ရုံးပိတ်ရက်တစ်မနက် အိမ်မှာထိုင်နေတုန်း အပြင်ကယောက်ကျား အသံတစ်ခုကြားလိုက်ရတယ်
“ဆရာတော်ဘုရားကြီး မျက်စေ့ခွဲစိတ်ကုသရန်အတွက်အလှူခံပါတယ်ခင်ဗျား”…..
ကျုပ်ပြူတင်းပေါက်ကနေကြည့်လိုက်တော့ အသက်၇ဝ လောက်ဘုန်းကြီးတစ်ပါး
လက်မှာတောင်ဝှေးတစ်ချောင်းကိုင်လို့…သူ့လက်မောင်းတစ်ဘက်စီမှာတွဲလျှောက်နေတာက
အသက်သုံးဆယ်ဝန်းကျင် သန်သန်မာမာလူနှစ်ယောက်….
ကျုပ်ကြည့်နေတုန်းမှာပဲ လူတချို့ ၅၀၀၊ ၁၀၀ဝ စသဖြင့်လှူနေကြတာတွေ့ရတယ်…
ကျုပ်ကတော့လှူဖို့ စိတ်ကူးပေါ်မလာပဲ စဉ်းစားနေမိတယ်…လွန်ခဲ့တဲ့ ၃လလောက်က
မြေနီကုန်းဖက်ကိုသွားတော့..တစ်ခါတွေ့ခဲ့ဖူးတာလည်း ဒီဘုန်းကြီးပါပဲ…ဘေးကလူနှစ်ယောက်ကိုတော့
သိပ်မမှတ်မိချင်…ဒီမှာစဉ်းစားမိတာက ဒီလိုလှည့်ပါတ်အလှူခံနေတာကြာလှပီ..ခုထိဆေးဖိုးမပြည့်သေးဘူးလား..
တကယ်ကုသဖို့လိုရင်ကော ဇိဝိတဒါနသံဃာ့ဆေးရုံကို ဘာလို့မသွားသလည်း…စသဖြင့်
တွေးရင်းကြည့်နေစဉ်မှာပဲ ခဏတာအချိန်လေးအတွင်းမှာတင် လမ်းသွားလမ်းလာနဲ့ အပေါ်ထပ်အောက်ထပ်တွေက လှူကြတာ..သုံးလေးထောင်လောက်ရှိလိမ့်မယ်…
အံ့ဩစရာ ကုသိုလ်လောဘကြီးသူ မြန်မာများပါတကား…
ကျုပ်ကတော့ သေသေချာချာရိပ်မိတယ်…ဒါသင်္ဃန်းခြုံပြီး လိမ်တောင်းနေတယ်ဆိုတာ…
တကယ်ဆို ရဝတ လုပ်သူတွေက ရပ်ကွက်ထဲ ဝင်လာတဲ့အလှူခံတွေကိုစိစစ် သင့်တယ်ထင်မိတယ်  :I:
………………………………………
အရင်တစ်ခါလည်းကြုံဖူးသေးတယ်…လဘက်ရည်ဆိုင်ထိုင်နေတုန်း သားအမိနှစ်ယောက်
“ရန်ကုန်ကိုဆေးလာကုရင်း လမ်းစရိတ်ပြတ်သွားလို့ …ငွေငါးရာလောက် ကူညီပါရှင်”..တဲ့
ဒါတွေလည်းအတူတူပါပဲ…မကြာခဏတွေ့ရတတ်တဲ့ လိမ်တောင်းနည်းတစ်မျိုးပါပဲ…  :dd:
……………………………………….
အထူးသဖြင့် လဘက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ လိုက်တောင်းနေတဲ့
သင်္ဃန်းဝတ်ချာတိတ်လေးတွေပါပဲ…၉၉ ရာနှုံးလောက်က လိမ်တောင်းစားနေကြတာပါ
ကျုပ်တော့တခါမှမထည့်ပါဘူး………………..သူတို့နဲ့စာရင်
စားစရာမရှိလို့ ရိုးရိုးသားသား ဘူးခွံ ပုလင်းခွံ လိုက်ကောက်နေသူလေးတွေကို
လက်ခံနိုင်ပါတယ်…ကျုပ်ဆို အိမ်မှာစုမိထားတဲ့ ဘူးခွံ ပုလင်းခွံတွေ တောင်ထုတ်ပေးလေ့ရှိပါတယ်
…………………………………………….
စကားကြုံတုန်း သတိရတာလေးရှိသေးတယ်ဗျ….တစ်နေ့ပေါ့..
ကျုပ်ရယ် ဦးပါလေရာရယ် ကိုဘလက်ချောရယ် ကိုရင်ဆာမိရယ် ချောင်းဝနားက
လဘက်ရည်ဆိုင်မှာထိုင်ပြီးလေပစ်နေကြတုန်း အသက် ၄ဝလောက် ခပ်နွမ်းနွမ်းမိန်းမတစ်ယောက်
ဘေးနားကစားပွဲမှာလာထိုင်ပြီး ကျုပ်တို့ဝိုင်းကို လှမ်းပြောတယ်…
“အကိုကြီးတို့ရယ်..ကျမလဘက်ရည်သောက်ချင်လို့ တစ်ခွက်လောက်တိုက်ပါ”..တဲ့
ပိုက်ဆံတောင်းတာလည်းမဟုတ်…အံ့ဩသွားမိတယ်…လဘက်ရည်တော်တော်ကြိုက်ပုံရတယ်
ဒါနဲ့ကျုပ်တို့လည်း ရပါတယ် မှာသောက်ပါဗျာ…လို့ပြောလိုက်တော့..လဘက်ရည်မှာသောက်ပြီး
ထပြန်သွားလေရဲ့……ကျုပ်တော့သဘောကျမိတယ်…မှန်မှန်ကန်ကန်တောင်းသောက်တာမို့ပါ
ဝယ်တိုက်လိုက်ရတာကိုလည်း ကျေနပ်မိတယ်…..   :b:
……………………………………
ခုတလော ဖေ့ဘုတ်ပေါ်မှာလည်း အဲ့ဒီလိုလိမ်နည်းတွေ ဓါတ်ပုံနဲ့တကွ ရေးတင်နေကြတာ
သတိပြုမိပါရဲ့…စပါးတွဲရောင်းတဲ့သားအဖ ကိစ္စလေးလည်း တော်တော်ခေတ်စားသွားတယ်..
အဲ့ဒီကိစ္စကို ကျုပ်တို့ရွာသား Kogyi mind (မဟာမိုင်း) ကဒီလိုတင်ပြထားတယ်…

<blockquote>

မဟာ မိုင်း shared Ko Kyuu Kyaw’s photo.
28 November at 11:38 •
ကျွန်တော်ဆွေးနွေးကြည့်မယ်၊ ဒီပုံလေးနဲ့ပတ်သက်ပြီး ဖေ့ဘုတ်မှာ တော်တော်လူပြောသူပြောများနေတယ်။ အားလုံးရဲ့ သဒ္ဓါတရားကို ဖျက်လို၊ ဖျက်ဆီးလုပ်ချင်တဲ့စိတ်နဲ့ ဒီပို့စ်ကိုရေးခြင်းမဟုတ်ပါ။
ဒီကလေးအရွယ်ဟာ ဒီလိုချီထားစရာလည်းမလိုပါဘူး၊ ပြီးတော့ ဈေးရောင်းထွက်လာတဲ့အချိန် အိမ်နီးနားချင်းတွေနဲ့ ကလေးဖော်တွေရှိတဲ့နေရာမှာ အပ်ထားခဲ့လို့လည်းရပါတယ်။ အဲသလိုအပ်ပြီး လင်ရော၊ မယားပါ ဈေးထွက်ရောင်းတာတွေ အများကြီးမြင်ဖူးပါတယ်။
အဲဒီကလေးကိုထိန်းဖို့ မိသားစုဝင် သို့မဟုတ် ဆွေမျိုးတစ်စုံတစ်ယောက်လောက်မှ မရှိလို့ နေမကောင်းဖြစ်နေတဲ့ကြားက ကလေးကိုပွေ့ပြီးဈေးလည်ရောင်းတယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားကြည့်သင့်တယ်။
စပါးစည်းလို အရာမျိုးကိုလည်ရောင်းတယ်ဆိုတာ ကလေးသူငယ်တွေ၊ ဘာမှ မလုပ်တတ်၊ မကိုင်တတ်ဖြစ်တဲ့သက်ကြီးရွယ်အိုတွေပဲလုပ်တာပါ၊
စင်္ကာပူလိုနေရာမျိုးမှာဆိုရင် ဘလိုင်းကြီးပိုက်ဆံတောင်းရတာ မကောင်းတတ်လို့ တစ်ရှုးပေပါလေးတွေ ကမ်းတဲ့သဘောပါပဲ။
ပြီးတော့ သူ့ကိုကြည့်ရတာ ခေါင်းမူးနေပုံရပါတယ်။ ခေါင်းမူးတာဟာ ရောဂါရှာလို့မရပါဘူး၊ ပြီးတော့ ဂရုဏာရှင်တစ်ချို့ရဲ့ ပေးကမ်းထောက်ပံ့မှုကိုလည်း မြိုးမြိုးမျက်မျက်လေးကလေးရနိုင်စရာအကြောင်းရှိပါသေးတယ်။
လူလိမ်လား၊ လူကောင်းလားဆိုတာ အကဲခတ်ကြစေချင်ပါတယ်။
ကျွန်တော့်ကတော့ မသင်္ကာပါဘူးခင်ဗျား။

</blockquote>

တဲ့….

ရန်ကုန်မြို့လယ်က အထကတစ်ခုရှေ့မှာပါ

ရန်ကုန်မြို့လယ်က အထကတစ်ခုရှေ့မှာပါ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကွန်မန့်တစ်ခုကဒီလိုပြောထားတယ်
<blockquote>တစ်ခါ ပတ်စပို့လုပ်တော့ ဘဏ်သွားဆောင်တာမှာ အဘွားကြီးတျောက် ပဲခူးပြန်ဖို့လမ်းစရိတ်မရှိလို့ပါဆိုလို့ ပေးဖူးတယ်။ တစ်လကြာပြိးစာအုပ် ထုတ်တော့ အဲ့ဒီအဘွားပဲ ပဲခူးပြန်ဖို့လမ်းစရိတ်မရှိဘူးပြောလာပြန်တယ်။မရှိတော့ တောင်းစား၊လိမ်စား၊ ခိုးစားကြတာပါပဲ။
မရှိဘူးဆိုတာက ပညာမရှိ၊ ပိုက်ဆံမရှိ၊အလုပ်အကိုင်ကောင်းမရှိတာကအစ ပါလိမ့်မယ်။</blockquote>
နောက်ကွန်မန့်တစ်ခုမှာလည်း…
<blockquote>ကိုယ်တိုင်ကြုံဖူးလို့ ရေးလိုက်ပါတယ်။၁၉၉၆ဝန်းကျင်လောက် ဗန္ဓုလလမ်းနဲ့ ၄၆လမ်းဒေါင့်နားမှာ ကလေးချီထားပြီး အင်းစိန်ပြန်ဖို့ ပိုက်ဆံမရှိလို့ ကူညီပါပြောလို့ ငွေ၂၅ကျပ်ပေးလိုက်တယ်။၂၅ကျပ်ဆိုလို့ အဲဒီအချိန်က ၂၅ကျပ်တန်ဘိုးက မနည်းဘူး။ကိုယ်လည်း အကူအညီပေးလိုက်ရတယ်ဆိုပြီး စိတ်ထဲကြည်နူးသွားတာပေါ့။ကိုယ်က ၄၆လမ်းက ကုမ္ပဏီမှာအလုပ်လုပ်နေတာ။နောက်နေ့လည်း ဒီသားအဖဘဲပြန်တွေ့တော့ ။မိတ်ဆွေတို့ စဉ်းစားသာကြည့်ပေတော့။အဓိကပြဿ နာက ကိုယ့်တာဝန်ကိုယ်မယူနိုင်တဲ့အပြင် လူမမယ်ကလေးတွေကိုပါ တန်ဆာခံလိုလုပ်နေတာကတော့ ရုပ်ပျက်လှပေတယ်။ပြင်ရမယ့်အကျင့်တွေကတော့ မသိတာရယ်၊ဉာဏ်မမီတာရယ်၊အတုယူမှားတာရယ်၊ရေသာခိုချင်စိတ်ရယ်၊အလွယ်လမ်းလိုက်တာရယ်၊ရိုးရာအစွဲကြောင့်ရယ်၊ပြောမဲ့သူမရှိတာရယ်…….စသဖြင့်အများကြီးပါ။ကိုယ်တိုင်လည်း သိသမျှ ပြင်နေပါတယ်။မိတ်ဆွေတို့လည်းပြင်ပါ။အဓိက အချောင်လို အလကားလိုချင်စိတ်ကို သတိထားပါ။အရာရာကို တန်ဘိုးထားတဲ့အမြင်လေးနဲ့နေထိုင်ဖို့လိုတယ်။ကိုယ့်တန်ဘိုးကအရေးကြီးဆုံးလို့ မြင်ပါတယ်။မိတ်ဆွေများကျန်းမာပါစေဗျာ။</blockquote>

 

ကျုပ်တို့ရွာသား ကိုရာဟု( ရာမည)ကလည်း ဒီလိုပုံလေးနဲ့ပဲ သူတွေ့ခဲ့ရတဲ့
အထက(၂) ကမာရွတ် ကျောင်းရှေ့မှာပုံစံတူ စပါးတွဲသည် သားအဖ
အကြောင်း • စာရေး/စာဖတ်ဝါသနာရှင်များ ဂရုမှာ တင်ထားပါသေးတယ်…

သူ့ပုံ နဲ့ နေရာက နောက်တစ်မျိုး…

ကိုရာမညတင်တဲ့ပုံ

ကိုရာမညတင်တဲ့ပုံ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အဲဒီအဖြစ်အပျက်တွေမှာ ကွန်မန့်တွေအမျိုးမျိုးပေးကြတာတွေ့ရပေမဲ့
အဓိကကျတာကတော့…ဒီကွန်မန့်လေးအတိုင်းပါပဲ…
<blockquote>ကိုမိုင်းနဲ့တကွ ကော်မန့် ပေးကြသူ တချို့ကို ပြောစရာလေးတစ်ခုပြောခွင့်ပြုပါ။
ကျွန်တော် သည်လည်း ထိုကဲ့သို့ပဲကိုယ့်မရှိတဲ့
ကြားက တကယ်ဒုက္ခရောက်သူတွေ့ရင် ကူညီပေး
တတ်သူပါ။
သို့ပေမယ့် ခုကိစ္စမှာတော့ ကိုမိုင်းထောက်ပြ
ပြောဆိုမှုဟာ မှန်ကန်တယ်ဆိုပါရစေ။
ဘာလို့ဆိုတော့ လူတစ်ယောက်ရဲ့ အကူအညီကို
ရယူခြင်း ဆိုရာမှာ စည်းမျဉ်း ရှိပါတယ်။ ဒါဟာ ဘာလဲဆိုတော့ တစ်စုံတစ်ယောက်က တစ်ဦးတစ်ယောက် ဆီက အကူအညီယူရာမှာ
အကူအညီယူသူသည် အယူခံရသူထက် တစ်နည်း
နည်းမှာ အားနည်းလိုအပ်နေသူ ဖြစ်ရပါမယ်။
တစ်ဆက်တည်းဆိုသလိုပဲ မှန်ကန်သော အကူ
အညီယူမှု မျိုးလဲဖြစ်ရပါမယ်။မှန်ကန်သောအကြောင်းတရား
ရှိရပါမယ်။ ဒီလိုမျိုးမရှိတဲ့ အကူအညီ ပေးယူမှု
ဟာ အကူအညီပြုရာ မရောက်ပါဘူး။
လိမ်လည်မှုကို အားပေးရာ သာရောက်ပါတယ်။</blockquote>

စာဖတ်သူတို့လည်းနိစ္စဓူဝ သွားလာနေထိုင်ကြရင်း တောင်းရမ်းစားသောက်သူမျိုးစုံတွေ့ဖူးကြမှာပါ
ကျုပ်အမြင်အရတော့ မမှန်မကန်လိမ်လည်အကူအညီတောင်းသူတွေ များလာနေတော့
အမှန်တကယ်ဒုက္ခရောက်လို့ တစ်ခါတလေ အကူအညီတောင်းမိသူတွေ အတွက်အကူအညီရနိုင်ဖို့
ခက်ခဲသွားတော့မှာပါ…ကိုယ့်မျက်စေ့ရှေ့မှာ ဒုက္ခရောက်နေသူ ကိုကူညီစောင်မတာဟာ
ကောင်းမွန်တဲ့စိတ်စေတနာပါ…ခုတော့ ယုံဖို့တော်တော်ခက်သွားပါပြီ…အဲ့ဒါနဲ့ပါတ်သက်ပြီး

ဆက်စပ်နေလို့….ကျုပ်ဖတ်ဖူးတဲ့ “မင်းဒင်ရဲ့သက်ခိုင်” စာအုပ်ထဲက ပုံပြင်လေးထုတ်ပြချင်ပါတယ်…

ဇတ်လိုက်ကျော် သက်ခိုင်ကလည်း လိမ်တာကြိုက်ပုံမရပါဘူး…

ကားပေါ် မှာပါလာတဲ့ တပည့်တွေကို “ မင်းတို့လည်း

လိမ်မယ်ဆိုရင်ကြည့်လိမ်ကြကွာ “ဆိုပြီး ကျနော်ကြားဘူးတဲ့ ပသီပုံပြင်တပုဒ်ကို

ပြောပြဖြစ်ခဲ့ပါတယ်။

ရှေးခေတ်အီရတ်နိုင်ငံက သူဌေးကြီးတယောက်အကြောင်းပေါ့။အဲဒီသူဌေးကြီးဟာ မရှိဆင်းရ ဲ

သားတွေကိုစာနာထောက်ထား တတ်သတဲ့ဗျာ။သူ့မှာ ပြိုင်ဘက်ကင်းတဲ့ မြင်းကောင်း တစီး လည်း

ရှိသတဲ့ ။တခြားသော သူဌေးတွေက သူ့မြင်းရဲ့ကျော်စောလှတဲ့ သတင်းကြောင့် တန်ဘိုးငွေ

အဆမတန်ပေးပြီး ပြန်ရောင်းဘို့် ကမ်းလှမ်းကြသတဲ့ ။ဘယ်လောက်ဈေးပေးပေး

မရောင်းတာကြောင့် မြင်းလာဝယ်တဲ့ သူဌေးတယောက်က “ခင်ဗျား ဒီလောက်တောင်

မရောင်းချင်တဲ့ မြင်းကို ကျုပ်မရရအောင် ယူပြမယ်လို့ ကြိမ်းဝါးပြီး ပြန်သွားပါသတဲ့ ။

ဒီလိုနဲ့ ရက်အတန်ကြာလာတော့ မြင်းပိုင်ရှင် သူဌေးဟာ သူ့မြင်းကို စီးပြီး ဒမတ်စကတ်

မြို့ဖက်ကို ခရီးထွက်လာတော့ လမ်းမှာ လဲနေတဲ့ သူတောင်းစားတယောက်ကို တွေ့ရပါလေ

ရော။ဒါနဲ့ သူဌေးဟာ မြင်းကို ရပ်ပြီး သူတောင်းစားကို အကျိုးအကြောင်းမေးတော့ အစာမစား

 

ရတာ သုံးရက်တောင် ရှိပါပြီလို့ ဖြေသတဲ့ ။ဒီတော့ သူဌေးက ငွေစတချို့ထုတ်ပေးပြီး “ ရော ့၊

ဒီငွေနဲ့ မင်းအစားဝယ်စားပေတော့ လို့လည်း ပြောရော သူတောင်းစားက “ထမင်းသုံးရက်

မစားရတဲ့ သူဟာ ဘယ်လိုလုပ် ထမင်းရောင်းတဲ့ ဆိုင်ကို လျှောက်သွားနိုင်မလဲလို့ အထွန့်

တက်ပြန်တော့၊ သူဌေးကြီးကလည်း “မင်းပြောတာ မှန်သားပဲ၊ဒါဆို မြင်းပေါ်ကို တက်“ လို့

ဆိုပြန်သတဲ့ ။

ဒီအခါမှာလည်း သူတောင်းစားက ထမင်းသုံးရက်မစားရတဲ့ သူက ဘယ်လိုလုပ် မြင်းပေါ်

တက်နိုင်မှာလဲ ဆိုပြန်တော့ သူဌေးက မင်းပြောတာ မှန်တာပဲ လို့ ပြောရင်း မြင်းပေါ်ကဆင်း၊

သူတောင်းစားကို ပွေ့ချီပြီး သူတောင်းစားကို မြင်းပေါ်လည်း တင်လိုက်ရော သူတောင်းစားဟာ

ပကတိ်လူကောင်းတယောက်လို မြင်းကို ကဆုန်စိုင်း စီးပြီး “ က ဲ ၊သူဌေး ၊အခုခင်ဗျား

ဘာတတ်နိုင်သေးလဲ၊ ခင်ဗျားမြင်းကို ကျနော်ရပြီ “လို့ ပြောပြောဆိုဆို ရုတ်ခြည်း

ထွက်သွားပါလေရောတဲ့ ။

ရုတ်တရက် မှင်တက်မိသွားတဲ့ မြင်းပိုင်ရှင် သူဌေးဟာ “လက်စသတ်တော့ ဒီလူဟာ တကယ့်

သူတောင်းစားမဟုတ်ပဲ သူ့မြင်းကိုလာဝယ်တုန်းက ကြိမ်းဝါးသွားတဲ့ မြင်းဝယ်သူဆိုတာ

သိလိုက်တာနဲ့ချက်ချင်း သတိပြန်ဝင်လာပြီး မြင်းစီးပြီး ထွက်သွားတဲ့ အယောင်ဆောင်

သူတောင်းစားကို လက်ပြ တားလိုက်ရင်း “ အင်း ၊ ဟုတ်ပါပြီ၊ အလာဟ်အရှင် အလိုတော်

ရှိရင်ရင်လည်း မင်း ငါ့မြင်းကို အပို်င်သာ ယူသွားပါတော့ ၊ဒါပေမဲ့ ငါ့မြင်းကို မင်းဘယ်လို

ယူသွားတယ်ဆိုတာ ဘယ်သူ့ကို မှ မပြောပါဘူး ဆိုတဲ ့ကတိကိုတော့ ပေးပါ“လို့ ဆိုသတဲ့ ။

ဒီတော့ အယောင်ဆောင်သူတောင်းစားဟာ ထူးဆန်းလှတဲ့ သူဌေးရဲ့စကားကြောင့် မြင်းကို

ခဏရပ်ပြီး “ ဘာကြောင့် ကျုပ်က သူတပါးကို ပြန်မပြောခိုင်းတာလဲ၊ ခင်ဗျား မြင်းကို အဆုံး

ရှုံးရမှာ မနှမျောဘူးလား ဆိုတော့ သူဌေးက “ ငါ့မြင်းကို နှမြောတာထက် လောကကြီး

ပျက်စီးသွားမှာ ငါပိုပြီး နှမြောလို့ “ ဆိုပဲဗျာ။

သူတောင်းစားလည်း တအံ့တဩနဲ့ ခင်ဗျား မြင်းကို ယူသွားရုံနဲ့ လောကကြီး ပျက်စီးရရော

လားဗျာ“ လို့မေးပြန်တော့ သူဌေးက “ မင်းစဉ်းစားကြည့်ပေါ့၊ မရှိဆင်းရဲသားတွေကို ကူညီ

စောင့်ရှောက်ဘို့ အလာဟ် အရှင်က သင်ကြားဆုံးမထားတယ်၊ မင်းက သူတောင်းစား

ယောင်ဆောင်ပြီး ငါ့မြင်းကို ယူသွားတယ်၊ အဲဒီအကြောင်းကို မင်းက လူတကာက ို လျှောက်

ပြောတော့ ဒုက္ခရောက်နေတဲ့သူကို ဘယ်သူမှ ကူညီချင်တော့မှာ မဟုတ်ဘူး၊ဒုက္ခရောက်သူ တွေ

ကူကယ်ရာမဲ့ပြီး ဆိုရင် လောကကြီး ပျက်စီးပြီပေါ့“ ဖြေတယ်တဲ့ဗျာ။

ပုံပြင်ဆုံးတော့ သူတောင်းစားလည်း သတိတရားရပြီး မြင်းကို ပြန်ပေးပြီး သူဌေးကို တောင်းပန်

တာပေါ့။ကျနော်ပြောတဲ့ ပုံပြင်ကို နားထောင်နေတဲ့ကားပေါ်က တပည့်တွေ တယောက်မှ

တုတ်တုတ် မလှုပ် တော့ပါဘူး။ ဟုတ်ပါတယ်။ ကျနော်အလိမ်ခံရတာကို ဝမ်းမနည်း လှပေမဲ့

ဒီလိမ်နည်း ကို ကျနော် မနှစ်မြို့ဘူးဗျာ။ 

ဒီလိုလေးဗျောင်တောင်းတာကမှ သမဂ္ဂဝင်တွေတွေ့ရင် ကူညီကြလိမ့်အုံးမယ်  :k:

မင်းဒင်ရဲ့ သက်ခိုင်ထဲကပုံလေးပါ

မင်းဒင်ရဲ့ သက်ခိုင်ထဲကပုံလေးပါ

 

 

 

 

 

 

 

 

 

 

ရေးစရာမရှိလို့ တွေးမိတွေးရာရေးလိုက်တာပါဗျာ

ဖတ်ရှုသူအားလုံးကို ကျေးဇူးတင်ပါတယ်..

ထာဝရလမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

၃၊ ၁၂၊ ၂၀၁၄

 

 

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)