DSC02353

ချစ်သော နေ့ရက်များ

အခန်း(၃)

            ထိုနေ့ညရောက်တော့ သူ ကျွန်တော့ဆီကိုဖုန်းဆက်တယ်။ ကျွန်တော်စိုက်ပေးထားတဲ့ ငွေကို ပြန်ပေးဖို့ သူ့မှာ အခက်အခဲရှိနေတဲ့အကြောင်းကို ပြောတာလေ။ သူဖုန်းပျောက်တဲ့ ကိစ္စ သူ့အမေကို အသိမပေးပဲထားခဲ့တာဆိုတော့ သူ့အနေနဲ့ နေ့စဉ်ရနေတဲ့ မုန့်ဖိုးငွေကလွဲလို့ အပိုငွေသိပ်မရှိတဲ့အတွက် အကြွေးပြန်ဆက်ဖို့ နည်းနည်းကြာဦးမယ်ဆိုတာ ပြောပြတယ်။

ဒါကလဲ ကျွန်တော်မျှော်လင့်ပြီးသား ကိစ္စပါပဲ။ တစ်ကယ်လို့များ သူသာ စည်းစနစ်မရှိတဲ့မိသားစုကလာတဲ့သူ ဒါမှမဟုတ် ငွေကို လိုသလိုယူသုံးဖို့လွယ်နေတဲ့ သူဆိုရင် ကျွန်တော်အနေနဲ့ ပိုက်ဆံစိုက်ပေးစရာလိုမှာမှမဟုတ်တာ။ တစ်ခုတော့ကောင်းပါတယ်။ ကျွန်တော်သူနဲ့ အဆက်အသွယ်လုပ်ဖို့ အကြောင်းပြချက်ရသွားတာပေါ့။

နောက်ရက်တွေမှာလဲ ကျွန်တော်သူနဲ့စကားပြောဖြစ်ခဲ့တယ်။ စကားပြောတယ်ဆိုတာ လူချင်းတွေ့ပြီး ပြောတာမဟုတ်ဘူး။ ဖုန်းနဲ့ပဲ ပြောဖြစ်ခဲ့တာ။ ဖုန်းနဲ့ဆိုတာတောင်မှ ဖုန်းခေါ်ပြီးစကားပြောတာ (free call) မဟုတ်ပါဘူး။ အင်တာနက်ကနေ စာတိုစနစ် (sms)နဲ့ပဲ ပြောဖြစ်ခဲ့တာ။

စကားပြောတဲ့ ရက်တွေကြာလာတာနဲ့အမျှ သူနဲ့ကျွန်တော် ရင်နှီးမှုတွေ ရလာခဲ့ပါတယ်။ သိတဲ့အတိုင်း သူကလဲ စကားပြောကောင်းတဲ့သူ၊ စကားဝိုင်းတစ်ခုကို ဦးဆောင်နိုင်သူဆိုတော့ ကျွန်တော်တို့ စကားတွေ အများကြီး ပြောဖြစ်ကျတယ်လေ။ သူမေးသမျှ ကျွန်တော့အကြောင်းတွေကို ဖြေရင်း ကျွန်တော် သိလိုသမျှ သူ့အကြောင်းတွေကို နားထောင်ရင်း တစ်ယောက်အကြောင်း တစ်ယောက်လဲ သိလာတာပေါ့။

သူက တက္ကသိုလ် နောက်ဆုံးနှစ်တက်နေတဲ့သူလေ။ ရည်းစားလေး တစ်ယောက်တော့ ထားခဲ့ဖူးပါတယ်တဲ့။ ကမာ္ဘကျော် သစ္စာမဲ့သူနဲ့ သွားတွေ့ဆုံခဲ့လေတော့ နောက်တစ်ခါ ရည်းစားထားဖို့ အတော်လေး ကြောက်နေမိ ဆိုပဲ။

သူက သူငယ်ချင်းတွေကိုလဲ အရမ်းခင်တတ်တဲ့သူလေ။ သူတို့သူငယ်ချင်း တစ်သိုက်က ဒီခေတ်ကြီးမှာ တော်တော်ရှားသွားပြီလို့ပြောလို့ရမယ် ပျော်ဖို့ပါးဖို့ ကျောင်းသားဘဝရဲ့ အရသာကိုခံစားဖို့လောက်ပဲ စိတ်ဝင်စားတဲ့သူတွေပေါ့။ အလှအပတို့ အပြိုင်အဆိုင်တို့ သိပ်မရှိပဲ ဘယ်လိုကဲရမလဲ ဆိုတာကိုသာ စဉ်းစားနေကျသူတွေ။

ကျောင်းမှာ သူဒီနေ့ ဘာတွေလုပ်ဖြစ်တယ် ဘယ်လိုတွေ  ပျော်ခဲ့ရတယ်ဆိုတာ ညဖက် ကျွန်တော်နဲ့စကားပြောတဲ့အချိန်မှာ သူက ပြန်ပြောပြတတ်တယ်။ သူ့ရဲ့ စကားပြောကောင်းမှုကြောင့်လို့ ပြောရမလားပဲ။ သူ့ရဲ့ အပျော်တွေဟာ ကျွန်တော့ဆီကို ခဏခဏ ကူးဆက်လာခဲ့တယ်။ ပြီးတော့ ကျွန်တော်တက္ကသိုလ်တက်စဉ်က ကျောင်းသားဘဝကိုလဲ ပြန်ပြီး သတိရသွားမိတာပေါ့။

ကျွန်တော်လဲ ကျောင်းတုန်းက တော်တော်ကို ပွေးခဲ့တဲ့သူပါ။ ဒီတော့ နေ့စဉ်သူဘာတွေလုပ်ခဲ့တယ်ဆိုတာကို ပြန်မပြောခင် ပုလ္လင်ခံနေကျစကားဖြစ်တဲ့ “အကိုကတော့ ဒီကောင်မလေး တော်တော်မလွယ်ဘူး ထင်မှာပဲ” ဆိုတဲ့စကားက ကျွန်တော့အတွက်တော့ အရာမဝင်ဖြစ်နေတာပေါ့။ တစ်ခြား လူတွေအမြင်မှာ ဆိုရင်တော့ သူတို့သူငယ်ချင်းတွေလုပ်ခဲ့တဲ့ ပျော်စရာတွေက နည်းနည်း နှာခေါင်းရှုံ့စရာ ဖြစ်နေမလားပဲ။ ဒါပေမဲ့ ကျွန်တော်အတွက်တော့ ဒါတွေက သာမန်ကာလျှံကာ သဘောလောက်ပဲရှိတာ။ ကျွန်တော့ရဲ့ ကျောင်းတုန်းက သူငယ်ချင်း မိန်းကလေးတွေဆို သူတို့ထက် နှစ်ဆလောက်တောင် ပွေးခဲ့တာ။ ယောက်ျားလေးတွေနဲ့ တန်းတူကို ပေါက်ကရလုပ်ခဲ့တာလေ။ ဒီတော့ ကျွန်တော့ရဲ့ အမြင်မှာ သူက လိမ္မာနေသေးတယ်လို့တောင် ထင်မိသေး။

အခန်း(၄)

 

ချစ်ခြင်းရဲ့ အရသာကို စတင်စားသုံးနေပြီဆိုတဲ့ လူတစ်ယောက်ကို သတိထားကြည့်လိုက်မယ်ဆိုရင် သူ့ရဲ့ ဂနာမငြိမ်တဲ့ အမူအရာတွေကို စပြီး မြင်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တာပဲ။ ရုပ်ရှင်တစ်ကားကို စိတ်ဝင်စားစွာ မကြည့်နိုင်တာတို့၊ တစ်ယောက်တည်း တွေတွေကြီးထိုင်နေတာတို့၊ အကြောင်းမဲ့ ပြုံးလိုက်ရီလိုက်နဲ့  ပျော်နေတာတို့ကိုတော့ အနည်းဆုံးတွေ့ရမှာပေါ့။

အကယ်၍များ အခုနေကျွန်တော့ကိုလာပြီး အချစ်ဆိုတာဘာလဲလို့ မေးခဲ့ရင် “မသိဘူး”လို့ မဆိုင်းမတွပြန်ဖြေမိမှာပဲ။ ဟုတ်ပါတယ်။ ကျွန်တော်ခံစားမိတဲ့ အချစ်ဆိုတာ အကောင်အထည်ပြလို့မရတဲ့ ဒြပ်မဲ့သက်သက်အရာ။ ထိ၊သိဆိုတဲ့ အာရုံအလွှာထက် ခံစားမှုအာရုံကသာ အချစ်ရဲ့ ဂုဏ်သတ္တိအစစ်ပေါ့။

လူတစ်ယောက်ကို အပြင်မှာမတွေ့ဘူးပဲ ဓါတ်ပုံကိုမြင်ဖူးရုံ၊ ဓါတ်ပုံဆိုတာမှ သဘာဝအတိုင်းလား အထူးပြုပြင်ထားတာလားဆိုတာ မသိနိုင်တဲ့ ဓါတ်ပုံကို မြင်ဖူးရုံနဲ့ ချစ်သွားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ ကျွန်တော် သံသယရှိခဲ့ဖူးတယ်။ ဥပမာဗျာ… ဖုန်းထဲမှာ စကားပြောရင်း သံယောဇဉ်ဖြစ်သွားတယ်၊ အသံလေးကို နားထောင်ရင်း စိတ်ဝင်စားသွားနိုင်တယ်ဆိုတာ ဖြစ်နိုင်ပေမယ့် အပြင်မှာတွေ့ကျခဲ့အခါ သူ့ကို ဆက်ပြီးစိတ်ဝင်စား မေတ္တာရှိနိုင်ပါ့မလားလို့ ကျွန်တော် သိချင်ခဲ့တယ်။

တစ်ကယ်လို့ ချစ်ခြင်းမေတ္တာသာ သူပြောငါပြော ပြောနေကျတဲ့ အပေါ်ယံ အရေပြားမှာသာ မူတည်တယ်ဆိုရင် ဘယ်လိုပဲ ဖုန်းထဲမှာ ရင်းနှီးရင်းနှီး အပြင်မှတွေ့လို့ စိတ်ဝင်စားနိုင်စရာ ရူပါမရှိတဲ့အခါ ချစ်သွားကြိုက်သွားတာ ဖြစ်နိုင်ပါ့မလဲ။ ကျွန်တော် မြင်တွေ့ခဲ့ဖူးသလောက်တော့ ဖုန်းထဲမှာရင်နှီးစိတ်ဝင်စားသူ မှန်သမျှဟာ အပြင်မှာလဲ တစ်ကယ်ကို ချစ်ကြိုက်သွားတတ်တာချည်ပဲ။ ဒါကြောင့်မို့ အချစ်က အဆင်းပေါ်မှာ မူတည်တာမဟုတ်ဘူးလို့ ကျွန်တော်ပြောတာလေ။

ကျွန်တော် ဝတ္ထုတွေ တော်တော်များများကို ဖတ်ဖူးပါတယ်။ ဇာတ်လမ်း ဇာတ်အိမ်ပေါ်မူတည်ပြီး စာရေးသူခံစားတင်ပြထားတဲ့ အချစ်ဆိုတဲ့ အဓိပ္ပါယ်က အမျိုးမျိုးပါ။ ဘယ်အရာကြောင့် အချစ်ဖြစ်ခဲ့တယ်၊ ဘာတွေက အချစ်ကို ဖန်တီးခဲ့တယ် ဆိုတဲ့ အကြောင်းအရာတွေကလဲ အဖုံဖုံပါပဲ။ ဒီလိုဒီပုံအချင်းကို သုံးသပ်ကြည့်လိုက်တော့ အချစ်ဆိုတာ အချိန်မရွေး နေရာမရွေး အကြောင်းအရာမရွေး ဖြစ်ပေါ်စေနိုင်မှန်း ကျွန်တော်သတိပြုမိခဲ့တယ်။

ရိုးသားစွာ ဝန်ခံရရင် ကျွန်တော် ရည်စားများများမထားဖူးခဲ့ပေမယ့် မိန်ကလေးအတော်များများကိုတော့ စိတ်ဝင်စားခဲ့ဖူးပါတယ်။ ဒီထဲကမှ အနည်းငယ်ကို ချစ်ခွင့်ပန်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူတို့ဆီက အချစ်ကိုပြန်ရဖို့ သိပ်တော့ မကြိုးစားခဲ့ဖူးဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ချစ်ပဲချစ်နေချင်တာ။ ကျွန်တော့အချစ်တွေကို ပေးပဲပေးနေချင်တာ။ ကိုယ်ချစ်တာ သူသိရင်ပြီးပြီ၊ သူကိုယ့်ကို ပြန်ချစ်ချစ် မချစ်ချစ် ကိုယ်ကချစ်နေရရင်ပြီးပြီဆိုပြီး ရပ်တည်ခဲ့တာလေ။ အကယ်၍များ သူ့ကပြန်ချစ်မှ ကိုယ်ကချစ်မယ်ဆိုရင် ဒါက လောဘပါတဲ့ တတ်မက်မှုရမ္မတ်ပါတဲ့ အချစ်ဖြစ်နေမှာပေါ့။ အရောင်အဆင်းမကင်းတဲ့ ချစ်ခြင်းဖြစ်နေမှာပေါ့။

ကျွန်တော်ခံယူထားတဲ့အချစ်ဆိုတာ ဖြူစင်တဲ့မြတ်နိုးချင်းနှင့်အတူ ပေါက်ဖွားလာတဲ့ သန့်ရှင်းသောမေတ္တာတရားလေ။ ချစ်နေရရင်ပြီးပြီ ချစ်နေဖို့သာအဓိကဆိုတာမျိုး။

 

 

 

အခန့်(၅)

 

ဒီနေ့ သူအကြွေးပြန်ဆက်မယ်လို့ ဖုန်းဆက်ထားလို့ ကျွန်တော် သင်တန်းပြီးတာနဲ့ Moon Bakery ကို တန်းပြီးသွားခဲ့တယ်။ ကျွန်တော် ဆိုင်ထဲကို ဝင်လိုက်တာနဲ့ စားပွဲနဲ့တွဲထားတဲ့ ဒါန်းခုံလေးမှာ သူ့ကိုတွေ့လိုက်တယ်။ အမှတ်မဲ့ပါပဲ။ ကျွန်တော်နာရီကို ကြည့်မိလိုက်တော့ ကျွန်တော်တို့ ချိန်ထားတဲ့အချိန် ရောက်ဖို့ ၁ဝမိနစ်လောက် လိုသေးတာကိုတွေ့ရတယ်လေ။ သူ တော်တော်စောစော ရောက်နေခဲ့တာပဲ။ တော်ရုံမိန်းကလေးမျိုးက အချိန်ကို စောပြီးလာတတ်တာ မဟုတ်ဘူး။

“အကိုကြိုက်တဲ့ မိုခါးအပူမှာထားတယ်”

“ကျေးဇူးပဲ”

ကျွန်တော် ထိုင်ခုံမှာ ဝင်ထိုင်လိုက်တာနဲ့ သူကပြောတယ်။ ဒီကောင်မလေး လူတစ်တွေကို တော်တော် အလေးထားတတ်တာပဲ။

“မင်း ဒီကို ကျောင်းကနေ တစ်ခါတည်းလာခဲ့တာထင်တယ်”

“ရှင်”

“ဪ… မြန်မာဝတ်စုံနဲ့ ဖြစ်နေလို့ပါ”

ဒီတစ်ခေါက်တော့ ဟိုတစ်နေ့ကတွေ့တုန်းကလို ခေတ်ပေါ် နိုင်ငံခြားဖြစ်အဝတ်အစားနဲ့ မဟုတ်ပဲ မြန်မာဝတ်စုံကို သူဝတ်ထားတယ်လေ။ အနက်ရောင်ပေါ်မှာ ရောင်စုံပန်းပွင့်တွေနဲ့ ချည်သားကို အခုခေတ်ပေါ် “အမေစု ဖက်ရှင်”လို့ပြောရမယ့် လည်စေ့ရင်ဖုံးအင်္ကျီလေးနဲ့ပေါ့။

“အကိုက လူကဲခက်တော်သားပဲ။ ဟုတ်တယ် အိမ်ကိုပြန်လိုက်ရင် နောက်ကျနေမှာစိုးလို့ ကျောင်းကနေ တစ်ခါတည်းလာခဲ့တာ”

သူ့အဝတ်အစားတွေကို ပြန်ကြည့်ရင်နဲ့ သူဖြေတယ်။

“ကျောင်းကို ဒီလိုပဲ အမြဲဝတ်သွားတတ်တာလား”

“ဟုတ်တယ်လေ အကိုရဲ့။ ကျောင်းကမြန်မာဝတ်စုံပဲ ဝတ်လို့ရတာ”

“ဪ ကိုယ်ဆိုလိုချင်တာ အဲ့လိုမဟုတ်ဘူး။ ကိုယ်မေးချင်တာက တစ်ခြားမိန်းကလေးတွေဆိုရင် မြန်မာဝတ်စုံဆိုပေမယ့် လူငယ်ဆန်ဆန် အနောက်တိုင်းဆန်ဆန် ပုံစံမျိုးကို ချုပ်ပြီးဝတ်တတ်ကျတယ်လေ။ အခုမင်းဝတ်ထားတဲ့ ပုံစံက အဖွားကြီးပုံပေါက်နေလို့”

“ဟဲဟဲ ဒါကတော့ ညီမက ခေတ်ဆန်မယ်ဆိုလဲ လုံးဝခေတ်ဆန်ဆန် ဝတ်ချင်တယ်။ ပြီးတော့ မြန်မာဆန်မယ်ဆိုလဲ လုံးဝမြန်မာဆန်ဆန်လေးတွေပဲ ဝတ်ချင်လို့ပါ”

သူ့ကိုယ့်ကိုကိုယ် ယုံကြည့်မှုရှိတဲ့ အပြုံးမျိုးပြုံးတယ်။

ဒီနေ့မှ သေချာကြည့်မိတယ်။ သူ့မျက်နှာမှာ အသားညီရုံလိမ်းထားတဲ့ မိတ်ကပ်ပါးပါးကလွဲလို့ အခြားအရောင်အဆင်းမရှိပါလား။ နှုတ်ခမ်းကိုလဲ အရောင်မပါတဲ့ အဆီပဲဆိုးထားတယ်လေ။ ဆံပင်ကတော့ ခဏခဏကျစ်ထားတတ်လို့ ထင်တယ် ကျည်းနက်တောင်ပံကေသာမှာ လှိုင်းတွန့်လေးတွေ တွေ့နေရတယ်။ သူ့ရဲ့ အပြင်ဆင်ကိုကြည့်လိုက်ရင် မျက်ဝန်းအိမ်ကို ပင်ကိုထက်ပိုပြီး ကျယ်လာစေတဲ့ (Big Eye) မျက်ကပ်မှန် အညိုရင့်ရောင်ကလွဲလို့ အရာအားလုံးက သီးခြား ပြင်ဆင်ထားခြင်းမရှိတဲ့ သဘာဝအလှကိုတွေ့ရတယ်လေ။

“ဒီမှာ အကို့ရဲ့ အကြွေး။ ပြည့်မပြည်ရေကြည့်ဦး”

“မရေတော့ပါဘူးဗျာ။ ယုံပါတယ်”

သူပေးတဲ့ ပိုက်ဆံကို ကျွန်တော် လက်ခံထားလိုက်တယ်။

“ဒါဆို ညီမနဲ့ အကိုနဲ့ကြားထဲ ဘာမှပတ်သက်မှုမရှိတော့ဘူးနော်”

“ပတ်သက်မှုမရှိတော့ဘူးတဲ့လား။ ငွေကြေးအရမဟုတ်ပဲ အခြားသော ပတ်သက်မှုနဲ့ ကိုယ့်ဘက်က ဆက်ပြီးပတ်သက်ချင်နေရင်ရောကွယ်”။ ဒီစကားတွေကိုတော့ ကျွန်တော် စိတ်ထဲကပဲ ပြောဖြစ်ပါတယ်။

“ဟားဟား။ ဟုတ်ပါပြီ။ ဒါဆို ကိုယ်က မင်းဆီကို ဖုန်းဆက်တာတို့ မက်ဆေ့ပို့တာတို့ တောင်လုပ်လို့မရတော့ဘူးပေါ့”

“အဲလို မဟုတ်ပါဘူး။ ညီမပြောတာက ညီမတို့ကြားထဲမှ အကြွေး မရှိတော့ဘူးလို့ ပြောတာပါ”

သူ နှုတ်ခမ်းလေး ဆန့်သွားအောင် ပြုံးလိုက်တယ်။

“ဒါနဲ့ မင်းဒီကပြီးရင် အိမ်ပြန်မှာမို့လား”

“ဟုတ်”

“ဒါဆို ကိုယ်လိုက်ပို့မယ်လေ”

သူကော်ဖီကိုသောက်နေရင်း မျက်လုံးလေးစွေကာ ကြည့်တယ်။

“အကိုက ဘယ်လို လိုက်ပို့မှာမို့လဲ”

“ကိုယ့်မှာ ကားပါပါတယ်။ ဟိုဘက်လမ်းထဲမှာရပ်ထားတယ်။ မင်းအတွက် အနှောက်မယှက်မဖြစ်ဘူးဆိုရင်တော့ ကိုယ်လိုက်ပို့ပေးပါရစေ”

“ဒါဆိုရင်တော့ ကောင်းတာပေါ့။ ကားငှားပြီးအိမ်ပြန်ရင် ပိုက်ဆံကုန်နေဦးမယ်။ တစ်ခုတော့ရှိတယ်နော်။ အမေက ယောက်ျားလေးတွေနဲ့ သွားတာလာတာ မကြိုက်ဘူး။ ဒီတော့ လမ်းထိပ်ထိပဲ လိုက်ပို့ပေးလို့ရမှာ။ ပြီးရင် နောက်ကလိုက်လာတာတို့ အိမ်ကိုလိုက်ကြည့်တာတို့ မလုပ်ရဘူး။ ချက်ချင်းပြန်ရမယ် ဟုတ်ပြီလား”

သူ ကျွန်တော့ရဲ့အကြံကို ကြိုသိနေတာပဲ။ ရပါတယ်လေ။ အိမ်ကိုမသိရတောင်မှ အနည်းဆုံး သူနေတဲ့လမ်းကိုတော့ သိခွင့်ရတာပေါ့။

“ကောင်းပါပြီဗျာ။ မင်းသဘောပါ”

“ဒါဆိုရင်လဲ ကော်ဖီမြန်မြန်သောက်။ အိမ်ပြန်နောက်ကျရင် အမေက ဆူနေလိမ့်မယ်”

ကျွန်တော်တို့ နှစ်ယောက် ကော်ဖီကိုမြန်မြန်သောက်ပြီး ဆိုင်ကနေ ခွာခဲ့တယ်။

သူ့အိမ်က ကြည်မြင်တိုင်ဘက်မှာဆိုတော့ ပန်းဆိုးတန်းကနေဆိုရင် နာရီဝက်သာသာလောက်ကို သွားရတယ်လေ။ ပြီးတော့ ညနေဘက် ရုံးဆင်းချိန်ဆိုတော့ ကားတွေက မတရားကျပ်နေလို့ အချိန်ကလဲ ပိုကြားသွားတာပေါ့။ ကားမောင်းချိန်ကြာတယ်ဆိုပေမယ့် ကျွန်တော့အတွက်တော့ သိပ်ပြီး ပျင်းစရာ မရှိပါဘူး။ ဘေးနားမှာပါလာတဲ့ သူက ကျွန်တော့ကို ပျင်းချိန်မရအောင်ကို စကားတွေပြောပေးနေတာ။

သူက စကားပြောရင် ပြုံးပြီးတော့ ပြောတတ်တယ်။ ရံဖန်ရံခါဆိုသလိုလဲ သူ့စကားသူ သဘောကျပြီး တခစ်ခစ်နဲ့ရယ်တတ်သေးတယ်။ ပြီးတော့ စကားကို မျက်နှာတည်မျက်နှာထားနဲ့ပြောတတ်တော့ တစ်ခါတစ်လေများ သူ့စကားကိုတောင် သိပ်ပြီးနားမထောင်ဖြစ်ဘူး။ သူ့မျက်နှာလေးကိုပဲ ကျွန်တော်ကြည့်နေမိလို့လေ။

သူ့ရဲ့ ဟန်ပန်အမူအရာကတော့ သိပ်ပြီး ထူးထူးခြားခြားမရှိပါဘူး။ အရမ်းကို အလှအပကြိုက်တဲ့ လူတွေအမြင်မှာ ချစ်စရာကောင်းတဲ့ အမူမရာပေါ်အောင် အလေ့အကျင့်လုပ်ယူထားတဲ့ မိန်းကလေးမျိုးတွေကလွဲလို့ အခြား သာမန်မိန်းကလေးတွေလိုပဲ ရိုးရိုးလေးပါ။ ဒါပေမယ့် သူရဲ့ပွင့်လင်းတဲ့ လှုပ်ရှားမှုတွေက ဆွဲဆောင်မှုရှိနေတယ်လို့ ပြောရမလားပဲ။

ကျွန်တော် သူ့အိမ်လမ်းထိပ်ကိုပို့ပြီးတာနဲ့ တစ်ခါတည်း တန်းပြီး အိမ်ကို ပြန်လာခဲ့တယ်။ သူပြောထားသလို စောင့်လည်းမကြည့်ဘူး၊ လိုက်လည်း မချောင်းခဲ့ပါဘူး။

တစ်ကယ်ဆို ဒီအလုပ်တွေက ကျွန်တော်နဲ့လဲ သိပ်ပြီး သက်ဆိုင်တာ မဟုတ်ပါဘူး။ ကျွန်တော်က လူမျိုးစုံနဲ့ ပေါင်းသင်းခဲ့ဖူးသလို၊ အလွှာမျိုးစုံမှာလဲ ကျင်လည်ခဲ့ဖူးသူပဲ။ လူတစ်ယောက်ကို နောက်ကြောင်းရှင်းမှ မိတ်ဖွဲ့တတ်တာ ကျွန်တော့အကျင့်မှ မဟုတ်ပဲ။ ဟုတ်တယ်မို့လား။ ကျွန်တော်ပေါင်းမှာ ဒီလူနဲ့ပဲလေ။ ဒီလူက ကိုယ့်အပေါ်ကောင်းမယ်ဆို သူ့နောက်ကြောင်းက အရေးမကြီးတော့ပါဘူး။

အခုလဲ ကျွန်တော် တွေ့မြင်အကဲခတ်လို့ ရသလောက်တော့ သူက ဟော့ဟော့ရမ်းရမ်း မိန်းကလေးမျိုးမဟုတ်ပါဘူး။ လူငယ်ဆန်ဆန် နေတတ်တာကလွဲလို့ အနေအထိုင်အနေနဲ့လဲ သိမ်မွေ့တယ်လို့ပြောရမှာပါ။

သူပြောပြလို့ သိရသလောက်တော့ သူ့အဖေက အရမ်း စည်းကမ်းကြီးတယ် ဆိုပဲ။ အဝတ်အစားကအစ နောက်ပိုင်းမိန်းကလေးတွေလို လျှပ်ပေါ်အဝတ်အစားတွေ ဝတ်တာ လုံးဝခွင့်မပြုဘူးတဲ့။ အမေကလဲ သူ့သမီးကို အိမ်တွင်းမှုနိုင်နင်းအောင် ချက်ရေးပြုတ်ရေး လျှော်ဖွတ်ရေးကအစ အားလုံးကို သင်ပေးထားခဲ့တဲ့သူတဲ့။

ဒါတွေက တစ်ကယ်ဟုတ်မဟုတ် သေချာတော့ ကျွန်တော်မပြောနိုင်ပါဘူး။ သူပြောသလောက်ပဲသိရတာ။ ယုံရမလား မယုံရဘူးလားဆိုတာကတော့ ကျွန်တော်အခုထိ စဉ်းစားရကြပ်နေဆဲပါ။

အခန်း(၆)

            အမှတ်တမဲ့ပဲဖြစ်မှာပါ။ ကျွန်တော် အခုတလော ဖုန်းနဲ့လက် ထိမိပြီဆိုတာနဲ့ သူအင်တာနက်များ သုံးနေမလားဆိုပြီး အမြဲကြည့်ကြည့်နေမိတယ်။ ပြီးတော့ “ကျောင်းသွားလား” “ထမင်းစားပြီးပြီလား” ဆိုတဲ့ စာတွေကို ပို့နေမိပြန်တယ်။ အမှတ်တမဲ့ပါ။ မရည်ရွယ်ပဲ လုပ်မိတာတွေဖြစ်မှာပါ။

ဒီရက်ပိုင်းအတွင်း မတီးဖြစ်တာ ကြာပြီဖြစ်တဲ့ ဂီတာကို ကျွန်တော်ပြန်တီးဖြစ်နေတယ်။ တီးဖြစ်တိုင်းလဲ ဇော်ဝင်ထွဋ်ရဲ့ အရွယ်လွန်အချစ် ဆိုတဲ့ သီချင်းကို ဆိုမိနေပြန်တယ်။ အမှတ်မဲ့ပဲ နေမှာပေါ့။

တစ်လောကလဲ စာပေလောကကို ရောက်သွားတော့ တက္ကသိုလ်ဘုန်းနိုင်ရဲ့ “ညီမလေးရယ် စိုးရိမ်မိတယ်”ဝတ္ထုကို တွေ့တာနဲ့ ဝယ်ပြီး ဖတ်မိသွားပြန်ရော။ အင်း… ကျွန်တော်လဲ အမှတ်မဲ့တွေ တော်တော်များနေပြီထင်ပါ့။

 

အခန်း(၇)

            ကျွန်တော် သူနဲ့ အင်တာနက်သုံးပြီး စကားပြောရတာကို ပျော်တတ်လာပြီ။ ညဖက်ဆို သူဘယ်အချိန်များ စကားပြန်ပြောမလဲဆိုတာကို မျှော်တတ်လာပြီ။ အိပ်ရာဝင်တိုင်း သူပါတဲ့အိမ်မက်လေးတွေ မက်ဖို့ ခေါ်တတ်လာခဲ့ပြီ။ ဟုတ်ပါတယ်… ကျွန်တော်သူ့ကို စိတ်ဝင်စား နေခဲ့ပါပြီ။

တစ်နေ့တော့ သူက ထူးထူးဆန်းဆန်း မေးခွန်းတစ်ခုကို ပြောလာတယ်။ သူချစ်ကိုရှာရမလား ကိုယ်ချစ်ကိုရှာရမလားတဲ့။ ဒါနဲ့ ကျွန်တော်လဲ ဘာဖြစ်လို့မေးတာလဲလို့ အမေးပြန်ထုတ်တော့ သူကပြောတယ်။ ဒီနေ့သူ့ကို ကောင်လေးတစ်ယောက်က ရည်းစားစကားလာပြောတယ်တဲ့။ ကောင်လေးက ရုပ်ရည်ရော အမူအကျင့်ကအစ အပြစ်ပြောစရာမရှိပါဘူးတဲ့။

ဒါဆို အဲ့ဒီကောင်လေးကို ဘာပြန်ပြောခဲ့လဲလို့ ကျွန်တော်စိုးရိမ်တကြီးနဲ့ မေးလိုက်တော့ တခစ်ခစ်နဲ့နေအောင် ရယ်ပြီး သူကပြန်ပြောတယ်။ သူ တစ်ခါတည်း အပြတ်ညင်းခဲ့တယ်တဲ့။ အကြောင်းပြချက်ကတော့ သူ့ကို မချစ်နိုင်လို့တဲ့လေ။

ဒီစကားတွေကြားတော့ ကျွန်တော် ယောက်ယက်ခတ်သွားတယ်။ ကျွန်တော်မေ့နေတဲ့ အရာတစ်ခုကိုလဲ ချက်ချင်းသတိရမိသွားတယ်။ တစ်ကယ်ဆို ကျွန်တော်က တစ်ကောင်တည်း ပြေးနေတဲ့မြင်းမှမဟုတ်ပဲ။ ကျွန်တော့မှာ ပြိုင်ဘက်တွေ ရှိနိုင်သေးတယ်လေ။ တစ်ကယ်လို့ ဒီပွဲကို အနိုင်ရချင်တယ်ဆိုရင် အားအင်စိုက်ပြီး ယှဉ်ပြိုင်တိုက်ခိုက်နိုင်မှ ဖြစ်လိမ့်မယ်။

ကျွန်တော် သူ့ကို မေးကြည့်တယ်။ “မင်းက ဘယ်လိုလူမျိုးကို ပြန်ချစ်ချင်တာလဲ”လို့။ သူကပြောတယ်။ သူ့ကိုဂရုစိုက်ရမယ်၊ သူ့အလိုကိုလိုက်ရမယ်၊ အရေးအကြီးဆုံးက သူတစ်ယောက်တည်းကိုပဲ သစ္စာရှိရှိချစ်နိုင်ရမယ်တဲ့။ စဉ်းစားကြည့်တော့ ဒီအချက်တွေက သမီးရည်းစားတွေ အားလုံးမှာ ရှိထားသင့်တဲ့အရာတွေလေ။ သိပ်ပြီး ထူးဆန်းတာတွေတော့ မဟုတ်ပါဘူး။ ပြီးတော့ ပြောသေးတယ်။ ရုပ်ချောဖို့ထက် စိတ်ထားလှတဲ့သူ ဖြစ်စေချင်တယ်တဲ့လေ။

ဝမ်းသာစရာပါ။ ကျွန်တော့မှာ ပြိုင်ပွဲဝင်ဖို့ အရည်အချင်း အပြည့်အဝ ရှိနေတာပဲ။

စိတ်ကူးထဲက အစီအစဉ်တွေကို လက်တွေ့မှာ အကောင်အထည် ဖေါ်ကြည့်မိတော့ သိပ်မလွယ်လှဘူး။ အဓိက ကျွန်တော့ကို အခက်တွေ့သွားစေတာ သူ့ကို နေ့တိုင်းတွေ့ခွင့်မရတာပဲ။ ပြီးတော့ ညဘက်တွေဆိုလဲ ဖုန်းဆက်လို့မရဘူးလေ။ အမေက ယောက်ျားလေးတွေနဲ့ စကားပြောတာ မကြိုက်ဘူးဆိုလို့ နေ့ခင်းဘက် သူကျောင်းမှာ ရှိနေတဲ့ အချိန်တွေမှာပဲ ဖုန်းပြောခွင့်ရခဲ့တယ်။ ပြောရပြန်တော့လဲ အနားမှာသူငယ်ချင်းတွေက အမြဲရှိနေတာလေ။ သူတို့တွေက ဘေးနားကနေ စလိုက် နောက်လိုက်လုပ်နေတော့ စကားကို အေးအေးဆေးဆေး ပြောလို့မရပြန်ဘူး။

အမှန်အတိုင်းပြောရရင်တော့ ကျွန်တော် အသုံးမကျတာလဲ ပါပါတယ်။ နေ့ခင်းဘက် သင်တန်းမရှိတဲ့ နေ့တွေ အချိန်တွေဆို သူ့ကျောင်းကို သွားပြီး သူနဲ့တွေ့ဆုံစကားပြောလို့ရမယ့် အခြေအနေကို ဖန်တီးနေနိုင်ရက်နဲ့ ဒီအလုပ်က နည်းနည်းလေးများ အောက်ကျနေမလားဆိုတဲ့အတွေးနဲ့ မလုပ်ဖြစ်ခဲ့ဘူး။ ကျောင်းပိတ်ရက် သူကျူရှင်တတ်တဲ့ နေရာကိုလဲ သွားမတွေ့ခဲ့ဘူး။

ဒီတစ်လွဲမာနတွေကြောင့်ပဲ သူနဲ့ ထင်သလောက် ရင်းနှီးမှုမရခဲ့တာ ဖြစ်မှာပါ။ ဒါက ကျွန်တော့ရဲ့ အကြီးမားဆုံး အားနည်းချက်လို့ပဲထားလိုက်ပါ။ မချစ်တာလဲ မဟုတ်ပဲနဲ့ မချစ်ချင်ယောင် ဆောင်ခဲ့တယ်လို့ပေါ့။

တစ်ရက်တော့ ကျွန်တော့ခေါင်းကို နူကလီးယား ကျဲပစ်မယ့် စကားတစ်ခွန်း သူပြောခဲ့တယ်။ သူ တစ်ဖက်သတ်စိတ်ဝင်စားမိနေတဲ့တစ်ယောက်က သူ့ကို လာပြီး မိတ်ဖွဲ့တယ်တဲ့။ အဲ့ဒီ့အချိန်မှာ သူဘယ်လောက် ပျော်သွားကြောင်း၊ ဘယ်လိုစိတ်လှုပ်ရှားသွားကြောင်း၊ ဘယ်လို ရင်ခုန်သွားကြောင်းကို ဝမ်းသားအားရနဲ့ သူပြောပြနေပေမယ့် ကျွန်တော် အဲ့ဒီ့စကားတွေ တစ်ခုကိုမှ အာရုံစိုက်လို့မရတော့ဘူး။ ကျွန်တော့ ခေါင်းထဲမှ အတွေးတစ်ခုကပဲ စိုးမိုးသွားခဲ့ပြီ။ “မြင်းကောင်းတွေတောင် ခွာလိပ်တတ်သေးတာပဲ။ ငါလို ကြိုးစား အားထုတ်မှုမရှိတဲ့ သာမန်မြင်းဆိုရင်တော့ ဘယ်ပြောကောင်းမလဲ”လို့။

တစ်ကယ်တော့ ကျွန်တော် နောက်မကျသေးပါဘူး။ ကြိုးစားခွင့်ရှိနေစဲပါ။ ဒါပေမယ့် အခွင့်အရေးကတော့ အရမ်းကို နည်းသွားပြီလေ။ “ဒီနေရာမှာ ငါးပွက်မှန်းသိနေမှတော့ ငါးစားမချပဲ နေမယ့်သူဆိုတာ ဂေါက်ကြောင်နဲ့ ပလိုင်းပြည့်နေတဲ့သူပဲ ရှိမှာပါ”။ ကျွန်တော့ပြိုင်ဘက်က ဒီလိုလူစားမှ မဟုတ်ပဲ။

တစ်နေ့တော့။ ရင်ထဲက ခံစားချက်တွေကို ဘယ်လိုမှ ထိမ်းချုပ်လို့ မရတော့တဲ့ တစ်နေ့တော့ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား ကျွန်တော်ချလိုက်တယ်။ ဟုတ်တယ်။ ကျွန်တော် သူ့ကိုဖွင့်ပြောဖို့ အချိန်ကျပြီ။

မဖြစ်မနေဆိုတဲ့ တွန်းအားကြောင့် ကျွန်တော် သူ့ကျောင်းကို ရောက်သွားတယ်လေ။ ကျွန်တော် သူ့ကို တွေ့လိုက်ရတဲ့အချိန်မှာ သာမန်ထက်ပိုတဲ့ အပျော်အပြုံးနဲ့ သူကျွန်တော့ကို နှုတ်ဆက်တယ်။ ကျွန်တော့စိတ်ထဲ နည်းနည်း လေးသွားတယ်ဗျာ။

ကျွန်တော် ထင်တာ မလွဲပါဘူး။ သူနဲ့ကျွန်တော် ကန်တင်းဘေးနားက ခရေပင်အောက်မှာ စကားပြောဖြစ်တဲ့အချိန် ကျွန်တော်တွေးပြီးသား စကားတစ်ခွန်းကို သူပြောခဲ့တယ်။ မနက်ကပဲ ဟိုတစ်ယောက် သူ့ကိုချစ်ခွင့်ပန်သွားတယ်တဲ့။

ကျွန်တော် မျှော်လင့်ထားပြီးသားပါ။ ဒါမဲ့ ဒီအခြေအနေကို ကျွန်တော်လုံးဝ လက်သင့်မခံနိုင်ဘူး။ သူ့ကို ဒီလိုပုံစံမျိုးနဲ့တော့ အဆုံးအရှုံးမခံနိုင်ဘူး။

ကျွန်တော့မှာ အခြားရွေးချယ်စရာ မရှိတော့တာ။ သူပြောနေတဲ့ စကားကို ဆက်နားမထောင်တော့ပဲ စိတ်ကိုတင်းကာ သူ့မျက်ဝန်းညိုညိုကို စူးစိုက်ကြည့်ပြီး

“မင်းကို ကိုယ်ချစ်တယ်”ဆိုတဲ့ စကားကို ကျွန်တော် ပြောလိုက်တယ်။ သူ့ရဲ့ အံ့အားသင့်နေတဲ့ မျက်နှာကို ကျွန်တော်ငေးကြည့်လို့ မဝင်ခင်မှာပဲ အပြုံးတစ်ခုနဲ့ ကျွန်တော်ရဲ့ အဝေးကို သူထွက်သွားခဲ့ပြီလေ။ ကျွန်တော် သူ့နောက်ကို လိုက်မသွားခဲ့ပါဘူး။ ကားဆီသို့သွားပြီး အိမ်ကိုပဲ တန်းတန်းမတ်မတ်ပြန်ခဲ့ပါတယ်။

အိမ်အပြန်လမ်းမှာတော့ ကျွန်တော့စိတ်ထဲ ဗလာနိတ္ထိပါ။ ပုဒ်မ၁၅၀ဝနဲ့ စွဲချက်တင်ထားတဲ့ ဒီအမှုကို မေတ္တာခုံရုံးက ဘယ်လို အမိန့်ချမယ်ဆိုတာကို စောင့်နေရုံပဲ ရှိတော့တာပေါ့။

အခန်း(၈)

 

တစ်ကယ်တော့ သူကမလှပါဘူး။ ဇင်ယော်တောင် မျက်ခုံးတွေမရှိသလို ရွှမ်းလဲ့တဲ့မျက်ဝန်းကိုလဲ မပိုင်ဆိုင်ပါဘူး။ နှင်းဆီဖူးလဲမမည် လေးကိုင်းသဏ္ဍန်လဲ မဟုတ်တဲ့ နှုတ်ခမ်းတစ်စုံနဲ့ သာမန်ထက်မပိုတဲ့ ခန္ဓာကိုယ်အလှကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမယ့် ကျွန်တော်သူ့ကို ချစ်တယ်။ အချစ်ရဲ့ ပဉ္စလက်ဆန်တဲ့ စွမ်းအားကြောင့် ကျွန်တော့ မျက်ဝန်းထဲမှာ သူဟာ အလှဆုံးဖြစ် သွားတယ်ပေါ့။

တစ်ကယ်တော့ အချစ်ဆိုတာ ဒြပ်ဝတ္ထုအပေါ် အခြေခံတာ မဟုတ်ပါဘူး။ ရင်ခုန်သံစည်းချက်အပေါ် အခြေပြုတဲ့ နူးညံ့သော ခံစားမှုပါ။

အခုချိန်မှာ “အချစ်ဆိုတာဘာလဲ”လို့ မေးခဲ့မယ်ဆို ကျွန်တော့မှာ ဖြေစရာ ရှိနေခဲ့ပြီလို့ထင်ပါတယ်။

ကျွန်တော်သိတဲ့ အချစ်ဆိုတာ ရယူလိုခြင်း လောဘရမ္မက်အလျင်ကင်းတဲ့ ချစ်ခြင်းပါ။ သူပျော်နေရင် ကိုယ်ဝမ်းသာမယ်။ သူစိတ်ချမ်းသာရင် ကိုယ်ကြည်နူးမယ်။ ပေးဆပ်မှုတော့ မဟုတ်ပါဘူး။ ပိုင်ဆိုင်လိုချင်းမရှိယုံပါ။

တစ်ကယ်တော့ အချစ်ဆိုတာ ချစ်နေဖို့သာ အဓိကပါ။ ဖြူစင်စွာ ချစ်တတ်တဲ့ သူတွေအတွက် သန့်ရှင်းသော ချစ်ခြင်းမေတ္တာဆိုတာ ရှိနေမှာပါ။

ကျွန်တော် ယုံကြည့်ပါတယ်။  ရိုးသားစွာ ရင်ခုန်တတ်သူအတွက် ရင်ခုန်သံ စည်းချက်ညီသူ ရှိနေပါတယ်။ ။

အနုပညာသည် အနုပညာအတွက်သာ ဖြစ်သည်

Courage

About Courage

has written 49 post in this Website..