခပ်သောက်… ရှလွတ်… ထိုလောက် အသံမမြည်ပါ…

နည်းနည်း ပူတော့ ဖူး…   ပြီးမှ  ရွှတ်   ဆိုပြီး သောက်လိုက်တာပါ… အာ.. တော်တော် နေသာထိုင်သာရှိသွားတယ်… ဓာတ်ပုံ ရိုက်နေတုန်း ဗိုက်က ကကြုတ် ကကြုတ် မြည်နေတာ…

မဒမ်ကလဲ စိတ်မရှည်ချင်ဘူးလေ… မကြိုက်မချင်းရိုက်နေတာကိုး… :) ရုံးကလာကတည်းက အူ လိမ့်နေတဲ့ စုံတွဲ…

ကိုယ်စားတော့ သူ့ကို လဲ ကြည့်လိုက်တယ်… ရှေးနည်းမဆွပဲ… ပြီးတော့ တယောက်မျက်နှာ တယောက်ကြည့်ပြီး.. ကျွန်တော်က ခေါက်ဆွဲသုပ်ကို သူ့ကို ပြန်ဦးချလိုက်ပါတယ်…

ပြီးတာနဲ့ ၀ါးတူလေးနဲ့ ရှလွတ်ဆိုပြီး ဆွဲစားပါတယ်… မသီးအောင် ဂရုစိုက်ရသေးတယ်… ငရုတ်သီး အစပ်နဲ့ သီးရင် မစားသာဘူး…

ပြီးတာ နဲ့ ထမင်းလေးကို ၁ ဇွန်း ၂ ဇွန်း ခပ်စားလိုက်ပါတယ်… ဒုတိယ အဇွန်းကတော့ အချဉ် နည်းနည်း ဆမ်းလိုက်တယ်… ခေါက်ဆွဲသုပ်နဲ့ အလုပ် ဝေးသွားတာကိုး…

ဟင်းချိုကို ရွှတ်ကနဲ ရွှတ်ကနဲ… ၂ ဇွန်း ၃ ဇွန်း  ခပ်သောက်လိုက်ပါတယ်… ချန်ရသေးတယ်ဗျ… မဒမ် အတွက်… ဟီး…

မဟုတ်ရင် အသုပ်က အရာ မရွင်းဘဲ ဟင်းချိုကုန်သွားမှာကိုး…  ဒါပေမဲ့ သူသောက်ပြီးတော့ ကုန်ပြိဗျ… ခွက်ကသေးတာလဲ ပါတယ်… သောက်ကောင်းအောင် သူတို့ချက်တာလဲ မှားတယ်… :D

ဒီတော့ နောက်ထပ် ထပ်တောင်းလိုက်တယ်… ကြားထဲတော့ အဆက်မပြတ်အောင် ရေနွေးဌဲ့ ထားပြီး … သောက်လိုက် စားလိုက်ပေါ့…

အကြော်လေးတွေ စားလိုက်… ဂေါ်ဖီလေးတွေ တို့ လိုက်… ရေနွေးကြမ်းလေး သောက်လိုက်… ထမင်းတော့ အရင်ကုန်အောင် ဖြိုလိုက်တယ်… ဟင်းချို ထပ်တောင်းတယ်…

အကြော်လေးတွေ မကုန် တကုန်… ထမင်းလဲ အကုန်နားနီးမှာ…  မင်းသားကြီး ပုဇွန်ခွက်ကြော် သုပ်ကို မှာလိုက်တယ်… အစားပိတ်ပေါ့… :)

တကယ်ပါ… အကြော်စုံတွေ တွေ့ဖူးပေးမယ့် ပုဇွန်ခွက်ကြော်သုပ်က ရှားသလားလို့… ပြီးရင် ကြွပ်တာ… စားရတဲ့ အရသာ အကုန် အဆင်ပြေမှ ဗျ…

ဒါကို ဟင်းချို မကောင်းရင် လဲ သိပ်မထူးဘူးရယ်… အခုကတော့ အားလုံး ကွက်တိပဲ… ထမင်းတို့ ခေါက်ဆွဲသုပ်တို့ အကြော်စုံမှာလဲ ဘယာကြော်လောက်ပဲ ကျန်တဲ့ အချိန် ပုဇွန်ခွက်ကြော်သုပ် ရောက်လာပါတယ်..

ဟင်းချိုကိုလဲ နောက်ဆုံး အကြိမ် ထပ်တောင်းပါတယ်… ရေနွေးလဲ ထပ်ထည့်ခိုင်းပြီး… တဖြည်းဖြည်းချင်း မျှင်းပြီး စားပါတော့တယ်… ရေနွေး တကျိုက် ကျိုက် လိုက်…

ဟင်းချိုကို လဲ မျက်နှာ မငယ်စေရ… နည်းနည်း ခပ်သောက်လောက်… အစ လိုလဲ ဗိုက်မဆာတော့ သလို… ထပ်တောင်းရင် လဲ ရိုက်လွှတ်တော့မှာကိုး…

အစ ပိုင်းတုန်းကတော့ မဒမ်လဲ ရှက်တော့ မသောက်ရဘူး… ပြန်ရင် မသောက်လိုက်ရလို့.. ကျွန်တော် ပွားတာ မခံနိုင်လို့… နောက် သူပါ အရေခွံထူလာတယ်…

အရှေ့ပိုင်း ကိုယ် ၂ လှည့် ဆို နောက်ဆုံး တခေါက် ဟင်းချို တောင်း တာ သူဖြစ်လာတယ်… ခိ… ဖူး…. ဟူး… တကယ်ကို အဲလို အသံထွက်တာပါ…

ရေတွေ အကြော်တွေ အချဉ်တွေ ထမင်းတွေနဲ့ ဆိုတော့ ဗိုက်ပြည့်သွားပြိကိုး… ရင်ခေါင်းထိပါ ပြည့်သွားတာဗျ… ကဲ… ကဲ… ဆရာရေ ရှင်းမယ် ဆိုတော့…

အားလုံး ပေါင်းမှ ၁၅၀၀ တဲ့ဗျာ… ၂ ယောက်ကို ရင်ခေါင်းထိ ပြည့်အောင် စား တာတောင်င်င်…. ဟဲ… တကယ်တော့ မထူးဆန်းတော့ ပါဘူး…

ရွှေဟသာင်္တဆို တခါစား ၂၅၀၀  ၃၀၀၀ လောက်မှ ဗိုက်ပြည့်တာလေ… အခုတော့ ချွေတာရေးလဲ ပါတာပေါ့… အပြင်စားလဲ စား.. စရိတ်လဲ ကျဉ်းချင်ရင် တော့ ဒီဆိုင်လေးကို ကြွခဲ့ဖို့ ဖိတ်ကြားပါတယ်…

ကျွန်တော်တို့ လင်မယားနဲ့ တွေ့လို့ … ဂဇက်က ဘယ်သူ ဘယ်ဝါ ပါ ပြောရင် ရေနွေးကြမ်း နဲ့ တည်ခင်းပါ့မယ်… ဟဲ.. နောက်တာ… အကြော်စုံလေးနဲ့ ဧည့်ခံပါ့မယ်….လို့….

ပြောကြားရင်းးးးးးးးးးးးးး ဒီတပတ် သွားမယ်၊ ၀ါးမယ်၊ မြိုမယ်၊ ဆို့မယ် ကဏ္ဍလေးက နှုတ်ဆက်လိုက်ပါတယ်…

နောက် ဘယ်အချိန်မှန်း မသိတဲ့ အချိန်မှာ တခေါက် ဆုံဦးမှာမို့ စောင့်မျှော် ကလော်တုတ် နပန်းကျင်းဖို့ အဆင်သင့်ပြင်ထားကြဖို့ ကြိုတင် တောင်းပန်ထားပါတယ်…. :) :) :)

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...