ကျမနာမည်ပြောင်းမှ ဖြစ်မယ်………
Aye Aye Myint·Friday, December 4, 2015172 Reads
ဒီလောကကြီးမှာ အေးအေးမြင့်တွေ အတော်ပေါပါတယ်။(ပေါတောတော ဆိုတဲ့ ပေါတာမျိုး မဟုတ်ပါဘူးနော်။ ပေါများတယ် ဆိုတဲ့ ပေါခြင်းပါ။)ဧကန္တတော့ ဒီနာမည်ဟာ နာမည်ပေးတဲ့ မိဘတွေအတွက် အတော် စိတ်ချမ်းမြေ့စရာ နာမည်မျိုးမို့ တနင်္ဂနွေသမီး တော်တော်များများရဲ့နာမည်ကို အဲဒီခေတ်က ဒီနာမည်ပဲ ပေးလိုက်ကြတာ ဖြစ်မှာပဲ။(ကိုယ်လိုရာ ဆွဲတယ်ပြောချင်လည်း ပြောပေ့စေ)
အမှန်တော့ ကျမ ငယ်ငယ်က အိမ်ကို ဆွမ်းခံကြွတဲ့ မုံရွာကျောင်းတိုက်က ဆရာတော် ဦးဇောတက အောင်မိမိ(သို့) အောင်မမ လို့ နာမည်ပေးခဲ့တာ။(အဲ့ဒီနာမည်နဲ့သာဆို အခု အတော်ခေတ်မီနေမှာ)
ဒါပေမယ့် ကျမတို့ ညီအမများရဲ့ အမည်ကင်ပွန်းတပ် ဆရာကြီးက ကျမတို့ရဲ့ တဦးတည်းသော အကိုကြီးပါ။ အမေက မူလတန်းပညာပဲ ရှိပါတယ်။ အဖေကတော့ တရုတ်ကျောင်းပဲ တက်ပြီး မြန်မာစာကို ကိုယ့်ဖာသာလေ့လာယူသူပါ.။အဲတော့ ညီမ တယောက် ကျောင်းအပ်တိုင်း အကိုကပဲ နာမည်မှည့်ပေးတော့ ညီအမတတွေ နာမည်က နေ့နံအလိုက် စီးရီးဆွဲလာတာ တနင်္ဂနွေသမီး အငယ်ဆုံးလေးလည်း ကျရော အေးအေးမြင့်လို့ တွင်ပါလေရော။
သူငယ်တန်းမှာကတည်းက အေးအေးမြင့်က ၂ယောက်ရှိပြီ။ နောက်တယောက်က ကုလားမလေး၊သူ့အမေက ဒေါ်အမီနာတဲ့။ ကျမက အမီနာ ခါတွန် အာလူးနဲ့ ကြက်သွန်လို့ စရင် သူက တရုတ်မပေါက်ဖော် တုတ်ကောက်နဲ့ဆော် လို့ ပြန်အော်တယ်။ ပထမအစမ်းစစ်ပြီးချိန်မှာ ဆရာမ ဒေါ်ကြည်က အတန်းရှေ့က နာမည်ခေါ်တယ်။ ကိုကို၊ညီညီလွင်၊အေးအေးမြင့် ဆိုပြီး ၃ယောက်ခေါ်ထုတ်တယ်။ ကျမက ငယ်ငယ်တုံးက လူသိပ်ကြောက်တတ်တာ။ဆရာမကို ကြောက်လို့ ရှေ့မထွက်ဘူး။ အဲတော့ တတန်းတည်းက နောက်အေးအေးမြင့် တယောက်က ထွက်သွားတယ်။ ဆရာမက သူ့ကို နေရာပြန်ထိုင်ခိုင်း၊ကျမကို ဆွဲထုတ်ပြီး သူငယ်တန်းကြီးကို ပို့လိုက်တယ်။ ပထမအစမ်းမှာ ပဒုတ ရတဲ့ ၃ယောက်ပေါ့။သူငယ်တန်းကြီးရောက်တော့ သင်္ချာမှာ အမြှောက်တွေ အစားတွေ သင်နေတာ ဘာတွေမှန်း မသိလို့ စိတ်ညစ်လိုက်တာ။
၃တန်းလောက်ရောက်တော့ နောက် အေးအေးမြင့် တယောက်နဲ့ အတန်းတူပြန်ရော၊ ၂ယောက်စလုံးက တရုတ်မတွေချည်းဆိုတော့ ကိုယ်က သူ့အိမ်နာမည် အေးအေး လို့ ခေါ်ပြီး သူက ကိုယ့်အိမ်နာမည် လမ်လမ်း လို့ ခေါ်လိုက်တာ အေးရော။
၅တန်းကျတော့ အေးအေးမြင့်က ၃ယောက်တောင် ဖြစ်လာတယ်။ကျောင်းခေါ်ချိန်မှာတော့ အေးအေးမြင့် ၁၊၂၊၃ ပေါ့။ အပြင်မှာတော့ အဖေနာမည် တပ်ပြီး ခွဲကြတယ်။နောက်တိုးတဲ့ အေးအေးမြင့်ကို သူ့အဖေ ၀၀ကြီးမို့ စည်ပိုင်းလို့ ခေါ်ကြတယ်။ သမီးကတော့ ညိုချော ပိန်ပိန်လေးပါ။
ရီဂျင်နယ် တက်တော့လည်း နာမည်တူက ရှိတာပါပဲ၊ RC3 မွေးမြူရေးမှာ အေးအေးမြင့် ၂ယောက် ၊နောက်တယောက်က ဆံပင်ရှည်ရှည် မိန်းမပီပီသသ လှလှပပ၊ ကိုယ်က ဆံပင်တိုတို တိန့်ရင်ချောင်းကေနဲ့ ရှပ်အကျီင်္ ၀တ်လို့။
ဆေးကျောင်းရောက်တော့ 2nd MB ဆေး(၁) မှာ နာမည်တူ မရှိ၊ပျော်လိုက်တာ။
ဒါပေမယ့် ကျောင်းဝင်ပြီး မကြာခင် ဆေးစစ်ရတယ်။ကားကြီးပေါ်မှာ ရင်ပတ်ကို ဓာတ်မှန် ရိုက်ရတယ်။ နောက်ရက်လည်းကျရော အေးအေးမြင့် ဆိုတာ UTI ခေါ်တဲ့ အဆုပ်ရောဂါဌာနကို လာတွေ့ပါတဲ့။ ဘယ်နေရာမှန်းလည်း မသိတော့ ဇီဝကမ္မ ဌာနမှူး ဒေါ်ကြည်ကြည်မေ ကို သွားမေးရတယ်။ ဆရာမကြီးက ဆေးရုံကြီးရှေ့မှာ သွားလို့ လမ်းညွှန်ရင်း အဲဒီအချိန် အတော်လေး ၀တဲ့ ကိုယ့်ပုံကြည့်ပြီး တီဘီနဲ့တော့ မတူပါဘူး။စပျူတမ် စစ်ကြည့်မလို့ နေမှာပါ တဲ့။ စပျူတမ် ဆိုတာ သလိပ်စစ်တာမှန်းလည်း မသိခဲ့ပါဘူး။ငါတော့ တီဘီဖြစ်ပြီ ဆိုပြီး နောက်နေ့ စိတ်ညစ်ညစ်နဲ့ သွားရတယ်။ကျောင်းလည်း မတက်ရဘူးပေါ့။ တီဘီဌာနရောက် စာထဲကအတိုင်း ဒေါက်တာ သန်းဦး ဆိုတာ ရှာပြီး သွားတွေ့တော့ ဆရာက စာသေချာဖတ်ကြည့်ပြီး ဆောရီးသမီးရေ၊ဒို့ခေါ်တာ Zoo က အေးအေးမြင့်တဲ့။ ဆေး(၁)နဲ့ Zoo တခြားစီကြီးကို မှားဖြစ်အောင် မှားတဲ့ ဒီနာမည် စိတ်မနာနိုင်အားပါဘူး။တီဘီ မရှိဘူးဆိုတာ ပျော်လွန်းလို့ ကျောင်းပြန်ပြေးရတယ်။
ဆေးကျောင်း တောက်လျှောက်တော့ နာမည်တူမရှိ နေခဲ့တာ ဟောက်ဆာဂျင် အဖြစ်နဲ့ ကလေးဆေးရုံ ဆင်းတော့မှ တည့်တည့်တိုးတာပဲ။
ကိုယ်က M(1) House surgeon အဖြစ်နဲ့ OPD ကို တပတ်ဆင်းရတယ်။ ကိုယ်တို့ အပေါ်တန်းက နောက်ကျအောင်တဲ့ အေးအေးမြင့် ဆိုတဲ့ အမကြီးက M(3) House surgeon အဖြစ် OPD ကို တူတူရောက်ကြတယ်။ အော် တွဲပေးစရာရှားလို့ ၂ယောက်ထဲ ဆင်းရတာကို နာမည်တူ ၂ယောက် တွဲပေးကြတယ်။
ဖြစ်ချင်တော့ သူကလည်း အရပ်ပုပုကို ဒေါက်ဖိနပ်ခု တယ်။ကိုယ်ကလည်း ၄ပေ ၁၀လက်မကို ၂လက်မဒေါက် အာ့းပြုပြီး ၅ပေ လုပ်တယ်။ သူကလည်း ဆံပင်အကြေကောက်နဲ့။ ကိုယ်ကလည်း ပတ်တူး စာမေးပွဲပြီးကတည်းက ဘွဲ့ယူဖို့ ဆံပင်အကြေကောက်ထားမိတယ်။ ၂ယောက်စလုံး လှိုင်းတွန့်တောင် ကောက်တာမဟုတ်။အဲတော့ OPD က ဆရာ ဒေါက်တာဇာနည်က ကလေးလေးတယောက် အပ်စိုက်သွားတာ ခွဲထုတ်ပေးရင် ဘေးက assist လုပ်တဲ့ ကိုယ့်ကို ညည်းတို့ ၂ယောက် ဘယ်လို ခွဲလဲလို့ တိုးတိုးလေး စပ်စုတယ်။ကျမက M(1)က၊သူက M(3)က လို့ ဖြေပလိုက်တာပေါ့။ ဆရာကတော့ အော် တလုံးပဲ ပြောနိုင်တော့တယ်။
JICA medical ward မှာ House surgeon ဆင်းချိန်ကျတော့ မြန်မာ့ရုပ်သံမှာ အငြိမ့်တွေလာနေပြီ၊မန္တလေးက အငြိမ့်ကတဲ့ ညီအမ ၀၀လှလှတွေထဲ အေးအေးမြင့်တဲ့ ပါလာပြန်ရော။ ဘော်ဒါတွေဖြစ်နေတဲ့ Nurse မမြမူတို့ Male nurse ထွန်းထွန်းဦးတို့က ကိုယ့်နာမည်မခေါ်တော့ပဲ တခိုင်လုံးရွှေ တဲ့။ ရွှေမရှိပဲ ရခဲ့တဲ့ နာမည်လေ။
စီးပွားရေးလောကထဲရောက်တော့လည်း ကုန်စည်ဒိုင်မှာ နာမည်တူ ရှိပြန်ရော။ အဲတော့ ဆီလုပ်တဲ့ အေးအေးမြင့်နဲ့ ပဲ လုပ်တဲ့ အေးအေးမြင့် လို့ ခွဲကြရပြန်တယ်။
ဓမ္မဗျူဟာမှာ ဓမ္မစာပေ သင်တော့လည်း နာမည်တူတွေ တွေ့ပြန်တယ်။ ကိုယ့်ကို စာသင်ပေးတဲ့ ဆရာမကလည်း ဒေါ်အေးအေးမြင့်တဲ့။အတန်းဖော်တွေထဲလည်း အေးအေးမြင့်ပါတယ်။အဲတော့ နာမည်ရှေ့မှာ မတပ်ချင်ပေမယ့် ဒေါက်တာ ဆိုတာကို မဆီမဆိုင် ထည့်ရပြန်တယ်။

ထည့်ရလည်း မသက်သာ၊နောက်တcg လာပြန်ချီသေး။
တရက်ကျောင်းတက်နေတုံး ကျမ မောင်လေးက စာတရွက် လက်မှတ်ထိုးဖို့ အရေးကြီးတယ် ဆိုပြီး ကျောင်းလိုက်လာ၊ဒေါက်တာ အေးအေးမြင့်ခေါ်ပေးပါဆိုတော့ ၀ိသုဒ္ဓိအခြားအဆင့်တန်းမှာ တက်နေတဲ့ ဒေါက်တာအေးအေးမြင့် ၀၀ကြီး ထွက်လာတယ်တဲ့။ ဟာ ဒါ ကျနော့်အမ မဟုတ်ဘူး ပြောပြီး နောက်တတန်းလိုက်ရှာပေးတော့မှ ကိုယ့်ဆီရောက်လာပါရော။
ဟော… ဖွဘုတ်တော်ကြီးပေါ် ရောက်တော့ Aye Aye Myint ပေါင်းများစွာ တွေ့ရတော့တာပါပဲ။
အစကတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်တယောက်တည်း Aye Aye Myint ။
နောက်တော့ မိတ်ဆွေတွေ များလာရင်း add ရင်း မမြင်ဖူးတဲ့ မိတ်ဆွေတွေလည်းပါ၊ငယ်တုံးက သူငယ်ချင်းလည်းပါ၊ကြီးလာမှ ခင်သူလည်းပါ၊ ကိုယ့်ဆရာမလည်းပါ၊
Aye Aye Myint တင်တဲ့ Post ကို Aye Aye Myint က Like လုပ်၊ Aye Aye Myint က comment ပေး ၊Aye Aye Myint က Share၊ Aye Aye Myint ကိုTag လုပ်၊ Aye Aye Myint ကို mention ခေါ် ။အဲသလို ချာလပတ် လည် သွားတာပဲ။
ကိုယ့်မိတ်ဆွေတွေကို ကိုယ့် account ကို ရှာခိုင်းရင် အတော်ခက်ခဲကြရှာတယ်။ ငါ့ဓာတ်ပုံက သူများနဲ့မတူ ဆိုက်ကားစီးနေတဲ့ပုံလို့ ပြောလိုက်တာတောင် ရှာလို့ မလွယ်ဘူး။
အဲတော့…… ကျမ နာမည်ပြောင်းမှ ဖြစ်မယ်ဆိုတာ လက်ခံကြပြီ မလား။
ချစ်လှစွာသော အကိုကြီးပေးထားတဲ့ နာမည်ကိုတော့ ဒီအရွယ်ကြီးကျမှ ပြောင်းလို့ ဘယ်ဖြစ်မလဲ။
ရှေ့တွေ နောက်တွေ အမြီးတပ်ဖို့ ကြံရတော့တာပေါ့။ကိုယ်ကလည်း ကွန်ပျုတာ ၀လုံးတန်းမို့ တူမလေးကို ဆရာတင်ပြီး နာမည်ပြောင်းခိုင်းရတယ်။အမှန်တော့ ပြောင်းချင်တာ Dr.Aye Aye Myint(Wakema) လို့ပါ။
ဝါးခယ်မလို မြို့သေးသေးလေးမှာတော့ အခုထိ ဒေါက်တာအေးအေးမြင့် ၂ယောက် မရှိဘူးလေ။ နောင်လည်း ဒီလိုနာမည်မျိုး ထပ်မှည့်ကြမှာ မဟုတ်ပါဘူး။ဒါပေမယ့် ဖွဘုတ်က ရှေ့မှာ Dr.တပ်ခွင့် ပေးတော်မမူဘူး။နောက်ကထည့်ရမယ်တဲ့။အဲဒါဆို Aye Aye Myint(Dr Wakema) လို့ ဖြစ်မယ်တဲ့။ဒါလည်း မဟုတ်သေးပါဘူး။
နောက်ဆုံးတော့ Aye Aye Myint(Wakema) လို့ပဲ ပြောင်းလိုက်ရတော့တယ်။
ကျမရဲ့ နာမည်နောက်က ၀ါးခယ်မဟာ ဒဂုန်ခင်ခင်လေးတို့ ယုဝတီ ခင်စိန်လှိုင် တို့လို စာပေတိုက်ဂုဏ်ဆောင်လို့ တပ်ခွင့်ရတဲ့ အမည်လည်း မဟုတ်ပါဘူး။
ဝါးခယ်မ သခင်သိန်းဖေ လို ၀ါးခယ်မ ဂုဏ်ယူစရာ နိုင်ငံရေးသမားကြီး မို့လို့ တပ်ခွင့်ရတာလည်း မဟုတ်ပါဘူး။
ဝါးခယ်မ ဦးရဲမောင် တို့ မစိမ်းဇော်(၀ါးခယ်မ)တို့လို ၀ါးခယ်မကို ချစ်လွန်းလို့ အနုပညာအမည်မှာ ၀ါးခယ်မ တပ်ပြီး မှည့်လိုက်တာ လည်း မဟုတ်ပါဘူး။(၀ါးခယ်မကို ချစ်တော့ ချစ်ပါတယ်)
တကယ်တော့ ကိုယ့်ကို အဂ္ဂမဟာ ဖွဘုတ်တော်ကြီးမှာ သူငယ်ချင်းမိတ်ဆွေတွေ အလွယ်တကူ ရှာနိုင်အောင် ကိုယ့်ဖာသာ အတင်းဆွဲတပ်လိုက်ရတဲ့ အမည်သာ ဖြစ်ပါတယ်လို့ နာမည်ပြောင်းခြင်း အထိမ်းအမှတ် စာစီလိုက်ပါတယ်။ နောက်ဆိုရင် နာမည်နောက်မှာ (Wakema) ရိုက်ပြီး အလွယ်တကူ ရှာနိုင်ပါပြီ။

Kyaw Min Ko: ဒီ နာမည်ပဲလက်ခံမယ်ဆိုရင်တောင် အကုန် မဆံ့ဘူး
၅ထောင် ကျော်တော့လေ smile emoticon smile emoticon
Aye Aye Myint မမကို အားကျ လို့ Aye Aye Myint ( Yenangyaung ) ဆိုပြီး ပြောင်း လိုက်ရင်ကောင်းမယ်နော်။ smile emoticon smile emoticon
Unlike · Reply · 1 · December 4 at 6:01am

Aye Aye Myint ဒုက္ခတူတယ်မလား ဟားဟား
Like · Reply · December 4 at 6:58am
Koyin Maung ယောကျာ်နာမည်ပါတွဲခေါ်တာမြင်ဘူးတယ် မမြင့် နာမည်ငါးယောက်လောက်တနေရာထဲမှာရှိနေလို့…ကိုမြင့်-မမြင့်..မောင်လှ-မမြင့်..ကိုမြင့်သိန်း-မမြင့်..ကိုတင်အုံး-မမြင့်…ဟေဟေ့ ဘယ်မမြင့်လဲလို့မေးရင် မောင်လှမမြင့်လေ ဆိုအဆင်ပြေသွားရော….
Unlike · Reply · 1 · December 4 at 8:28am
Aye Aye Myint
Aye Aye Myint အပိုဂျီးပါဆို
Like · Reply · 2 · December 4 at 8:39am
Koyin Maung
Koyin Maung ဟိုက်…..အပျိုဂျီးလို့တတ်တိုက်..အပျို့ကြီးမမြင့်..အာဟိ
Kay Thwe Oo မမ..သာမီး တို့ လူနည်းစု ပလော်ဖက်ချင်နယ် မှာတောင် ကေသွယ်ဦး ၂ယောက် ရှိပါတယ်…ကေသွယ်ဦး လို့ အန်းတား ခေါက်ရင် တက်လာ တာ နည်းဘူးရယ် smile emoticon
Nge Nge Nge Nge တွေလဲပေါပါ့ ဘဝတူတွေ
Unlike · Reply · 2 · December 4 at 12:30pm
U Myomyat Thu
U Myomyat Thu မျိုးမြတ်သူဆိုတဲ့နာမည်ကို ငယ်ငယ်တုန်းက ဘယ်သူမှမှည့်တဲ့ နာမည် မဟုတ်ဖူးလို့ ထင်ခဲ့ဘူးတယ် … ၆တန်းရောက်တော့ သူငယ်ချင်းတစ်ယောက်က ကျောက်သင်ပုန်းမှာ သတင်းစာဖြတ်ပိုင်းတခု ကပ်ထားတယ် … ယနေ့မှ စ၍ ကျွန်မ နာမည်အား မမျိုးမြတ်သူ ဟု ပြောင်းလဲ ခေါ်ပါရန် …. အဲဒီတော့မှ ဒီနာမည်ဟာ မိန်းမ တွေလည်းမှည့်တယ် ဆိုတာ သိတော့တယ် … နောက်တော့ ဘောလုံးသမား မျိုးလှိုင်ဝင်းက သူ့ သမီး နာမည်ကို မျိုးမြတ်သူ တဲ့ … ၁၀ တန်းမှာ မြန်မာစာကျူရှင် ဂုဏ်ထူး သိန်းနိုင် ဆီမှာ ကျူရှင်တတ်တော့ ဆရာက …. တော်တော် တင်စီးတဲ့ နာမည် … ခေါ်ရတဲ့သူ ကပဲ အမျိုးယုတ်နေသလိုလို … တဲ့ … အဲဒီတော့မှ ကိုယ့်နာမည် က တော်တော် တင်စီးမှန်း သိတော့တယ် ။ 3rd MB မှာ ဆရာဦးမျိုးမြတ်သူနဲ့ surgical ward မှာ ကြုံ ဘူးတယ် ။ 2009 ခု နှစ်က စပြီး fb သုံးတယ် .. သုံးစက profile ပုံမှာ ဖယောင်းတိုင် နာမည်က Myomyat Thu လို့ပဲရေးတယ် ။ fb ကို ဓမ္မဒါန အတွက်သုံးမယ်လို့ ရည်ရွယ်ပြီး တရားအကြောင်းတွေပဲ post တွေက များပါတယ် ။ အမရေ အန်တီရေ အဒေါ်ရေ ဆိုပြီး message တွေ ရောက်လာ … ဒါကတော်သေး … ဆရာလေး တပည့်တော်က လေ… အဲဒါနဲ့ ပဲ U Myomyat Thu လို့ နာမည်ပြောင်းပြီး profile ပုံကို ကိုယ့်ပုံပဲ ပြောင်းလိုက်တယ် … တချို့က MRTV က ဦးမျိုးမြတ်သူ အောင့်မေ့လို့ လာ မိတ်ဆက်တဲ့သူက ရှိသေး ( တူလို့လားဟင် ?? ) … ဒါတောင် ဦးဇင်း / အရှင်ဘုရား … ဆိုပြီး message တွေကရောက်လာသေး ။ လူပုဂ္ဂိုလ် မှန်းသိအောင် မိသားစု ဓာတ်ပုံလေးတွေ တင်ပေးရသေးတယ် ။ တခါတလေ ရီစရာ post လေးတွေ တင်တော့ လည်း virus ဝင်တယ် ထင်လို့လား လိုင်းကြောင်တယ် ထင်လို့ လားမသိ … ဘယ်သူမှ like မလုပ်ကြဘူး ။ ဘာသာရေး post ကလွဲရင် လက်မခံချင်ကြတော့ဘူး ….

နောင်ကလေးတွေကျရင် အဲသလိုနာမည်တူဒုက္ခမရှိအောင်မျိုးရိုးနာမည် ထည့်ကြရင်ကောင်းမလားလို့

padonmar

About padonmar

has written 222 post in this Website..

THAKHIN CJ #12112010 (5/2/16)