အခုတလော သိသိသာသာပြောင်းလဲမှုက ခေါင်းတမော့မော့ဖြစ်နေတဲ့ကိစ္စ … ဘယ်အချိန်ကစပြီး ခေါင်းမော့သွားလဲဆိုတာ သတိမထားမိခဲ့ပေမယ့် သတိထားမိချိန်မှာ တော်တော်လေးမော့နေပြီ။
ငယ်ငယ်လေးထဲက ဘယ်တော့မှ ခေါင်းမမော့ပဲ အောက်ကိုချည်းငုံ့ကြည့်နေတတ်ခဲ့တာ။ လူတောမတိုးသလိုလို၊ ကြောက်သလိုလိုနဲ့ ခပ်ရွံ့ရွံ့နေတတ်ခဲ့တယ်။ အမြဲတမ်း ခေါင်းငုံ့ပြီး လမ်းလျှောက်တယ်။ စာဖတ်ရင်လဲ ငုံ့ကြည့်ပြီး ဖတ်ခဲ့တယ်။

အခုနောက်ပိုင်း လမ်းလျှောက်ရင်လဲ ခေါင်းတမော့မော့၊ ကွန်ပျူတာကြည့်လဲ ခေါင်းတမော့မော့၊ စာအုပ်ဖတ်လဲ စာအုပ်ကိုထောင်ပြီး ခေါင်းမော့ဖတ်လေ့ရှိနေပြီ။
ဘာကြောင့်များပါလိမ့်ပေါ့ ..

တရားခံက မျက်မှန်ဖြစ်နေတယ်။ ငယ်ငယ်ထဲက မျက်စိပါဝါများလို့ မျက်မှန်တပ်ခဲ့ရပေမယ့် ဘာမှမသိသာခဲ့။ ဒီအတိုင်းမျက်မှန်တပ်လိုက်ရင် အားလုံးမြင်နေရတယ်။ အဝေးကြည့်ကြည့် အနီးကြည့်ကြည့် အားလုံးအိုကေခဲ့တယ်။ ပြသနာစဖြစ်ခဲ့တာက လွန်ခဲ့တဲ့ ၃ နှစ်လောက်က မျက်မှန်တပ်ပေမယ့် အနီးကြည့် အထူးသဖြင့် ကွန်ပျူတာကို ကောင်းကောင်းမမြင်ချင်တော့၊ စာအုပ်ထဲကစာကို မဖတ်နိုင်တော့ဘူး။ အဲဒီတော့ မျက်စိဆရာဝန်က အနီးကြည့်ပါဝါရှိလာလို့ အနီးကြည့်မျက်မှန်ပါ လိုလာပြီလို့ ပြောတယ်။ အဲဒါနဲ့ အဝေးကြည့်မျက်မှန်တစ်လက်နဲ့ အနီးကြည့်မျက်မှန်တစ်လက် လုပ်လိုက်တယ် (ကျွန်မနှင့် မျက်မှန်များ) ဆိုပြီး ပို့စ်တစ်ခု ရေးတင်ခဲ့ဖူးသေးတယ်။ မျက်မှန် ၂ လက်နဲ့ ဘယ်လိုမှ အဆင်မပြေဖြစ်လာခဲ့တယ်။ သွားလေရာမှာ မျက်မှန်ကျန်ခဲ့တဲ့ပြသနာနဲ့ အိမ်ကလူတွေကိုပါ ဒုက္ခပေးဖြစ်ခဲ့တယ်။ ရုံးကိုရောက်ပြီးမှ အနီးကြည့်မျက်မှန် အိမ်မှာ မေ့ကျန်ခဲ့ရင် အဲဒီနေ့ ပြသနာတက်ပြီပဲ။ ဘာမှ လုပ်လို့မရတော့ဘူး။ ကိုယ်တိုင် အိမ်တစ်ခေါက်ပြန်ပြီး မျက်မှန်ပြန်ယူရတယ်။ အိမ်နဲ့ရုံးနဲ့နီးလို့ တော်သေးပေမယ့် တစ်ခါတစ်လေ သန်လျင်သွားပြီး အဲဒီမှာ ကျန်ခဲ့တဲ့အခါမှာတော့ အိမ်ကအဖေလုပ်သူက ရုံးအထိလိုက်လာပြီး ပေးရတာဖြစ်ဖြစ်၊ တက်စီတစ်စီးကို ပိုက်ဆံပေးပြီး ပို့ခိုင်းတာဖြစ်ဖြစ် လုပ်ရပါတော့တယ်။ မျက်မှန်ကို ချွတ်လိုက် တတ်လိုက်ပြသနာကလဲ တော်တော်ဒုက္ခကြီးလာတယ်။ အဲဒါနဲ့ နောက်ဆုံးတော့ အကောင်းဆုံးဖြစ်နိုင်မယ့် multi focal လုပ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ တစ်လက်ထဲနဲ့ အားလုံးကြည့်နိုင်မယ်ဆိုတော့ အိုကေတယ်ပေါ့။

ဒါပေမယ့် သူ့မှာလဲ သူ့ပြသနာနဲ့သူ။ တကယ်မျက်မှန်လုပ်တော့ ပါဝါများတဲ့အတွက် မှန်လုပ်ရတာ အခက်အခဲကြောင့် ပုံမှန်ထက် ၅ ဆ လောက် (မှန်ဖိုး ၂ သိန်းဝန်းကျင်) ဈေးကြီးပါတယ်။ ဘယ်တတ်နိုင်မလဲ အိုကေလုပ်မယ်ဆိုပြီး လုပ်ပစ်လိုက်တယ်။ တကယ်လုပ်ပြီးတော့ သိပ်အဆင်မပြေဘူး။ multi focal ရဲ့ သဘောတရားက မျက်မှန်တစ်ဝိုင်းထဲမှာ focus သုံးခု ထည့်ထားတာဆိုတော့ အဝေးကြည့်အတွက် အပေါ်မှာ ကွန်ပျူတာလိုမျိုး အလတ်ကြည့်အတွက် အလယ်နဲ့ စာကြည့်ဖို့အတွက်က အောက်ဖက်မှာ ထည့်ထားတာ။ focus ကိုမိမှ သေချာမြင်ရပြီး focus လွဲတာနဲ့ ခေါင်းမူးပါတယ်။ ဘေးကိုကြည့်ချင်ရင် မျက်နှာကို လှည့်ပြီးမှ ကြည့်လို့ရတယ်။ ပထမပိုင်း အကျင့်မရတာနဲ့ အဆင်မပြေပေမယ့် မျက်မှန် ၂ လက်ဒုက္ခတော့ အေးသွားတယ်။

ဒီလိုနဲ့ ၆ လ လောက်ကြာလာတော့ ပြသနာတက်ပြန်တယ်။ မျက်မှန်ကိုင်းက ပျော့တဲ့အတွက် လည်ထွက်ချင်လာတယ်။ လက်နဲ့အတင်းပြန်တည့်ပြီး focus မိအောင် ပြန်ချိန်ပြန်တော့ ပိုဆိုးရင်းနဲ့ နောက်ဆုံးတော့ ကိုင်းပါ ကျိုးထွက်သွားတဲ့အထိပဲ။ အဲဒီဆိုင်က လုပ်တာ မကောင်းလို့ဖြစ်မယ်ဆိုပြီး နောက်ထပ်တစ်ဆိုင်ပြောင်းပြီး သွားပြန်လုပ်တယ်။ အဲဒီမှာ မှန်ဖိုးချည်းပဲ ၅ သိန်းကျမယ်လို့လဲ ပြောလိုက်ရော မျက်စိတောင်ပြာသွားတယ်။ အဲဒါနဲ့ အရင်မှန်ကို ပြန်သုံးပြီးထည့်လို့ရတဲ့ ကိုင်းတစ်ခုခုရှာပြီး ထည့်လိုက်မယ်လို့ပဲ ဆုံးဖြတ်ပြီး ကိုင်းအညံ့လဲ မသုံးရဲတော့တဲ့အတွက် အကောင်းစားကိုင်းတစ်ခုနဲ့ focus ပြန်မိအောင်ချိန်ပြီး တပ်ဖြစ်သွားပါတယ်။

အဲဒီတော့ နောက်ထပ်ပြသနာက ပါဝါချိန်းလာတာပဲ။ အသက်အရွယ်အရ ပါဝါဆိုတာက အဝေးကြည့်လျော့ပြီး အနီးကြည့် တိုးတတ်တဲ့သဘာဝဆိုတော့ … အခုလို ခေါင်းတမော့မော့ဖြစ်ရတဲ့ တရားခံကို တွေ့သွားပါတယ်။
အဝေးကြည့်လျော့လာတဲ့အခါ လက်ရှိအဝေးကြည့်ပါဝါက အရင်ကလုပ်ထားတဲ့ အနီးကြည့်ပါဝါနဲ့ သွားတူသွားတယ်။ အဲဒါကြောင့် မျက်စိက အဝေး focus နဲ့ဆိုရင် ကြည့်မကောင်းတော့ပဲ အနီးက focus နဲ့ အဝေးကိုကြည့်ရင် ပိုပြီးကောင်းတာကို မျက်စိက အလိုလိုသိနေတဲ့အတွက် အောက်က focus နဲ့ကြည့်ဖို့ ကြိုးစားရင်း ခေါင်းမော့သွားရခြင်းဖြစ်ပါတယ်။ အနီးကြည့်အတွက်ကတော့ ခေါင်းမော့နေတာတောင် ကောင်းကောင်းမမြင်ရလို့ ထပ်ထပ်ပြီးမော့ရင်း အခုတလော မျက်နှာကျက်တောင်မြင်ရတော့မလောက် ခေါင်းမော့သွားပါတော့တယ်။

ဒီလောက်တောင် သိသာလာပြီဆိုတော့ မတတ်နိုင်တော့လို့ နောက်ထပ် မျက်စိထပ်စမ်းပြီး အသစ်တစ်ခု ပြန်လုပ်ရပါတော့တယ်။ မျက်မှန်တစ်ခါလုပ်တိုင်း သွေးတိုးရောဂါ တစ်ခါဖြစ်ရတာမို့လို့ မျက်မှန်ကို အလွန်စိတ်နာတယ်။ မျက်မှန်အသစ်မရသေးခင် မျက်စိကို အနားပေးမယ်စိတ်ကူးထားပေမယ့် ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒုက္ခအပေးဆုံး မျက်စိကြောင့် စိတ်အနှောင့်အယှက်ကြီးစွာဖြစ်ရပါတယ်။
ခေါင်းမော့ရလွန်းလို့ လည်ပင်းလဲ တော်တော်ညောင်းနေပြီ ..

အခုနေ ဘာဖြစ်ချင်လဲလို့ မေးလာရင် … မျက်မှန်မတပ်ရပဲ အားလုံးကို မြင်ချင်တယ်လို့ပဲ ဖြေချင်ပါတယ် …

လူတိုင်းလူတိုင်း အကောင်းဆုံး စက္ခုအာရုံကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုရင်း …..

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....