စက်တင်ဘာကို ပြန်ရောက်လာပြန်ပြီ…

ဘာလိုလိုနဲ့ အသက်လည်း တစ်နှစ် ကြီးခဲ့ပြန်ပြီ…

တစ်နှစ် ဆိုတဲ့ အချိန်ကာလအတွင်းမှာ ဖြစ်ခဲ့တဲ့ အပြောင်းအလဲတွေက မြန်လိုက်တာ…

ထင်ထားတာထက် အပြောင်းအလဲတွေ ပိုများခဲ့တယ်…..

 

သည် တစ်နှစ် ဟာ ကြုံခဲ့သမျှ နှစ်တွေထဲ အပြောင်းအလဲ အများဆုံး နှစ်တစ်နှစ်ပဲ…

သည်နှစ်အတွင်း အပြောင်းအလဲ တချို့ကို ပြန်တွေးကြည့်မိတော့…

– လက်ရှိအလုပ် အပါအဝင် အလုပ် သုံးနေရာ ပြောင်းခဲ့တယ်….

– ပတိရူပ ဒေသဝါသောစ ဆိုတဲ့ တရားကို အကြောင်းပြပြီး တစ်ရွာမပြောင်း သူကောင်းမဖြစ် ဆိုတဲ့ စကားပုံကိုပါ အမှုတွဲထဲ ထည့်လို့ မွေးရပ်မြေကနေ ရန်ကုန်ကိုရောက်လာရဲ့…. (တကယ်က လာချင်တာကို အကြောင်းပြချက် တမင်ရှာထားတာ)

– ၂၀၁၄ မှာ ဖြစ်ခဲ့သမျှ ကိစ္စဟောင်းတွေအားလုံးကို ၂၀၁၅ မရောက်ခင် ပြီးအောင်ရှင်းနိုင်ခဲ့တယ်။ (အချစ်ရေး အပါအဝင်)

– တစ်ကိုယ်တော် လေလွင့်ခြင်း ခရီးစဉ်လည်း အကောင်အထည်ပေါ်ခဲ့ပြီ။

– မနက် ဝေလီဝေလင်းကို ကုန်းရုန်းထပြီးတော့ မန္တလေးတောင်မှာ မျက်စိအစာကျွေး (အဲလေ) လမ်းလည်း ထလျှောက်ဖြစ်ခဲ့တယ်။

– အရင်က ဘတ်စ်ကားကျပ်တယ်ဆိုတာ ဘယ်လိုပါလိမ့် လို့  တွေးယူရတဲ့အထိ ဖြစ်ခဲ့တဲ့သူက အခုတော့ ခြေချစရာ နေရာလွတ်တောင်မရှိတဲ့ ဘတ်စ်ကားကို တိုးစီးဖူးခဲ့ပြီ။

– မြို့ပတ်ရထား ဆိုတာ ချို(ဂျို)နဲ့လား လို့  မေးယူရမယ့်အဆင့်ကနေ တစ်ယောက်သောသူရဲ့ အကူအညီနဲ့ ရထားကို အသွားအပြန်လည်း ပတ်စီးဖူးခဲ့ပြီ။ (အဲ့အကြောင်းကို အခြေခံပြီး သူကတော့ ဝတ္တုတစ်ပုဒ်တောင် ရသွားရဲ့ )

– တစ်မိနစ်ခွဲလောက်ပဲ လမ်းလျှောက်ရမယ့် ခရီးကိုတောင် ဆိုင်ကယ်လေးနဲ့မှ သွားတတ်တဲ့သူက အခုတော့ တတ်နိုင်သမျှ ကုန်းကြောင်းပဲလျှောက်နေရရဲ့

– တစ်ကိုယ်တည်း သွားလာ လှုပ်ရှားနေရင်း တူတူတွဲလျှောက်မယ့် လက်တွဲဖော်လည်း ရှိလာပြီ…

 

တစ်နှစ်အတွင်း နေထိုင်ရာလည်းပြောင်း၊ lifestyle လည်းပြောင်း၊ အိပ်မက်တွေလည်း ပြောင်းခဲ့ပေါ့…..

ဒီ အပြောင်းအလဲတွေက ဒီနေရာမှာတင် အဆုံးသတ်သွားမလား ဒါမှမဟုတ် ဒီထက် ဒီထက် ပိုပြီး ကြီးမားတဲ့ အပြောင်းအလဲတွေရဲ့ အစလား ဆိုတာ ကျနော်မသိပါဘူး။

အမြဲ ပြောင်းလဲနေတဲ့ လောကကြီးမှာ မပြောင်းလဲတာက ပြောင်းလဲခြင်းသာရှိတယ်လို့ သိထားတာမို့ အပြောင်းအလဲကို ရင်ဆိုင်နိုင်ဖို့၊ ရေစီးကို အမီလိုက်နိုင်ဖို့ပဲ အဆင်သင့် ပြင်ထားမိတယ်….

ကိုယ်တိုင် ပြောင်းလဲဖို့ တွန့်ဆုတ်နေမိတဲ့ အရာတွေကိုလည်း ပြောင်းလဲနိုင်ဖို့ ကြိုးစားရဦးမယ်….

ပြောင်းစပြုနေတဲ့ ကိစ္စတွေကိုလည်း ကောင်းသောပြောင်းလဲခြင်း ဖြစ်ဖို့ ပြင်ရဦးမယ်…

ပြောင်းပြီးသွားတဲ့ အရာတွေနဲ့လည်း လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရဦးမယ်…

လာမယ့် နိုဝင်ဘာမှာလည်း အပြောင်းအလဲတစ်ခုကို မျက်ဝါးထင်ထင် မြင်နိုင်ဖို့အတွက် ကိုယ်လုပ်နိုင်တာ လုပ်ရဦးမယ်…..

ဒါကြောင့် အခုတလောမှာ တွေးမိနေတဲ့ အတွေးကတော့

Time to CHANGE!!!…….

(သူ့နောက်က စာသားကိုတော့ မပြောလည်း သိနေလောက်ပါပြီလေ… )

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

About Mr. MarGa

Mr. MarGa has written 85 post in this Website..

နတ်ပြည်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ နေမျိုးဗလကျော်သူ ဝဏ္ဏကျော်ထင် သီရိပျံချီ အလင်္ကာကျော်စွာ သီဟသူရ အောင်ဆန်းသူရိယ ဦးမာဃ

CJ # 9292010