စာ က ရေးချင်ပေမဲ့ ချရေးရလောက်အောင် စိတ်ထဲမဝင်လာလို့ မရေးဖြစ်။

ခုတော့ ခုတလော စိတ်ထဲ ခိုးလို့ခုလုဖြစ်နေတဲ့ အကြောင်းအရာ ကို ရေးမယ်လို့ စိတ်ကူးတယ်။

ကိုယ့် စိတ်အခြေခံလေးကို အရင်ပြောပါရစေအူး။

ငယ်တုန်းကတည်းက သူများရဲ့ ရုပ်ရည်သွင်ပြင် ပိန်တာ ဝတာနဲ့ ပတ်သက်လို့ ခန္ဒာကိုယ်ချို့ယွင်းမှုနဲ့ ပတ်သက်လို့ ကဲ့ရဲ့တာ ပြောင်လှောင်တာ မျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးသလို လုပ်နိုင်တဲ့ သူတွေရဲ့ စိတ်ကို နားမလည်နိုင်ခဲ့ဘူးး

အသက်ကြီးတဲ့နောက်ပိုင်းမှ ဆိုက်ကိုဇစ် အရ အငုံ့စိတ်တို့ .. အာရုံစိုက်ခံချင်လို့ သူများမကြိုက်တာ တမင်ပြောလေ့ရှိတဲ့ စိတ်တွေကို နားလည်လာလို့သာ တော်တန်ရုံဆို ခွင့်လွှတ်တယ်။ နားလည်ဖို့ကြိုးစားတယ်။

စတာနောက်တာ ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို လှောင်ပြောင်ဖို့ ဝန်မလေးသလို သူများလာ နှိပ်ကွပ်တာ လှောင်ပြောင် တာလည်း ခံနိုင်ရည်ရှိအောင် နေလေ့ရှိတယ်။

အထူးသဖြင့် ကိုယ် ခင်မင်တဲ့ ချစ်ခင်တဲ့ သူတွေ ကိုယ့်အပေါ် ဘယ်လို ပြောပြော ကျနော် စိတ်ဆိုးခဲတယ်ရယ်။
ကြာရှည်ပေါင်းဖူးသူတွေ သိပါတယ်လေ။

ဒါပေမဲ့ ကိုယ့်ကိုယ်ကို ဟာသပြောတတ်တာ သူများဝင်ဆွမ်းကြီးလောင်းဖို့ မဟုတ်ပါဘူး!

ကိုယ့်သွင်ပြင်နဲ့ကို၊ ကိုယ့်ရပ်တည်မှုနဲ့ကိုယ်တွေမှာ သူများက မှိုချိုးမျှစ်ချိုးလာပြောတာခံနေရအောင် အကြောင်း ဘာတစ်ကြောင်းမှမရှိဘူးလေ။
ကိုယ်တိုင်က သူများပြစ်ချက် မမြင်ရအောင် တုံး အ နေလို့တော့မဟုတ်။

မပြောတတ်လို့လည်း မဟုတ်။

သူများသွင်ပြင်ကို လှောင်ပြောင်လေ့ရှိတဲ့ သူ တို့ ပြစ်ချက်တွေ ကို ကြားးတာနဲ့တင် လဲသေသွားအောင် ပြောချင်သော်လည်းးး သူများးရဲ့ ရုပ်ရည်သွင်ပြင်နဲ့ ပတ်သက်ပြီးး ချိုးချိုးဖဲ့ဖဲ့ မပြောရဘူးးလို့ ကိုယ့်ကိုယ်ကို ဆုံးးမထားရတော့ မျိုသိပ်လက်စနဲ့ ပဲနေခဲ့တယ်။

စိတ်ထဲ ကတော့ ပဲ့ကျနေအောင် တောက်ထင်သေးတယ်။

ကိုယ်တိုင်က ဘယ်သူက ကိုယ့်ကို သွေးတိုးစမ်းသလား၊ စနောက်သလား၊ လှောင်ပြောင်သလား၊ ကဲ့ရဲ့ချင်တာလား၊ နှိပ်ကွပ်ချင်တာလား ကွဲကွဲပြားပြားသိပေမဲ့ လူဆိုတာက ၁၀ ခါပြော အတည်ဖြစ်တဲ့ အမျိုးမို့ ၂ ခါ လောက် စနောက်တာကို ငြိမ်နေလိုက်ရင် အပြောခံ သတ္တဝါဖြစ်ဖြစ်သွားတတ်လို့ သူများကိုရော ကိုယ့်ကိုယ်ကိုရော သတိပေးနေရတယ်။

ကျနော် ပြောဖူးသလိုပေါ့လေ။။

အပေါင်းအသင်းပိုင်းမှာ ချစ်ခင်လို့ စတာရှိတယ်။

မိန်းမ တစ်ယောက်ကို သွေးတိုးစမ်းချင်လို့ နောက်တာမျိုးရှိတတ်တယ်။

ဒီကောင်မကို အမြင်ကပ်လို့ပါကွာဆိုပြီး နောက်ချင်ယောင်ဆောင် ချိုးချိုးဖဲ့ဖဲ့ ပြောတာမျိုးရှိတယ်။

ဘယ်သူ ဘယ်စကားထွက်ရင် ဘာ အဓိပ္ပာယ်လို့ သိနိုင်အောင်ကို အတွေ့အကြုံ များပြီဖြစ်လို့ သည်းခံနိုင်သလောက် သည်းခံတယ်။

ရှောင်တတ်တယ်။

ဒါပေမယ့် …

ပျော်ပျော်နေတာ၊ ဟာသပြောတာ၊ အရောဝင်တာ၊ ရင့်ရင့်သီးသီး ပြန်မပြောတာဟာ ကိုယ့်ကို ချိုးချိုးဖဲ့ဖဲ့ ပြောခွင့်ပေးထားတာမဟုတ်ဘူးဆိုတာ သိစေချင်တယ်။

ယောင်္ကျားတစ်ယောက်ဟာ မိန်းမ တစ်ယောက်ထက် မြင့်မြတ်တယ်ဆိုတဲ့ အယူစွဲကို ဆုတ်ကိုင်ထားတဲ့ နိုင်ငံမှာ မိန်းကလေး တစ်ယောက်ထဲ လမ်းမထွက်ဝံ့တဲ့ အဖြစ်တွေ အွန်လိုင်းမှာ ဘာ Relationship မှ ချိတ်မထားပဲ သုံးမရတဲ့ အဖြစ်တွေ ရှိနေတာတော့ အံဩစရာ။

မိန်းကလေး တစ်ယောက်ထဲကို လမ်းမှာ မြင်မြင် အွန်လိုင်းမှာမြင်မြင် မလေးစားပဲ သွေးတိုးစမ်းချင်စိတ်က အရင်လာတဲ့ အမျိုးသားတွေ အများစုရှိတဲ့ နိုင်ငံမှာ ဘယ်စိတ်ဓာတ်က ပိုမြင့်မြတ်တယ်လို့ သွသူတို့ ထင်နေလဲတော့မသိ။

အွန်လိုင်းမှာ ကွကိုယ် လုံလုံခြုံခြုံ ပုံတင်တာသည် ပိုးစိုးပက်စက် အပြောခံဖို့ မဟုတ်။

ထားပါတော့။။

ခုပြောချင်တာ Body Shaming အကြောင်းလေး စပ်မိစပ်ရာ ပြောချင်တာပါ။

စိတ်သာရှင်စော ဘုရားဟော ဘာညာ ပြောနေတဲ့နိုင်ငံမှာ ရုပ်ပိုင်းဆိုင်ရာကို အဓိက စောင်းပေးမြင်ပြီး လူ တစ်ယောက်ကို Judge လုပ်တဲ့ အကျင့်ဆိုးကတော့ စိတ်ပျက်စရာပဲ။

ကျနော်တို့မှာ အဲဒီလို ဆုံးဖြတ်ခွင့် ၊ Judge လုပ်ခွင့်မရှိပါဘူးး။

ရုပ်ရှင်ထဲက အစ ရုပ်ဆိုးရင် လူဆိုး၊ ရုပ်ချောရင် လူကောင်းသတ်မှတ်ချက်တွေ။

အသားမဲသူဟာ ဝသူဟာ မျက်စိစွေသူဟာ စကားမပီသူဟာ သွားခေါသူဟာ မိန်းမလျာတွေဟာ အလှောင်ပြောင်ခံတွေ စသည်ဖြင့် ကျင့်သားရခဲ့တော့လည်း ဘာမှ မပြောလိုတော့။

Tortoises don’t laugh Turtles တဲ့..!!

အတူတူ အနူနူချင်းကို မဟားးနဲ့ ဆိုတဲ့ အဓိပ္ပာယ်ပေါ့လေ…!!! ချို့ယွင်းချက်ဆိုတာ လူတိုင်းမှာ ရှိတယ်။ အားသာချက်ဆိုတာလည်း လူတိုင်းမှာ မတူညီတဲ့ ပုံစံမျိုးနဲ့ ရှိနေတယ်။

သူများကို အပျော်ဖြစ်စေ အတည်ဖြစ်စေ လှောင်ပြောင်ကဲ့ရဲ့ဖို့များ တွေးမိခဲ့ရင် ကျနော် အဲဒီ စကားကိုပဲ အမှတ်ရလိုက်ပါတယ်။
ပြောချင်တာတွေကတော့ အများကြီးရယ်။

ကျနော် ပြောချင်တာထက်ပိုပြည့်စုံတဲ့ ဆောင်းပါး ၂ ပုဒ် ကိုပဲ Share ပါ့မယ်။

~~~~~~~~~~~~~~~~~~~

 

ပထမ တစ်ပုဒ်က (credit – သကောင့်သား( အခရာ ))

လူ လူချင်းပဲဗျာ (Stop Body Shaming)

“ဟေ့ စောင်ဂျပု….လာဦး”။

“ဝက်မ ဆိုတဲ့ နာမည်နဲ့ နင် လိုက်လဲလိုက်ပါပေတယ်…အားအားရှိ စားနေတာကိုး”

“ယောင်္ကျားဖြစ်ပြီး ဆေးလိပ်မသောက်၊အရက်မသောက် နဲ့ စောက်ခြောက်”

“ငါ့နားမလာနဲ့..အသားမဲတာ အကူးမခံနိုင်ဘူး…ကုလားမဲ”

“မီးယပ်ပိန် မီးယပ်ခြောက်မ…ဘယ်လောက်စားစား ဝလာတာလဲမဟုတ်ပဲနဲ့ စားမနေနဲ့”

“တော်စမ်းပါ သခေါရာ..သွားသွား ပြောင်ကြီးနားမှာ သွားထိုင်ချည်”

“စွေစောင်းမရယ်…ငါ့ကို တည့်တည့် ကြည့်ပြီးမှပြောဟာ..မျက်စိ တစ်လုံးက ဆိတ်ကျောင်း ပြီး နောက်တစ်လုံးက စွန်လွှတ်မနေနဲ့”

ဘယ်စာကြောင်းက ဖတ်ရတာ အဆင်ပြေနေတယ်လို့ ထင်ပါသလဲ။

ဟုတ်ကဲ့။

ဘယ်စာကြောင်းမှ ဖတ်လို့မကောင်းသလို မြင်ရ ကြားရတာ လည်းအဆင်မပြေလှပါဘူး။
ဒါတွေဟာ ကျွန်တော်တို့ တကယ့်အပြင်လောကမှာလက်တွေ့ပြောဖြစ်နေတဲ့ စကားတွေဖြစ်နေတာ အံ့ဩစရာပါပဲ။
မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေ ၊ လုပ်ဖော်ကိုင်ဘက်တွေကို ကျွန်တော်တို့ အစအနောက် သဘောမျိုး နဲ့ ဖြစ်စေ၊ တမင်တကာ ရည်ရွယ်ချက်ရှိရှိ နဲ့ဖြစ်စေ ခေါ်ဖြစ်နေတဲ့ နာမည်တွေနဲ့ ပြောဖြစ်နေတဲ့ စကားတွေပါ။ သေချာပြန်စဉ်းစားကြည့်မယ်ဆိုရင် ဝမ်းနည်းစရာပါ။ တကယ်ဆို လောကကြီးမှာ လူ ၂ မျိုးပဲ ရှိပါတယ်။ အဲဒါကတော့ လူဆိုး နဲ့ လူကောင်းပါပဲ။

ရုပ်ဆိုးတယ်ဆိုတာ….
ဟုတ်ကဲ့….ရုပ်ဆိုးတယ်ဆိုတာ ဘာပါလဲ။
ရုပ်ဆိုး၏ ၊ မဆိုး၏ ကို ဘယ်စံနှုန်း၊ဘယ်ပေတံတွေနဲ့တိုင်းတာပြီး ဆုံးဖြတ်လို့ရပါသလဲ။
ဆုံးဖြတ်လို့ရတယ်ဆိုဦးတော့ ကျွန်တော်တို့မှာ အဲဒီလို ဆုံးဖြတ်ခွင့် ၊ Judge လုပ်ခွင့်ရှိပါသလား။
ရုပ်ဆိုးတယ်ဆိုတာ အရပ်ပုပြီး ကွနေတာပါလား?..
အသားမဲတာပါလား?…
လိင်စိတ်ချို့ယွင်းမှုပါလား?…
မျက်စိ စွေနေတာပါလား?..
ဝတာ ပိန်တာကို ခေါ်တာပါလား?
မွေးရာပါ ကိုယ်လက် အင်္ဂါ ချို့တဲ့ တာပါလား?..
သွားခေါတာပါလား?
အဲဒီ ရုပ်ပိုင်းဆိုင်ရာကိစ္စတွေ က အားနည်းချက်တွေလို့ ထင်နေပါသလား?
အဲဒါဆိုရင်တော့ ပြန်စဉ်းစားဖို့လိုသွားပါပြီ။
တကယ် ရုပ်ဆိုးတာကတော့ လူသားအချင်းချင်းကို အဲဒီလို စနောက် နှိမ်ပြုပြောဆိုလိုက်ရတာကို သာယာနေတဲ့ စိတ်ဓာတ်ပါပဲ။

လူတိုင်းမှာ_နာမည်ရှိတယ်…
ဟုတ်ကဲ့….လူတိုင်းမှာ နာမည်ရှိပါတယ်။
အတတ်နိုင်ဆုံး ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် နာမည်တွေပဲခေါ်ကြရင် ပိုမကောင်းပေဘူးလားဗျာ။
ဘယ်သူကမှတော့ ဂျပုတို့၊မီးယပ်ခြောက်မတို့၊ကုလားမဲ တို့ အခေါ်ခံချင်မှာ မဟုတ်ပါဘူး။
တကယ်တော့ ပုတာ၊ဝတာ၊ပိန်တာ၊မဲတာ ဟာ အားနည်းချက်မဟုတ်သလို နှိမ်စရာလဲမဟုတ်ပါဘူး။
ရှင်းရှင်းပြောရရင် ကျွန်တော်တို့ ဆီမှာတင် မကပဲ နိုင်ငံတကာမှာပါ ( Body shaming ) ဒီလို လူသားချင်း နှိမ်ချပြောဆိုဆက်ဆံမှုတွေ ရှိပေမယ့် ကျွန်တော့်တစ်ဦးထဲအမြင်အရ ကျွန်တော်တို့ နိုင်ငံက အတော်ဆိုးဆိုးထဲမှာပါတယ်လို့ ထင်မြင်ယူဆမိပါတယ်။
အနီးဆုံး ဥပမာပေးရရင် ကျွန်တော်တို့ လူမှန်းသိတတ်စ အရွယ်ထဲက ဒီနေ့ထက်ထိ ကြည့်ခဲ့ဖူးတဲ့ မြန်မာရုပ်ရှင်တွေ ရဲ့ ၉၅ % မှာ လူလူချင်း နှိမ်တာ၊ ဟာသ တစ်ခုလိုဆက်ဆံတာတွေကိုသာကြည့်ပါ။
နဖူးပြောင်တာဟာ ရယ်စရာပါ ၊
နှခေါင်းကြီးတာဟာ ရယ်စရာပါ ၊
ပုလင်းဖင် မျက်မှန်နဲ့လူတွေဟာ ရယ်စရာပါ ၊
မိန်းမလျာတွေဟာ ရယ်စရာပါ ၊
အသားမဲတာ ရယ်စရာပါ ဆိုတဲ့ ပြကွက်တွေ ဒင်းကြမ်းပြည့်နှက်နေ တော့တာပါပဲ။
ကျွန်တော်တို့တွေ ရယ်စရာမဟုတ်တာကို ရယ်မိနေတယ် ဆိုတာတော့ အသေအချာပါပဲ။ ကျွန်တော်တို့ရဲ့ ခေါင်းတွေထဲမှာ ဒါတွေဟာ ရယ်စရာပါ လို့ တွေးထင်နေတာကို ရိုက်ထုတ်သင့်ပါပြီ။ ကျွန်တော်တို့ မျိုးဆက်မှာမှ အတွေးအခေါ်တွေ မပြောင်းသေးဘူး ဆိုရင် နောင်မျိုးဆက်လည်း ကျွန်တော်တို့လို ဖြစ်နေဦးမှာပါပဲ။

ဆိုတော့…
ကျွန်တော်တို့ အနေနဲ့ ပထမဆုံး ပြုပြင်သင့်တာက တစ်ယောက်နဲ့ တစ်ယောက် ပေါက်ကရ နာမည်တွေ ဆက်မခေါ်ပဲ နာမည်ရင်းတွေပြန်ခေါ်ပြီး လေးစားချစ်ခင်မှုကို တည်ဆောက်ဖို့ပါပဲ။

ကိုယ်ချင်းဆိုတာ_စာဖို့….
ကိုယ်ကတော့ လျှာဖျားလေးနဲ့ တစ်ယောက်ယောက်ကို ချစ်လို့ခင်လို့၊ ဒါမှမဟုတ် လှောင်ပြောင်ချင်လို့ အလွယ်တကူ ခေါ်လိုက်တာ ဖြစ်ပေမယ့် အခေါ်ခံရတဲ့သူတွေက အဲဒီလို အခေါ်ခံရတာကို ကြည်နူးနေမယ် ၊ သာယာနေမယ် ထင်ပါသလားခဗျာ။ လူတိုင်းမှာ ခံစားချက်ကိုယ်စီရှိတယ်ဆိုတာ မေ့မထားသင့်ပါဘူး။

အများနဲ့ လူနည်းစုဖြစ်နေလို့သာ သူတို့ ပြုံးပြီး ဘာမှမတုံ့ပြန်ကြတာပါ။ တချို့သောသူတွေကတော့ ဒါတွေဟာ အားနည်းချက်မဟုတ်မှန်းသိလို့ ဘယ်လိုခေါ်ခေါ် ဘယ်လိုမှမနေပဲ နေနိုင်ကြပေမယ့် အချို့သော စိတ်အားငယ်တတ်သူတွေအတွက်ကတော့ ဒီလိုခေါ်ဝေါ်ဆက်ဆံမှုဟာ issue တစ်ခုပါ။ ကိစ္စရှိတယ် ဆိုပါတော့။ စိတ်အားငယ်တတ်သူတွေအတွက် ဒီလိုပြုမူဆက်ဆံခံရတာ များလာတဲ့အခါ လူတောမတိုးချင်တော့တာတွေ ၊ လူတွေနဲ့ ဝေးလာတာတွေ ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုတွေ ကျဆင်းလာတာတွေ၊ စိတ်ကျရောဂါဝင်လာတာတွေအထိ ဖြစ်သွားတတ်ပါတယ်။

လူ့ဘဝကြီးဟာ နေချင်စရာမကောင်းပါလားဆိုတဲ့ မိုက်ရူးရဲ အတွေးအခေါ်မျိုးတွေ ဝင်လာပြီး တစ်ချို့တွေဆို တကယ်ကို မနေတော့ပဲ ရရာနည်းနဲ့ ထွက်သွားကြတဲ့အထိပါပဲ။ ဒါတွေအားလုံးရဲ့ ကနဦး တရားခံတွေဟာ ဘယ်သူတွေလို့ ထင်ပါသလဲ? သူတို့နေရာမှာ ငါသာဆိုရင်ရော ဆိုတဲ့ အတွေးမျိုး တွေးကြည့်ဖူးပါသလား။

လူ_လူချင်းပဲဗျာ….
သေချာပြန်စဉ်းစားကြည့်ပါ။ ခင်များတို့၊ကျွန်တော်တို့တွေ အဲဒီ ဝတုတ်တွေ ဆီက ပိုက်ဆံမချေးဖူးဘူးလား။ ပုလင်းဖင်တွေဆီက စာမကူးဖူးဘူးလား။ မိန်းမခိုးပြေးတော့ အသားမဲ ရဲ့အကူအညီ တောင်းခဲ့ရတာလေးရော? အဖော်မရှိရင် နောက်ဆုံး ဂျပုတွေ၊လောရှေတွေ ကပဲ ခင်ဗျားနဲ့ လိုက်ပေးတာတွေ… သေချာပြန်စဉ်းစားကြည့်ပါ။

ကျွန်တော်ပြောချင်တာက အကုန်လုံးက လူတွေချည်းပါပဲ။ ပုံပန်းသွင်ပြင် ဆိုတာ တူကြမှာမဟုတ်သလို ရွေးချယ်လို့ ရခဲ့တဲ့ အရာမျိုးလည်း မဟုတ်ပါဘူး။ ပုံပန်းသွင်ပြင် ဆိုတာ အားနည်းချက် မဟုတ်သလို လှောင်ပြောင် ကဲ့ရဲ့ စရာလည်း မဟုတ်ပါဘူး။ ကျွန်တော် ပြောခဲ့တဲ့ အတိုင်းပါပဲ။ လောက မှာ လူကောင်း နဲ့ လူဆိုး နှစ်မျိုးပဲရှိပါတယ်။
လူမျိုးမှာလည်း အပြစ်မရှိသလို ၊ ဘာသာမှာလည်း အပြစ်မရှိပါဘူး။ ကောင်းတဲ့လူက ကောင်းပြီး ၊ ဆိုးတဲ့လူက ဆိုးမှာပါပဲ။
ကျွန်တော် မျှော်လင့်မိတာကတော့ ဒီဆောင်းပါးလေးဖတ်ပြီး ကိုယ်ပြုမူဆက်ဆံမိတာလေးတွေကို ပြန်တွေးကြည့်ကြဖို့ပါ။

အရင်တုန်းက ကျွန်တော်ကိုယ်တိုင်လည်း ဝလွန်းအားကြီးလို့ ဆယ်စုနှစ် တစ်ခုစာလောက် အနှိမ်ခံခဲ့ရသလို သူများကိုလည်း နှိမ်ခဲ့ဖူးတာကို ဝန်ခံပါတယ်။
နောက်ပိုင်းမှာတော့ အတတ်နိုင်ဆုံး Body shaming မလုပ်မိအောင် နေဖြစ်တယ်ခင်ဗျ။ ကိုယ်ချင်းလဲ စာမိသလို ပိုမိုချစ်ဖို့ကောင်းပြီး လေးစားမှုအပြည့်နဲ့ လူ့ဘောင်အသိုင်းအဝိုင်းလေး ဖြစ်လာမယ်လို့ ယုံကြည်မိလို့ပါ။
လူ လူချင်းပဲဗျာ…. လောက မှာ လူကောင်း နဲ့ လူဆိုး နှစ်မျိုးပဲရှိပါတယ်။ တကယ် ရုပ်ဆိုးတာကတော့ လူသားအချင်းချင်းကို အဲဒီလို စနောက် နှိမ်ပြုပြောဆိုလိုက်ရတာကို သာယာနေတဲ့ စိတ်ဓာတ်ပါပဲ။
ကျနော့ ဆောင်းပါးလေးဖတ်ပြီး ကျနော့လိုပဲ တွေးမိတယ်ဆိုရင် Share ပေး၊ ဆွေးနွေးပေးစေချင်ပါတယ်။ ဖတ်ပေးလို့ ကျေးဇူးပါလို့ပြောကြားရင်း ကျနော်တို့ တွေ သူများတွေကို body shaming လုပ်တာလေးတွေ လျှော့ပြီး လေးစားချစ်ခင်စွာ နေလိုက်ကြရအောင်လား။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်ပုဒ်က  (credit – phyodaybyday) ပါ။

Body Shaming လုပ်တဲ့အကျင့်ဆိုးလေးကို ဖျောက်ကြရအောင် ။

ကျွန်မတို့မြန်မာလူ့အဖွဲ့အစည်းမှာ တစ်ယောက်နဲ့တစ်ယောက်ဆုံရင် “ဟယ်ဝလာလိုက်တာ” “ဟယ်တော်တော်ပိန်သွားလိုက်တာ” စတဲ့နှုတ်ဆက်စကားပြောတဲ့အကျင့်လေးရှိပါတယ် ။ တစ်ခါတစ်လေကျတော့ ဘာရယ်မဟုတ်ဘူးပြောလိုက်မိပေမယ့် တစ်ဖက်လူမှာခံရခက်သွားတာမျိုးဖြစ်တတ်ပါတယ် ။

အဲ့လိုနှုတ်ဆက်တာက အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေကြားမှာ မိသားစုဝင်ဆွေမျိုးတွေကြားမှာ သိပ်ပြဿနာမရှိပေမယ့် သိပ်မခင်တဲ့လူအချင်းချင်းလုပ်ရင် အရမ်းရိုင်းတဲ့အပြုအမူလို့ ကျွန်မစိတ်ထဲမှာမှတ်ယူပါတယ် ။ ကိုယ်တစ်ယောက်ထဲသာမဟုတ် ကိုယ့်ပတ်ဝန်းကျင်က အမျိုးသမီးတော်တော်များများလည်း မနှစ်သက်တာကိုသိရတော့ အားလုံးကိုသတိပေးချင်တဲ့ ဆန္ဒလေးဖြစ်လာပါတယ် ။

အားလုံးသိကြတဲ့အတိုင်း ဝတဲ့သူတွေဆိုရင် ငယ်ငယ်ကနေကြီးလာတဲ့အထိ ဝခြင်းကိုပျက်ရယ်ပြုစရာလိုအမြဲလုပ်ခံရပါတယ် ။ ကျွန်မလည်းခပ်ငယ်ငယ်က ခပ်ပြည့်ပြည့်ခပ်ဝဝမို့ အစခံရရင်ဖြစ်တဲ့စိတ်ဒုက္ခကိုနားလည်ပါတယ် ။

အထူးသဖြင့် အပျိုပေါက်လေးတွေနဲ့ လှချင်ပချင်တဲ့အရွယ်လေးတွေက အဲ့ဒီ့အတွက်အရှက်ရပြီးပိုခံစားရပါတယ် ။ ကိုယ်တိုင်ကအစားစားရတာနှစ်သက်လို့ဝတာမျိုးလည်းရှိသလို တစ်ချို့ကတော့မျိုးရိုးဗီဇကြောင့်ဝတတ်ကြပါတယ် ။ လူဆိုတာကိုယ့်ကိုကိုယ် perfect ဖြစ်နေချင်တဲ့သူတွေချည်းပါပဲ ။ ဒါပေမယ့်ကိုယ့်ကို သဘာဝကပေးထားတဲ့ ခန္ဓာကိုယ်အနေအထားကို ကြိုက်လို့ပဲဖြစ်ဖြစ် မကြိုက်လို့ပဲဖြစ်ဖြစ်လက်ခံရမှာပါ ။ ဝိတ်ချတယ်ဆိုတာကလည်း အပြောလွယ်သလောက်အလုပ်ခက်တဲ့ကိစ္စမို့ လူအားလုံးလုပ်နိုင်ဖို့မလွယ်ပါဘူး ။

ပိန်တဲ့အမျိုးသမီးလေးတွေကိုလည်း ပိန်လို့ဆိုပြီးလွတ်မယ်မထင်ပါနဲ့ ဝတဲ့သူတွေကိုယ်တိုင်ကဖြစ်စေ ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကဖြစ်စေ ပိန်ခြင်းကိုလှောင်ပြောင်ကြပါတယ် ။ ပိန်တဲ့မိန်းကလေးတွေကြတော့ အဲ့လိုလှောင်ပြောင်ခံရတာများတဲ့အခါ အင်္ကျီအဝတ်အစားဝတ်ရင် ကြည့်မကောင်းဘူး ဘာနဲ့မှမလိုက်ဘူးထင်လာကြပြီး စိတ်ဓာတ်ကျတတ်ကြပါတယ် ။

ပိန်တဲ့သူတွေက အစားစားတဲ့နေရာမှာလည်း ပြည့်တဲ့သူတွေလောက်မစားနိုင်ကြတာမို့ သူတို့ကို “စားပါဦးဟယ် နင့်ကြည့်ရတာ ပိန်ညှောင်နေတာပဲ” အဲလိုသွားပြောတဲ့အခါ ဝတဲ့သူတွေကို နှိမ်သလိုပြောတဲ့ “တော်တော်စားနိုင်တာပဲ အဲ့ဒါကြောင့်အခုလိုပုံဖြစ်နေတာ” လိုပဲ သူတို့ခံစားရပါတယ် ။ သူတို့လည်းသူတို့အတိုင်းအတာနဲ့သူတို့ စားနိုင်သလောက်ပဲစားကြမှာပါ ။

ပြောရရင်တော့ ပိန်နေလို့ပဲဖြစ်ဖြစ် ဝနေလို့ပဲဖြစ်ဖြစ် သူတို့အတိုင်းအတာနဲ့သူတို့စားသောက်နေထိုင်နေပြီး ကျန်းမာနေဖို့ကအဓိကပါ ။ မကျန်းမာပဲသူများမျက်လုံးထဲကြည့်ကောင်းနေဖို့ ကိုယ့်ကိုကိုယ်ဖိအားပေးဖို့မလိုပါဘူး ။

ကျွန်မတို့သဘောကျကြတဲ့ ဟောလိဝုဒ်ကမင်းသမီးတွေတောင်မှ မဂ္ဂဇင်းအဖုံးတွေပေါ်ကလို အပြင်မှာစင်းလုံးချောဖြစ်မနေပါဘူး ။ Photoshop တွေနဲ့ပြင်ထားတဲ့ before and after ပုံတွေကို ကျွန်မတို့ကြည့်ကြပြီး ပါးစပ်အဟောင်းသားဖြစ်သွားကြတယ်မဟုတ်လား ။ ဒီကမ္ဘာကြီးပေါ်မှာ ဘယ်သူမှရာနှုန်းပြည့် perfect ဖြစ်နေတဲ့ဘဝမျိုးကို မပိုင်ဆိုင်ကြတာမို့ အရေးကြီးဆုံးက ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ယုံကြည်မှုရှိပြီး နေပျော်နေဖို့ပါပဲ ။

ကိုယ်ဝန်ဆောင်နဲ့ မီးဖွားပြီးခါစ အမျိုးသမီးတွေကိုလည်း သူတို့ခန္ဓာကိုယ်အပြောင်းအလည်းဖြစ်နေတဲ့အချိန်မှာ ကူညီဖေးမဖို့လိုအပ်ပါတယ် ။ ဘယ်သူမှတော့ ကိုယ့်ခန္ဓာကိုယ်ပုံပျက်သွားတာ မကြိုက်ပါဘူး ။ ဒါပေမယ့်သဘာဝတရားကပေးတဲ့ တာဝန်ကို ကျွန်မတို့အမျိုးသမီးတွေမလွှဲမရှောင်သာ ထမ်းဆောင်ရပါတယ် ။ မီးဖွားပြီးပုံမှန် ခန္ဓာကိုယ်ကိုပြန်ပိုင်ဆိုင်ဖို့ အချိန်တွေအများကြီးပြန်ယူတတ်ရတာမို့ သူတို့ကိုကိုယ်ချင်းစာနားလည်ပြီး ကိုယ့်နှုတ်ကိုကိုယ်စောင့်ဆည်းဖို့လိုပါတယ်ရှင် ။

ကလေးလေးတွေမြင်ရင်လည်း ဟယ်ကလေးကတော့ပိန်လိုက်တာ ဝလိုက်တာ စတာတွေမပြောပဲ တစ်ခြားစကားစမည်ပြောခြင်းနဲ့ သူတစ်ပါးစိတ်အနှောက်အယှက်ဖြစ်အောင်လုပ်မိတာကနေ ရှောင်ရှားပါ ။ ကလေးတွေပိန်သည်ဖြစ်စေ ဝသည်ဖြစ်စေ ကျန်းမာရေးကောင်းတဲ့ကလေးလေးတွေအဖြစ်မြင်နေရတာက ပိုစိတ်ချမ်းသာဖို့မကောင်းဘူးလားရှင် ။ ကျွန်မကိုယ်တိုင်လည်း ကလေးအမေမို့ ကလေးကိုပိန်တယ် ဝတယ်ဝေဖန်ရင် မကြိုက်ပါဘူး ။ အဲ့လိုကိုယ့်ရဲ့မစောင့်ဆည်းတဲ့ စကားတစ်ခွန်းကြောင့် ကလေးအမေစိတ်ဖိစီးမှုရပြီး ကလေးကိုအစားကျွေးတဲ့အခါ အတင်းဖိကျွေးတာမျိုးလုပ်တတ်မိလို့ ကလေးနဲ့အမေနဲ့ကြားထဲဆက်ဆံရေး အနှောက်အယှက်ဖြစ်ပြီး ကလေးလည်းစိတ်ထိခိုက်နိုင်ပါတယ် ။

ကျွန်မအနေနဲ့ပြောရမယ်ဆိုရင် ဝလို့လှလို့ဆိုတဲ့စကားကို လက်မခံသလို ပိန်မှလှမယ်ဆိုတဲ့အယူအဆကိုလည်း မထောက်ခံပါဘူး ။ ကျွန်မကိုယ့်ခန္ဓာကိုယ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ extreme မဖြစ်ပဲ ထိန်းသိမ်းပါတယ် ။ ကျွန်မခန္ဓာကိုယ်ကို ကျွန်မယုံကြည်မှုရှိတဲ့အတွက် စိတ်ချမ်းသာပါတယ် ။ ကျွန်မအတွက် Perfect ဖြစ်နေတဲ့ ခန္ဓာကိုယ်ကြီးမလိုပါဘူး ။ အဲဒါကျွန်မခံယူချက်ပါ ။

လူသားအားလုံးသာတူညီမျှစွာ သူ့အလှနဲ့သူရှိပါတယ် ။ အပြင်ပိုင်းအလှကို ဂရုစိုက်ဖို့လိုသလို အတွင်းစိတ်ကလေးလည်းလှမှ အလှတရားကပြီးပြည့်စုံတာပါ ။ ကိုယ်ကသူများထက် ပိုလှနေစေဦးတော့ အရေပြားတစ်ထောက်စာအလှဟာ ရေရှည်မတည်မြဲပါဘူး ။ ကိုယ်မလှနိုင်တော့တဲ့တစ်နေ့ လူတွေကိုယ့်အလှကိုမေ့သွားမှာပါ ။ စိတ်ထားလှပသူအတွက်ကတော့ လူတွေစိတ်ထဲမှာအမြဲနေရာရှိနေပါလိမ့်မယ် ။

ထုံးစံလိုဖြစ်နေပေမယ့် မွေးထားလို့မကောင်းတဲ့အကျင့်ဆိုးကြီးဖြစ်တဲ့ သူများကို body shaming လုပ်တဲ့အကျင့်ကို ကြိုးစားဖျောက်ရအောင်နော် ။ သူများကကိုယ့်ကိုလုပ်ခဲ့ရင်လည်း ရှက်ရွံ့မနေပဲ body shaming လုပ်ခြင်းက ရှက်ဖို့ကောင်းပြီး ရိုင်းတဲ့အပြုအမူဖြစ်ကြောင်း ပညာပေးလိုက်ပါ။ ဟဲဟဲ ။ ကျွန်မအမြင်သက်သက်ကို စိတ်ထဲမှာရှိတဲ့အတိုင်းချရေးတာမို့ အမြင်မတူပါက မဖတ်ပဲကျော်သွားနိုင်ပါတယ်ရှင့် :) ကောင်းသောနေ့လေးဖြစ်ပါစေရှင် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~

ကဲ့ရဲ့လှောင်ပြောင်ခံရသူက ရှက်စရာလား???
လှောင်ပြောင်ကဲ့ရဲ့တတ်သူက ရှက်ရမှာလား ?? မသဲကွဲသရွေ့တော့……

ဇီဇီ

About ဇီဇီ

ဇီဇီ has written 351 post in this Website..

CJ # 129120