စု စကား – NCA စာချုပ်တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား

kaiOctober 15, 20161min2602

NCA စာချုပ်တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်
ပြောကြားသည့် မိန့်ခွန်း
—— —— ——

ဒီနေ့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ရဲ့ တစ်နှစ်ပြည့်မြောက်တဲ့ အခမ်းအနားဖြစ်ပါတယ်။ ဒီတစ်နှစ်အတွင်းမှာလည်း အတော်အတန်ပဲ တိုးတက်မှုရှိခဲ့တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒီစာချုပ်ကို ပထမဆုံးဖြစ်အောင်လို့ လက်မှတ်ထိုးပေးနိုင်အောင်လို့ ဝိုင်းဝန်းပြီးတော့ ကူညီကြတဲ့ ယခင်အစိုးရ သမ္မတကြီး ဦးသိန်းစိန်နဲ့တကွ အားလုံးကိုလည်း ကျွန်မ ကျေးဇူးတင်ပါတယ်။ ဂုဏ်ပြုပါတယ်။ လမ်းတစ်လှမ်းကို စလျှောက်မယ်ဆို ပထမခြေလှမ်းက အရေးကြီးဆုံးပါပဲ။ အဲဒီတော့ ကျွန်မတို့က ပထမခြေလှမ်းကို လုပ်ပြီးပါပြီ။ ဆက်ပြီးတော့ လှမ်းစရာခြေလှမ်းတွေ ရှိပါသေးတယ်။ အခုတော့ ကျွန်မတို့ရဲ့ NCA ထဲမှာ ဘာတွေပါလဲဆိုတာတော့ နောင်မှာ အခုအခမ်းအနားတွေမှာပဲ ဆက်ပြီးတော့ ဖတ်ပြကြမှာဖြစ်ပါတယ်။ ကျွန်မတို့အခုဆိုလို့ရှိရင် အပစ်အခတ် ရပ်စဲရေး Nation Wide ဆိုပေမယ့် တစ်နိုင်ငံလုံးဆိုင်ရာ တစ်နိုင်ငံလုံးပါသင့် ပါထိုက်တဲ့ ပုဂ္ဂိုလ်များ အဖွဲ့များ အားလုံး မပါသေးဘူး ဆိုတာလည်း ကျွန်မတို့သိပြီးသား ဖြစ်ပါတယ်။ အားလုံး ပါဝင်ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့နိုင်ငံ အတွက် အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးဆိုတာ ဘာနဲ့မှ လဲလို့မရတဲ့ ရတနာကြီးတစ်ခုပါပဲ။

ကျွန်မတို့ငြိမ်းချမ်းရေးရအောင် လုပ်ဖို့ဆိုတော့ ကျွန်မကနေပြီးတော့ NCA ဆိုတဲ့ စကားကို ဆင်ခြင်လိုက်တယ်။ ကျွန်မတို့ဟာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေး ဆိုပေမယ့်လည်း NCA လို့လွယ်လွယ် နဲ့ခေါ်ကြပါတယ်။ ဗမာလိုတော့ အပစ်အခတ် ရပ်စဲရေးပေါ့ Cease Fire ၊Fire ဆိုတာ တိုက်ခိုက်ခြင်းပဲ ပြီးတော့ Fire ဆိုတာ အဓိက မီးဆိုတဲ့ စကားကနေလာတာ ဖြစ်ပါတယ်။ ကျွန်မတို့ ငြိမ်းချမ်းရေးရဖို့ဆိုရင် အပစ်အခတ်ရပ်စဲရေးတွေ ရဖို့ ဆိုရင် ကျွန်မတို့ အတွင်းမီးတွေဖြစ်တဲ့ ဒေါသတွေ အာဃာတတွေ ငြိမ်းဖို့ဟာလည်း ကျွန်မတို့အရေးကြီးပါတယ်။ အားလုံးသက်ဆိုင်ရာ ပုဂ္ဂိုလ်အသီးသီး အဖွဲ့အစည်း အသီးသီးက မိမိတို့အတွင်းက ဒေါ်သတွေ အာဃာတတွေ လုပ်နိုင်မှ ကျွန်မတို့စစ်မှတ်တဲ့ ငြိမ်းချမ်းရေး လုပ်နိုင်မှာ ကျွန်မတို့ အဖွဲ့အစည်းများ အတွင်းများရှိတဲ့ အာဃာတ ဒေါသမီးတွေ ငြိမ်းမှလည်း ပြည်သူအတွင်းမှာလည်း သောကမီးတွေ ငြိမ်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ အပစ်အခတ်ရပ်စဲရေး Cease Fire အတွက် လုပ်တယ်ဆိုတာဟာ ကျွန်မတို့ ပြည်သူပြည်သားများကို သောကဖြစ်စေတဲ့ မီးများအားလုံး ငြိမ်းဖို့အတွက် လုပ်ရတာဖြစ်ပါတယ်။ ဒီဟာကို အဓိကထားပြီးတော့ ကျွန်မတို့ရဲ့ အဖွဲ့အစည်းများ အသီးသီးကို ဆင်ခြင်စေချင်ပါတယ်။ အားလုံးဟာ ကိုယ့်အမြင်နဲ့ ကိုယ်ရှိကြတာပါပဲ။

နာကျဉ်းချက်တွေလည်း ရှိခဲ့တယ်ဆိုတာ။ ကျွန်မတို့မငြင်းပါဘူး။ ဒါပေမယ့် ဒီနာကျည်းချက်တွေကို ကျော်လွှားနိုင်တဲ့ အရည်အချင်းလည်း ကျွန်မတို့အားလုံးမှာရှိတယ်ဆိုတာ ကျွန်မယုံကြည်ပါတယ်။ ဒါကို ကျော်လွှားနိုင်တဲ့ အရည်အချင်းနဲ့ပတ်သက်ပြီး ကျွန်မတို့ပြိုင်ရမှာ တကယ်ဆိုလို့ရှိရင် ကျွန်မတို့က Fire Power ပေါ့ နော်။ ကျွန်မတို့ မီးအင်အားကို ပြိုင်ရမှာ မဟုတ်ပါဘူး။ မီးကိုငြိမ်းနိုင်တဲ့ အင်အားကို ပြိုင်ရမှာဖြစ်ပါတယ်။ ဒီလိုကျွန်မတို့ ကြိုးစားနေတဲ့အခါမှာ တစ်နိုင်ငံလုံးက ကြည့်နေကြပါတယ်။ တစ်နိုင်ငံလုံးက မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်မျှော်နေကြပါတယ်။ ပြီးတော့ ကျွန်မတို့ ပြည်သူတွေက ကျွန်မတို့အခု အစိုးရနဲ့တကွ တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့များနဲ့ ဘာတွေ လုပ်နေလဲဆိုတာ ကြည့်တဲ့အခါမှာ ကျွန်မတို့ ပြည်သူတွေကို လျှော့မတွက်ပါနဲ့လို့ ကျွန်မကနေပြီးတော့ မေတ္တာရပ်ခံချင်ပါတယ်။ အများသိတဲ့ ကမ္ဘာကျော် အဆိုတစ်ခုရှိပါတယ်။ အများကို တစ်ခဏလှည့်ဖျားလို့ရမယ် အချို့ကို ထာဝရ လှည့်ဖျားလို့ရမယ် အားလုံးကိုတော့ ထာဝရလှည့်ဖျားလို့ မရဘူးဆိုတဲ့ အဆိုတစ်ခုရှိပါတယ်။ ဖြစ်သင့်တာကတော့ အဖြစ်ကို အဖြစ်မှန်အတိုင်း ရေရှည်မှာကတော့ ပြည်သူပြည်သားတွေကသိမှာပဲ ဒီအဆိုထက် ကျွန်မပိုပြီးတော့ သဘောကျလို့ အခွင့်အရေးရှိတိုင်း ကျွန်မမျှဝေတဲ့ အဆိုတစ်ခုရှိပါတယ်။ ဒါကတော့ ၁၉၈၈ ခုနှစ်လောက်တုန်းက ကျွန်မကို အင်းလေးဘက်က ဆရာတော်ကြီးတစ်ပါး မိန့်လိုက်တဲ့ ဩဝါဒစကားပါပဲ။ ဆရာတော်ကြီးက အသက်အားဖြင့် ဟိုးအရင်တုန်းက မင်းသားကြီးဖိုးစိန်ရဲ့ ခေတ်ကိုမှီခဲ့ပါတယ်။ ဆရာတော်ကြီးက ကျွန်မကိုမိန့်ပါတယ်။ မင်းသားကြီး ဖိုးစိန်ဇာတ်ကို သွားပြီးတော့ ကြည့်တဲ့အခါမှာ အဲ့ဒီတုန်းက လူရွှင်တော်ကြီးရှိတယ် ပြောတယ် နာမည်တော့ ဆရာတော်က မိန့်ပါတယ်။ ကျွန်မမှတ်မိတော့ပါဘူး။ အဲ့ဒီလူရွှင်တော်ကြီးက ဒီဇာတ် မကခင် အမြဲပြောတယ်တဲ့ ဖိုးစိန်ကြီးပေါ့။ ခင်ဗျားလောက် ကတက်တဲ့သူ ပရိတ်သတ်ထဲမှာ တစ်ယောက်မှမရှိဘူး။ ဒါပေမယ့် ခင်ဗျား ခြေထိုးတာလေး နည်းနည်းမှားရင် အားလုံးသိတယ်တဲ့ နောက်ပြီးတော့ စိန်ဗေဒါကြီးပေါ့။ ခင်ဗျားလောက် တီးတတ်ခတ်တက်တာ ဘယ်သူမှမရှိဘူး။ ပရိသတ်ထဲမှာ ဒါပေမယ့် တီးလုံးလေး တကွက်လွဲသွားလို့ရှိရင် အားလုံးသိတယ်ဆိုပြီးတော့ သတိပေးတယ်တဲ့။

အဲ့ဒါဘာဆိုလို တာလဲဆို ကိုယ်က ဘယ်လောက်ပဲတော်တော်၊ ကိုယ့်ပရိသတ်ကို အထင်မသေးရဘူးဆိုတဲ့ သဘောပါ။ အဲ့ဒီတော့ ကျွန်မတို့ရဲ့ အစိုးရနဲ့တကွ တပ်မတော်နဲ့တကွ ဒီတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အဖွဲ့အစည်းများဟာ ကျွန်မတို့ ပြည်သူပြည်သားတွေ ဆင်ခြင်တုံတရားကို လျှော့ပြီးတော့ မတွက်ပါနဲ့။ ကျွန်မတို့ ပြည်သူပြည်သားတွေဟာ တစ်ယောက်ချင်း တစ်ယောက်ချင်းအားဖြင့် အစိုးရအလုပ်ကို လုပ်နိုင်တဲ့ အရည်အချင်း ရှိချင်မှ ရှိမယ်။ တပ်မတော်ရဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိချင်မှ ရှိမယ်။ ကျွန်မတို့ တိုင်းရင်းသား အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်များရဲ့ အရည်အချင်းရှိချင်မှ ရှိမယ်။ ဒါပေမယ့်လည်း ဒီနိုင်ငံကို ဘာက အကျိုးပေးမယ်၊ ဘာက အကျိုးမပေးဘူးဆိုတာတော့ ရေရှည်မှာ ကျွန်မတို့ပြည်သူပြည်သားတွေ အားလုံးသိပါတယ်။ ဒါကြောင့် ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ကူညီထောက်ပံ့မှုနဲ့အတူ လိုအပ်တဲ့ခြေလှမ်းတွေကို လှမ်းစေချင်ပါတယ်။ ဒီလိုလိုအပ်တဲ့ခြေလှမ်းတွေ လှမ်းဖို့ဆိုတာဟာ သတ္တိလိုတယ်ဆိုတာ ကျွန်မ မကြာခဏပြောပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အတိတ်က လမ်းကြောင်းကနေပြီး တော့ ပစ္စုပ္ပန်မှာ အနာဂတ်အတွက် ပြောင်းလဲဖို့ဆိုတာ ပြောင်းလဲခြင်းကို လုပ်ရဲတဲ့သတ္တိ ရင်ဆိုင်ရဲတဲ့ သတ္တိဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်လုပ်နေကျကိစ္စနဲ့ဆိုရင် ပိုပြီးတော့ သက်သာတယ်။

အသစ်အဆန်းကို ရင်ဆိုင်ဖို့ဆိုတာတော့ သတ္တိလိုတယ်။ အတွေးအခေါ်လိုတယ်။ အရည်အချင်းလိုတယ်။ ဒီလို သတ္တိတွေ အတွေးအခေါ်တွေ အရည်အချင်းတွေ ကျွန်မတို့အားလုံးမှာ ရှိတယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်။ ဒီရှိတဲ့အရည်အချင်းတွေကို ထုတ်ပြီးတော့ သုံးစေချင်ပါတယ်။ အခုကျွန်မတို့ NCA လက်မှတ်ထိုးပြီးတာ တစ်နှစ်ကြာပါပြီ။ တစ်နှစ်ကြာပြီ ဆိုပေမယ့်လည်း မထိုးသေးတဲ့အဖွဲ့တွေ တစ်ခုထပ်ပြီး မထိုးသေးတာ ကျွန်မတို့အတွက် အင်မတန်မှ ဝမ်းနည်းစရာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ကျွန်မပြောချင်တာကတော့ အစိုးရအဖွဲ့ တပ်မတော်အဖွဲ့ တိုင်းရင်းသားများ အဖွဲ့အစည်းများ အားလုံးဟာ ဘယ်သူတွေက ပိုပြီးတော့ သဘောထားကြီးနိုင်သလဲ ဘယ်သူတွေက ပိုပြီးတော့ ခွင့်လွှတ်သည်းခံ နိုင်သလဲ ဘယ်သူတွေကပိုပြီးတော့ နိုင်ငံ့ရဲ့ အနာဂတ်ကို အတိတ်ထက်ပိုပြီး တန်ဖိုးထားနိုင်သလဲ ဆိုတာ ပြိုင်ကြပါလို့ ကျွန်မပြောချင်ပါတယ်။ ဒီ Fire ပါဝါ တိုက်ခြင်း ခိုက်ခြင်း တိုက်နိုင်ခြင်း အရည်အချင်းကို ပြိုင်မယ့်အစား မီးငြိမ်းအောင် လုပ်နိုင်တဲ့ အင်အားကို ပြိုင်ကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မတို့အစိုးရ အဖွဲ့ရဲ့ ရည်ရွယ်ချက်တွေကတော့ အားလုံးသိပြီးသား ဖြစ်ပေမယ့်လည်း ထပ်မံပြီးတော့ သတိပေးပါရစေ။ ကျွန်မတို့ဟာ အောက်ပါအတိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ ပထမ အားဖြင့် တော့ နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည်သုံးသပ်ရမှာ ဖြစ်ပါတယ်။

ဒုတိယအားဖြင့် နိုင်ငံရေး ဆွေးနွေးမှုမူဘောင် ပြန်လည်ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ဒီလိုသုံးသပ်တဲ့ ပြင်ဆင်တဲ့နေရာမှာ အားလုံးပါဝင်နိုင်အောင်လို့ ကျွန်မတို့ အတက်နိုင်ဆုံး စီစဉ်ထားပါတယ်။ နောက်ပြီးတော့လည ်း ပြင်ဆင်အတည်ပြုပြီး ဖြစ်သော နိုင်ငံရေးဆွေးနွေးမှု မူဘောင်နှင့်အညီ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ကျင်းပခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မတို့ အခုဆိုလို့ရှိရင် ၂၁ ရာစုပင်လုံညီလာခံ ရလဒ်များအား စုစည်း၍ ပြည်ထောင်စု သဘောတူညီချက် လက်မှတ်ထိုးခြင်းကို ကျွန်မတို့က ဦးတည်ရပါမယ်။ ပြည်ထောင်စု သဘောတူချက်နဲ့အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသားခြင်း အတည်ပြုခြင်းကို နောက်တစ်ခါ တစ်ဆင့်သွားရပါမယ်။ နောက်တော့ ဒီနောက်တစ်ဆင့် ကျတော့ ပြင်ဆင်ရေးသား အတည်ပြုပြီးဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပဖို့ဖြစ်ပါတယ်။ နောက်ဆုံး အဆင့်ကတော့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲရလဒ်နှင့်အညီ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ ပြည်ထောင်စုနဲ့ပတ်သက်လို့ ဒီမိုကရေစီနဲ့ ပတ်သက်လို ့ ကျွန်မ ထပ်တလဲလဲ သတိပေးရပါတယ်။ ဘယ်နှခါပဲပေးရပေးရ၊ ဒါမလုံလောက်ဘူးလို့ ကျွန်မထင်လို့ ထပ်ပြီးတော့ သတိပေးပါရစေ။ ဒီမိုကရေစီဆိုတာ အခွင့်အရေးတွေ ရှိသလို တာဝန်တွေ အင်မတန်မှ ကြီးပါတယ်။ ပြည်သူလူထုရဲ့ အုပ်ချုပ်မှုစနစ်ဆိုတာ ပြည်သူလူထု တစ်ယောက်ချင်း တစ်ယောက်ချင်းမှာ တာဝန်ရှိတဲ့စနစ်လို့ ဒီလိုပဲပြောရပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ ငြိမ်းချမ်းရေးအတွက် ဦးဆောင်ပြီးတော့ ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းများ ခေါင်းဆောင်များအားလုံးဟာ တာဝန်ကို ရှေ့ကထားပြီးတော့ အခွင့်အရေးကို နောက်က ထားစေချင်ပါတယ်။ တာဝန်ကို ရှေ့ကထားပြီး လုပ်ဆောင်သွားမှ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် ကျွန်မတို့ဟာ အာမခံချက် ရမှာပါ။ အတိတ်ဆိုတာ ပြန်ပြင်လို့မရပါဘူး။ အတိတ်ကတော့ ဖြစ်ပြီးသွားပြီ။

သို့သော်ငြားလည်း အတိတ်ရဲ့အကျိုးဆက်ကို ပြင်နိုင်ဖို့အတွက် ကျွန်မတို့ လိုချင်တဲ့ ပုံစံဖြစ်အောင် လုပ်နိုင်ဖို့အတွက် ဆိုတာဟာ အားလုံးဟာ ချက်ချင်းလက်ငင်း အခုပစ္စုပ္ပန်မှာ အခွင့်အရေး တွေ ရှိပါတယ်။ အခွင့်အရေးတွေ မှန်မှန်ကန်ကန် သုံးမယ်ဆိုလို့ရှိရင် အနာဂတ်ဟာ ကျွန်မတို့လိုချင်တဲ့ပုံ ပေါ်လာမှာပါ။ ကျွန်မတို့အားလုံးဟာ အနိစ္စတရားကို မလွန်ဆန်နိုင်တဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ ကျွန်မတို့မရှိတော့တဲ့အခါ ဒီနိုင်ငံကို ဘယ်လို အမွေအနှစ် ထားခဲ့မလဲဆိုတာ အားလုံးကနေပြီးတော့ လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။ ကျွန်မတို့နိုင်ငံအတွက် ပြည်သူလူထုဟာ သမိုင်းအဆက်ဆက်မှာ တန်ဖိုးထား ကျေးဇူးတင်ရမယ့် အမွေအနှစ်မျိုးကို ကျွန်မတို့ထားခဲ့ချင်ပါတယ်။ ဒီလိုအမွေအနှစ် ထားခဲ့ဖို့ဆိုတာ လွယ်လွယ်နဲ့တော့ ဖြစ်မှာမဟုတ်ပါဘူး။ မလွယ်ဘူးလို့ပြောရတာ ဘာလဲဆိုတော့ တကယ့် အခက်အခဲဆုံးကိစ္စက စောစောကပြောသလို ကိုယ့်ရဲ့အတွင်း မီးတွေ ငြိမ်းအောင်လုပ်ဖို့ပါပဲ။ အားလုံးသိတဲ့အတိုင်းပဲ ကျွန်မတို့နိုင်ငံမှာဆို နိုင်ငံရဲ့အနောက်ပိုင်းဖြစ်တဲ့ ရခိုင်ပြည်နယ်မှာဆိုရင် စစ်မီးတောက်တွေ ပြန်ပြီးတော့ တောက်လာတာ ကျွန်မတို့ တွေ့ရပါတယ်။ ပဋိပက္ခမီးတောက်တွေ ပြန်ပြီးတောက်လာတာ တွေ့ရပါတယ်။ ကျွန်မတို့ဒါတွေကို အမြန်ဆုံးငြိမ်းအောင် လုပ်ရပါမယ်။ မီးတောက်တွေကို ငြိမ်းလိုက်တယ်။ အပြင်က မီးတောက်တွေကို ငြိမ်းလိုက်တယ် ဆိုတာ မြန်မြန်ဆန်ဆန်နဲ့ လုပ်ချင်လုပ်နိုင်ပေမယ့် အတွင်းမီးတောက်တွေ ငြှိမ်းဖို့ဆိုတာ ပိုပြီးတော့ ခက်ခဲပါတယ်။

အဲ့ဒီတော့ အားလုံးကနေပြီးတော့ တစ်ဦးချင်းတစ်ဦးချင်း တာဝန်ယူပြီးတော့ လုပ်စေချင်ပါတယ်။ ကျွန်မတို့အချင်းချင်းကြားမှာ အာဃာတတွေ ပိုပြီးတော့ ပွားများမယ့်ကိစ္စတွေ အမုန်းတရားတွေ ပိုပြီးတော့ ပွားများမယ့်ကိစ္စတွေကို ရှောင်ရှားဖို့ဆိုတာ ကျွန်မ တို့အားလုံး တစ်ယောက်ချင်း တစ်ယောက်ချင်းမှာ တာဝန်ရှိပါတယ်။ တာဝန်အရ လုပ်သင့်လုပ်ထိုက်တာတွေကို ကျွန်မတို့လုပ်သွားမှာပဲ။ တရားဥပဒေစိုးမိုးရေး မူဘောင်အတွင်းက လုပ်သင့်လုပ်ထိုက်တာတွေကို ကျွန်မတို့လုပ်သွားမှာပါ။ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားများရဲ့ လုံခြုံရေး ကျွန်မတို့ရဲ့နိုင်ငံရဲ့ တည်တံ့ခိုင်မြဲရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေကို ကျွန်မတို့ဟာ ဥပဒေဘောင်အတွင်းက မှန်မှန်ကန်ကန်နဲ့ သတ္တိရှိရှိနဲ့ လုပ်သွားမှာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ပြည်သူကလည်း ဝိုင်းဝန်းပြီးတော့ ကျွန်မတို့ကို ထောက်ခံမယ်လို့ ယုံကြည်ပါတယ်။ ဘယ်သူတွေဟာ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်သလဲ ဘယ်သူတွေဟာ တကယ်တော့ ငြိမ်းချမ်းရေးကို မလိုလားဘူး ဆိုတာဟာ ပြည်သူတွေ မကြာခင်မှာ မြင်ရမှာပါ။ ပြည်သူတွေကလည်း ဒါကို မျက်စိဒေါက်ထောက်ပြီးတော့ ကြည့်နေတာ ဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်နေတဲ့ ကျွန်မတို့ရဲ့နိုင်ငံဟာ ပြည်သူပြည်သားများရဲ့ အထင် ပြည်သူပြည်သားများရဲ့အမြင် ပြည်သူပြည်သားများရဲ့သုံးသပ်ချက်တွေကို အလေးထားပြီးတော့ လုပ်သွားရမှာ ဖြစ်ပါတယ်။ ကျွန်မက ပြည်သူပြည်သားတွေဟာ အစဉ်အမြဲ လုပ်သမျှ မှန်တယ်လို့မပြောပါဘူး။ အားလုံးဟာ အတိုင်းအတာ အချိန်တစ်ခုအထိ တစ်ခဏ လမ်းလွဲပေါ်မှာ ရောက်ရင်ရောက်သွားမယ်။ ဒါပေမယ့် ထာဝရ တော့ အားလုံးဟာ ဘယ်တော့မှ လမ်းလွဲပေါ်ရောက်သွားနိုင်မှာ မဟုတ်ပါဘူး။ အကြောင်းကြောင်းကြောင့် ပြည်သူ ပြည်သားတွေ နားမလည်တဲ့ကိစ္စတွေရှိလို့ရှိရင်ရှင်းလင်းဖို့ ကျွန်မတို့မှာ တာဝန်လည်း ရှိပါတယ်။ ဒီတာဝန်အရ အများနားလည်အောင်လို့ ရှင်းလင်းသွားမယ်ဆိုလို့ရှိရင် ပြည်သူတွေဟာ မှန်မှန်ကန်ကန်နဲ့ ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဝန်းရံ ပေးမယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်။

နိဂုံးချုပ်အနေနဲ့တော့ ကျွန်မတို့ရဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများကို အထူးကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။ နာကျည်းချက်တွေ ရှိခဲ့တာတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါတွေလည်း ကျွန်မတို့အများစုဖြစ်တဲ့ ဗမာတိုင်းရင်းသားများ အပေါ်မှာလည်း တာဝန်မကင်းဘူးဆိုတာလည်း ကျွန်မတို့လက်ခံပါတယ်။ ဒါပေမယ့်လည်း အတိတ်ကိုပြန်ပြီးတော့ မကြည့်နေပါနဲ့ အတိတ်က သင်ခန်းစာတွေကိုပဲယူပါ။ နောင်ကျလို့ရှိရင် ကျွန်မတို့ မျိုးဆက်တွေ ခံခဲ့ရတဲ့ဒုက္ခတွေ သောကတွေက နေပြီးတော့ တက်နိုင်သမျှ နောင်မျိုးဆက်တွေ ကင်းဖို့ အတွက် ကြိုးစားကြပါ။ အကောင်းဆုံး အမွေအနှစ်ကိုပဲ ဒီနိုင်ငံကို ထားခဲ့ပေးပါ။ အကောင်းဆုံး အမွေအနှစ်ဆိုတာ တော့ ငြိမ်းချမ်းရေးပဲဆိုတာ ကျွန်မဘယ်နှစ်ခါပဲ ထပ်ပြောပြော လုံလောက်မှာမဟုတ်ဘူးလို့ ထင်တာကြောင့်မို့လို့ ဒါနဲ့ပဲ နိဂုံးချုပ်ပါရစေ။ ကျွန်မတို့နိုင်ငံကို အကောင်းဆုံး နောင်လာနောင်သားတွေ အတွက် အမွေအနှစ်ဖြစ်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ကိုယ့်အတွင်းမီးတွေကိုလည်း ငြှိမ်းပြီးတော့ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက် ကြပါစို့လို့ မေတ္တာရပ်ခံချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။

The Ladies News
http://www.theladiesnewsjournal.com/…/sat-2016-10-15-1…/3854

2 comments

  • Thint Aye Yeik

    October 18, 2016 at 3:05 pm

    ဒါပေမယ့်လည်း အတိတ်ကိုပြန်ပြီးတော့ မကြည့်နေပါနဲ့ အတိတ်က သင်ခန်းစာတွေကိုပဲယူပါ။ နောင်ကျလို့ရှိရင် ကျွန်မတို့ မျိုးဆက်တွေ ခံခဲ့ရတဲ့ဒုက္ခတွေ သောကတွေက နေပြီးတော့ တက်နိုင်သမျှ နောင်မျိုးဆက်တွေ ကင်းဖို့ အတွက် ကြိုးစားကြပါ။ အကောင်းဆုံး အမွေအနှစ်ကိုပဲ ဒီနိုင်ငံကို ထားခဲ့ပေးပါ။

    ဘယ်လို ဘယ်ပုံနဲ့ ဘယ်အချိန်မှာ ထားခဲ့ဖို့ ဆိုတဲ့ အခြေအနေကို အမေစု တွေးနေပြီပေါ့နော်။

  • သျှားသက်မာန်

    October 20, 2016 at 4:40 pm

    စောင့်ကြည့်နေပါတယ်…ဒေါ်စုလက်ထပ်မှာမြန်မာပြည်အခြေအနေကို

Leave a Reply