Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကာလာဘလိုင်းရဲ့လိပ်ပြာကြယ်

11078807_1056908314325736_1472152970_o

သဘာဝမီးအရောင်ကြောင့် လင်းနေတာမဟုတ်ဘဲ လူတို့ဖန်တီးပြုလုပ်ထားတဲ့ လျှပ်စစ်မီးအရောင်ကြောင့်လင်းနေတဲ့ အဲဒီမြို့ရိုးကို ကျွန်တော်ကြည့်ပြီး ရင်နာနေတယ် မေမေ။ လူတိုင်းစိတ်လွတ် လက်လွတ်ငေးမောခွင့်မရှိတဲ့ အဲဒီမြို့ရိုးကိုရှေ့ကို ကျွန်တော်မရောက်တာလည်း ကြာပြီမေမေ။ တစ်ခုတော့ရှိတယ်။ ဒါကတော့ ကျွန်တော် အပတ်စဉ်တိုင်း ဒီတောင်ပေါ်ကနေ အဲဒီမြို့ရိုးကို ငေးမောဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ခါ ဝေဝိုးနေတဲ့ မျက်ဝန်းထဲက မြို့ရိုးဟာ ကျွန်တော့်အတွက် တစ်ခုခုလိုအပ်နေသလိုပါပဲ။

၁။

အပူတွေရှပ်တိုက်ပြေးလွှားနေတဲ့ မန္တလေးမြို့ရဲ့ နေ့လယ်ခင်းဟာ ကျွန်တော့်ရင်ထဲက ဖြစ်တည်မှုအပူစုတွေကို ဖယ်ရှား မပစ်နိုင်တာကတော့ သေချာနေတယ်။ ဆိုင်ကယ်သံတွေဆူညံနေပြီး နန်းမြို့ရိုးရှေ့မီးပွိုင့်ထောင့်မှာ လူတွေပြွတ်သိပ်နေတော့ လူ့ပင်လယ်လှိုင်းလုံးကြီးဟာ တစ်ခုခုကိုရိုက်ခတ်တော့မယ့် အသွင်နဲ့ တာထွက်ဖို့ ဆိုင်းပြင်နေကြတယ်။ ဆိုင်ကယ်လီဗာလေးကို အသင့်အနေအထားဖြစ်အောင် ကိုင်ထားရင် မြင်နေရတဲ့ မီးနီလေး စိမ်းဖို့ စက္ကန့်ဒိုင်ခွက်ပေါ်က တရွေ့ရွေ့ အနုတ်လက္ခဏာဆောင်သွားတဲ့ ဂဏာန်းလေးတွေရဲ့ ရွေ့လျားမှုကိုကြည့်နေရတာလည်း ရင်တမမပါပဲ။ မျက်နာမှာ ဖုန်ကာနှာခေါင်းစွပ်ကိုတပ်၊ တရုတ်ဖြစ်မျက်မှန်လေးကို တပ်ဆင်ထားတဲ့ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ဆိုင်ကယ် ဘက်မှန်ထဲကနေ မြင်နေရတယ်။ အဲဒီမျက်နာပေါ်မှာ တစ်ခုခုကိုဆိုးထင့်မှုတွေတွေ့မလားလို့ရှာဖွေရင်း ပူပြင်းလှတဲ့ မန္တလေးနေရဲ့ အောက်မှာ သက်ပြင်းတွေချနေမိတယ်။ မီးစိမ်းလေးတစ်ချက်လင်းလိုက်တာနဲ့ ဝေါခနဲထွက်သွားတဲ့ ယာဉ်တန်းနောက်မှာ အလိုက်သင့် လီဗာဆွဲရင်း ကျွန်တော်သွားနေတဲ့ လိုရာခရီးဟာ ဘယ်ကိုများလဲလို့ ပြန်မေးနေမိတယ်။ နားထဲမှာလဲ မေမေ့ရဲ့စကားသံတွေက ပဲ့တင်ထပ်လို့။ စိတ်မကောင်းခြင်းကြီးစွာနဲ့ စိတ်ထဲက ကျွန်တော့်ကိုခွင့်လွတ်ပါ မေမေလို့ လမ်းတလျှောက် တွေးနေ ပြောနေမိခဲ့တယ်။ မေမေကတော့ ကျွန်တော့်မျက်နာထက်က အပူအပင်တချို့ကို မရိပ်မိဘဲ တွေ့တိုင်းဆုံးမနေကျစကားတွေကိုသာ ပြောခဲ့တာပါပဲ။ ဒီတစ်ခေါက်အမေ့ကိုတွေ့တော့ မျက်နာလေးချောင်ကျနေတဲ့ ကျွန်တော့်ကို တွေ့တွေ့ချင်း

“အရမ်းပူလို့လား အသားတွေလည်း မည်းသွားသလိုပဲ“လို့ဆိုလိုက်တော့ ငိုချချင်နေတဲ့စိတ်ကိုထိန်းရင်း မုသားစကားတွေနဲ့ ကျွန်တော့်ကို ကျွန်တော်ကာကွယ်ခဲ့ရတယ်။

“အရမ်းပူတာပဲ မေမေ၊ ခုတောင် မရောက်တာကြာလို့ မေမေ့ဆီလာခဲ့တာ၊ အလုပ်သစ်ကလည်း ထင်သလောက် အဆင်မပြေဘူးလေ၊ အဆောင်ကလည်း စရိတ်တွေတက်တော့ တခြားအဆောင်ပြောင်းဖို့ ရွှေ့ဖို့ပြင်ဆင်ရတာလည်း စိတ်ပင်ပန်းလို့နေမှာ“ လို့တခါမှ ကိုယ့်အခက်အခဲတွေကိုမပြောပြဖူးဘဲနဲ့ ခုတကြိမ်တော့ ဟန်ဆောင်ပြောရတာ လိပ်ပြာတော့မလုံချင်ဘူး။ မေမေကတော့ မရိပ်မိပါဘဲ ကျွန်တော်ပြန်ခါနီး ရော့အင့်ဆိုပြီး မုန့်ဖိုးတွေထည့်ပေးတော့ ပိုဝမ်းနည်းရတယ်။ ကျွန်တော့်ရဲ့လက်ရှိဖြစ်ပျက်နေတဲ့ အခက်အခဲကိုသာ မေမေသိရင် ဘယ်လောက်တောင် ပြောဆိုမလဲဆိုတာ မသိပေမယ့် အရှက်သိက္ခာကြီးတဲ့ မေမေ ကိုယ့်ကိုကိုယ်သတ်သေမလားဆိုတဲ့ စိုးရိမ်စိတ်ကြီးဝင်လာ မိတယ်။ ဒါကြောင့်ပဲ ညအိပ်ပါလားလို့ မေမေ ပြောတာကို ခေါင်းခါပြီး

“နေ့ချင်းပြန်ပဲလာခဲ့တာ မေမေ မောင်လေး ရော အိမ်မှာမရှိဘူးထင်တယ်။ ကျွန်တော်လာသွားတယ်လို့ပဲပြောလိုက်၊ နောက်တစ်လလာရင် သူကြိုက်တဲ့ ကြေးအိုးဝယ်လာခဲ့မယ်လို့နော်၊ “

မေမေ့ကိုလက်ပြ နုတ်ဆက်ပြန်ခဲ့တဲ့အချိန်မှာ ကျွန်တော်ဝမ်းနည်းမဆုံးပါပဲ။ ဘာကြောင့်လဲမသိတဲ့ခံစားချက်တွေနဲ့ စိတ်တွေလေထဲမှာ လွင့်မျောနေသလို ကိုယ်နဲ့စိတ်ဟာ ကင်းကွာနေတယ်။ ၇၈ လမ်းမထက်ကနေ သိပံလမ်းမဖက်ကို ချိုးဝင်လိုက်တဲ့အချိန် မြင်နေရတဲ့ ဗိုလ်ချုပ်ရွာဘက်က တိုက်တာတွေကို ကျွန်တော်ကြည့်ပြီး ဒီကနေ့အတွက် အဖြေတစ်ခုခုကို ရအောင်ယူဖို့ စဉ်းစားနေမိတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်တော့်ကြောင့် သောကတွေဝေကုန်မယ့် အဖြစ်ကြီးက မကြာခင်ရောက်လာတော့မယ်လေ။

၂။

တွေ့ခဲ့တာကတော့ နန်းမြို့ရိုးရဲ့ရှေ့မှာ။ မနက်စောစော စက်ဘီးစီး ထွက်ခဲ့တဲ့ ဝေလီဝေလင်း အချိန်တွေမှာ လေ့ကျင့်ခန်း လုပ်နေတဲ့ လူတွေ တစ်ယောက်စ နှစ်ယောက်စကို နန်းရှေ့ ပလက်ဖောင်း တလျှောက်တွေ့နေရတယ်။ ခုလို ဒီဇင်ဘာလ အတွင်း မန်းမြို့က မန်းသူမန်းသားတွေ အားကစား လုပ်နေတဲ့ အချိန် ကျွန်တော်က ကျုံးရေပြင်ကိုကြည့်ပြီး တစ်ကိုယ်တည်း ငိုင်နေခဲ့တဲ့ အချိန်မှာ ပတ်ဝန်းကျင် တစ်ခုလုံးကို မေ့နေမိတယ်။ လမ်းတလျှောက်မြင်နေရတဲ့ အားကစားလုပ် သူတွေကို မြင်ရတော့ မတူညီတဲ့ အမြင်တွေကြားထဲ ကျွန်တော်ကိုယ်တိုင် ဝေဝါးနေတဲ့ စိတ်တွေလည်း ရှိနေချိန်ပေါ့။ ကျွန်တော် မန်းကိုမလာခင်တုန်းက မန်းမြို့သူ မေမေက တဖွဖွပြောခဲ့တဲ့စကားတွေကို ခုနေပြန်ကြားယောင် မိတော့ လက်ရှိ မန်းသူတွေကို မေမေ မြင်မယ်ဆိုရင် ဘယ်လိုတွေပြောမှာပါလိမ့်လို့ တွေးလိုက်မိသေးတယ်။ မန်းမြို့သူဆိုရင် မေမေက အရင်တုန်းကလို ရွှေခြေကျင်းလေးဝတ်ပြီး စက်ဘီးလေးစီးနေလိမ့်မယ်လို့ အရင်နှစ်ကအထိ ထင်နေတုန်းလေ။ မန်းသူတွေ ကျွန်တော် ကျွန်တော်လို့ပြောတတ်တာကို မေမေ့ဆီက ကျွန်တော်အမွှေရခဲ့တာပေါ့။ ငယ်ငယ်လေးတုန်းက ယောကျာ်းလေးတစ်ယောက်လိုနေရတာကိုနှစ်သက်တဲ့ ကျွန်တော်က မိန်းကလေးဖြစ်ပြီး ကိုယ့်ကိုကိုယ် ကျွန်တော်လို့သုံးနှုန်းခွင့်ရတာကိုကျေနပ်တယ်။ ဒါပေမဲ့ မေမေပြောတဲ့ မန်းသူတွေ ဘယ်လောက်ထိ ယဉ်ကျေးသိမ်မွှေ့ပြီး မိန်းမပီသကြတယ်ဆိုတဲ့ အသိကိုတော့ ကျွန်တော်က လိုက်နာမကျင့်သုံးခဲ့ပါဘူး။ ခေတ်နဲ့ လျော်ညီမှ ခေတ်ရဲ့သမီးပျိုပီသမှာလို့ ကျွန်တော်က တွေးထားတာ။ ဒါကြောင့် မန်းမြို့မှာ အဆောင်လာနေပြီး ကျောင်းတတ်ခွင့်ရတော့ ပိုပျော်တာပေါ့။ ဆိုင်ကယ်တစ်စီးအတင်းပူဆာပြီး အဆောင်နဲ့ကျောင်းအပြင် မန်းမြို့တခွင် အနံ့ခြေဆန့်ခဲ့ကြတယ်။

မေမေရှေ့မှာဝတ်ခွင့်မရတဲ့ ဘောင်းဘီတိုကပ်ကပ်တွေကို ကျွန်တော် နှစ်သက်လာတယ်။ ပြီးတော့ အကျီအတိုအပြတ်တွေအပြင် ချက်ပေါ် ဗိုက်ပေါ်အကုန်ကြိုက်လာပြီးတဲကနောက်ပိုင်း ကျွန်တော်ဟာ မိန်းမ ပီသမှန်းမသိ ပီသလာတယ်ဆိုတာကိုမေ့လာတယ်။ မေမေအိမ် တစ်ခေါက်ပြန်တိုင်း မေမေက သူ့သမီးကျွန်တော့်ကိုကြည့်ပြီး ချစ်သူရနေပြီလားလို့ သူငယ်ချင်းဆန်စွာ မေးတတ်လာတယ်။ အဲဒီလိုမေးတိုင်း ကျွန်တော်ကလည်း

“ချစ်သူတော့ မရှိသေးဘူး မေမေ၊ ရည်းစားတော့ရနေပြီ“ လို့ပြောတော့ မေမေ့အကြည့်တွေက ကျွန်တော့် အပေါ်မာသွားလိုက်တာ တင်းခနဲပဲ။ ပြီးတော့ချက်ချင်းဆိုသလို လာစမ်းဆိုပြီး မေမေ့အခန်းထဲခေါ်သွားပြီး

“သမီးမကြားဖူးဘူးလား မိန်းမကောင်းပန်းပန် တစ်ပွင့်ပန်ဆိုတဲ့စကား“

“မေမေကလည်း ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်ဆိုတဲ့စကားကရော“

ကျွန်တော့်အမေးကို မေမေက လက်ကာပြတယ်။

“ဒီမယ် သမီး အဲဒါ မိန်းမကောင်းတွေ စံထားရမယ့် စကားပုံမဟုတ်ဘူး။ မေမေ့သမီးက ရည်းစားတွေတစ်ယောက်ပြီး တစ်ယောက်ထားပြီး ဘဝကြင်ဖော် မတွေ့သေးလို့ဆိုတဲ့အကြောင်းပြချက်တွေပေးဦး မလို့လား။ မြန်မာမိန်းကလေး တစ်ယောက်ဆိုတာကို သမီးဘယ်တော့မှ မမေ့နဲ့။ကိုယ်က ယောကျာ်းတွေကို လျှော့မတွက်နဲ့။သူတို့ကိုလျှော့တွက်ရင် သမီးကိုလည်း သူတို့လျှော့တွက်မှာပဲ။ အသားလိုလိုအရိုးတောင်းနေတဲ့ ယောကျာ်းတွေအများကြီးနော်။ အဲဒါကို လျှော့တွက် နေမယ်ဆိုရင် ပတ်ဝန်းကျင်မှာ သမီးဟာ မိန်းမကောင်းလို့ ဘယ်လိုမှထင်မြင်ယူဆစရာမရှိတော့ဘူး။ ကိုယ်တကယ် ချစ်မြတ်နိုးသူ မတွေ့သေးရင်လည်း ဗိုင်းကောင်း ကျောက်ဖိ အနေအထိုင်မျိုးနဲ့နေရမှာလေ။ သမီးကို မေမေတစ်ခါတည်းမှာ လိုက်မယ်။ ဘာညာ အသံတွေ မေမေကြားရင် သမီးကို မေမေကိုယ်တိုင်ပြန်လာ ခေါ်ရလိမ့်မယ်နော်။“

အဲဒီလိုမေမေပြောတော့ ကျွန်တော် ဘာမှပြန်မပြောဘဲ မန်းကိုပြန်လာခဲ့တယ်။

၃။

တချို့အပူတွေကို လူတိုင်းကိုပြောလို့ရပေမယ့် ခုလက်ရှိ ကျွန်တော့်အပူကိုတော့ လူတိုင်းကိုပြောပြလို့မရနေဘူး။ မန်းနွေဟာ ဆယ်နွေသာနေသလို ပူလောင်နေတာ မန်းမြို့ထဲ ဖြတ်သွားဖြတ်လာ မိန်းကလေးတွေ ဒူးပေါ် ပေါင်ပေါ်တွေချည်းပဲ။ ကျွန်တော့် ကိုယ်ကျွန်တော်ပြန်ကြည့်တော့လည်း ပေါင်ရင်းအထိတိုကပ်နေတဲ့ ဘောင်းဘီတို ကလေးနဲ့။ မန်းမြို့တော်မှာနေတဲ့ မြန်မာမိန်းကလေးတွေပါလို့ ဘုရားစူးပြောရင်တောင် ဘယ်သူတွေယုံကြမလဲ။ ခက်တာက ကျွန်တော်ကိုယ်တိုင် မေမေက ခဏခဏပြောပြောနေတဲ့ မြန်မာဝတ်စုံဝတ်ပါဆိုတာကိုတောင် အမြတ်တနိုးမရှိနေခဲ့ဘူး။ တလောက မေမေ မန်းကိုလာတုန်း ကျွန်တော့်နဲ့တွေ့တော့ မေမေက ရင်ဘတ်ကလေးဖိလို့။ တွေ့တွေ့ချင်း

“အောင်မလေး ဒါ ခင်စန္ဒာမြင့်ရဲ့သမီးပါလို့ မေမေ ဘယ်လိုပြောရမလဲ။ ဝတ်ထားတာ မန်းမြို့ထဲသွားလာနေတဲ့ တရုတ်မတွေလိုပါပဲလား။ သွားအခုအခန်းထဲအဝတ်လဲခဲ့“ဆိုပြီး မေမေ မာန်မဲပါလေရော။ ပြန်ထွက်လာတော့ မေမေက ကျွန်တော့်ကို ပြောတဲ့စကားတွေက

“ဒီမယ်သမီး၊ မေမေတို့မြန်မာမလေးတွေ ဘယ်လိုနေတယ် ဘယ်လိုထိုင်တယ်ဆိုတာ မေမေ ပြောပြစရာမလိုအောင် မေမေကိုယ်တိုင် ဘယ်လိုဝတ်ခဲ့စားခဲ့တယ်ဆိုတာ သိတယ်မလား။ မြန်မာမိန်းကလေးတွေက ဟိုတုန်းက ပေါင်မပြောနဲ့ ခြေသလုံးတောင် ဖော်ခဲ့ကြတာ မဟုတ်ဘူး။ မမြင်အပ်တဲ့ အလှတရားဆိုတာ မိန်းကလေးတိုင်းမှာရှိတယ်။ သိသာ သိစေ မမြင်စေနဲ့ဆိုတဲ့ စကားလိုပဲ အရှက်ကို သိက္ခာတွေနဲ့ပါဖုံးဖိကြရတယ်။ ခုသမီးဝတ်စားနေပုံက ဟိုတုန်းက မေမေ့သမီး မဟုတ်တဲ့အတိုင်းပဲ။“

“ပူတာကို မေမေကလဲ“

“ဟဲ့ ပူတာ နင်တစ်ယောက်တည်းလား။ အကုန်လုံးပူကြတာ“

“သူများတွေလည်း ဝတ်တာပဲဟာ“

“ဒါကြောင့်ခက်တာပေါ့။ မေမေ မေးမယ် သူများ ချီးစားရင် သမီးလိုက်စားမလား ပြော“

မေမေက စကားကပ်ပြောတဲ့နေရာမှာ ကျွန်တော်မမီနိုင်အောင် ပြောတတ်တော့ အသာငြိမ်နေလိုက်ရတယ်။

“ဒီမယ် သမီး ခုဝတ်နေကြတဲ့ မိန်းကလေးတွေရှက်တတ်ရင် လဲသေလို့ရနေပြီ။ကြည့်ပါဦး နန်းမြို့ရှေ့မှာ ဒူးပေါ်ပေါင်ပေါ်၊ ဗိုက်ပေါ် ချက်ပေါ်တွေနဲ့ သမီးတို့မို့မရှက်တယ်။ ဟိုတုန်းက မင်းနေပြည်တော်လို့ပြောရမှာတောင် ရှက်စရာ ကောင်းနေတယ်။ “တဲ့။ အဲဒီအချိန် မေမေစကားတွေ ကျွန်တော့်နားထဲဝင်မလာတော့ဘူး။ တစ်ခုသော ညရဲ့သန်းခေါင် အချိန်ကို ပြေးမြင်မိလာတယ်။ အဲဒီညက ခရစ်နှစ် တစ်ခုကုန်ဆုံးတဲ့ ဒီဇင်ဘာလ(၃၁)ရက်ည။ ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ ကခုန်မြူးတူးပျော်ပါးရင်း ကုိုယ့်အတွဲနဲ့ကိုယ် သာယာကြည်နူးဖြစ်ခဲ့တဲ့ညပေါ့။ ကျွန်တော် အဲဒီညကို တွေးမိလိုက်ရင် အဲဒီနေ့ကဖြစ်ပေါ်ခဲ့တဲ့ စိတ်လှုပ်ရှားရင်ခုန်မှုကို မရတော့ဘူး။ စိုးရိမ်စိတ်တွေတထွေးကြီး စိတ်ထဲဝင်လာပြီး နဖူးမှာ ချွေးတွေတောင်စို့လာရတဲ့ ခံစားမှုကြီးက ခုတလော ပိုပိုနှိပ်စက်လာနေတယ်။

၄။

အချိန်က ညဆယ့်နှစ်နာရီထိုးခါနီးပါပြီ။ သံပြိုင်အော်ဖို့ မိနစ်တွေကိုကြည့်ပြီး အရှိန်ယူနေတဲ့အချိန် သူ့ဆီက ကျွန်တော်ရလိုက်တဲ့ အထိအတွေ့တစ်ခုကြောင့် ဆက်လက်ပြီး မိနစ်တွေကိုကြည့်ဖို့ အင်အားတွေမရှိတော့ဘူးပေါ့။ စိတ်ထဲကတုန်ကယင်ကြီးနဲ့ သူ့ကို ကျွန်တော် ပြန်မကြည့်ဝံ့တော့ဘူး။ သူ့ကိုတွဲလာတာ ခြောက်လလောက်ရှိပြီ။

အရင် ရည်းစားတွေကိုတော့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိပါဘဲ ကျွန်တော် အဆက်ဖြတ်ခဲ့တယ်။ တချို့ယောကျာ်းတွေက ကျွန်တော့်ကို ကြိမ်းဝါးကြတယ်။ ဒါပေမဲ့ သူတို့ ကျွန်တော့် အနားမရောက်လာခဲ့ကြပါဘူး။ လက်ရှိသူကတော့ ကျွန်တော့်အနေနဲ့ သဘောကျမိတာတော့ အမှန်ပဲ။ ဖြူစွတ်နေတဲ့ သူ့အသားအရေနဲ့ သူရဲ့ရုပ်ရည်ကို ကျွန်တော်စွဲလမ်း နေမိတာလဲပါမှာပေါ့။ အခြားကျွန်တော့် သူငယ်ချင်းစုံတွဲတွေကိုချန်ခဲ့ပြီး သူခေါ်ရာနောက် ကျွန်တော်လိုက်ခဲ့မိတဲ့ညဟာ အပျိူတစ်ယောက်ရဲ့ ခြေတော်တင်ခန်းထဲရောက်ခဲ့ရတယ်ပေါ့။ သူ့ကို အဲဒီအချိန်ယုံတယ်။ အဲဒီလိုနဲ့ ကျွန်တော်နဲ့သူဟာ အချိန်တော်တော်များများ အတူနေခဲ့မိကြတယ်။ သေချာတဲ့ ဆီးစစ်တံလေးရဲ့ မျဉ်းကြောင်းလေးတွေ ကိုမြင်လိုက်ရမှ ကျွန်တော်တို့ Living Together အနေအထားကို သတိထားမိလာရတယ်။ ဘယ်လောက်ပဲ ခေတ်မီတဲ့ မိန်းမပဲဖြစ်ဖြစ် ကိုယ့်ဆီမှာ တစ်ပါးသော ယောကျာ်းရဲ့ရင်သွေးကိုလွယ်ထားရပြီဆိုတာ သိတဲ့အချိန် လက်မထပ်ရသေးတဲ့ အဖြစ်ကိုသတိရပြီး တွေးကြောက်ကြမယ်မှန်း အဲဒီအချိန်မှ ကိုယ်ချင်းစာမိတယ်။ ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်း တစ်ယောက်ကိုဖွင့်ပြောတော့ လွယ်လွယ်လေး အကြံပေးတယ်။ ဖျက်ချလိုက်တဲ့။

သူ့တိုက်ခန်းကို ကျွန်တော်သွားခဲ့တဲ့အချိန်တွေမှာ သူဟာ အမြဲလိုလို အခန်းမှာရှိနေလေ့မရှိခဲ့ဘူး။ပတ်ဝန်းကျင်ကတော့ ဆိုင်ကယ်လေးတစ်စီးနဲ့ ခဏခဏရောက်ရောက်လာတတ်တဲ့ ကျွန်တော့်ကို သတိထားမိလာကြတယ်။ ပတ်ဝန်းကျင်က လူတွေကိုမေးကြည့်တော့ သူက မန်းမြို့သားမဟုတ်။ မြစ်ကြီးနားဘက်ကတဲ့။ မန်းမှာနေတာကြာတော့ မန်းသားလိုပဲတဲ့။ သူလိမ်ခဲ့သလား ကျွန်တော်သံသယမဝင်ပါဘူး။ သူနဲ့ဆုံချိန်တိုင်း နန်းမြို့ရိုးရှေ့မှာ သူပြောခဲ့တဲ့စကားတွေကို ကျွန်တော် အလွတ်ရနေတယ်။ သူ လိမ်တတ်မယ်သူတော့မဟုတ်ဘူး။ ခေတ်ပညာတတ်ယောကျာ်းတစ်ယောက်။ အနောက်နိုင်ငံတွေမှာလို လက်မထပ်ပဲအတူနေထိုင်ခြင်းကို သဘောကျတဲ့သူတစ်ယောက်ဖြစ်တာကလွဲရင် သူရော ကျွန်တော်ရော အပြစ်မရှိဘူးလို့ ထင်နေမိတယ်။ ဒါပေမဲ့ လက်တွေ့မှာ ကျွန်တော့်စိတ်ထဲ အဲဒီလို လက်မထက်ပဲအတူနေရင်းရလာတဲ့ ကိုယ်ဝန်ကိစ္စကို ဖြေရှင်းဖို့ နည်းက သူနဲ့တိုင်ပင်မှကိုရမယ့်အခြေအနေဖြစ်လာတယ်။ သူ ကျွန်တော့်ကို ချစ်တယ်ဆိုတာ သိပေမယ့် ဒီကိစ္စကို လွယ်လင့်တကူ လက်ခံပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကိုဖျောက်မရနေဘူး။ ဒီကိစ္စကိုမေမေသာသိရင်ဆိုတဲ့အတွေးကလည်း ကျွန်တော့်ကို နေ့စဉ် နှိပ်စက်နေတယ်။ သူ့အကြောင်းကတော့ မြစ်ကြီးနားက သူ့အိမ်ကအရေးတကြီးလှမ်းခေါ်လို့ ထွက်သွားတယ်လို့ သိရတယ်။ ကျွန်တော့်ဆီ သူဖုန်းဆက်ပေမယ့် လိုင်းမရဘူး။ လိုင်စာဘက်ကို အိမ်ကိစ္စနဲ့လိုက်သွားမယ် ပြန်လာမှဆက်မယ်လို့ပြော တဲ့တစ်ခွန်းပဲကောင်းကောင်းကြားလိုက်ရတယ်။ ဒီလိုနဲ့ ကျွန်တော် လက်ချိုးရေတွက်နေတဲ့ ရက်တွေနှစ်လထဲရောက်လာတယ်။ တချို့ရက်တွေမှာ ကျုံးဘေးသွားပြီး ထိုင်ငိုပစ်တယ်။ တချို့ရက်တွေမှာ မန်းတောင်ပေါ်တက်ပြီး ငိုချင်ငိုခဲ့တာပေါ့။ ကျောက်ဆည်ကိုလည်း မပြန်ရဲ။ မေမေ့ကိုလည်းမပြောမပြောရဲနဲ့။ လက်ရှိအခြေအနေမှာ ကျွန်တော် ကိုယ့်ကိုကိုယ်ဘာလုပ်ရမှန်း မသိနေဘူး။

၅။

မေမေ ဘယ်လိုသိသွားခဲ့သလဲ မပြောတတ်ဘူး။ အဲဒီနေ့ နေ့တွင်းချင်း အဆောင်က ပစ္စည်းတွေကို မေမေလာသိမ်းခိုင်းတယ်။ ပြီးတော့ ချက်ချင်းကားတစ်စင်း အပြတ်ငှားပြီး ဆိုင်ကယ်ပါတင်ပြီး အလုပ်ထွက်စာပါတင်ခိုင်းတယ်။ ကျွန်တော့် အခန်းထဲ လိုက်လာပြီး မေမေ ရိုက်လိုက်ပုတ်လိုက်တာလေ။ အခန်းပြင်ထွက်တော့ မေမေက စိတ်ကိုထိန်းပြီး အဆောင်မှူးကို အခြား အကြောင်းပြချက် တစ်ခုနဲ့ မဖြစ်သာလို့ပြန်ခေါ်ရတယ်ဆိုတဲ့ စကားကိုအထပ်ထပ်လို့ပြောရင်း ကျောက်ဆည်ကို အပါခေါ်ခဲ့တယ်။ အဲဒီ ညဟာ ကျွန်တော့်ဘဝအတွက် ကြီးမားလှတဲ့ သောကတွေတလှေကြီးခံစားရတဲ့ညပေါ့။ အိမ်ရောက်လို့မှ မေမေက စိတ်မပြေသေးတော့ ကျွန်တော့်ကို ထပ်ရိုက်ပုတ်တယ်။ ပါးစပ်ကလည်း တတွတ်တွတ်နဲ့။

“နင်ဘယ်လိုလုပ်လိုက်တာလဲ အမိုက်မ။ လက်မထပ်ဘဲအတူနေသတဲ့လား။ နင် မြန်မာမိန်းကလေးမဟုတ်ဘူးလား။ ငါ့မှာ သူများပြောမှသိရတယ်။ နို့မို့ဆို ဘယ်လောက်အရှက်တွေကွဲဦးမလဲ။ ငါ့သမီးမှန်းသိနေတဲ့ လူက လာပြောမှ နင့်သမီး အခြေအနေ နင်စုံစမ်းကြည့်ဦးဆိုမှ ဖြစ်သမျှအကုန်ငါသိရတယ်။ နင် ပညာတွေတတ်၊ စာတွေဖတ်ခဲ့တာတွေက ဘယ်နေရာမှာ တွေးခေါ်စဉ်းစား သလဲပြောစမ်း။

ငါမတော့ ကျောက်ဆည်မှာ ကျောင်းတတ်လို့ရရဲ့သားနဲ့ကို မန်းမှ မန်းဖြစ်နေလို့မဖြစ်ဖြစ်အောင်ပို့၊ နင်က ဟိုမှာ ထင်တိုင်းကျဲ ဖြစ်ချင်တိုင်းဖြစ်နေတာ ဗိုက်ထွက်မှ ငါက သိရတဲ့အဖြစ်၊ ကဲ ခုဘယ်လိုလုပ်မလဲ။ နင်မလုပ်တတ်တော့ မကြံတတ်တော့ဘူးမလား။ နင့်ကောင်ပြေးပြီမလား။ ကျားများ နင်မို့ ကစားတယ်။ နင့်မှာ မိန်းကလေးတစ်ယောက်စောင့်ထိန်းရမယ့် ကိုယ့်စောင့်တရားတွေ တစ်ချက်ကလေးမှမရှိဘူး။နင်က အကန်းပဲ သိလား။ နင့်စိတ်ထဲ အဖြူလို့ထင်ရင် အဖြူလို့ပဲထင်နေတာ အမည်းလို့ထင်ရင် အမည်းလို့ပဲထင်နေတာ“

ကျွန်တော့်မှာ မေမေ့ကိုပြန်ပြောဖို့အဖြေလည်းမရှိဘူး။ မေမေက အိမ်ထဲ လူးလားခေါက်ပြန်သွားရင် ငိုလိုက်ပြောလိုက်။ မောင်လေးက အိမ်အပြင်မှာ တောက်တခေါက်ခေါက်နဲ့ နာမည်ပြော၊ ငါသွားသတ်မယ်ချည်းလုပ်နေလို့ ပတ်ဝန်းကျင်မကြားအောင် သူ့သူငယ်ချင်းတွေက ဖျောင်းဖျနေကြတယ်။ ကျွန်တော့်လက်ကိုင်ဖုန်းလေးထဲမှာ သူ့ဖုန်းကို ခေါ်ထားတဲ့ Call Logလေးတွေက အထပ်ထပ်အခါခါပြည့်လို့။ သူကတော့ ဘယ်သောင် ဘယ်ကမ်းဆိုက်နေသလဲ ကျွန်တော်မှန်းဆလို့မရနိုင်ခဲ့ပါဘူး။ ပါးပြင်ထက်က မျက်ရည်တွေက ဦးပိန်တံတားနဲ့ စစ်ကိုင်းတံတားကို ဝိုးတဝါးပုံဖော်ပေးတယ်။ ပြီးတော့ ၇၈လမ်းနဲ့သိပံလမ်းတစ်ဘက်ခြမ်းက ဗိုလ်ချုပ်ရွာထဲက အခန်းတစ်ခန်းကို ပုံဖော်ပေးတယ်။ နောက်တော့ နန်းမြို့ရိုး ရှေ့ပလပ်ဖောင်းနဲ့ မန်းတောင်ကြီးကို ပုံဖော်ပေးနေပြန်တယ်။

ဒီနောက်တော့ ကျွန်တော် အားရပါးရငိုဖြစ်ခဲ့ပါတယ်။

၆။

မြင်သမျှတွေ့သမျှဟာ ကျွန်တော့်မျက်ဝန်းထဲ အဖြူနဲ့အမည်းတွေချည်းဖြစ်လို့ နေခဲ့တယ်။ နန်းမြို့ရိုးကြီးဟာလည်း အဖြူနဲ့အမည်းပဲ။ မိန်းမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ တစ်ချက်ယွန်းရင် တစ်သက်စွန်းတယ်ဆိုတာ ကျွန်တော်သိ လိုက်ပေမယ့် နောက်ကျသွားခဲ့တယ်။ မိန်းမတစ်ယောက်ရဲ့အမြင်ဟာ ကာလာစုံမြင်တတ်ရတယ်ဆိုတာလည်း မေ့နေခဲ့တယ်။ ကျွန်တော်ဟာ Colour Blind တစ်ယောက်လိုဖြစ်နေခဲ့တယ်။ကျွန်တော့်မျက်ဝန်းတွေမှာ သူဟာ ရံဖန်ရံခါမှာတော့ ဝိုးတဝါးလေး လာထင်နေသေးတယ်။ သူ့ပုံရိပ်စစ်ကို ကျွန်တော် မွေးဖွားအံ့ဆဲဆဲမှ သူဟာ လိုင်စာဘက်မှာ ဖြစ်နေတဲ့ စစ်ပွဲတစ်ခုအတွင်း ကျည်ဆံမှန်သေဆုံးခဲ့တယ် ဆိုတာကို သူ့အမေ ကျောက်ဆည်ကို လိုက်လာမှ ကျွန်တော်သိခဲ့ရတယ်။ သူကံဆိုးသလား ကျွန်တော်ကံဆိုးသလားမသိပေမယ့် သူရော ကျွန်တော်ပါ အသိတရား တစ်ခုကို မှားယွင်းသက်ဝင်ယုံကြည်ခဲ့ကြတယ်။

သူမရှိတော့ပေမယ့် သူ့ကိုယ်ပွား ချစ်ခြင်း မြို့ရိုးလေးကို ကျွန်တော်ဖွားမြင်ပြီးနောက် ဒီမြို့ရိုးလေးကို ကျွန်တော့်လို မဖြစ်စေချင်တော့တဲ့ စိတ်ဟာ အချိန်ရှိသ၍ဖြစ်ပေါ်နေသလို ကျွန်တော်ဘာလုပ်ရမလဲဆိုတဲ့ အတွေးတွေလည်း အမြဲတစေ လိပ်ပြာလန့်စွာနဲ့ ကျွန်တော့်ကိုခြောက်လှန့်နေခဲ့ပါတယ်။ အဲဒီအတွေးတွေကြောင့်ပဲလားမသိ ကျွန်တော်ရုတ်တရက်မော့ကြည့်ဖြစ် တဲ့ ကောင်းကင်ပြင် မည်းမည်းကြီးပေါ်မှာ ကြယ်တွေလည်း ရှိမနေခဲ့ကြတော့ပါဘူး။ တကယ်တော့ ကာလာဘလိုင်းတစ်ယောက်ရဲ့ စိတ်ဝိညာဉ်လိပ်ပြာဟာ ခု ကျွန်တော်မမြင်ရတဲ့ ကြယ်တွေလိုပဲ ပျောက်ကွယ်နေဦးမှာလား ဆိုတာတော့ ဘယ်သူကမှ သိလိမ့်မယ် မထင်တော့ပါဘူး။

 

 

သော်ဇင်(လွိုင်ကော်)

 

 

 

 

 

24 comments

  • Mr. MarGa

    April 21, 2015 at 10:39 am

    ဒီလိုဘဝတွေ……..
    ဘယ်လောက်ထိ ရှိနေဦးမယ်မသိ…..
    ဒီတစ်ပုဒ်ကို တကယ်ကြိုက်တယ်ဗျို့

  • အောင် မိုးသူ

    April 21, 2015 at 11:02 am

    သိတတ်မှု လေ့လာမှု နဲ့ စူးစမ်းမှုတွေနဲ့ တစ်ဦးတစ်ယောက်အပေါ်မှာပဲ မူတည်လိမ့်မယ်။ ခဏဆိုတဲ့ အသိလေးက ပေးသွားတဲ့ အသိတွေက အများကြီးလေ။

  • ခင်ဇော်

    April 21, 2015 at 2:11 pm

    ဟုတ်တာ လုပ်ချင်ချင်
    မဟုတ်တာလုပ်ချင်ချင်
    ယောင်္ကျားသော
    မိန်းမသော ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ဖို့လိုတယ်နော်??
    :mrgreenn:

  • ဝင့်ပြုံးမြင့်

    April 21, 2015 at 3:10 pm

    .ကြောက်လို့ပြေးပြီ။ ဘာမှပြောရဲဘူး …
    🙂

  • Alinn Z

    April 21, 2015 at 4:18 pm

    ကိုသော်ဇင့် လက်ရာ ဝတ္ထုတိုတွေ ဆောင်းပါးတွေ… ပရင့်မီဒီယာလောက …
    စာအုပ် စာစောင်တွေမှာ …တွေ့ တွေ့နေရတာကို … ဂုဏ်ယူပါတယ်ဗျို့…

    တကယ်လည်း အယ်ဒီတာ ကြိုက် / ပရိသတ်လည်း လက်ခံတဲ့ လက်ရာတွေ ကျစ်ကျစ်လျစ်လျစ်နဲ့ ဖန်တီးနိုင်နေပြီမို့…
    အားကျငေးမောနေတယ်နော့…

    ကျနော်ကတော့ အွန်လိုင်းမီဒီယာမှာပဲ… မြောနေတုန်း..

    😆

  • ဆရာမဝင်းပြုံးမြင့်ကကြောက်လို့ပြေးသတဲ့
    ဆရာအလင်းစက်ရယ် ကျုပ်ဖြင့် မြေကိုမထိတော့ဘူး တကယ်။

  • Mike

    April 22, 2015 at 11:08 am

    .ဇတ်လမ်းကရိုးရိုးလေးပေမဲ့ ဖတ်ကောင်းပါတယ်…မိဘများသတိထားဖွယ် အလိုလိုက်မှု

  • မြစပဲရိုး

    April 23, 2015 at 4:01 am

    . ပြုံးညီမ ကြောက်လို့ ပြေး တာ ကို ဝင်ပြီး ဖွ ပဟေ့။ 😉

    . ကြည့်ရတာ မြန်မာ စကားမှာ ကာမဆက်ဆံတာ ကို အတူနေတယ် လို့ ပြောတတ်တာက စသလားပါဘဲ။
    ဒီတော့ Living together အတူနေထိုင်ခြင်း (သို့) ကာမဆက်ဆံခြင်း လို့ ဘာသာပြန်လိုက်ကြသလားဘဲ။
    (၁) Living together.
    Living together. Although there is no legal definition of living together,
    it generally means to live together as a couple without being married.
    You can formalise aspects of your status with a partner by drawing up a legal agreement called a cohabitation contract or living together agreement.

    (၂) live together
    verb uk — phrasal verb with live /lɪv/
    If two people live together, they share a house and have a sexual relationship but are not married:
    Eg – Nowadays many young people live together before they get married.

    အနောက်တိုင်းမှာ သုံးတဲ့ Living together / Live together ဆိုတာ စာချုပ်စာတန်း တွေ၊ ဘိသိတ်မြှောက် အခန်းအနား တွေ မပါဘဲ လူနှစ်ဦး အိမ် တစ်လုံး မှာ အတူ တွဲပြီး နေလိုက်ခြင်းပါဘဲ။
    ဒီမှာ စားအတူ၊ သွားအတူ၊ အိပ်အတူ ဖြစ်ပြီး ကောင်းတူဆိုးဖက် ဘဝလက်တွဲဖော်များ အဖြစ် ခံယူခြင်းပါ။
    ကလေး မွေးလာရင် နှစ်ဦး လုံး မိခင်၊ ဖခင် နာမည်ခံ စောင့်ရှောက်ပါတယ်။

    ကျား/မ ကာမ ဆက်ဆံရုံ အိပ်လိုက်ပြီး ကျန်တဲ့အချိန် မိဘ အိမ်ပြန် ရင်ကတော့ ကာမ ကို တစ်စုံတစ်ရာ နဲ့ လဲလှယ်လိုက်ခြင်း သက်သက်ပါ။
    ရီးစားနှစ်ယောက် ကာမဆက်ဆံပြီး ရင် ဘယ်သူ့ ဘယ်သူ ကိုမှ ပိုက်ဆံပေးရတာ မဟုတ်ပေမဲ့ အလိုဆန္ဒတစ်ခု ကို ကာမ နဲ့ လဲ ခြင်း သက်သက်ပါဘဲ။
    အဲဒီနောက်မှာ ဘာ တာဝန်ယူ/တာဝန်ခံ မှု မှ မပါလေတော့ ကြေးစားသက်သက် ဆက်ဆံခြင်းသာပါ။

    ဒီတော့ ဒီ ကြေးစားအပြုအမူ ကို တာဝန်ခံခြင်း သဘောပါတဲ့ Living together လို့ မသုံးစေလိုပါ၊
    Living together ရဲ့ သိက္ခာ ကို ထိပါးနိမ့်ကျသွားစေလို့ပါ။

    • ကျွန်တော်ရေးတဲ့အပြကို သေချာလေးဖတ်ကြည့်ဖို့လိုပါမယ်။

      **အဲဒီလိုနဲ့ ကျွန်တော်နဲ့သူဟာ အချိန်တော်တော်များများ အတူနေခဲ့မိကြတယ်။ သေချာတဲ့ ဆီးစစ်တံလေးရဲ့ မျဉ်းကြောင်းလေးတွေ ကိုမြင်လိုက်ရမှ ကျွန်တော်တို့ Living Together အနေအထားကို သတိထားမိလာရတယ်။ ဘယ်လောက်ပဲ ခေတ်မီတဲ့ မိန်းမပဲဖြစ်ဖြစ် ကိုယ့်ဆီမှာ တစ်ပါးသော ယောကျာ်းရဲ့ရင်သွေးကိုလွယ်ထားရပြီဆိုတာ သိတဲ့အချိန် လက်မထပ်ရသေးတဲ့ အဖြစ်ကိုသတိရပြီး တွေးကြောက်ကြမယ်မှန်း အဲဒီအချိန်မှ ကိုယ်ချင်းစာမိတယ်။ ***

      ဇာတ်ကောင်က ကျွန်တော်နဲ့သူဟာ အချိန်တော်တော်များများ အတူနေခဲ့မိကြတယ် လို့ ပြောထားပါတယ်။ အချိန်တော်တော်များများဆိုကတည်းက တစ်အိမ်ထဲမှာ ဘယ်လောက်အထိနေတယ်ဆိုတာကို ချုံ့ရေးလိုက်တာပါပဲ။ Living Together ရဲ့သဘောသဘာဝက ဆန့်ကျင်ဘက် ကျားနဲ့မ နှစ်ဦးသဘောတူ ကြည်ဖြူစွာအတူတကွနေထိုင်ခြင်းကိုပြတာပါပဲ။ အဲဒီထဲမှာ Sex လည်းပါနိုင်တယ်။ တခြား ကိစ္စတော်တော်များများပါနိုင်ပါတယ်။ ဇာတ်ကောင်နဲ့ သူ့ကောင်လေး တစ်အိမ်ထဲမှာ ဘယ်လောက်အထိနေနေတယ်ဆိုတာကို Living Together ဆိုတဲ့ စကားလုံးအသုံးပြုပြီး ချုံ့လိုက်တာပါ။ ဝတ္ထုတိုတို့ရဲ့သဘောသဘာဝအရ ကျစ်လစ်အောင်ရေးလိုက်ရတဲ့အတွက် မပြည့်မစုံ ဖြစ်သွားတယ်နဲ့တူပါရဲ။ ပြီးတော့ ကျွန်တော့်ဇာတ်ကောင်ဟာ ကြေးစားမဟုတ်ပါဘူး။ ကြေးစားလို့လည်းမရေးထားပါဘူး။ ခေတ်ရဲ့သမီးပျိုုတစ်ယောက် ရည်းစားများများထားခဲ့ကြောင်းသာပါခဲ့တာပါ။ ရည်းစားများတဲ့ မိန်းကလေးတစ်ယောက်ဟာလည်း ကြေးစားမဟုတ်ပါဘူး။ ဒါကြောင့် မြစပဲရိုးရဲ့ အောက်ဆုံးစာကြောင်းက

      ** ဒီတော့ ဒီ ကြေးစားအပြုအမူ ကို တာဝန်ခံခြင်း သဘောပါတဲ့ Living together လို့ မသုံးစေလိုပါ၊
      Living together ရဲ့ သိက္ခာ ကို ထိပါးနိမ့်ကျသွားစေလို့ပါ။** ဆိုတဲ့ အဆိုကို ကျွန်တော်တော့ သိပ်ပြီးသဘောမကျပါဘူး။ ဟုတ်ကဲ့ သေချာဖတ်ပြီး ထင်မြင်ချက်ပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။

  • manawphyulay

    April 23, 2015 at 9:10 am

    ဖတ်ရင်းနဲ့ ဘာပြောလို့ပြောရမှန်းမသိတော့ဘူး။ စာထဲ ဇာန်ဝင်သွားလို့။ ကောင်းတယ် ခံစားချက်လေး ထိတယ်။

  • Wow

    April 23, 2015 at 12:14 pm

    မပြောတော့ပါဘူးဗျာ … လို့စ် :mrgreen:

  • Ma Ma

    April 23, 2015 at 2:31 pm

    ဖတ်လို့ကောင်းတယ်။
    အရေးအသားက ဆွဲဆောင်မှုရှိတယ်။
    မက်ဆေ့ချ် ပေးနိုင်တယ်။
    အော်……… ပရိုဆိုတာ ဒါမျိုးကိုးးးးးး 🙂

  • kai

    April 23, 2015 at 2:55 pm

    အမှတ်မမှားရင်.. ပုဂံခေတ်က.. မြန်မာနန်းတွင်းသူတွေတောင်.. ဗိုက်လည်းပေါ်..ချက်လည်းပေါ်..ပေါင်လည်းပေါ်.. ဘယာဇီယာမဝတ်…။ အတွင်းခံမဝတ်..။
    လစ်ဗင်းတူဂဲသားကြသဗျ…။ :k:

    • မြစပဲရိုး

      April 24, 2015 at 1:28 am

      အော အော ….
      . ရှေးကထဲ က မြန်မာမိန်းမများ ဒီလောက် လုပ်ချင်တာ လုပ်ခွင့် ရ ပြီး လွတ်လပ်နေတာကို
      သူကြီး မင်း မို့ မြန်မာမိန်းမ တွေ အနှိမ်ခံ ရတယ်လို့ ပြောရက်ပလေတယ်ကော။
      🙄
      😉
      :))

    • kai

      April 24, 2015 at 3:19 am

      မင်းနန်ပျို့ဖတ်ကြည့်ရင်.. ဓာတုကလျာရတုတွေဖတ်ကြည့်ရင်.. မြန်မာနန်းတွင်းသူတွေဘဝ သိသာပါတယ်..။
      ဒီခေတ်စကားနဲ့ပြောရရင်.. တကယ့် sex slave

      အသက်.. ၉နှစ်လောက်က…စ…။ :kwi:

      မှတ်ချက်။ ။ ပို့စ်ပိုင်ရှင်ကို.. ပို့စ်နဲ့တိုက်ရိုက်မဆိုင်တာတွေဝင်လာတဲ့အတွက်…တောင်းပန်ပါကြောင်း..။
      ကာလာဘလိုင်းတွေအတွက်.. ဆေးရောင်စုံမြင်ကွင်းကျယ်လို့ပဲယူဆပါလို့..။

      • မြစပဲရိုး

        April 24, 2015 at 3:25 am

        အဲဒါ LT မှမဟုတ်တာ ကို ဘာလို့ LT လို့ ဆိုခဲ့ရတာတုန်း။

        {ပို့စ်နဲ့တိုက်ရိုက်မဆိုင်တာတွေဝင်လာတဲ့အတွက်} = ဒါမှ ဂဇက်ရွာ က စာပီသတော့ မပေါ့။ lol:-)))

      • kai

        April 24, 2015 at 3:37 am

        မြန်မာအမျိုးသမီးတွေဟာ.. ခေတ်အဆက်ဆက်..နှစ်ထောင်ချီအနှိမ်ခံထားရပြီး.. ယဉ်ကျေးမှုမျက်နှာဖုံးတပ်.. ရိုက်သွင်းခံထားရတဲ့အတွက်.. ဒီခေတ်အနောက်နိုင်ငံရဲ့.. LT အပေါ်.. ဘယ်လိုမှခံစားနားလည်နိုင်ကြဦးမယ်မထင်…
        ကျား/မ တန်းတူဖြစ်အောင်အရင်လုပ်ပြီးမှ… အလိုလိုတွေဖြစ်လာမယ်ထင်မိတယ်..။

        ထေရာဝါဒမှာ.. လိင်ကာမဆက်ဆံတာကို.. အပြစ်လို့.. လုပ်ထားတာကိုး..။
        အဲဒါကြောင့်.. ယောကျာ်းတွေကလည်း.. လူသားသဘာဝကို.. အပြစ်လို့.. ဖြစ်နေ..

        အမှန်တရားဟာ…သစ္စာ..။
        အဲဒါကြောင့်.. ထေရာဝါဒတိုင်းပြည်တွေ.. သစ္စာစူးနေ..။

        • မြစပဲရိုး

          April 24, 2015 at 4:17 am

          အစ္စလာမ်တိုင်းပြည် တွေ ကျတော့ အေးချမ်း နေတယ်လား။ 🙄

          ထေရာဝါဒ တင်မဟုတ်ပါလေ။
          ဘယ် ဘာသာ ရေး မှာများ လိင်ကာမမှုကသန့်ရှင်းဖြူစင်ပါတယ်လို့ ပြောထားလို့လဲ။
          မျက်မှန်စိမ်းလေးများ ချွတ်လိုက်ပါဥ ဖျာ့။
          ဟုတ်မဟုတ်တော့မသိ။ တွမ်ခရုစ် ရဲ့ ဘာသာရေး Scientology မှာ Sex လုပ်တာက Crime ဆိုလား။ သေချာအောင် ရှာကြည့်ပါဦးမယ်။ 😉

  • အထိန်းနဲ့မသိမ်းဆိုတာလည်းရှိခဲ့ကြတယ်လေကွယ်။ အဲဒီ ပုဂံခေတ်အတိုင်းသာ ဒီကနေအထိ ဆက်လက်ဖြစ်တည်နေခဲ့မယ်ဆိုရင် တွေးလို့တောင် မတတ်တော့ပါဘူးကွယ်။

  • မြစပဲရိုး

    April 24, 2015 at 1:25 am

    ကိုသော်ဇင်
    . ပြန်ဆွေးနွေးတာ ကို ကျေးဇူးပါရှင့်။
    မနေ့က လမ်းကြောင်းထားတာပါ။
    ဆက် ပြောချင်ပါသေးတယ်။

    တကယ်တော့ အခု ကျွန်မ ပြောနေတာတွေ က ကိုသော်ဇင် ရဲ့ ဇာတ်လမ်း ကို ဝေဖန်တာထက် မြန်မာပြည်မှာ မြည်းစမ်းလာကြတဲ့ Living Together အကြောင်း ကို ထောက်ပြချင်လို့ပါ။
    ကျွန်မ ပြောခဲ့တဲ့ အနောက်တိုင်း က Living Together ယဉ်ကျေးမှု ဆိုတာ မြန်မာပြည်မှာ စ လာတဲ့ Living Together ထက် စိတ်ဓာတ်ရေးရာ က ကြည့်ရင် အများကြီး အဆင့်မြင့်ပါတယ်။
    လူနှစ်ယောက် ရဲ့ ဘဝ ကို လူသိရှင်ကြား ပေါင်းစည်းပြီး နေလိုက်ခြင်းပါ။
    အဲဒီမှာ မိဘ မသိဘဲ ခိုးနေတာမဟုတ်တော့ဘူး။
    တရားဝင် မိဘ အိမ်က ဆင်းပြီး တူနှစ်ကိုယ်တိုင်းပြည်ထူထောင်လိုက်တာပါ။
    အဲဒါကို Living Together လို့ ခေါ်ကြပါတယ်။
    Living Together ယဉ်ကျေးမှု မှာ အားသာချက်တွေ ရှိပါတယ်။ အဲဒါ ဘာတွေလဲ ဆိုတာ ကြည့်ကြစို့။
    (၁) ကောင်လေး က ကောင်မလေး ရှေ့မှာ ဒူးထောက်ပြီး လက်စွပ်ပေးရင်း “Will you marry me? ” လို့ ပြောဖို့ မလိုဘူး။
    (၂) လူသူ ရှေ့မှာ ဝတ်စုံဖြူလွလွှ လေး ဝတ်ပြီး အလှပဆုံး အချိန် အတွက် ပိုက်ပိုက် ကုန်စရာမလိုဘူး။
    (၃) ကိုယ့်ရဲ့ ပိုင်ဆိုင်မှု တွေ မှာ နှစ်ဦး ပိုင် လုပ်ဖို့ မလိုဘူး။
    (၄) ကြိုက်တဲ့အချိန်မှာ ကြိုက်သလို ကွဲ လို့ ရတယ်။
    (၅) တာဝန်မယူတတ်ရင် ကလေးရခဲ့လဲ ကလေး ကို ထောက်ပံ့စရာမလိုဘူး။

    အဲဒီလို အားသာချက် တွေ ဟာ ဘယ်သူ့ ကို ပင်းထားတာလဲ တွေ့ကြလား။

    အနောက်တိုင်း က မိန်းကလေး များ ဟာ တကယ်တော့ အင်မတန်သနားဖို့ ကောင်းတယ်ခေါ်ရမယ်။
    ဘာလို့လဲ ဆိုတော့ သူတို့ချစ်သူနဲ့ Living Together နေရင်တောင်မှ သူတို့ခမျာ သူတို့ ရှေ့မှာ ဒူးထောက်ပြီး “Will you marry me?” ပြောခံရဖို့ ကို ကြိတ်စောင့်နေကြရတာ။
    သတို့သမီး ဝတ်စုံ ဖြူဖြူ လေး အတွက် အိမ်မက်တွေ မက်နေရတာ။
    လက်ထပ်လက်စွပ် ကို ရလိုက်တဲ့ နေ့ ဆိုတာသူတို့ ဘဝ မှာ အတောင့်အတ ရဆုံး အချိန် ဆိုတာ လူ ၁၀ဝ မှတ် ၁၀ဝ လုံး ဝန်ခံမယ် ထင်ပါရဲ့။
    သူတို့ ရဲ့ မျိုးရိုးနာမယ် ကို ဂုဏ်ယူစွာပြောင်းပြီး မိစ် (Ms) ဘဝ ကနေ မစ္စ(Mrs) ဘဝ ကို ဝမ်းသာအားရ ခံယူလိုကြတာပါ။
    လက်ထပ်ရမဲ့ အချိန် ကို မျှော်လင့် ပြီး နေပါရက်နဲ့ ဘာလို့ Living Together နေကြသေးလဲ။ နော။
    ကျွန်မ မှန်းကြည့်တာနော်။
    သူတို့ ရဲ့ အဲဒီ “Living Together ” ဆိုတဲ့ ယဉ်ကျေးမှုကြီး ကြောင့် နှစ်ဦး အတူနေချင်ရင် အရင် လက်ထပ်ရမယ် ဆိုတဲ့ ယဉ်ကျေးမှု မရှိလို့ ပါဘဲ။
    . ပြောနိုင်ပါသေးတယ်။ Living Together နေတော့ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိပြီး မတိုက်ဆိုင် ရင် ကွဲ ဖို့ လွယ်တာပေါ့လို့။
    မှန်ပါတယ်။ ကိုယ့်မှာ တစ်ကိုယ်လုံး ပုံပေးထားလိုက်ပြီးမှ ကွဲတဲ့ အချိန် လက်ဗလာ နဲ့ ဖြစ်သွားမှာ ဘယ်သူ တဲ့လဲ။
    ကလေးများ ရှိခဲ့ရင် ပိုဆိုးရော။
    အနောက်နိုင်ငံ တွေ က ဒါမျိုး ကလေး နဲ့ ကျန်ရင် အစိုးရ က ခေါင်ခံ စောင့်ရှောက်ပါတယ်။
    တစ်ယောက်ပြောင်းဖို့လဲ လွယ်ပါတယ်။
    . ရွှေပြည်ကြီးမှာ ကျန်တဲ့ ကလေး ဘယ်သူ က ကျွေးမှာလဲ။
    လူတစ်ယောက်နဲ့ လက်မထပ်ဘဲ အတူnနေပြီး ကွဲ သွားရင် နောက်တစ်ယောက် ရဖို့ ဆိုတာ ကောင်းသူ ကို ရမယ် ထင်သလား။

    ဒီတော့ အနှစ်ချုပ်ပါပြီ။
    Living Together ဆိုတာ အင်မတန် ကောင်းနိုင်ပါတယ်။
    ဒါပေမဲ့ မိန်းကလေး တွေ အတွက်တော့ မဟုတ်ဘူး။
    အဲဒါ ကို မှ အထွန့်တက်ပြီး Living Together ကြလဲ သား ချင်သလို သာ သား ကြပေတော့။
    အနောက်တိုင်းက မိန်းမ တွေ အားကျ ရမဲ့ မြန်မာမိန်းကလေး တွေ အတွက် ဂုဏ်မြှင့်ပေးထားတဲ့ ယဉ်ကျေးမှု ကို ကိုယ် က မှမထိန်းရင်
    အဲဒီ သကောင့်သား မဟာပုရိသများ က “အားလဲနာတယ်၊ ခင်လဲခင်တယ်” နဲ့ တဖြေးဖြေးချင်း ဖျက်သွားလိမ့်မယ်။

    ၁ဝနှစ် ၁ဝမိုး ပုဝါတကမ်း က နေပြီး အကဲခတ်ရတာ တကယ်တော့ အင်မတန် ပညာရှိတဲ့ လင်ရှာနည်း ဆိုတာလဲ သိကြစေဖို့။
    Expensive ဆိုတာ လမ်းပေါ်မှာ ပြထားလို့ မရဘူး။
    တန်ဖိုးကြီး လို့ ကို Show case မှာ ထားရတာ။
    ဒါကိုမှ အပေါစားကြိုက် လို့ အပေါစား ကို ရွေးရှာတဲ့ သူတွေ ရှိရင် ဒီလို ဟာ တွေ ကို ယူမဲ့အစား တစ်ကိုယ်တည်း နေတာက ပိုပြီး တင့်တယ်ပါတယ်။

    ဒါပါဘဲကွယ်။ :))

    • ဟုတ်ကဲ့ အစ်မမြစပဲရိုးရေ
      Living Together အကြောင်းကို အကျယ်တဝင့်လေးဆွေးနွေးသွားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အထက်ကဆွေးနွေးထားကြတာတွေဟာ ပို့စ်နဲ့မသက်ဆိုင်ပေမယ့် ကျွန်တော်ကြိုဆိုပါတယ်။ အမြင်လေးတွေဆွေးနွေးထားတဲ့အတွက်လည်း အလွန်အားရမိပါတယ်ဗျာ။

  • kai

    April 24, 2015 at 3:10 am

    မနေ့ကတင်… စင်ဂယ်မားသားတယောက်.. လစဉ်အစိုးရထောက်ပံ့ငွေတွေအပြင်.. တက်စ်ရီတန်း ၄ထောင်ကျော် တလုံးတခဲထဲထပ်ရလို့.. ၃ထောင်ကျော်ဖိုး တထိုင်ထဲဖြုန်းပလိုက်လေရဲ့…။
    သူ့ကောင်လေးများ.. လက်ထပ်ချင်လို့.. အိမ်သွားသွားနေတာ.. သနားစရာတောင်ကောင်းတယ်..။
    ကောင်မလေးက.. တခြားသူတွေနဲ့လည်လည်ထွက်..။ ကောင်လေးက.. အိ်မ်မှာ.. ကလေးထိန်း..။
    အင်တာနက်မှာ.. Match.com လိုဝက်ဘ်ဆိုက်တွေအများကြီးရှိပြီး.. အဲဒီကနေလူတွေတွေ့တွေ့ကြတယ်ပြောတာပဲ..။

    ဒီခေတ်အမေရိကားမယ်… အဲလိုအမေရိကန်မတွေအများးးးးကြီးအရီးလတ်ရေ…။
    လက်ထပ်လိုက်ရင်.. တယောက်ထဲခြေချုပ်မိသွားတာထက်… ငယ်စဉ်ဘဝအခြေအနေကို.. လူ့အရသာအပြည့်ခံစားပြီးနေ… ။
    ကောင်လေးတွေကတော့.. ငွေမရှိ..ဘယ်လိုမှအစဉ်မပြေတော့တဲ့ဘဝမို့… ငွေကိုသာဖိရှာ..။
    အသက်၄ဝကျော်လို့မှ.. လုပ်ငန်းရှင်တခုများမဖြစ်ရင်.. မိန်းမတောင်ရပါ့မလားပဲ..။
    မိန်းမလှတွေက.. ငွေကိုသာကြည့်တော့သဗျ…။

    လေဒီခိုင်တယောက်သေသေချာချာ လေ့လာနေပုံရ..။
    ဆောင်းပါးကောင်းတပုဒ်ထွက်လာနိုင်ရဲ့..။ :k:

    • မြစပဲရိုး

      April 24, 2015 at 3:18 am

      အဲ့ဒီမှာ ရော ဒီမှာပါ လင်မရှိ လို့ ကလေး ရှိတာ ပိုတောင်ကိုက်သေး။
      ဟိုမှာ က ကလေး တွေ ငတ်သေ ကုန်မလားဘဲ။
      ဒါ က အကြီးဆုံး ကွာဟ ချက်ဘဲ။
      အမြင့်က ခုန်ချကြတာ တော့ ဟုတ်ပါရဲ့။
      . အောက်က မွေ့ယာခံထား တာ နဲ့ ဆူးခံ ထားတာ ကွာ တာ မြင်သင့်တယ်။

      ညီမခိုင် ရဲ့ ဆောင်းပါးလေး ကို ကြိုပြီး Book လုပ်ထားပါရစေ။
      သမီးလေးခိုင် ရဲ့ မွေးနေ့ လဲ နီးပြီ။
      ကလေး ကကြီးလာလေ ပိုချောလာလေဘဲ။
      အဖေ အမေ မျှတူလာတယ်။ :))

  • uncle gyi

    April 24, 2015 at 10:40 pm

    တစ်ကိုယ်တည်း နေတာက ပိုပြီး တင့်တယ်ပါတယ်။

    မိန်းကလေးတွေအတွက်အရီးရဲ့စာကိုကြိုက်ပါတယ်လို့
    သူတို့ကြိုက်မကြိုက်တော့မသိဖူးနော်

Leave a Reply