ပင်ပန်းပါပေ့၊ ကြာသပတေးနေ့မို့လား။ မနက်ဖြန်အလုပ်ပိတ်ကြတယ်ဆိုတော့ အလုပ်ကပြန်တာနဲ့ လတ်လျားလတ်လျား ကုန်တိုက်မှာ လမ်းသလားကြသူများကြောင့် ကျုပ်တို့တစ်တွေ ပြဲပြဲစင်အောင် အလုပ်လုပ်ခဲ့ရပြီးတဲ့နောက်…..

စိတ်ပျက်လက်ပျက်နဲ့ ကျုပ်တစ်ယောက် အိမ်ကိုပြန်ရောက်လာတယ်။ ရောက်လာလာခြင်းကိုပဲ စိတ်တိုင်းမကျတာက စတွေ့ရတယ်။ အိမ်အဝင်တံခါးမကြီးက တံခါးမရှိ၊ ဓါးမရှိလို့ဆိုရမလားပဲ၊ ဟောင်းလောင်းကြီးဖွင့်လျက်သား။ ဝင်သွားတဲ့ငနာကောင်တွေကလဲ တံခါးလေးတောင် ပြန်စေ့ခဲ့ဖို့စိတ်မကူးဘူးလို့ တွေးမိပြန်တယ်။ အဲ့လိုတွေးမိပြန်တယ်ဆိုတော့လည်း ကျုပ်အဖို့မှာ မနက်အိပ်ယာထလို့ ဘောင်းဘီတိုလေးနဲ့ တံခါးဖွင့်လိုက်လဲ အိမ်အဝင်တံခါးမကြီးကို တန်းတန်းမတ်မတ်ကြီး မြင်နေရတော့ အိပ်ယာနိုးလဲ စိတ်ထဲက ကျိန်ဆဲ၊ ကျုပ်ဟာကျုပ် ခြံဝန်းလေးထဲ လမ်းသလားမလားလို့ ဘောင်းဘီတိုလေးနဲ့။ စွပ်ကျယ်လက်ပြတ်လေးနဲ့ ထွက်လိုက်တိုင်းလဲ မထင်မှတ်ထားပါပဲ လှမ်းကြည့်လိုက်တိုင်း ဘယ်တုန်းကမှ မပိတ်ထားတဲ့ တံခါးကို မြင်နေရတော့ သွားသွားပိတ်နေရတာလဲ ကျုပ်ဒုက္ခ။

ဪ… ပြောမယ့်သာပြောရ၊ ကျုပ်ကိုက ဒီကနေ မခွာနိုင်သေးတော့လဲ နေ့တိုင်း အကုသိုလ်ပွားရင်းနေနေရတာ။ ရှိစေတော့၊ ရှိစေတော့။

ခြံဝန်းထဲမှာတော့ အလုပ်ကပြန်ရောက်ပြီး တစ်နေကုန် ယူနီဖောင်းအပြည့်အစုံနဲ့ နေခဲ့ရတဲ့ဘဝကြီးကို စိတ်နာနေတဲ့ ဝန်ထမ်းတွေလဲ ဘောင်းဘီဖင်ညှပ်လေးတွေဝတ်ပြီး ချစ်သူခင်သူတွေနဲ့ ပြောတဲ့သူကပြော၊ အဝတ်တွေလျှော်တဲ့သူကလျှော်နဲ့ပေါ့။ သူတို့သက်သာသလိုနေနေတာ။ တစ်ချိူ့များတော့ မီးဖိုချောင်မှာ ချွေးတစ်လုံးလုံးနဲ့ ချက်နေလိုက်တာများ ယောကျာ်းပီသလွန်းလှပါပေ့၊ အချက်အပြုတ် သိမ်းထုပ်သေချာ ဆိုသလိုပေါ့နော။

+++++++++++++++++++++++++++++++++++++++++++++++++++++++
(၁)

ကျုပ်တစ်ယောက် ဒီလိုနေရာမရောက်ခင်တုန်းကများဆို ခုထက်တောင် ပိုဆိုးတယ်တွေးမိသေးတယ်။ ပြောရဆို ကျုပ်တစ်ယောက် ရာထူးစတိုးကတည်းက ဘယ်နေရာ၊ ဘယ်ဆိုင်မှာမှ မြဲတယ်မရှိပဲ အဖြည့်ခံဘဝနဲ့ နေနေရတာပေါ့၊ ဘယ်ဆိုင်ကတော့ဖြင့် ဘယ်ဆူပါ၊ ဘယ်လက်ထောက်မန်နေဂျာ၊ ဘယ်မန်နေဂျာက ခွင့်သွားတယ်ဟေ့ဆိုတာနဲ့ အပြေးအလွှားသွားနေရတာ။

တစ်ရက်များမှာပေါ့၊ ကျုပ်တစ်ယောက် အဝတ်လေးတွေလျှော်ထားပြီး ဇာတ်ကားလေးကြည့်နေတုန်း တစ်ဝက်ပဲရောက်သေးတယ် Area Manager က ဖုန်းဆက်လာတယ်။ ကျုပ်ကို နယ်စပ်မြို့တစ်ခုကို ပြောင်းရမယ်တဲ့။ ဆိုတော့ ဖြစ်နေကျဆိုတော့ ရပါတယ်ပေါ့၊ ဘယ်တော့လဲဆိုတော့ ခုပဲဆိုတာနဲ့ ကျုပ်တစ်ယောက် ဘာလုပ်လို့ ဘာကိုင်ရမယ်မသိနဲ့။ မနက်ဖြန်မှ သွားလို့မရဘူးလားညော်.. ဆိုတော့ ရဘူး၊ သူက ဗူးဆိုဖရုံမသီးဘူး၊ ရှိတာအကုန်သိမ်းဆိုတာနဲ့ ကျုပ်တစ်ယောက် တောင်ပဲ ပြေးရတော့မလို၊ မြောက်ပဲ ပြေးရတော့မလို၊ ဟိုအထုပ်ပဲ ပြေးဆွဲရမလား၊ ဒီဟာပဲ သွားသိမ်းရမလားနဲ့ အခန်းထဲ ဗျာများနေတုန်း ကျုပ်သွားရမယ့်ဆိုင်က မန်နေဂျာက ဖုန်းဆက်လာပါရော။ ဆက်ဆို သူက ကျုပ်အခြေခံဝန်ထမ်းဘဝထဲက သိလာတာဆိုတော့ ဝမ်းသာအားရပြောတာများ သူကပဲ ခေါ်ချင်လွန်းလှလွန်းလို့ ခေါ်လိုက်ရတာဖြစ်ကြောင်း၊ ခုသူလာနေပြီဖြစ်ကြောင်း၊ ခုချက်ချင်း အထုပ်အပိုးဆွဲပြီးဆင်းလာဖို့ဆိုပြီးပြောတော့ ကျုပ်မှာ မနည်းတောင်းပန်လိုက်ရတယ်။ နှစ်နာရီလောက်တော့ အချိန်ပေးပါဆိုတာနဲ့ သူကလဲ သဘောတူတာနဲ့ အဲ့ဒီတော့မှ ကျုပ်တစ်ယောက် ရှိတာအကုန် တွေ့သမျှကို ပြွတ်သိပ်ထည့်ပြီး သူတို့ခေါ်ရာနောက် လိုက်လာရလေသတည်းပေါ့။ ဒါတောင် ကျုပ်စီးတော်မြင်းကြီးကျန်ခဲ့တာ သော့သေချာခတ်ခဲ့ရသေးတယ်။

လမ်းတစ်လျှောက်မှာ ကျုပ်ခမျာ လူပြည့်နေတဲ့ ဆလွန်းကားထဲမှာ ထိုင်လိုက်လာပြီးတော့ မေးကြည့်တော့ ကျုပ်နေဖို့ဘယ်လိုလဲမေးတော့ ကုမ္ပဏီကအဆောင်မှာ ခဏနေပြီးတော့ နောက်မှ ပြောင်းပေါ့တဲ့၊ သူတို့အားလုံးစီစဉ်ထားပါတယ်ဆိုတော့ အားတက်ရတယ်ပေါ့လေ။ နောက်တော့ အဆောင်တစ်ခုမှာချပေးပြီး လွတ်လွတ်ကျွတ်ကျွတ်ကြီးထွက်သွားပါလေရော၊ ကျုပ်မှာတော့ ဟိုအခန်းပဲ ဝင်ရမလို၊ ဒီအခန်းပဲဝင်ရမလိုနဲ့။ နောက်တော့ မေးရင်းစမ်းရင်းရောက်သွားတော့ လူ(၇)ယောက်ရှိတဲ့ အခန်းဖြစ်နေတယ်။ ကျုပ်အတွက်တဲ့ အပေါ်ခုတင်တစ်ခုချန်ထားတယ်တဲ့။

“ငင်”

လို့တစ်ချက်ပဲ အော်လိုက်နိုင်တယ်။ အဲကွန်းဖွင့်ထားတာများ စိမ့်နေတာပဲ။ ကျုပ်အိပ်ရမယ်ဆိုတဲ့နေရာမှာ သံချောင်းကလွဲ ဘာမှမရှိ။ မန်နေဂျာကပြောတော့ အားလုံးစီစဉ်ထားပါတယ်တဲ့။ ဝန်ကျယ်တဲ့ စောင်တွေ၊ ခေါင်းအုန်းတွေမယူလာပါနဲ့ဆိုလို့ ကျုပ်တစ်ယောက် ဘာမှမယူလာတာ ကျုပ်အိပ်ရမယ့်အိပ်ယာဆိုတာကြီးကိုလဲမြင်ရော ခရီးအဝေးကြီးကားစီးလာရတာ ပင်ပန်းနေတာတောင် ကြက်ပျောက်၊ ငှက်ပျောက်နဲ့ ကြောင်အန်းအန်းကြီးငေးကြည့်နေမိပါလေရော။ နာရီကိုကြည့်လိုက်တော့ ည ၂ နာရီ၊ ဘာမှလုပ်မရ၊ ဝယ်မရနဲ့ပေါ့။ ရှိစေတော့ဆိုပြီး ကျုပ်တစ်ယောက် အဝတ်တွေကို အိပ်ယာထက်ဖြန့်ခင်း၊ ကျုန်တာတွေကို ခေါင်းအုန်းလုပ်ပြီး ပုဆိုးလေးခြုံပြီး အိပ်လိုက်၊ နိုးလိုက်နဲ့ အဲကွန်းဒါဏ်ကြားမှာ ညတစ်ညကို နယ်စပ်မြို့လေးက လှပစွာဆီးကြိုနေပါလေရော။

+++++++++++++++++++++++++++++++++++++++++++++++++++++++
(၂)

နောက်ရက်ကျတော့ ကျုပ်တစ်ယောက် မန်နေဂျာနဲ့ ရန်ဖြစ်ပြီး သူ့ခမျာတောင်းပန်ပါတယ်ပေါ့၊ သူ့မှာ တစ်ယောက်တည်း ဆိုင်ကိုလုပ်နေရလို့ ချက်ချင်းခေါ်လိုက်ရတာ ဘာဖြစ်ပါတယ်၊ ညာဖြစ်ပါတယ်ဆိုတာနဲ့ပဲ ကျုပ်တစ်ယောက် ကျေအေးလိုက်ရပြီးလိုတာတွေ ကိုယ့်ဖာသာဝယ်ရတော့တာပေါ့။ ဒီလိုနဲ့ သူလဲရှာ၊ ကိုယ်လဲရှာနဲ့ အိမ်လိုက်ရှာရင်းရပါလေရော။

အလုပ်နဲ့လဲနီး၊ ရေချိုးခန်း၊ အိမ်သာ၊ ဧည့်ခန်းလေးလဲပါတယ်ဆိုတဲ့ အခန်းလေးသွားတွေ့တယ်ပေါ့။ သွားကြည့်တော့ အမ်မယ် အဝတ်လျှော်စက်လေးနဲ့၊ ဧည့်ခန်းရော အိပ်ခန်းရော အဲကွန်းတပ်လျက်သား၊ ကိုယ်ပိုင်ဝိုင်ဖိုင်နဲ့ စုစုပေါင်းမှ ၄ ယောက်ပဲနေရမယ်၊ ဈေးနှူန်းကလဲ သင့်တော်တယ်ဆိုတာနဲ့ ကျုပ်တစ်ယောက် အူယား ဖားယားနဲ့ သူများတွေက မနက်မှ သွားပါလားဆိုတာတောင်မနေနိုင်ပဲ ပြောင်းခဲ့လေသတည်းပေါ့။ ဒီအချိန် ကားမရနိုင်ပါဘူးပြောကြလို့ ကျုပ်မှာ လမ်းမကြီးပေါ်ထွက်ပြီး ကားစောင့်လိုက်ရတာ နာရီဝက်အကြာမှာရပါလေရော။

ပစ္စည်းတွေနေရာချပြီး ကျုပ်တစ်ယောက် အားပါးတရ အိပ်ပျော်သွားလိုက်တာများ အလုပ်သွားကာနီးမှ နိုးတော့တယ်။ ဒီလိုနဲ့ ညဘက်အလုပ်ကပြန်လာတော့ အဝတ်လျှော်မယ်ဆိုပြီး အဝတ်လျှော်စက်ထဲ ရေဖြည့်၊ ဆပ်ပြာမှုန့်ထည့်ပြီး အဝတ်တွေထည့်ပြီးတဲ့တစ်ခဏ ခလုပ်လေးကိုနှိပ်လိုက်တော့ ဝူးကနဲအသံထွက်လာရမယ့်အစား သံပါတ်သံ တစ်ဂျစ်ဂျစ်ပဲထွက်လာတယ်။ ဒါနဲ့ကျုပ်မှာ နည်းမျိုးစုံသုံးလဲ ဘာမှထူးမလာတာနဲ့ ဒီအိမ်မှာနေတဲ့သူတွေကို မေးမြန်းကြည့်ပါမှဆိုတော့ တစ်ယောက်မှပြန်မရောက်သေး။ စိတ်မော၊ လူမောနဲ့ ဧည့်ခန်းထဲက ဆိုဖာပေါ်ထိုင်ရင်း အဲကွန်းရီမုဒ်လိုက်ရှာတော့မတွေ့၊ ကျုပ်လဲ မန်နူရယ်လေးနဲ့ လုပ်ကြည့်ပြန်တော့လဲ အလုပ်မလုပ်၊ နံရံမှာတော့ အဲကွန်းက စပ်ဖြီးဖြီးကြီးကျုပ်ကိုကြည့်နေတာများ မနာလိုစရာတောင်ကောင်းတယ်။ သူ့ခမျာ ဖုံအလုံးလုံးနဲ့၊ ကျုပ်တစ်ယောက်တည်း ချွေးတစ်ပြိုက်ပြိုက်ကျနေရတာ။ တာဝန်မကျေတဲ့သူကတော့ အရှက်ကိုမရှိတဲ့ အခွက်ကြီးနဲ့ပေါ့။

ဒီလိုနဲ့ အရင်ရောက်နေနှင့်ခဲ့တဲ့သူတွေပြန်လာတော့မှ အဝတ်လျှော်စက်က မန်နူရယ်ဖြစ်တဲ့အကြောင်း၊ ဧည့်ခန်းက အဲကွန်းက အိပ်ပျော်နေတာ နှစ်နှစ်လောက်ရှိပြီဆိုတဲ့အကြောင်း၊ စသည့်အကြောင်းများသိလိုက်ရပြီးတဲ့နောက် မန်နူရယ်နည်းဖြင့် အဝတ်ကိုလျှော်ပြီး လှမ်းပြီးသည့်နောက် အိမ်သာပျက်လေးသုံးဦးမှပဲဆိုကာ Youtube လေးဖွင့်လိုက်သည့်အခါ အလုံးလေးမှာ ပတ်ချာလည် လှည့်နေသည်များမှာ ထိုညက မသောက်ရပါပဲ အတော်လေးရေချိန်ကိုက်သွားလေသည်။ မကျေနပ်သဖြင့် Speed ကိုစစ်လိုက်သည့်အခါ အားရစရာပင်၊ 3.2 Mbps တဲ့။ ကောင်းလေစွ။

ကျုပ်တစ်ယောက် အိပ်တော့မယ်ဆိုပြီး ကွမ်ပူတာကို ပိတ်လိုက်ပြီးသည့်နောက် အိပ်ယာပေါ်တက်လိုက်သည်တွင်မှ ဟိုနားက စစ်ကနဲနာ၊ ဒီနေရာက နာနဲ့ မသင်္ကာလို့စစ်လိုက်တော့မှ ကျုပ်တစ်ယောက် ကြမ်းပိုးခေါဘဏ္နှီတပ်ကြီးနှင့် ရင်ဆိုင်ခဲ့ရသည်မှာ ထိုအိမ်မှ နောက်ဆုံးထွက်ခွာလာခဲ့သည့်တစ်နေ့တိုင်အောင်ပင်။

တစ်ခါတစ်ရံမှာတော့ သူတို့နိုင်လိုက်၊ မျိုးပွားလိုက်။ တစ်ခါတစ်ရံမှာတော့ ကျုပ်တစ်ယောက် အနိုင်ပိုင်းလိုက်နှင့်ပေါ့။

+++++++++++++++++++++++++++++++++++++++++++++++++++++++
(၃)

အခန်းသော့ကိုဖွင့်လိုက်သည့်နောက် မြင်လိုက်ရသည့် အခန်းလေးက ကျုပ်ကိုနွေးနွေးထွေးထွေး ကြိုဆိုနေလေသည်။ ကျုပ်အား အနားယူပါလှည့်ဟု ဆီးကြိုနေသယောင်ယောင်။ တစ်ယောက်တည်းနေတော့သည်မို့ အလုပ်မသွားခင်က ထားခဲ့သည့်အတိုင်းပင်၊ ဘာမှမပြောင်းလဲပေ။

ရေမိုးချိုး၊ အဝတ်အစားလဲပြီးသည့်နောက်တွင်မတော့ ကွမ်ပူတာကို ဖွင့်လိုက်ပြီးနောက် အိမ်သာပျက်လောကကြီးထဲဝယ် ပုလင်းတစ်လုံး၊ ဆေးလိပ်တစ်ဗူးဖြင့် စီးမျောပါသွားရင်း သတိရမိသည့်အခါတွင်မတော့…

ကျုပ်တစ်ယောက် တစ်လောကလုံးမှာ တစ်ယောက်တည်းဘဝနှင့် ဝမ်းဗိုက်ဟောင်းလောင်းကြီးကို ခါးသက်သက်၊ ပြင်းရှရှအရည်များကိုမြိုချ၊ အဆုပ်ထဲမှ ပြန်မောင်းထုတ်လိုက်သည့် အဆိပ်ငွေ့များအားငေးရှိုက်ရင်းနှင့် ဆာလိုက်သည့်ဘဝ၊ စားစရာကမရှိနှင့်…

ဒီလိုနဲ့ပဲကျုပ်တစ်ယောက် အဓိပ္ပါယ်မဲ့ နေ့ရက်တွေကြား ဖြတ်သန်းလျက်သား။ ။

(ကြွေလွင့်ပန်း)

About စဆရ ႀကီး

စဆရ ႀကီး has written 160 post in this Website..