ကျွန်ုပ်သည် မသိနိုးနား မလိမ်မိုးမလိမ္မာ ငယ်စဉ်အခါက သိုင်းပညာကို လွန်စွာရူးသွပ်ခဲ့၏။ လွန်ခဲ့သော နှစ်အစိတ်ခန့်က တီဗွီတစ်လုံး ပိုင်ဆိုင်ရေးမှာ မလွယ်ကူလှပါ။ ကျွန်ုပ်သည် တီဗွီရှိသော အိမ်တကာကိုလှည့်၍ သိုင်းကားများကို မလွတ် တမ်းကြည့်လေ့ရှိသည်။ ဗွီဒီယိုရုံများတွင်လည်း သိုင်းကားများ မလွတ်စေရ။ ကြည့်စရာမရှိလျှင် အိမ်တွင် သိုင်းကျင့်ကာ နေ၏။ ဖခင်၏ ပုဆိုးများ၊ မိခင်၏ ပုဝါများ၊ စောင်များ စသည်တို့မှာ ကျွန်ုပ်၏ အဆောင်အယောင်များ ဖြစ်လေသည်။ ဝါး လုံးများ၊ သစ်ကိုင်းခြောက်များ၊ တုတ်များ၊ သံတိုမယ်နများသည် ကျွန်ုပ်၏လက်နက်များ ဖြစ်ကုန်၏။

တစ်နေ့သ၌ ကျွန်ုပ်သည် ဦးလေး၏ ခမောက်စုတ်တစ်လုံးကို ခေါင်းတွင်ဆောင်း၊ စောင်ပြဲတစ်ခုကို ကိုယ်တွင်ပတ်ကာ တုတ်တစ်ချောင်းဖြင့် သိုင်းရေးပြနေခိုက် ဖခင်သည် အနားသို့ရောက်လာလေ၏။

“သားရယ်..တုတ်တွေ ဘာတွေနဲ့ မွှေ့ရမ်း မဆော့ပါနဲ့၊ သူများခိုက်မိလည်း မကောင်းဘူး၊ ကိုယ့်ခိုက်မိလည်း မကောင်းဘူးကွ..။”
“သိုင်းလောကမှာ လက်နက်မရှိရင် တစ်ပန်းရှုံးတယ် အဖေရ..။” ဖခင်သည် စိတ်မကောင်းသော အမူအရာဖြင့် –
“မင့် မွေးတုန်းက တို့ လင်မယား အင်မတန်စိတ်ထိခိုက်ခဲ့ရတာကလားကွ..။ မင့်အမေဆို ငိုတောင်ငိုတယ်..။”
“ဘာဖြစ်လို့တုန်း..။”
“မင်း အရုပ်ဆိုးလွန်းလို့ကွ..။ မင်း အရုပ်ဆိုးရတဲ့ကြား ကျိုးကန်းသွားရင် မခက်ပါလားကွာ..။”

ကျွန်ုပ်လည်း အိမ်တွင်းသို့ပြေးဝင်ကာ မှန်ကိုကြည့်လေသည်တွင် ဖုတ်ထဲ သဲထဲတွင် အလဲလဲအကွဲကွဲ ဆော့ကစား ထားသောကြောင့် ဂျီး(ကြေး)လက်လေးသစ်ဖြင့် အထပ်ထပ်ညစ်သော ပစ္စုဒ္ဓေရ ရုပ်သွင်ကို အထင်းသားမြင်ရလေ၏။ ကျွန်ုပ်သည် မှန်ကိုကြည့်ကာ ခန့်ညားသော အမူအရာဖြင့် တစ်ချက်ပြုံးပြလိုက်၏။ ငါကား သိုင်းလောကသား ပီသပေ စွတကား ဟု သဘောရလျက် ကျေနပ်မိလေသည်။ သက်ပြင်းချကာ ခေါင်းတခါခါနှင့်ထွက်သွားသော ဖခင်ကိုလည်း မှန်ထောင့်တွင် ရိပ်ခနဲ မြင်လိုက်ရသေး၏။

ထိုခေတ်အခါက ကလေးများအပေါ်တွင် သိုင်းရုပ်ရှင်များ၏ လွှမ်းမိုးမှုမှာ အတော်ကြီးမားလှသည်။ ကျွန်ုပ်တို့နေထိုင်သော ရပ်ကွက်နှင့် နီးစပ်သော ရပ်ကွက်များမှ ကလေးများလည်း ထိုနည်းနှင်နှင်သာလျင် ဖြစ်ကြကုန်၏။ ရပ်ကွက် အသီးသီး၊ အစုအသီးသီးမှ ကလေးတို့သည် သိုင်းဂိုဏ်းများကို အပြိုင်ဖွဲ့စည်းကြ၏။ အဆင်အပြင်အသုံးအဆောင်၊ လက်နက်တို့ကို လည်း သူ့ထက်ငါ ဆန်းကြယ်စွာ ဖန်တီးကြကုန်ရာ မိဘမောင်ဘွား တို့၏ အရိုက်အနှက်အကြိမ်းအမောင်းကို မခံရဘူး သော ကလေးဟူ၍ မရှိကြကုန်။ တစ်ခါတရံ သိုင်းဂိုဏ်းအချင်းချင်း ဆော်နှက်ကြသည်မှာ အဝီစိပွက်သကဲ့သို့တည်း။

တစ်ရက်တွင် သိုင်းဂိုဏ်းချုပ်များ အချင်းချင်း သဘောတူညီချက်တစ်ခုထားမိကြ၏။ ကျွန်ုပ်တို့ ရပ်ကွက် အလယ်၌ရှိသော မဟာစေတီဘုရားဝင်းဘေး ဓမ္မာရုံ၌ အခါအားလျော်စွာ သိုင်းဂိုဏ်းများ စည်းဝေးကြပြီးလျှင် သိုင်းပညာ ဖလှယ်ဖို့ရန်တည်း။

တစ်နေ့သ၌ ထရံကာ ဝါးခင်းသော ဓမ္မာရုံအတွင်းတွင် ဂိုဏ်းအသီးသီးမှ သိုင်းသမား သုံးဆယ်ခန့်သည် သိုင်းပညာ ဖလှယ် ရန်စုဝေးရောက်ရှိနေကြလေသည်။ ဂိုဏ်းချုပ်အသီးသီးသည် ပဏာမ နှုတ်ခွန်းဆက်စကားများကို အပြန်အလှန် ပြောဆို ကြပြီးလျှင် လက်ရည်ကောင်းသော မိမိတို့ ဂိုဏ်းသားများကို ပွဲထုတ်ကြ၏။ ထိုနေ့တွင် ပလက ကွင်းဂိုဏ်းမှ ဗြဲကြီးဆိုသော ငနဲမှာ အတော်စွာရာ အခြားသော သိုင်းသမားများလည်း မယှဉ်ဝံ့ကြသော အခြေအနေတွင် ရှိနေ၏။ ကျွန်ုပ်တို့ ရွှေဟသာင်္ ဂိုဏ်းချုပ်ကား အရှက်ရလျက်ရှိလေသည်။

ချုပ်။ ။ “ငဖြိုး မင်းယှဉ်ကွာ ဗြဲကြီးကို..။”
ဖြိုး။ ။ “ငါ့ ခြေထောက်သံစူးလို့ အလူးအလဲ ဖြစ်နေတယ် ဂိုဏ်းချုပ်ရဲ့။”
ချုပ်။ ။“ဒိုးလေးကရော ဘယ့်နှယ်လဲ။”
ဒိုး။ ။“သည်းခံပါ ဂိုဏ်းချုပ်..ငါ က နာလံထ ခါစလေကွာ..မင်းသိပါတယ်။”
ချုပ်။ ။“ဒါဖြင့် ဂေါ်ပြူးကရော..။”
ပြူး။ ။“ ငါ..ငါ အကျင်္ ီအသစ်ကြီး ဝတ်လာလို့ကွ..စုတ်သွားရင် ငါ့အမေလက် ဂိုဏ်းချုပ် သိသားနဲ့။”
ချုပ်။ ။“ဖိုးပဲ ကျန်သေးတာပေါ့..။”
ပဲ။ ။“ငါ..ငါ..က..။” (ဖိုးပဲမှာ ပိုလီယိုရောဂါသည်ကလေး ဖြစ်၏။)
ချုပ်။ ။“ကောင်းပါလေ့ကွာ..ကိုင်း..မောင်းကွဲ တစ်ယောက်ဟာ နောက်ဆုံးပဲ..။”

ကျွန်ုပ်ကား ရှောင်လွှဲရန် အချက်ကို မတွေ့ချေပြီ။
မောင်းကွဲက အသင့်တော်ဆုံးပါ ဂိုဏ်းချုပ်ဟု ဝိုင်းတွန်းကြလေရာ ကျွန်ုပ်မှာ ဗြဲကြီးကို မရဲတရဲ လှမ်းကြည့်မိလေသည်။ ဗြဲကြီးသည် လူကောင်ထွားသည်။ မိုက်ကန်းသည်။ သန်မာသည်။ ကျွန်ုပ်ကား အကောင်သေးသည်။ ခွန်အားမရှိ။

“ဗြဲကြီးကို အကွဲတီးလိုက်စမ်းပါ မောင်ရာ..လုပ်ပါဟ။”
“မောင်းကွဲကွ၊ တစ်ကြောင်းဆွဲရင်၊ မြောင်းထဲရောက်သွားမယ်..သားကြီး မကြောက်နဲ့..။”

ကျွန်ုပ်ဂိုဏ်းမှ ဂီလာန သိုင်းသမားများသည် အတင်းမြှောက်ပင့်ကြ၏။
ကျွန်ုပ်မှာ စိတ်လေးလေးနှင့်ပင် ဓမ္မာရုံအလယ်သို့ ဝင်၍ရပ်ရလေသည်။ အခြားသော ဂိုဏ်းသားတို့လည်း လက်ခုပ်ဩဘာ ပေးကြလေရာ စိတ်အနည်းငယ် တက်လာ၏။ ဗြဲကြီးကား မထီတရီဖြင့် ကျွန်ုပ်ကို ကြည့်ရှုလေရာ များစွာ မခံချင်ခြင်း ဖြစ်လေ၏။ ဂိုဏ်းချုပ်များမှ စည်းကမ်းများ ပြောပြပြီးနောက် သိုင်းသမားနှစ်ဦးသည် မျက်နှာချင်းဆိုင်လျက် ဂါရဝ အပြန် အလှန်ပြုကြသည်။

ထို့နောက် ကျွန်ုပ်သည် ဘာလုပ်ရမှန်း မသိ အူကြောင်ကြောင်ဖြစ်နေရာမှ သိုင်းကားများကို အမှတ်ရကာ ဖောင်ဆွဲ (အကွက်ခင်း) ရန်ပြင် လေသည်။ ကျွန်ုပ်ဖောင်ဆွဲနေစဉ်မှာပင် ဗြဲကြီး၏ ဖြောင့်လက်သီးတစ်လုံးသည် ကျွန်ုပ်မျက်နှာ ဆီသို့ စွတ်ရွတ်ပြီး ဝင်လာလေရာ မျက်လုံးထဲတွင် လွတ်လပ်ရေးနေ့က ဖောက်သော မီးရှူးမီးပန်းများကို အပြုံလိုက်မြင် လိုက်ရလေသည်။ ကျွန်ုပ်လည်း မူးဝေသွားပြီး ဒေါသလည်းထွက်လာရာ ဗြဲကြီးဗိုက်ကို ခေါင်းနှင့်ပြေးတိုက်၍ ခါးကို ဖက်လေ၏။ ဗြဲကြီးသည် နောက်သို့ နှစ်လှမ်းခန့်ဆုတ်ကာ တောင့်ခံပြီး ကျွန်ုပ်ကျောကို တံတောင်နှင့်ထောင်း၍ ခြေကလိမ် ချိတ်ကာလှဲ၏။ ကျွန်ုပ်လဲသောအခါ နံကြားကို ခြေထောက်နှင့်ကျုံးကန်ရာ နှစ်ပတ်လောက်လိမ့်သွားပြီးနောက် မထနိုင်တော့ချေ။

“ဟေး..ဗြဲကြီးကွ…။”
“ဗြဲကြီး ဗြဲကြီး..ဗြဲကြီး…ဗြဲကြီး..။”
“ဗြဲကြီးကို အကွဲတီးမယ်ဆိုကွ..ဟားဟား..။”
“တစ်ကြောင်းဆွဲရင် မြောင်းထဲရောက်မယ်ဆိုတဲ့ မင့်အကောင် မောင်းကွဲ ၊ တစောင်းကလေး လှဲနေရပါရောလားကွာ..ဟီဟီ..။”

၎င်းတို့၏ ပြောင်လှောင်အော်ဟစ်သံကြောင့် ကျွန်ုပ်မှာ နာကျင်ခြင်းထက် ရှက်ရွံ့ဝမ်းနည်းခြင်းက ပိုလာလေသည်။ ငါ သိုင်းပညာ အားနည်းလို့ဖြစ်ရသည်။ ဇာတ်လမ်းထဲကဟာတွေ အတုခိုးတာထက် တကယ့်သိုင်းပညာကို သင်ရသော် ဒင်းတို့ကို မှုန့်မှုန့်ကြေအောင် ချေနိုင်လိမ့်မည်ဟု တွေးမိ၏။

ထိုနေ့မှစကာ ကျွန်ုပ်သည် သိုင်းကျမ်းများကို ရှာဖွေရာ ဗန်တိုဗန်ရှည်၊ သိုင်းပြောင်းပြန်၊ ကရာတေး၊ ကွန်ဖူး အစရှိသော စာအုပ်များကို ဘကြီး၊ ဘထွေး၊ ဦးကြီး၊ ဦးလေးတို့ထံမှာ တိတ်တဆိတ် ရရှိလေ၏။ ထိုစာအုပ်များထဲမှာ အရုပ်များကို ကြည့်ကာ လေ့ကျင့်သော်လည်း ထူးခြားတိုးတက်ခြင်းမရှိပေ။ စာအုပ်နှင့်မသင်ပဲ တကယ့် ဆရာနှင့်သင်ကြားမှ ရလိမ့် မည်ဟု သဘောပိုက်မိသဖြင့် သိုင်းဆရာကို ရှာလျက်ရှိ၏။

တစ်နေ့တွင် ကျွန်ုပ်လမ်းလျှောက်လာရာ ရပ်ကွက်တွင်းမှ လူရှုပ်ကာလသား သုံးယောက်ဖြစ်သော ကိုထွန်းသွင်၊ ကိုဖြူလုံး နှင့် ကိုကရင်တို့ လှမ်းခေါ်ကြသဖြင့် သူတို့ထိုင်နေရာ အုတ်ခုံနားသို့ သွားမိလေသည်။

“အကျိုးဆောင်မဲ့ ဖိုးမောင်ကလေး..လာဦးကွယ်..။”
“ဘာတုန်းဗျာ..ခင်ဗျားတို့က..။”
“ဒီစာကလေး ဂျမ်းဘုံလက်ထဲ အရောက်ပို့ခဲ့စမ်းပါကွာ..မုန့်ဝယ်ကျွေးမယ်..။”
“ခုတော့ မပို့နိုင်ဘူးဗျာ..သွားစရာရှိသေးလို့။ နောက်ပြီး မမဂျမ်းက ကျွန်တော့်ဆူလိမ့်မယ်..။”
“အမလေး မောင်ရာ..ဒီအရပ်ထဲက အပျိုတွေအကုန်လုံး မင်းကို ထိန်းလာတဲ့လူချည်းပါကွာ..မင်းကို အင်မတန်ချစ်ကြပါတယ်။”
“အေးလကွာ..မင်းလူပျို မဖြစ်သေးသ၍ ဘယ်အပျို့ခြင်ထောင်လှန်ပြီး ဝင်အိပ်အိပ် ကိစ္စမရှိဘူးကွ..။”
“စာကလေးတစ်စောင်လောက်များ စာဖွဲ့မနေပါနဲ့မောင်..။”
ထိုလူများမှာ ကျွန်ုပ်ကို မကြာခဏ ချောက်ချသောသူများ ဖြစ်သဖြင့် ဆောင်ရွက်မပေးလိုချေ။
“ခု ဘယ်သွားမှာတုန်း..။”
“သိုင်းဆရာ အရှာထွက်ဖို့ပါပဲ..။”
ထိုစကားကြားသောအခါ ၎င်းတို့အချင်းချင်းကြည့်ကာ ပြုံးပြီး –
“ဒါဖြင့် မောင့် လမ်းဆုံးပြီ မှတ်လိုက်တော့ ..ဖြူလုံးဟာ သိုင်းဆရာပဲကွဲ့..။”
“နို့..သူဘာသိုင်းတတ်သလဲ..။”
“ပုဆိုးကွင်းသိုင်း။”
ကျွန်ုပ်လည်း ၎င်းတို့အနားမှ ခွာမည်ပြုရာ လက်ကို ဆွဲထားကြ၏။
“နေပါဦး မောင်ရာ..ပုဆိုးသိုင်းဆိုတာ အင်မတန် နက်နဲတဲ့သိုင်းကွဲ့..ဒဿဂီရီတောင် ဘွဲ့ဖြူပုဆိုးလက်နက် ဆိုတာ ရှိတယ်မဟုတ်လားကွ..။”
“အာဠာဝက ပါဗျာ..။”
“အေး..သူက ဒဿဂီရိကို ရောင်းစားလိုက်တာ..မင်းမသိလို့ပါကွယ်..ဟီဟိ..။”
“ကိုင်း တန်ကြပါဗျာ..ကျွန်တော်သွားဦးမယ်..။”
“ကဲပါကွယ်..တို့ကမင်းကို ကစားတာပါ။ တကယ့်သိုင်းဆရာကို တို့သိပါတယ်ကွဲ့။ စာကလေးသာ ပို့ပေး။ မင်းကို တို့ညွှန်မယ်..ဟုတ်ပြီလား။”
“အဟုတ်ပဲဆိုရင်..ကျွန်တော်စွန့်ပြီး ပို့ပေးပါမယ်။”
“အမလေး ကြီးကျယ်လို့မောင်ရာ..။ရော့ စာကိုယူထားချေ။”
“ဒီလို ဒီလို..တို့များ အဖေတို့လက်ထက်က သိုင်းလောကမှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ သိုင်းဆရာကြီးတစ်ယောက်ရှိသကွဲ့။ ခုတော့ ဇာတ်မြှုပ်ပြီး နေရှာတယ်။”
“ဘယ်မှာတုန်း..။”
“မင်းတို့အိမ်းနားက အသုပ်စုံဆိုင်မှာ ညနေမှောင်ရင် လာလာဝယ်တဲ့လူကြီးလေ။ ဦးအောင်ဘတဲ့ကွ။”
“ဟုတ်ရဲ့လားဗျာ..။”
“အဟုတ်ပါ မောင်ရာ..ခုတော့ ကွမ်းလောင်းကျောင်းဘေး လမ်းကြားထဲကသွားရင်ရောက်တဲ့ သင်္ချိုင်းမှာ သုဘရာဇာ လုပ်နေတယ်ကွ..။”
“အန်..သူက ဘာ..ဘာသိုင်းတတ်တာလဲ..။”
“အစုံပေါ့ကွာ..အဓိကကတော့ လှံသိုင်းပဲတဲ့ မောင်။ သူ့ခေတ်အခါတုန်းက ဒီသိုင်းနဲ့ပဲ အနိုင်ယူခဲ့တာများသတဲ့။”
“ဪ..လှံသိုင်း..မဆိုးဘူး ။သင်မယ်..။”
“အမယ်မယ်..သူက မင်းလွယ်လွယ်သင်ပေးမယ် မှတ်သလား..စမ်းကြည့်ပါဦးမောင်..။”

ထိုနေ့ညနေတွင် ကျွန်ုပ်သည် အိမ်ရှေ့ကွပ်ပျစ်ပေါ်၌ထိုင်ကာ ဦးအောင်ဘအလာကို မျှော်လျက်ရှိ၏။ ညနေစောင်း၍ မှောင်ရီဖျိုးဖျအချိန်တွင် ဦးအောင်ဘသည် ပုလင်းတစ်လုံး ခါးတွင်ထိုး၍ စိုက်စိုက်လာလေသည်။ ကတုံးဆံတောက်၊ အဝတ်မဲ့သော ကျောပြင်နှင့် အကွက်မပေါ်သော ပုဆိုးတိုတိုဝတ်ထားသော အသက်ခြောက်ဆယ်ခန့် ဦးအောင်ဘသည် အကယ်ပင် သိုင်းဆရာ ကြီးပေလော။ မကြာမီ အသုပ်ထုပ်ကလေးဆွဲ၍ ဦးအောင်ဘ ကျွန်ုပ်အိမ်ရှေ့မှ ဖြတ်လျှောက် လာရာ ကျွန်ုပ်လည်း နောက် မှ အသာကပ်၍ လိုက်ခဲ့လေသည်။ အတန်ကြာသွားမိသော် ကျွန်ုပ်လည်း အသံပြု၍ ခေါ်ရလေသည်။

“ဘကြီး..ဘကြီး..ခဏဆိုင်းပါဦးခင်ဗျ..ဘကြီး။”
အဘိုးကြီးလည်း ဘေးဘီတွင် တစ်စုံတစ်ဦးမှ မရှိသဖြင့် လှည့်ကြည့်လေသည်။
“ဟဲ့..ကလေး..ငါ့ခေါ်သလား..ဘာကိစ္စတုန်း..။”
“ဟို..ဟို..။” ကျွန်ုပ်လည်း စကားမည်သို့စရမည် မသိသဖြင့် ထစ်ငေါ့လျက်ရှိသည်တွင် –
“အသုဘကိစ္စများ ကလေးခိုင်းရသတဲ့လား..၊တယ်ခက်တဲ့ မိဘတွေ..။ မင်းဘယ်ကတုန်း ကလေး။”
“အသုဘ ကိစ္စမဟုတ်ပါဘူး ဘကြီးရဲ့..ဟို..သိုင်း..သိုင်း..။”
“ဆိုင်းတော့ ဘယ်ပါလိမ့်မလဲ မောင်ရာ..ဒီလိုပေါ့။”
“မဟုတ်ပါဘူး..ဘကြီးဆီမှာ သိုင်းသင်ချင်လို့ပါဗျ..။”
“ကြံကြီးစည်ရာကွာ..။ငါ့ မလဲ ဘာသိုင်းမှ မတတ်ရပါလား..။”
“အမယ်..မကွယ်ပါနဲ့ ဘကြီးရာ..ကျွန်တော် အကုန်သိပြီးပါပြီ။”
“ဟင်..ဘာသိတာတုန်းကွ။”
“ဘကြီးက တစ်ချိန်တုန်းက သိုင်းလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ လှံသိုင်းဆရာကြီး ဦးအောင်ဘ ဆိုတာကိုပေါ့ ခင်ဗျ..။”

အဘိုးကြီးသည် ခေတ္တမျှ တွေဝေငေးမောသွားလေရာ ကျွန်ုပ်လည်း ဟုတ်ပြီဟ ဟူ၍စိတ်၌တွေးကာ အလျင်အမြန် ဒူးထောက်၍ သိုင်းသင်ပေးရန်တောင်းဆိုလေသည်။ ဒူးထောက်၍ အဘိုးကြီးကို မော်ကြည့်ရာ ကောင်းကင်တွင် လဆန်း ကွေးကလေး အလင်းနောက်ခံဖြင့် အပေါ်ဝတ်မပါ၊ ရှုံ့တွမဲညစ်သော ကိုယ်၊ ဇရာထောင်းသော မျက်နှာကို မြင်ရလေရာ ဟန်ပြီကွယ်..ရုပ်ရှင်တွေထဲက ရွက်ပုန်းသီး သိုင်းဆရာကြီးများဟာ ဒီလိုပဲဟု စိတ်၌အားရမိလေသည်။

ကျွန်ုပ်လည်း တောင်းပန်သောအားဖြင့် ခေါင်းကိုငုံ့ကာ လက်နှစ်ဖက်ကို ဆုပ်၍ အသနားခံလေ၏။ အတန်ကြာ၍ မော့ကြည့်သော အခါတွင် အဘိုးကြီးသည် ဝါးနှစ်ပြန်မကသော အကွားအဝေးတွင် သိုင်းကွက်နင်းကာ လျှောက်လျက်ရှိသည်ကို မြင်ရ သဖြင့် နောက်မှ အသာကပ်လိုက်သွားလေသည်။ ထို့နောက် ဘုန်းကြီးကျောင်းဘေး လမ်းကြားမှတဆင့် သင်္ချိုင်းဘက် သို့ဦးတည်လျက်ရှိရာ ဆက်လိုက်ရ ကောင်းနိုး မကောင်းနိုးဖြင့် ဝေခွဲမတတ်အောင်ဖြစ်နေလေသည်။ ကျွန်ုပ်လည်း အားတင်း၍ ဆက်လိုက်ပြန်ရာ မီးခွက်ကလေးမှိန်မှိန်နှင့် သင်္ချိုင်းထိပ် တဲအိမ်ကလေးရှေ့သို့ရောက်ရှိသွားလေသည်။ အသက်ငါးဆယ်ခန့် မိန်းမကြီး တစ်ယောက်နှင့် အရွယ်စုံလူတစ်ချို့၊ ကလေးတို့ကို တွေ့ရလေရာ ဤတဲကလေး၌ လူအဘယ်မျှနေပါသနည်းဟု တွေးကာ နေလေ၏။

ခဏအကြာတွင် ဆူညံပြင်းထန်သောအသံများကို ကြားရပြီးနောက် အဘိုးကြီးလည်း တဲရှေ့သို့ခုန်ထွက်လာလေသည်။ အမျိုးအမည်မသိသော သဗ္ဗနံပေါင်းပစ္စည်းများသည် အနှံ့ပြားစီးမှ လွင့်ပျံထွက်လာ၏။ ကလေးများ အော်ဟစ်ငိုယိုသံနှင့် လူကြီးများ၏ အယုတ္တ အနတ္တ တစ်တစ်ခွခွ ဆဲဆို အော်ဟစ်သံတို့မှာ ကျွန်ုပ်ကလေးဘဝ တလျှောက်မကြားဖူးအောင် ပင်ဖြစ်လေသည်။ အဘိုးကြီးကလည်း ပြန်လှန်အော်ဟစ် ဆဲဆိုလေသည်။ အဘိုးကြီးသိုင်းပညာထုတ်သုံးလျှင် ကျန်သူများ အသက်ဆုံးတော့လေမည်လောဟု စိတ်ထဲ၌ ကြောက်ရွံ့ခြင်းနှင့် စူးစမ်းခြင်းသည် တပြိုင်နက်ပေါ်ပေါက်လာလေသည်။ အဲ..သူ့ လှံသိုင်းများ ထုတ်သုံးတော့မလား။ သူ့လှံက ဘယ်မှာပါလိမ့်ကွယ်ဟု စဉ်းစားမိသေး၏။
ထို့နောက် အဘိုးကြီးသည် –

“ဟေ့ ..မင်းတို့အားလုံး ဒါပဲထင်တယ်ကွ..။”

ဟုအသံနက်ကြီးနှင့်အော်ကာ ပုဆိုးတိုတိုကို လှန်ပြလေတော့သည်။ ကျွန်ုပ်ကား လှန်သိုင်းကို မျက်ဝါးထင်ထင်မြင်ပြီ ဖြစ်ရကား အိမ်သို့ပြန်လာခဲ့လေတော့သည်။

နောက်တစ်နေ့ ကိုထွန်းသွင်တို့နှင့်တွေရာ –
“ဟေ့..ဘယ့်နှယ်လဲကွယ် စာပို့ပြီးသွားပလား..။”
“ဖြဲပစ်လိုက်ပြီ။”
“အယ်..တို့ကဖြင့် အကောင်းနဲ့ သိုင်းဆရာကြီးတောင်ညွှန်ပြရသေး..မင်းလုပ်ပုံ ကောင်းသလားကွယ်။”
“ကောင်းတယ်..ကောင်းတယ်..။ဘာသိုင်းဆရာကြီးလဲ..အလကား အမူးသမားကြီး..။”
“သူ့လှံသိုင်းများ မင်းမတွေ့သေးလို့ပါကွယ်..။”
“တွေ့ပြီးပြီ..။”
“နို့ စွံရဲ့မဟုတ်လားကွ..ဟားဟား..။”
“သူ့လှံကြီးကဖြင့် သံချေးတက်လို့ မဲတုံးရှုံ့ခွေနေပြီ..။”

၎င်းတို့သုံးယောက်၏ အသက်ထွက်ခမန်း ရယ်မောသံသည် ဗြဲကြီးနှင့် ဆော်နှက်တုန်းကထက်ပင် နာကျင်လှပေသည်ဟု စိတ်ထဲတွင် ဝမ်းနည်းစွာ တွေးမိလေသတည်း။

About မောင်ဘလိုင်

has written 140 post in this Website..