ကျမတို့ရဲ့ဆရာ ဦးထွန်းငြိမ်းမဆုံးမီ သူ့ရဲ့ ချစ်တပည့်တွေအတွက်ရေးခဲ့တဲ့ ရေးလက်စ အင်္ဂလိပ်ကဗျာလေး(My Line of Thought ,My Point of View )ထဲက စာတပိုဒ်ကို ကြိုက်လွန်းလို့ တတ်သလောက် မှတ်သလောက် ဘာသာပြန်ပေးချင်ပါတယ်။ ဆရာ့ဆိုလိုရင်းကို မမီသွားရင် ခွင့်လွှတ်ကြပါ။ မူရင်းအင်္ဂလိပ်ဘာသာက ရွှေခယ်ရတနာမဂ္ဂဇင်း စာမျက်နှာ ၂၂၆ မှာ ရှိပါတယ်။ ရှာဖတ်ကြည့်ပေးကြပါ။ ပြီးအောင်ရေးမသွားရပေမယ့် ရေးပြီးသမျှမှာတင် အဓိပ္ပါယ်ရော၊စကားလုံးရွေးချယ်သုံးစွဲမှုရော၊ကာရန်ပါလှလွန်းလို့
ခံစားကြည့်ကြပါ။
(မြို့ရဲ့ မျက်နှာစာအုပ်မှာတော့ ဆရာ့အကြောင်း အားလုံးသိပြီးမို့ မိတ်ဆက်ပေးစရာမလိုပေမယ့် ဒီရွာထဲမှာတော့ ကျမရဲ့ ဆရာအကြောင်း နည်းနည်းပြောပြချင်ပါတယ်။ ဆရာဦးထွန်းငြိမ်းတို့ ညီအကိုတွေဟာ အင်္ဂလိပ်စာ သိပ်တော်ပါတယ်။ သူတို့ငယ်ငယ်က ဦးထွန်းငြိမ်းအဘိဓာန်စာအုပ်ထူကြီးကို ကျက်ကြပါတယ်။သူတို့ စာကျက်ပုံက တနေ့ တမျက်နှာ ကျက်ပြီးရင် အဲဒီ စာမျက်နှာကို ဖြဲပစ်လိုက်ပါတယ်။ ဦးနှောက်ထဲပဲ သိမ်းတော့မယ်ဆိုတဲ့ သဘောပါ။ စာသင်ရင် ဘာစာအုပ်မှ ကိုင်စရာမလိုပါဘူး။လက်တန်း သင်သွားနိုင်တဲ့ဆရာပါ၊Exercise တွေပေးရင် သင်ပုန်းကြီးပေါ်မှာ စဉ်းစားပြီး ချရေးသွားတာပါပဲ။ဆရာ ဘယ်တုန်းကမှ မှားတယ်လို့ မရှိခဲ့ပါဘူး။ကျောင်းသားတွေကို ကျောင်းမှာ စာတတ်အောင်မျက်နှာ တင်းတင်းထားသင်ပေမယ့် အပြင်မှာ ကျောင်းသားတွေကို သူငယ်ချင်းပေါင်းပေါင်းတတ်တဲ့ဆရာပါ၊ဆရာက လူပျိုကြီးမို့ ရှက်တတ်တော့ ကျောင်းသူတွေဆိုရင်တော့ မခေါ်ပါဘူး။)

(၃)ကြေးမုံတချပ်ဟာ သူ့အလုပ်သူလုပ်ပါတယ်။
အဲဒါကတော့ ပုံရိပ်တွေကို ပြတ်ပြတ်သားသားမြင်ရအောင် ပုံဖော်ပေးတာပါပဲ။
တကယ်လို့များ အဲဒီလို မဖြစ်ခဲ့ဘူးဆိုရင်..
ဒါဟာ ကြေးမုံရဲ့ အပြစ်မဟုတ်ပါဘူး။
သူ့မျက်နှာပြင်ပေါ်က ရေမှုန်ရေမွှားတွေ ကြောင့်ပါပဲ။
အဲသလိုပဲ စိတ်ဟာ အရာဝတ္ထုတွေကို သူ့အရှိအတိုင်းမြင်လိုက်တာပါပဲ။
စိတ်ကမြင်တဲ့အရာကို ပုံပြောင်းပစ်လိုက်တာကတော့ တစုံတယောက်ရဲ့ ခံစားချက်တွေသာ ဖြစ်ပါတယ်။
စိတ်ရဲ့အပြစ်မဟုတ်ပါဘူး။

ဆရာ့ကဗျာလေးလိုပဲ ကျမတို့ကလည်း အရာရာကို အရှိအတိုင်း မမြင်ပဲ ထည့်ထည့်ပြီး မြင်တတ်ကြပါတယ်။
ဒီလူဆိုးတယ်လို့ မြင်ရင် ဘာပဲလုပ်လုပ် အဆိုးမြင်တတ်ကြပါတယ်။
ဒီလူတွေ ငါ့ကို ထော်လော်ကန့်လန့် လုပ်ကြမှာပဲလို့ မြင်ရင် အကောင်းပြောလည်း အကောင်းမထင်ကြတော့ပါဘူး။
ကိုယ်ပဲ အနစ်နာခံရတယ်၊ကိုယ့်ကို နှိမ့်ချတယ်လို့ မြင်ရင် ပြောသမျှ ဖိစီးတယ်လို့ အရောင်ဆိုးလိုက်ကြတော့တာပါပဲ။
တကယ်တော့ နေမင်းကြီးနဲ့ ကြယ်တွေမှာ အလင်းရောင်ရှိသလို ဖယောင်းတိုင်လေးတွေမှာလည်း အလင်းရောင်ရှိပါတယ်။
ဖယောင်းတိုင်လေးတွေ အပူခံ၊အရည်ပျော်ခံပြီး အလင်းရောင်ပေးရသလို နေမင်းကြီးနဲ့ကြယ်တွေလည်း အပူရှိန်တဟုန်းဟုန်းတောက်လောင်ခံရင်း အလင်းရောင်ပေးရတာပါပဲ။
လောကကို အလှဆင်ရာမှာ သူသာတယ်၊ငါသာတယ်မရှိပါဘူး။
ကျမတို့ရဲ့ ကြေးမုံတွေပေါ်က ရေစက်ရေမွှားလေးတွေကို သုတ်ပစ်ပြီး ကြည်ကြည်လင်လင် ပြုံးပြလိုက်ရင် ကိုယ့်ရဲ့ အလှဆုံးပုံရိပ်ကို ကိုယ်တိုင်ခံစားလိုက်ရမှာပါ။

ဆရာဦးထွန်းငြိမ်းရဲ့ ကဗျာ

ဆရာဦးထွန်းငြိမ်းရဲ့ ကဗျာ

padonmar

About padonmar

has written 222 post in this Website..

THAKHIN CJ #12112010 (5/2/16)