မောင်ကျောက်ခဲ ခလေးအရွယ်ကနေခဲ့တဲ့ အိမ်နားမှာ ရပ်ကွက်ဘောလုံးကွင်း တစ်ကွင်းရှိတယ်ခင်ဗျ ။ ကာလရွေ့လျောလို့ အဘတို့ခေတ်ကို ရောက်တော့မှ ၊ အဲသည့် ဘောလုံးကွင်းလည်း ဘဝပြောင်းပြီး ရေလုပ်ငန်း အအေးခန်းကုန်လှောင်ရုံ ဖြစ်သွားပါတယ် … အိုဘယ့် အနတ္တ အစိုးမရ ၊ ထားပါတော့လေ … ။ အဲသည့် ဘောလုံးကွင်းရဲ့ နံဘေးမှာ ရပ်ကွက်ကောင်စီရုံး ရှိတယ်ဆိုတော့ ၊ အခါကြီးရက်ကြီး … လွတ်လပ်ရေးနေ့တို့ ပြည်ထောင်စုနေ့တို့ဆိုရင် မြို့နယ်က ကြီးမှူးပြီး နိုင်ငံတော် အခမ်းအနားပွဲတွေ ကျင်းပတဲ့ နေရာပါခင်ဗျာ ။ ထုံးစံအတိုင်း မဆလခေတ် ပေါ်လစီ အာဝါဒါး ဝိဝါဒါးတွေ ဖတ်ပြပြီး “xxx ရေး … ဒို့အရေး” “အရေးတော်ပုံ အောင်ရမည်” ဆိုတဲ့ ကြွေးကြော်သံတွေ အစာပိတ်ရွတ်ရတဲ့ ပျင်းရိ ငြီးငွေ့စရာ လုပ်ပွဲတွေပေါ့ဗျာ ။

 

အရွယ်သိပ်ငယ်တုန်းက ဘာမှန်းမသိခဲ့ပေမဲ့ ၊ အသက် ရ – ၈ နှစ်လောက်အရွယ် နဲနဲသိတတ်လာတော့ ကျောင်းကဆရာမကို “ဒို့အရေး” နဲ့ “အောင်ရမည်” အကြောင်း မေးတော့တာပေါ့ဗျာ ။ ဆရာမကလည်း မောင်ကျောက်ခဲလေး နားလည်အောင် သေသေချာချာ ရှင်းပြပါတယ် ၊ လိုချင်တာကို “ဒို့အရေး” … ဖြစ်ကိုဖြစ်ရမယ် ဆိုတာကတော့ “အောင်ရမည်” တဲ့ ။ မဆလရဲ့ တေဇလူငယ် ကျောင်းသားလေးဆိုတော့ ကြွေးကြော်သံတွေကို အသုံးချလိုက်တာ ရပ်ကွက်လူကြီးတွေ မျက်လုံး ပြူးကုန်ကြပါတယ် ။ သူ့အိမ်ရှေ့က သဲပုံမှာ သွားဆော့တိုင်း ထွက်ထွက်ငေါက်တတ်တဲ့ အပျိုကြီး ဒေါ်လှကို ခလေးတစ်သိုက် ဦးဆောင်ပြီး “ဒေါ်လှ အိမ်ရှေ့ ဆော့ရရေး … ဒို့အရေး” လို့ သွားအော်လိုက်တာ တိုင်ခံထိလို့ အဗျင်းခံရပါရောဗျာ ။

 

နှပ်ချေးနဲ့ မျက်ရည်တွေသုတ် ၊ စပ်ဖျင်းဖျင်း ခြေသလုံးသားကိုပွတ်ပြီး ဝေဒနာကို အဖြေရှာနေတုန်း အိမ်နီးချင်း အယူတော်မင်္ဂလာ ဆရာကြီး အဖိုးဦးချစ်တင်က “ဒီကောင်လေးတွေ အရွယ်ရောက်ရင် တိုင်းပြည် ဆူမယ်” လို့ ရှေ့ဖြစ်ဟောပါတော့တယ် ။ ရှေးလူကြီးတွေ နိမိတ်ဖတ်တာ အတော် မှန်သဗျား ၊ မောင်ကျောက်ခဲလည်း လူပျိုဖြစ် “၈၈၈၈” အရေးတော်ပုံကြီးနဲ့ တည့်တည့်တိုးပါလေရော ။ ရေးရင်းလက်စ စကားစပ်မိလို့ ပြောရရင် အရေးတော်ပုံ ဘယ်တော့ဖြစ်မယ်ဆိုတာကို အတိအကျမသိကြပေမဲ့ အဲသည့်မတိုင်ခင် ၁၉၈၆ လောက်ကတည်းက လူထုကြားမှာ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး ကောလဟလလိုလို တဘောင်လိုလို စ ပြန့်နေပါပြီ ။ ဗေဒင်တွေ ယတြာ လောကီပညာတွေယုံတဲ့ မဆလ အစိုးရလည်း ဘယ်နေမလဲ ၊ ရွှေတိဂုံဘုရားက နေ့နာမ်ဂြိုလ်တိုင်တွေကို သွေးအစား ဆေးအနီလောင်းပြီး ယတြာချေတာ လူသိရှင်ကြားပါ ။

 

ဘယ်လိုပဲ အစီအမံတွေလုပ်လုပ် ဖြစ်ချိန် ပျက်ချိန်တန်တော့လည်း တားမရပါဘူး ။ လည်ပါတ်နေတဲ့ ငွေစက္ကူတွေကို မိုက်မိုက်မဲမဲ တရားမဝင် ကြေငြာလိုက်တာ ပထမအကြိမ် တစ်ရာကျပ်တန်တုန်းက ပြန်လဲပေးလို့ သိပ်မသိသာလှပေမဲ့ ၊ ဒုတိယအကြိမ် ၁၅-ကျပ်တန် ၊ ၂၅-ကျပ်တန် ၊ ၃၅-ကျပ်တန် ၊ ၇၅-ကျပ်တန် တွေကို ကြေငြာတော့ လက်လုပ်လက်စား ဆင်းရဲသားပါမကျန် ခွက်ဆွဲစရာမရှိအောင် ဖြစ်တော့တာပါပဲ ။ ဒုတိယအကြိမ် ငွေစက္ကူတွေ တရားမဝင် ကြေငြာပြီး နောက်နေ့မှာ ရပ်ကွက် ကုန်စိမ်းဈေးထဲ ပိုင်ဆိုင်သမျှ ငွေအကြွေတွေကို လက်ထဲမှာ ကျစ်ကျစ်ဆုပ်ကိုင်ရင်း တဝဲလည်လည်ဖြစ်နေတဲ့ အိမ်ရှင်မတွေကို ညိုးငယ်သော မျက်နှာထားတွေနဲ့ တွေ့ကြရပါတယ် ။ ဈေးသည်တွေမှာလည်း ရောင်းကုန်သာရှိပြီး ဝယ်သူမရှိလို့ ရပ်ကွက်ထဲ အိမ်ပေါက်စေ့လိုက်ပြီး သူတို့ခေါင်းပေါ် ဈေးဗန်းထဲက ရောင်းကုန် အသီးအရွက် အသားငါးတွေနဲ့ ဆန် ဆီ ကြက်သွန်တွေ လိုက်လဲနေကြရတာ မမေ့နိုင်စရာပါ ။ နေ့ချင်းညချင်း ကုန်ပစ္စည်းချင်းဖလှယ်တဲ့ “ဘာတာ စနစ်” ကို လက်တွေ့ ကျင့်သုံးကြရတာကြည့်ပြီး အတော်ဝမ်းနည်းမိပါတယ် ။

 

ခေတ်ပျက်တယ်ဆိုတာ တကယ် နဖူးတွေ့ ဒူးတွေ့ကြုံရတော့ သွေးပျက်မယ်ဆို ပျက်ချင်စရာ ။ ၈/၈/၈၈ နေ့ အားစမ်းပွဲအပြီး မဆလ အစိုးရက နောက်ကိုတစ်လှမ်းခြေဆုတ်တော့ အုပ်ချုပ်ရေးယန္တရားပျက်ယွင်းပြီး တိုင်းသူပြည်သားတွေခမျာ ကိုယ့်ရပ်ရွာလုံခြုံရေး ကိုယ်တာဝန်ယူရပါတယ် ။ မယူလို့လည်းမဖြစ် တောကြောင်တွေက ရောင်တော်ပြန်နဲ့ ရောလွှတ်ပြီး လုတာယက်တာတွေက ဖြစ်လာပြီလေ ။ သေမထူးနေမထူး ကျူးရပ်ကွက်တွေက ကိုယ်တော်များကလည်း ကွန်မြူနစ် ပစ္စည်းမဲ့ ဘုံဝါဒလိုလို ညာသံတွေပေးပြီး ရပ်ကွက်တွေထဲ အုပ်စုဖွဲ့ လုယက်ဖို့တွေ ပြင်လာကြတော့ ၊ လမ်းတိုင်းမှာ ကင်းစခန်းတွေချ ဝါးကပ်တွေ သစ်တုံး အုံးပင်တွေနဲ့ အရံအတား လုပ်ကြရပါတယ် ။ ဒီကြားထဲ အဆိပ်ခတ်တာ ၊ ခေါင်းဖြတ်တာတွေကလည်း ခပ်စိတ်စိတ်ဆိုတော့ နယ်မကျော်ရဲဘူးလေ ။

 

ရေတွင်း ရေကန်တွေကို အဆိပ်ခပ်တယ် ၊ တန်ပြန် အဖျက်အမှောင့်တွေလုပ်ဖို့ ပဉ္စမံတပ်သားတွေလွှတ်တယ်ဆိုတာ ကောလဟာလလို့ ဆိုပေမည့် အမှန်ပါ ။ လူတစ်သိန်းလောက် မပြောနဲ့ လူတစ်ရာလောက်ကို သတ်ဖို့ အဆိပ်သုံးရမယ်ဆိုရင် အဆိပ်ရည် ဂါလံပုံးလောက်လိုမယ်ဆိုတာ အကြမ်းဖျဉ်းတွက်ကြည့်လို့ ရပါတယ် ။ ဒါပေမည့် အရေးတော်ပုံကို နာမည်ဖျက်ချင်တော့ လမ်းဘေးနေ လမ်းဘေးစား အခြေအမြစ် နောက်ကြောင်းမရှိတဲ့ လူတွေကို ယာဘဆေးပေါ်စဦး MDMA လို့ခေါ်တဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးတွေကျွေး ၊ လက်ထဲကို အဆိပ်ပုလင်း ပေါက်စနလေးထည့် ၊ လူအုပ်ကြားထဲ လွှတ်လိုက်တော့တာပါပဲ ။ ယုတ်မာချက်ကတော့ ကမ်းကုန် … အဲသည့် ကြောင်စီစီလူတွေကို ဖမ်းမိတော့ ပဉ္စမံတပ်သားဒလံတွေကပဲ ခေါင်းဖြတ်သတ်ဖို့ ဝိုင်းလှော်ကြတာ လူကောင်းသူကောင်း ကျောင်းဆရာမကလေးတောင် ဂယောင်ခြောက်ခြား အသိစိတ်လွတ် (Hysteria) ဖြစ်ပြီး လူသတ်သမားဖြစ်ရတဲ့ အထိပါ ။

 

တခြားတဘက်မှာလည်း ထောင်ဖွင့်ပြီး ရာဇဝတ်ကောင်တွေကို လွှတ်ပေးလိုက်တော့ အနှီသကောင့်သားများက အာဏာမရှိတော့တဲ့ “ရဲ” တွေကို ရက်ရက်စက်စက်သတ်ပြီး လက်စားချေတော့တာပါပဲ ။ တောင်ဥက္ကလာပက နယ်ထိန်းတစ်ယောက်ရဲ့ဇနီးဆို သူ့ရှေ့မှာတင် သူ့ခင်ပွန်းကို တစစီခုတ်ထစ်သတ်ပစ်လိုက်တော့ သွေးပျက်ပြီး ရူးသွားရှာတယ် ။ အဲသည့်အချိန်တုန်းက မိုက်ဇရှိတဲ့ ထောင်ထွက်တွေက အရပ်ထဲမှာ အတော် ဘုန်းကြီးတာဗျ ။ မြောက်ဥက္ကလာပက “ရောင်ကြီးဗွေ” တို့ဆိုရင် ဟောလီးဝုဒ် ဓာတ်ရှင်တွေထဲကလို တပည့်တပန်းတွေနဲ့ စိတ်ထင်တိုင်း ကြမ်းတော့တာပဲ ။ အဘယ် နိုင်ငံရေးခေါင်းဆောင်မှ အဲသည့် လူလွန်မသားတွေကို ဩဇာမတိုး ဖျောင်းဖျလို့မရ ၊ ယုတ်စွအဆုံး အဖြတ်ခံရတော့မည့် ခေါင်းတစ်လုံးတောင် မကယ်နိုင်တာ မျက်မြင်ပါ ။ အဝါဝတ် သံဃာတော်များ ကောင်းမှုကြောင့်သာ မြို့ရွာတွေမှာ ပိုးစိုးပက်စက် အလောင်းချင်းထပ်မကုန်တာ ငြင်းမရပါဘူး ။

 

ပြည်သူ့ရဲဆိုတာလည်း အားကိုးဖို့မပြောနဲ့ လူရမ်းကားတွေက ရဲစခန်းကို မီးတင်ရှို့ရင် ရပ်ကွက်ပါ အချောင်ပြာပုံဖြစ်မှာစိုးလို့ လူထုက သူတို့ကိုပြန်ပြီး လုံခြုံရေးပေးရတဲ့ အဖြစ်ပါ ။ သေရေးရှင်ရေးဆိုတော့ အိမ်တွင်းပုန်း စာဂျပိုးပဲဖြစ်ဖြစ် ၊ နှမတွေကြားက ဂျော်လကီးပဲဖြစ်ဖြစ် နေစောင်းရင် တုတ်ဓားလက်နက်ကိုင်ပြီး ကင်းစောင့်ရတာမို့ မောင်ကျောက်ခဲလည်း ပြေးမလွတ်ပါဘူး ၊ အလှည့်ကျလည်း ကင်းစောင့်သလို အလှည့်မကျလည်း မအိပ်ခင် ဟေးလားဝါးလား လမ်းသလားတာပေါ့ဗျား ။ ၈၈၈၈ အရေးတော်ပုံက မောင်ကျောက်ခဲတို့လို တက်သစ်စ အရွယ်တွေကို အတွေ့အကြုံ အတော်ပေးသွားတယ် ။ တကယ်ပြောတာဗျ … အရေးအခင်းဖြစ်လို့ ကင်းစောင့်ရမှ Scrabble ကစားတတ် ၊ ဇယ်တောက်တတ် ၊ ဖဲရိုက်နည်းမျိုးစုံ ရိုက်တတ် … အတတ်ကောင်းတွေ ကာလသားကြီးတွေဆီက သင်ကြားတတ်မြောက်တော့တာဗျား … ။

 

လမ်းကြုံလို့ပြောရရင် မြန်မာလူမျိုးများ ၂-ယောက်ရှိရင် ၃-ဖွဲ့ဖြစ်တယ်ဆိုတာ ကိုယ်တွေ့မို့ ငြင်းချက်မထုတ်လို ၊ ဒီလောက် အရပ်ပျက်လို့ ကင်းစောင့်ရပါတယ်ဆိုမှ တလမ်းထဲသားချင်း တောင်ပိုင်း မြောက်ပိုင်း လာခွဲနေကြသေးဗျား ။ ရပ်ကွက်ကို မီးကွင်းလာပစ်ရင် ဘယ်သူက သံချောင်းခေါက် ၊ ဘယ်သူက လေးခွ ဂျင်ကလိနဲ့ပစ် ၊ ဘယ်သူက တုတ် ဓားနဲ့ ကာကွယ်ဆိုပြီး ပလန်ချပါမှ ဗိုလ်လုပ်ချင်သူတွေက များသကိုး ။ အဲသည့်ထဲမှာ မောင်ကျောက်ခဲတို့ ရပ်ကွက်ထဲက ရှေ့နေကြီးသား ၁၀၉/၁၁ဝ ယောင်-၆ဝ ကိုမောင်မြင့်ကတော့ အဆိုးဆုံးဖြစ်မယ်ထင်ပါတယ် ။ သူ့အိမ်က လမ်းထိပ် နှစ်ထပ်အိမ်ဆိုတော့ အပေါ်စီးကနေ အကုန်လုံးကို မြင်ရတာမို့ ရပ်ကွက်သားများက သူ့အမိန့်အတိုင်း နာခံကြဖို့တဲ့လေ ။ ဒါမျိုးတော့ ရပ်ကွက်ထဲက ကာလသားများကလည်း သည်းမခံ ၊ သူတို့ကလည်း မြွေမြွေချင်း ခြေမြင်ကြတာကိုး …

 

“ဟေ့ရောင် မောင်မြင့် … မင်းအကြံ ဒါအကုန်ပဲလား … ။ ငါတို့က အောက်မှာ ရပ်ကွက်အတွက် ကင်းစောင့် ၊ မင်းက မင်းအိမ် အပေါ်ထပ် ဝရံတာမှာနှပ်ပြီး ဇိမ်နဲ့ နေမို့မဟုတ်လား ။ မသိရင် ခက်ဦးမယ် … မင်း အရင်ကလည်း ဝရံတာမှာ ထွက်အိပ်နေကြ ”
ကိုမောင်မြင့်လည်း အနာပေါ်တုတ်ကျ ရှူးရှူးရှဲရှဲဖြစ်သွားပြီး …
“ဟေ့ရောင်တွေ မောင်မြင့်ကွ … သွေးကရဲရဲနီတယ် ၊ ငါက လိုအပ်လို့ ပြောတာ … အချောင်ခို နှပ်ချင်လို့ မဟုတ်ဘူး ၊ ငါ အိပ် မအိပ် မင်းတို့ စောင့်ကြည့်လိုက်”
ဘာပဲပြောပြော ကိုမောင်မြင့်အိမ်က “ဗျူဟာ” ကျတဲ့ နေရာမှာရှိတယ်ဆိုတော့ သူ့သဘောကို လိုက်လျောရတာပါပဲ ။ အဲသည့်မှာ ကိုမောင်မြင့်ကလည်း စစ်သွေးတွေကြွ ၊ မောင်ကျောက်တို့လို အငယ်တွေကို ယုံတမ်းစကား သူ့စွန့်စားခန်းတွေနဲ့ တော်ကီလွှတ်ပြီး ပွါးတော့တာပါပဲ ၊ အပျင်းလည်းပြေ ကွယ်ရာမှာ ဟားစရာလည်း ရတယ်ဆိုတော့ အေးဆေးပေါ့ ။

 

ဒါပေမဲ့ … ကြာကြာမခံပါဘူး “၁၈ စက်တင်ဘာ ၁၉၈၈” နေ့မှာ စစ်တပ်က အာဏာသိမ်းပါတော့တယ် ။ အဲသည့်ညနေက သို့လောသို့လောနဲ့ ဘယ်သူမှလည်း ရပ်ကွက်ပြင်မထွက်ရဲ ၊ အတွေ့အကြုံရှိတဲ့ လူကြီးတွေက စစ်တပ်က တကယ်ပစ်တော့မှာဆိုတာကို တွက်ဆမိလို့ တားတာလည်း ပါတာပေါ့ဗျာ ။ နောက်ဆုံးတော့ လမ်းထဲမှာ “မဆလ ပါတီယူနစ်ရုံး” ရှိလို့ စစ်တပ်က သေခြာပေါက် လာမယ် ၊ စစ်ကားသံကြားရင် ကင်းသမားတွေ အသာရှောင်ပြီး ကိုယ့်အိမ်ကို ကိုယ်ပြန်နေကြလို့ ဆုံးဖြတ်ချက်ချပါတယ် ။ လူဆိုတာမျိုးကလည်း အခက်သား ၊ ဘာမှမဖြစ်ခင်သာ အာကျယ်ကြတာ တကယ်ဘေးတွေ့မယ်မှန်းသိတော့ ဗိုက်နာသလိုလို ရှူးပေါက်မှာလိုလိုနဲ့ ည ၁၂-နာရီ မထိုးခင် လမ်းထိပ် ကင်းစခန်းက အလျှိုလျှို ကိုယ်ရောင် ဖျောက်ကုန်ကြပါလေရောဗျား ။

 

အဲသည့်မှာ သူ့အဖေ ရှေ့နေကြီးရဲ့ ရမ်ပုလင်းကို ခိုးကစ်ပြီး လမ်းထိပ်ကနေ မူးစစနဲ့…
“ဟေ့ရောင်တွေ … ကြည့်ထား ၊ ရပ်ကွက်ထဲကို စစ်ခွေးတွေမဝင်နိုင်အောင် လမ်းထိပ်ကနေ အသက်ပေးပြီး ကာကွယ်မည့် မောင်မြင့်ဆိုတာ ငါကွ” ဆိုပြီး ကြုံးဝါးသံနဲ့ နောက်ဆက်တွဲ ရှေ့နေကြီးရဲ့ ကိုမောင်မြင့်ကို ကလော်သံ ကြားလိုက်ရပါတယ် ။ ပြီးတော့လည်း ပြီးပြီးပျောက်ပျောက်ပါ ။ နောက်နေ့မနက် ဝေလီဝေလင်း ၆-နာရီ ထိုးကာနီး TE-11 စစ်ကားကြီးရဲ့ ဟွန်းသံ ဆဲဆိုသံတွေကြားလို့ ချောင်းကြည့်လိုက်တော့ … ရဲရဲတောက် ကိုမောင်မြင့်ရယ် ၊ သူ့အဖေ ရှေ့နေကြီးရယ် ၊ ရဲဘော်တွေနဲ့အတူ ဝါးကဒ်တွေဖြုတ် သစ်သားချောင်းတွေဖယ်ပြီး ထင်းဆိုက်ဖို့ စစ်ကားပေါ်တင်ပေးနေတာ “ခေါက်မုန့်သည်” ဒေါ်ဖြူလုံးရဲ့ ဈေးခုံလေးပါ အဆစ်ပါသွားတာ တွေ့လိုက်ရတယ်ခင်ဗျ … ရပ်ကွက်သားတွေကတော့ အပြစ်ပြောလို့ မဆုံးပေါ့ဗျာ ။

 

နောင် နှစ်တွေအတော်ကြာမှ ကိုမောင်မြင့်ကို လဘက်ရည်တိုက်ပြီး ချော့မော့မေးတော့ …
အဲသည့်ညက သူလည်း ခပ်ထွေထွေနဲ့ ဝရံတာမှာ အိပ်ပျော်သွားလိုက်တာ စစ်ကားကြီးက ဟွန်းတီးမှ လန့်နိုးပါသတဲ့ ။ အမှတ်တမဲ့ အိပ်နေတဲ့ ဝရံတာကနေ မတ်တပ်ထရပ်လိုက်တော့ စစ်သားတွေက သူ့ကိုမြင်သွားပြီး သေနတ်နဲ့ချိန် ၊ အိမ်အောက်ဆင်းလာခိုင်းပြီး သူနဲ့ သူ့အဖေ ရှေ့နေကြီးကို အရံအတားတွေ ဖယ်ခိုင်းတာပါတဲ့ …
ဘာပဲပြောပြော “ခေါက်မုန့်သည်” ဒေါ်ဖြူလုံးကတော့ ကိုမောင်မြင့်ကို လမ်းတွေ့တိုင်း “ရဲရဲတောက်ကြီး” ဆိုပြီး ကလော် ခနဲ့တော့တာပါပဲဗျား… :k:

.

.

ဦးကျောက်ခဲ

About ဦးကျောက်ခဲ

ဦး ကျောက်ခဲ has written 55 post in this Website..