ကျမနဲ့ ဦးနု

ဦးနုကို ကျမစသိတာ အိုးဝေဂျာနယ်ထဲက ကာတွန်းရုပ်ပြောင်တွေထဲမှာပါ။ ပြည်ပြေးဦးနုက ပုတီးလုံးအကြီးကြီးနဲ့ စိပ်ပုတီးကြီးကို လည်မှာဆွဲပြီး တဖက်နိုင်ငံကိုပြေးတဲ့ ပုံနဲ့ လှောင်ပြောင်ထားတဲ့ ကာတွန်းဖြစ်ပါတယ်။

လူကို တွေ့ဖူးလိုက်တာကတော့ ကျမ ၆တန်းလောက်မှာ ဦးနုပြည်ပြေးရာက ပြန်လာပြီး ၀ါးခယ်မဘုရားကြီးထဲမှာ ပူဇော်ဖို့ စွယ်တော်ပင့်လာပေးတုံးကပါ။ အိမ်ရှေ့က လူအုပ်ကြီးနဲ့အတူ ဖြတ်သွားတဲ့ ခေါင်းပေါင်းနဲ့ မျက်နှာဝိုင်းဝိုင်းလူကြီး၊သူ့ကို လူတွေက တရိုတသေနဲ့၊အိမ်ရှေ့ကအဖြတ် ကျမနဲ့အတူ ရပ်ကြည့်နေတဲ့ အဖေ့ကို ဂေါပကလူကြီးတွေက လက်ညှိုးညွှန်ပြီး မိတ်ဆက်ပေးသွားကြတယ်။ အဖေကလည်း ရိုရိုသေသေ ဦးညွတ်လို့။အဲဒီလူကြီးကလည်း ပြုံးပြ နှုတ်ဆက်သွားတယ်။

အော်……ပြည်ပြေးဆိုတာလည်း ရိုးရိုးလူလိုပါပဲလား…။

ကျမနဲ့ ကာမတဏှာစာအုပ် ပထမအကြိမ်တွေ့ဆုံခြင်း

ကျမတို့ ၉တန်းစာမေးပွဲဖြေနေဆဲ Chemistry မဖြေရခင်ည စာကျက်နေတုန်း `မီးဗျို့….မီး…မီး´အော်သံနဲ့ သံချောင်းခေါက်သံတွေ ကြားလိုက်ရတယ်။ ကျမတို့နေတဲ့ ရေကျော်ရပ်ကွက်နဲ့ ကပ်နေတဲ့ ဆေးရုံရပ်ကွက်မီးလောင်တာ။ အကြီးအကျယ်ပါပဲ။ ကြောက်လိုက်တာလေ။

ညသန်းခေါင်ကျော်မှာ မီးငြိမ်းသွားတော့ အိမ်မှာ ပွထကျန်ခဲ့လို့ နည်းနည်းဝေးတဲ့ အဒေါ့်အိမ်မှာ စာသွားကျက်ရတယ်။

နောက်နေ့တော့ စာမေးပွဲတွေ ၃ရက် ရွှေ့ပေးလိုက်တယ်။

နောက်ရက်တွေမှာ အဲဒီရပ်ကွက်က မီးလောင်ခံရတဲ့သူတွေ သူတို့ အိမ်နေရာကို လာရှင်းကြတယ်။သီရိမင်္ဂလာလမ်းထဲက မြတ်ရတနာ စာပုံနှိပ်တိုက်က မီးလောင်ခံရတဲ့ စာအုပ်တွေကို ကျမတို့ အိမ်ဒေါင့်က အမှိုက်ပုံမှာ လာပစ်တယ်။

စာမေးပွဲအပြီး ဖတ်စရာ ရှာနေတဲ့ ကျမ အဲဒီ မီးတ၀က်တပျက်ကျွမ်းနေတဲ့ စာအုပ်တွေထဲက ဖတ်လို့ရတာ ရှာဖွေတော့ စာအုပ်၂အုပ်ရတယ်။

မောင်ကိုကိုရဲ့ ခေါင်းလောင်ထိုးသံ ဘယ်သူ့ထံ ဘာသာပြန်စာအုပ်နဲ့ ဦးနုရဲ့ ကာမတဏှာပါ။

၂အုပ်လုံးကောင်းလွန်းလို့ လက်ကမချစတမ်း ဖတ်မိတော့တာပဲ။

အထူးသဖြင့် ဦးနုရဲ့ ကာမတဏှာဝတ္ထုထဲက သာသနာ့ရိပ်သာမှာ တရားအားထုတ်ပြီး ဉာဏ်စဉ်နာရတယ် ဆိုတဲ့ စာပိုဒ်ကို ဉာဏ်စဉ်နာတယ်ဆိုတာ ဘာအဓိပ္ပါယ်မှန်းမသိပဲ ကြိုက်မိပြီး အပြန်ပြန်ဖတ်မိပါတယ်။

ဒါပေမယ့် အမေသိသွားတဲ့အခါ နိမိတ်မရှိ မီးလောင်တဲ့ စာအုပ်တွေ အိမ်သယ်ရပါ့မလားလို့ ဆူတာနဲ့ နှမျောတသစွာ သွားစွန့်လိုက်ရပါတယ်။

ကြာတော့လည်း စာအုပ်ရောရိပ်သာဆိုတာကိုပါ မေ့သွားပါတယ်။

ဒုတိယအကြိမ်တွေ့ဆုံခြင်း
၁၉၉၉ မှာတော့ အမ၀မ်းကွဲ တယောက်နဲ့ အတူ ဥပုသ်နေ့တွေမှာ ဟံသာဝတီရိပ်သာကို သွားပြီး တရားနာစပြုလာပါတယ်။ဒါပေမယ့် တရားပွဲအပြီး တရားထိုင်ရတာ တနာရီကို အပန်းတကြီးပါပဲ။
အဲဒီအချိန် ဟံသာဝတီရိပ်သာဆရာတော် ဦးပညာဝံသက တရားဟောလည်း ကောင်းတော့ တရားနာ ပရိသတ်စည်ကားပါတယ်။ မဟာစည်ရိပ်သာကတော့ အဖွားကြီး ယောဂီတသိုက်ပဲရှိပါတယ်။
အဲဒီနှစ်မှာပဲ အိမ်နားက မိတ်ဆွေ ကိုဝေရဲ့ လက်ထဲ ဦးနုရဲ့ ကာမတဏှာ စာအုပ်ကို တွေ့လိုက်ရတော့ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ မိတ်ဆွေဟောင်း တွေ့လိုက်ရသလိုပဲ။
ကိုဝေ့ဆီက သူ့အဖေရဲ့ စာအုပ်ကို တောင်းပြီး အပြန်ပြန်အလှန်လှန် ဖတ်မိပါတယ်။ဖတ်ရင်းလည်း အဲဒီ စာအုပ်ထဲက ၀ါးခယ်မ မဟာစည်ရိပ်သာမှာ တရားအားထုတ်ကြည့်ချင်စိတ်တွေ တဖွားဖွားပါပဲ။
ဝတ္ထုထဲက မောင်သိန်း၊မခင်မေ၊မောင်မြင့်နဲ့ ဆွေမျိုးတွေ ကာမတဏှာတောက လွတ်အောင်၊လောကဓံတွေ ခံနိုင်ရည်ရှိအောင် သာသနာ့ရိပ်သာမှာ အားထုတ်သွားကြသလို ကျမလည်း အားထုတ်ကြည့်ချင်တယ်။
ကဲ..ဘယ်လို အကောင်အထည်ဖော်ရမလဲ။

ကျမနဲ့ ၀ါးခယ်မ မဟာစည်ရိပ်သာ

ဝါးခယ်မ မဟာစည်ရိပ်သာက ယောဂီတွေအတွက် သပ္ပါယမျှတအောင် စနစ်တကျတည်ဆောက်ထားတာပါ။ရေကန် ကို ၀ိုင်းပြီး ပတ်ထားတဲ့ စင်္ကြန်လမ်းနဲ့ ယောဂီဆောင်တွေဟာ ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်မှာ ပျော်မွေ့ဖို့ အင်မတန်ကောင်းပါတယ်။

မဝေးနီးမော၊
မရောလူရှင်၊
မှက်ခြင်ပါးနည်း
ပစ္စည်းမိတ်ဆွေ ရလွယ်ပေ
ငါးထွေကျောင်းအင်္ဂါ

(တနည်း)

မနီးမဝေး
သွားရေးမခက်
ဆိတ်ငြိမ်သက်လျက်
မှက်ခြင်ပါးနည်း
ပစ္စည်းမခန်း
ကျမ်းတတ်လည်းရှိ
မြတ်သည့်နေရာ
ကျောင်းတိုက်တာသည်
မြန်စွာ မဂ်ဖိုလ်ရောက်ကြောင်းတည်း

ကျမရဲ့ဖွားလေးက သာသနာ့ရိပ်သာရဲ့ အမာခံ ယောဂီပါ။
ဖွားလေးက တရားအားထုတ်ရင် ၀ါခေါင်လက အကောင်းဆုံးတဲ့။
ဒါနဲ့ ၀ါခေါင်လဆန်းရက်မှာ အဖေရန်ကုန်သွားတုန်း အဲဒီရိပ်သာက ယောဂီကြီး အဘရှမ်းကို တရားအားထုတ်ကြည့်ချင်တယ်လို့ ပြောလိုက်ပါတယ်။
(ဖွားလေးကို တမင်မပြောတာ။ဘယ်သူမှ မသိပဲ တိတ်တိတ်လေး တရားဝင်ချင်လို့)
ဘရှမ်းက အားတက်သရောပဲ ဆရာတော်ကို လျှောက်ပေးပါမယ်လို့ ကတိခံတယ်။
အဲဒီနေ့ပဲ ဘရှမ်းလွှတ်လိုက်တဲ့ အမ မွှေးမွှေးက ပွဲရုံကို လာပြီး တရားအားထုတ်ရင် ဘာပစ္စည်းတွေ ယူသွားသင့်တယ်။ အိပ်ရာနိုးတာကနေ အိပ်သည်ထိ ရှုမှတ်တာ မပြတ်ဖြစ်နေဖို့ အရေးကြီးကြောင်းနဲ့ ဘယ်လိုနေ၊ဘယ်လိုမှတ်၊ဘယ်လိုစားဆိုတာတွေပါ လာသင်ပေးသွားပါတယ်။
အင်မတန် ကျေးဇူးများလွန်းလို့ နေ့စဉ် ကျေးဇူးရှင်တွေအဖြစ် ကန်တော့မိပါတယ်။
နောက်တနေ့တော့ ဘရှမ်းက ညနေဖက် ထမင်းစားထားဆိုပြီး ဆိုက်ကားနဲ့လာခေါ် ပေးပါတယ်။
အိမ်က အတွင်းပစ္စည်းတွေ ထုပ်ပိုးပြီး ညီမ၀မ်းကွဲကို အပ် ၊အိမ်ကိုလည်း သိန်းသိန်းဆိုတဲ့ အမကြီးနဲ့ အပ်ပြီး ပစ်ထားခဲ့တာပါပဲ။
အဖေဆိုတာ စိတ်ဆိုးလိုက်တာ။
ရိပ်သာဆရာတော် ဘဘုန်းဘဒ္ဒန္တတိလောက ကို အဲဒီတော့မှ တွေ့ဖူးတာပါ။
မဟာစည်ဘုရားရှိခိုးဆိုတာလည်းမရဘူး။
ယောဂီတဘက်လည်း မပတ်တတ်ဘူး။
(နောင်တော့ ဘဘုန်းက ငါ့သမီး၊ကျောင်းပေါ်တက်လာတုန်းက ယောဂီတဘက် စလွယ်သိုင်းတက်လာတာလို့ ပြောပါတယ်)
ရိပ်သာမှာ အရင်ရောက်နေတဲ့ အမကြီး မတင်ဝင်းနဲ့ တောက အဒေါ်ကြီးတယောက်တို့နဲ့ အတူ ၉ရက်အားထုတ်ခဲ့ရပါတယ်။
(စ၀င်ကတည်းက အဖေမရှိတုန်း ရက်ကလေးကို လုဝင်ရတာ၊အဖေပြန်ရောက်မယ့်ရက်ကျ ထွက်မယ်လို့ တွက်ပြီး ၀င်တာ၊ကိုယ့်ကိုယ်ကိုယ်လည်း မြတ်မင်္ဂလာထဲက ကိုယ်တွေ့ဆောင်းပါးတွေလို
တရားအားထုတ်တာနဲ့ ခန္ဓာဉာဏ်ရောက် တရားတွေ့တယ် ဆိုတာမျိုး ဖြစ်မှာပဲလို့ အထင်ကြီးမိလို့၊)
အဲဒီ ၉ရက်အားထုတ်လိုက်ရတာ နည်းလမ်းတကျ လမ်းညွှန်ပေးတဲ့ ကလျာဏမိတ္တနဲ့တွေ့ခွင့်၊ ယောဂီညာ မဟုတ်ပဲ တကယ့်ကို ထိထိရောက်ရောက် အားထုတ်ခွင့် ၊ယောဂီနည်းချိန် အနီးကပ်သေချာသင်ပြတဲ့ ဆရာကောင်းနဲ့ ဆုံစည်းခွင့်၊တရားအရသာကို လက်ညှိုးလေးနဲ့ တို့မြည်းခွင့်၊ သတိပဋ္ဌာန်လမ်းကိုလျှောက်ခွင့် ရခဲ့တဲ့ အတွက် အဖိုးမဖြတ်နိုင်အောင် အကျိုးရှိခဲ့ပါတယ်။

ဒီလို အကျိုးကျေးဇူးတွေရအောင် လမ်းစပေးခဲ့တဲ့ ဦးနု၊ကာမတဏှာဝတ္ထုနဲ့ ၀ါးခယ်မ မဟာစည်ရိပ်သာ တို့ကိုတော့ တသက်လုံးအမှတ်ရကျေးဇူးတင်နေမိမှာပါ။

U Nu2
U Nu

padonmar

About padonmar

has written 222 post in this Website..

THAKHIN CJ #12112010 (5/2/16)