. ရှေးရှေးက ယောက်ကျားလေး တွေဟာ မိန်းကလေး တစ်ယောက်ရဲ့ အချစ်ကို ရဖို့ အတွက် ၃ နှစ် ၃ မိုး စောင့်ခဲ့ရပါ သတဲ့။

ကျနော့် အဖို့မှာတော့ သူ့အချစ်ကို ရဖို့အတွက် ၃ နှစ်ထိ မစောင့်ခဲ့ရတာ ကံကောင်းလို့ပေါ့။ အပျိုကြီးပဲ လုပ်တော့မယ် တကဲကဲ ဖြစ်နေတဲ့ သူ့ကို “ဘုရင့်နောင်ရဲ့ ဖောင်ဖျက် ဗျူဟာ” နဲ့ သူ့အချစ်ကို ရယူနိုင်ခဲ့တယ်။

သူ အဖြေ ပေးခဲ့နေ့ တစ်နည်းအားဖြင့် သူနဲ့ ချစ်သူ စဖြစ်တဲ့ နေ့ဟာ 22 July 2013။ ဒီနေ့ 22 July 2016 ဆိုတော့ ချစ်သူ သက်တမ်းဟာ ၃ နှစ် ပြည့်ခဲ့ပြီပေါ့။ စိန်ရတု၊ ရွှေရတု၊ ဘာရတု ခေါ်ရမလဲတော့ မသိ။

ဒီ ၃ နှစ် ဆိုတဲ့ အချိန်ဟာ မျက်စိ တစ်မှိတ် အတွင်းမှာပဲ ကုန်လွန်သွားတယ် ထင်ရလောက်အောင် မြန်လွန်းလှပါတယ်။ ဒါပေမယ့် ဒီအချိန် အတွင်းမှာပဲ သူ့အကြောင်း၊ ကိုယ့်အကြောင်း တော်တော်လေး သိခွင့်ရခဲ့ပါတယ်။

လူတစ်ယောက်မှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတတ် တာဟာ ဓမ္မတာပဲ မဟုတ်လား။

ကျနော် သိတဲ့ သူ့အကြောင်း များထဲမှာလည်း အကောင်းအဆိုး ဒွန်တွဲလို့ ပါနေတာပါပဲ။ သူ သိတဲ့ ကျနော့် အကြောင်းမှာလည်း အကောင်း၊ အဆိုး ရောပွမ်းနေမှာ အမှန်ပါပဲ။

ဘာတွေ ကောင်းတယ် (ဘာတွေ ဆိုးတယ်) ဆိုတာတော့ မပြောတော့ ပါဘူး။ လူကြား သူကြား ငါးချဉ် ရောင်းသလို ဖြစ်နေမှာ စိုးလို့ပါ။

စိုင်းထီးဆိုင် ရဲ့ သီချင်းထဲက လိုပေါ့ …

“လူ တစ်ယောက်ရဲ့ ကောင်းကွက်ကြီးပဲ လိုချင်လို့တော့ မရဘူးကွယ်။ ဒွန်တွဲတဲ့ ဆိုးကွက်လည်း ပါမယ်”

သူ့ကို ချစ်တော့လည်း ခွင့်လွှတ် နားလည်ပေးရတာပေါ့။

နားလည် ခွင့်လွတ်မှု ဆိုတဲ့ အတိုင်း မကောင်းတဲ့ အချက်တွေကို ကောင်းတဲ့ အချက်တွေနဲ့ ဖြည့်တွေးလို့ ဒီလက်တွဲ ခိုင်မြဲ လာခဲ့တာ ၃ နှစ်တောင် ပြည့်ခဲ့ပြီပေါ့။

………..

၃ နှစ်

၃ နှစ် ဆိုတဲ့ အချိန်ဟာ ချစ်စ၊ ခင်စ၊ ကြင်နာစ အချိန်ထက် လူကို ပိုပြီး ရင့်ကျက် စေခဲ့တယ်လို့ ပြောရမလား။ ဘယ်လို ပြောရမလဲတော့ မသိ။

ဟိုအရင်ကလို ဘယ်လောက် ချစ်တယ်၊ ဘယ်လောက် မြတ်နိုးလှပါတယ်လို့ ပါးစပ်က တဖွဖွ ပြောနေတာထက် ရှေ့လာမယ့် အနာဂါတ် အရေးက ခေါင်းထဲကို ရောက်ရောက် နေတတ်ခဲ့စေတယ်။

ဒီအချက် ကပဲ အရင်လို မချစ်တော့ပါဘူး ဆိုပြီး ထင်စေတတ်ပြန်တယ်။

……….

ဘာပဲ ပြောပြော ၃ နှစ် ဆိုတာ လက်ထပ်ကြဖို့ အချိန်တန်ပြီလို့ ပြောလိုက်တာနဲ့ တူတူပါပဲ။

……….

About Anzartone

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။