ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူထားသည်ကို ကျွန်မ ဖတ်ဖူးခဲ့ပါသည်။

“ဣဿာဆိုတာ သူတစ်ပါးကို ဂုဏ်မပြုနိုင်တာ၊ အကောင်းမပြောနိုင်တာ၊ ဣဿာရှိရင် အကောင်းမပြောနိုင်ဘူး၊ congratulations မလုပ်နိုင်ဘူးပေါ့လေ။ မစ္ဆရိယဆိုတာ ကိုယ့်အရည်အသွေးမျိုး သူများကို မရစေချင်တာ၊ ကိုယ့်အခြေအနေမျိုး သူများ မရစေချင်တာ၊ ကိုယ်နဲ့ လာယှဉ်ပြိုင်မယ်ဆိုရင် ကိုယ့်အရည်အသွေးမျိုးကို ကိုယ်ပဲ ပိုင်ဆိုင်ထားချင်တယ်၊ ဒါ မစ္ဆရိယ ခေါ်တယ်။”

ပုထုဇဉ်လူသားတိုင်း မကင်းနိုင်သော ဣဿာ ကို ကျွန်မကိုယ်တိုင်လည်း ခံစားနားလည်ခဲ့ဖူးပါသည်။ ကိုယ်လိုချင်သော အောင်မြင်မှုတစ်ခုကို ကိုယ်မရနိုင်သေးခင် တစ်ပါးသူရနေလျှင် ရုတ်တရပ် ဝမ်းသာပေးဖို့ ဆွံ့အနေခဲ့ဖူးသည်။ “သူက အောင်မြင်ပြီး ငါက ဒီလိုဖြစ်နေတယ်” ဟူသော ကိုယ့်ကိုယ်ကို အလိုမကျစိတ်က ဦးစွာဝင်လာသည်။ ထိုအရာကို ဣဿာ ဟု ခေါ်ရမည်လား။

ထိုမှတစ်ဖန် အတွေးတစ်မျိုး ထပ်ဝင်ပြန်သည်။ “သူအောင်မြင်တာ သူ့ကိုပံ့ပိုးပေးမယ့် ပတ်ဝန်းကျင်ကောင်းလို့၊ ငါမအောင်မြင်သေးတာ ငါ့ကို ပံ့ပိုးပေးမယ့်သူ မရှိလို့” ဟူသော အတွေးဆိုးများဖြင့် ကိုယ့်ကိုယ်ကို ဖြေတွေးရင်း သူတစ်ပါးကို ဂုဏ်ပြုရန် ဝန်လေးမိပြန်သည်။ ထိုအရာကို ဣဿာ ဟု ခေါ်ရမည်လား။

ထိုထိုစိတ်များသည် မသိစိတ်တွင် တဒင်္ဂအတွင်း ဖြစ်ပျက်နေကြခြင်းဖြစ်သည်။ ထိုမကောင်းစိတ်များကို သတိကပ်လိုက်မိသည်နှင့် ကျွန်မ ဖျောက်ဖျက်ပစ်ရသည်။ သူတစ်ပါးအောင်မြင်မှုကို ကိုယ့်အောင်မြင်မှုအတိုင်း သဘောထားကြည့်သည်။ အောင်မြင်နေသူ၏ ပျော်ရွှင်မှုကို ဝင်ခံစားကြည့်သည်။ ထိုအရာကို မုဒိတာဟုပင် ခေါ်ရမည်လား။

မစ္ဆရိယစိတ်လည်း ရှိခဲ့ဖူးပါသည်။ အတန်းထဲတွင် ကိုယ်ရထားသောအဆင့်မှ မကျချင်သောစိတ်၊ ကိုယ့်နေရာကို သူတစ်ပါးကို မပေးလိုသောစိတ် ဖြစ်သည်။ ထိုစိတ်များကြောင့် အသည်းအသန် ကြိုးစားခဲ့ဖူးသည်။ ခြေချော်လက်ချော် ဖြစ်သွားခဲ့လျှင် အလွန်ပင် ပူလောင်ရသည်။ ငိုကြွေးရသည်။

အရွယ်ရောက်လာသောအခါ ထိုမစ္ဆရိယစိတ်များ အလွန်ပင်လျော့ပါးသွားသည်။ ငယ်စဉ်က ပူလောင်မှုများကို သံဝေဂရရင်း ကိုယ့်ကိုယ်ကို အေးချမ်းအောင်နေသည်။ ကိုယ့်အလုပ်အပေါ်တာဝန်ကျေရန်သာ အဓိကဟု ယူဆထားသည်။ မတည်မြဲသော လောကထဲတွင် နေရာတစ်နေရာကို ဖက်တွယ်ရင်း ပူလောင်ရသည်မှာ လူဖြစ်ရှုံးသည်ဟု ခံစားမိသောကြောင့် ဖြစ်ပါသည်။

ကျွန်မ၏ နားမလည်ခြင်းများကား ဤတွင် စတင်သည်။ လောကတွင် အလွန်နားလည်ရခက်သော လူအချို့ရှိလေသည်။ ထိုသူတို့သည် သူတစ်ပါး အောင်မြင်မှုကို ဂုဏ်မပြုနိုင်ခြင်းကို ကျော်လွန်၍ သူတစ်ပါး မအောင်မြင်အောင် ဟန့်တားကြသည်။ သို့သော် ထိုအောင်မြင်မှုသည် သူတို့နေရာအနေအထားနှင့် ယှဉ်လျှင် အလွန်ပင် ကွာခြားသည်။ ဥပမာအားဖြင့် ၁ဝ ကျပ်ရှိသော လူတစ်ယောက်က နှစ်ဆအောင်မြင်လျှင် ၂ဝ ကျပ် ရှိသွားခြင်းဖြစ်သော်လည်း ၁၀၀ဝ ကျပ်ရှိသော ထိုသူများနှင့် အဆများစွာ ကွာခြားနေသေးသည်။ သို့သော် အံ့ဩဖွယ်ကောင်းစွာပင် ထို ၁၀၀ဝ ပိုင်ရှင်များသည် ၁ဝ ပိုင်ရှင်များ၏ နှစ်ဆအောင်မြင်မှုအပေါ် မရှုစိမ့်နိုင်ဘဲ လိုက်လံတိုက်ခိုက်တတ်ကြသည်။

မနာလိုခြင်း၊ တိုက်ခိုက်ခြင်းသည် ကိုယ့်ထက်သာနေသူအပေါ်တွင်သာ၊ သို့မဟုတ် ကိုယ့်နှင့် အခြေအနေ မတိမ်းမယိမ်းရှိနေသူအပေါ်တွင်သာ ဖြစ်လေ့ရှိသောအရာ ဟု ကျွန်မ နားလည်ထားဖူးသည်။ နေရာအနေအထား၊ အခြေအနေခြင်း ကွာခြားစွာ နိမ့်ကျနေသေးသူများကို တိုက်ခိုက်ကြခြင်းကို ကျွန်မ အံ့ဩစွာ နားမလည်နိုင်ခဲ့ပေ။

ကျွန်မ သိချင်မိပါသည်။ ထိုအရာသည် ဣဿာ နှင့် မစ္ဆရိယ တရားများထဲမှ မည်သို့သော တရားများ ဖြစ်ကြပါသနည်း။ ။

About လုံမလေးမွန်မွန်

has written 169 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010