မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – သြဂုတ် ၂၀၂၂

kaiAugust 19, 20221min32420

မကြာမှီလတွင်ကျင်းပတော့မည့်ချိုင်းနားကွန်မြူနစ်ပါတီ၏ အကြိမ်၂၀မြောက်(အနှစ်၁၀၀‌ပြည့်) အမျိုးသားကွန်ဂရက်သည် ချိုင်းနားနိုင်ငံကိုသာမက ကမ္ဘာ့အခင်းအကျင်းကိုပါ ရိုက်ခတ်မည်ဖြစ်ပါသည်။ လက်ရှိသမ္မတရှီသည် ထုံးတမ်းကိုကျော်လျက် ၃ဆက်မြောက်အဖြစ်အာဏာဆက်ကိုင်ထားမည်ဖြစ်သလို အင်အား၂သန်းကျော်ကမ္ဘာ့ အကြီးဆုံးစစ်တပ်ကြီး၏ စစ်ရေးဆိုင်ရာသူများကို ရာထူးဦးစားပေးပြောင်းရွေ့ခန့်ထားမည့် သတင်းများကြောင့် လာမည့်နှစ်များတွင်ချိုင်းနား၏နိုင်ငံခြားရေးရာ ပေါ်လစီသည် ထိုင်ဝမ်ဗဟိုပြု စစ်အင်အားခံ ဝံပုလွေသံတမန်ရေးဟုသာ သုံးသပ်ရပေလိမ့်မည်။
ချိုင်းနားသည် ကမ္ဘာ့စီးပွားရေးတွင်လွှမ်းမိုးမှုရရန် နိုင်ငံပေါင်း ၁၄၉နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းပေါင်း ၃၂ခုတွင် ပရော့ဂျက်ကြီးပေါင်း ၃၀၀၀ဖြင့် Belt and Road Initiative(BRI) ခေါင်းစဥ်အောက်၌ ဒေါ်လာတန်ဖိုး၁ထရီလီယံကျော် ရင်းနှီးမြုတ်နှံပြီးလည်းဖြစ်သည်။
ကမ္ဘာ့နိုင်ငံသဘာ-ဝါစဥ်ကို ပြောင်းရန်ကြိုးစားရာတွင် သာလွန်လူဦးရေနှင့် ကြာရှည်သောသမိုင်းအတွေ့အကြုံတို့က ချိုင်းနားပြည်ကို ဆွဲတင်နိုင်ခဲ့သော်ငြား ချိုင်းနားဟူသည် ရန်လိုသွေးကြွသော စစ်သူရဲကောင်းများ၏ တိုင်းပြည်ကားမဟုတ်။

“မဖြစ်ဝံ့ဝံ့ ဖြစ်ဝံ့ဝံ့” – စစ်
ကမ္ဘာစစ်ကြီး၂ခုတွင် အမေရိကားပြည်၏ စစ်ရေးဗျူဟာမြောက်လှုပ်ရှားမှုများကိုသုံးသပ်ပါလျှင် အမေရိကားသည် မိမိ၏အိမ်ကွင်းအတွင်း၌ ကမ္ဘာစစ်ပွဲကြီးများအဖြစ်မခံ၊ အခြားနေရာများ၌စစ်ဖန်တီး၍ အဝေးကွင်းကိုလှမ်းကစားခဲ့သည်သာဖြစ်၏။ ယခုတကြိမ်တွင်လည်း ချိုင်းနားနှင့် နေရာလုရမည့်အခြေရောက်သည်တွင် အမေရိကမြေပေါ်ပိုင်နက်အစား ထိုင်ဝမ်ကျွန်း၌ဖြစ်လာစေရန် ပြင်ဆင်ခဲ့သည်လောမသိ။
သမိုင်းကြည့်လျှင် ၁၈၉၅တွင် ဂျပန်တို့သည် ဖော်မိုဆာ(တိုင်ဝမ်)ကျွန်းကို Qin Emperor ချင်မင်းဆက်ဆီမှသိမ်းယူပြီးနောက် အနှစ်(၅၀) အုပ်ချုပ်ခဲ့သည်။ ဂျပန်လူမျိုးများစွာလည်း အခြေချနေထိုင်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် စစ်ရှုံးဂျပန်မှ ထိုစဥ်ကကူမင်တန်အစိုးရသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ချိုင်းနားကွန်မြူနစ်အစိုးရဆီသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း မဟုတ်။ ထိုင်ဝမ်သည်ချိုင်းနားနှင့်တိုက်ရိုက်ပတ်သက်မှုမရှိသဖြင့် အဆိုပါကျွန်းအရေးဖြင့် ကမ္ဘာစီးပွားရေးတတိယအင်အားကြီး ဂျပန်ပြည်ကို နေရာလုပွဲတွင်း ဆွဲသွင်းရန်သည်လည်းတည်ထားပုံရှိပါသည်။ ဂျပန်လူမျိုးဟူသည် ဆာမူရိုင်း ဘူရှိဒိုစိတ်နှင့် နိပွန်းဂျင်းသာ ထိပ်ဖြစ်လိုသည့် စစ်သွေးကြွသူတို့ဖြစ်ပါ၏။

ချိုင်းနားနှင့်နယ်မြေဆက်စပ် စစ်ရေး/စီးပွားရေးအမာခံမဟာမိတ်ဖြစ်သော မြောက်ကိုရီးယားသည်ကမ္ဘာတန်းမှီ ဧရာမစစ်တပ်ကြီးနှင့်စစ်နည်းပညာ စစ်အင်အားရှိပြီး နှူကရီးယားသုံးနိုင်သူဖြစ်ကာ တောင်ကိုရီးယားသည် အိုင်တီအီလက်ထရောနစ်နည်းပညာနှင့် စီးပွားရေးစက်မှုတွင် ကမ္ဘာထိတ်တန်းမဟုတ်ပါလော။ ခေတ်စမ်းအနုပညာသည်ပင်လျှင် သီချင်းဂီတ ရုပ်ရှင်တို့တွင် များစွာအားကောင်းလှသည်။ အဆိုပါနှစ်နိုင်ငံပေါင်းစည်းသွားလျှင် ချိုင်းနား ဂျပန်ပြည်တို့ထက်ရှေ့ရောက်သွားနိုင်ချေရှိပေသည်။ မဝေးသောသမိုင်းကြည့်လျှင် အမေရိကားသည် တောင်ကိုရီးယားကို ဆွဲတင်မဟာမိတ်ဖွဲ့ထားခဲ့ကာ ချိုင်းနားမှာ မြောက်ကိုရီးယားနှင့် ရင်ချင်းချိတ်ထား၏။

ချိုင်းနားသည် အင်အားကြီးလာသည်နှင့်အမျှ သူ၏ ပင်လယ်လမ်းကြောင်းထွက်ပေါက်တို့ကိုပါ ထိမ်းချုပ်ရန် တောင်ချိုင်းနားပင်လယ်ပြင်ကို စိုးမိုးမှုရရန်ပြင်ဆင်ရသည်။ ဤတွင် ရှိပြီးအာစီယံနိုင်ငံများနှင့် နယ်နိမိတ် ပိုင်နက်အငြင်းပွားကုန်သဖြင့် သဘာဝအလျှောက်တုံ့ပြန်ရသော အရှေ့တောင်အာရှနိုင်ငံများသည်လည်း ဘက်ရွေးရသည့်အခြေဆိုက်လာသည်။

တိုက်ဆိုင်လွန်းစွာ ယခုနှစ်ဖေဖော်ဝါရီ ၂၄တွင် ရုရှားမှယူကရိန်းအားအထူးစစ်ဆင်ရေးဟုခေါ်သော ကျူးကျော်စစ်ဆင်နွဲပေရာ အမေရိကား၏ စစ်ရေးအနုပညာနှင့် နေတိုးနှင့်အီးယူအားစည်းရုံး စစ်ကစားသွားပုံကို ချိုင်းနားမှ မျက်ဝါးထင်ထင်မြင်လိုက်ရသည်။ ဤသို့နှင့် ထိုင်ဝမ်ကျွန်းကို စစ်အင်အားသုံးသိမ်းယူရမည့်အရေးသည် ချိန်ဆ၍ နောက်ဆုတ်စရာဖြစ်သွားမည်ဟု ယူဆမိပါသည်။
လက်တွေ့ စစ်ဆင် စစ်ရေးအတွေ့အကြုံမရှိ အင်အားစုစည်းစစ်ဆင်ပုံအထာမကျသေးသောချိုင်းနားတပ်မတော်သည် စစ်ရည်စစ်သွေးဝနေကာ ကမ္ဘာအနှံ့စစ်ချီတိုက်သည်လည်းရှိ ဆွပေးလက်နက်ရောင်းကူဗျူဟာ၌လည်း ထေသားကျနေသည်အမေရိကားစစ်တပ်ကို သမရိုးကျစစ်ဖြင့်ယှဥ်နိုင်မည်လော။
နှူလက်နက်ကိုင်ထားသော နိုင်ငံကြီးနှစ်နိုင်ငံမှာ တိုက်ရိုက်နှုကလီးယားစစ်ဖြစ်နိုင်ချေနည်းပါသည်၊ သမရိုးကျလက်နက်များဖြင့်သာ ပရော့စီဝါးခေါ်တဆင့်ခံစစ်သာဖြစ်နိုင်သည် ဆိုနိုင်သော်လည်း အပြန်အလှန်ရန်စ ထိပုတ်နေကြကြရင်း အမှားတချက် မတော်တဆတမှုကြောင့်နှင့် ကမ္ဘာပျက်နိုင်သည့်တတိယကမ္ဘာ နှုကရီးယားစစ်ကြီးဆီ အချိန်မရွေးဖြစ်နိုင်ချေလည်းရှိသည်တမုံ့။

“မဖမ်းဝံ့ဝံ့ ဖမ်းဝံ့ဝံ့” – ထရမ့်
ထရမ့်သည် ငွေအားဖြင့်ဖိ ဆယ်လက်ဘ်ပါဝါဖြင့် သိမ်းသွင်းစည်းရုံးပြီး ၂၀၁၆သမ္မတရွေးပွဲကို အီလက်တိုရယ်မဲဖြင့်အနိုင်ရ သမ္မတတက်ဖြစ်ခဲ့သည်။ စီးပွားရေးသမားပီသစွာ တွန်းတိုက်/စည်းရုံးကစားရာ အမေရိကား၏ နိုင်ငံရေးသမားအဆက်ဆက် ကမ္ဘာနှင့်ချီ၍ ဆယ်စုနှစ်များစွာဆင်ထားသောဂွင်များပျက်ကုန်သည်။ နှုကရီးယားအကြောင်းပြု ဘာသာရေးဖြင့်ဖွကာ အီရန်၊ဆော်ဒီ၊အစ္စရေးနှင့်အာရပ်နိုင်ငံတို့ကိုထိမ်းညှိထား၍ ရုရှားနှင့်အီးယူကောင်တာထားသည်လည်းပျက်။ အာရှတိုက်၏စီးပွားရေးအပေါ် ချိုင်းနားအဝင်မကြမ်းရန်ကာဆီးနိုင်သည် TPP မှလည်း အမေရိကားထွက်၊ ကမ္ဘာဥတုရာသီပြောင်းထိန်း ပဲရစ်အက်ကော့လည်း ဆက်မရဖြစ်ခဲ့သည်။
ထရမ့်သည်သူ့ကိုယ်ပိုင်တဦးထဲအားဖြင့် ရုရှားနှင့်ပေါင်း ဂျူး(အစ္စရေး)နှင့်တွဲကာ ‌ဆော်ဒီအာရေးဗျအကူအညီယူ၍ ကျန်အရှေ့အလယ်ပိုင်းရေနံထွက်ဒေသများကို ဖိသတ်မည့်ပေါ်လစီဆင်သည်လားတော့မသိ။
မြောက်ကိုရီးယားကိုမှု ကိုယ်တိုင်ပင်ဝင်သွားမတတ် စည်းရုံးကြည့်ရင်း ချိုင်းနားသမ္မတကိုလည်း MAL ဖိတ် သူ၏မြေးမလေးမှ ချိုင်းနီးစ်သီချင်းဆို၍ပင် ဂုဏ်ပြုပြဖူးသည်။ အမေရိကား၏ မဟာဗျူဟာများမှ ခွဲထွက်ဆန်းသစ်သည့် နိုင်ငံရေးအမြင်တမျိုးနှင့်သူပါ။

သူလုပ်သွားသော ထိုထိုကိစ္စတိုကို ၂၀၂၀အနိုင်ရသမ္မတဂျိုးဘိုင်ဒင် လိုက်ဖြည်နေရသည်နှင့်ပင် အချိန်ကုန်ကုန်၏။ ၂၀၂၀ရွေးကောက်ပွဲတွင် ရှုံးသွားသောထရမ့်သည် နိုင်ငံရေးမှမထွက်ခွာ ၂၀၂၄တွင်ပင် ပြန်လာ၍ပါဝင်ယှဥ်ပြိုင်ဦးမည့်ဟန်ပင်ရှိသည်။
သမ္မတထရမ့်မှ ၂၀၂၂ ကြားလယ်ရွေးကောက်ပွဲအတွက်ယခုအထိ အားပေးထောက်ခံသူ၂၀၀ကျော်ပြုခဲ့ရာ အများစုမှာ ပါတီတွင်းရွေးကောက်ပွဲများတွင် အနိုင်ရလျက်ရှိနေပါသည်။ အဆိုပါသူတို့သည် လာမည့် နိုဝင်ဘာ ၈ရက်နေ့တွင် ဒီမိုကရက်တစ်ပါတီမှ တက်လာသူ(တို့) နှင့်ယှဥ်ပြိုင်အရွေးခံကြရမည်ဖြစ်သည်။
ထုံးစံအရမှု ပါတီတခုသမ္မတ၏ပထမ၄နှစ်သက်တမ်း၏ ၂နှစ်ပြည့်ကြားလယ်ရွေးကောက်ပွဲတွင် သမ္မတ၏ပါတီဖက်မှ ကိုယ်စားလှယ်အများစု ပြန်လည်ရွေးကောက်ခံရလေ့မရှိပဲ အတိုက်အခံပါတီက ဟောက်စ်နှင့် စိနိတ်တွင် အများစုဖြစ်ရလေ့ရှိသည်။ ဤသို့ဖြင့် သမ္မတ၏အဆုံးစွန်အာဏာ/ပါဝါကို ကန့်သတ်ခြင်းသည် အမေရိကန်တို့ နိုင်ငံရေးထုံးစံပါ။
ယခုအခြေအနေမှာ ထိုဆီသို့ညွှန်း‌နေသော်ငြား ထရမ့်၏ ထောက်ခံသူအများစု ကွန်ဂရက်ဆီရောက်ခဲ့လျှင် ထိုသူတို့သည် ‌၂၀၂၀ရွေးကောက်ပွဲရလဒ်ကို လက်မခံသူများဖြစ်၍ အမေရိကနိုင်ငံရေးချိန်ခွင်လျှာများစွာ လှုပ်ခါမည်ဖြစ်ပြီး သမ္မတဂျိုးဘိုင်ဒင်နှင့်သူ၏ပါတီကိုကောင်းစွာလက်စားချေမည်မှန်းရပါသည်။

သြဂုတ်လ ၈ရက်နေ့တွင် ဖလော်ရီဒါရှိထရမ့်၏ ကိုယ်ပိုင်စံအိမ်တော်MAL ကို FBI မှတရားရေးဝန်ကြီးဌာနညွှန်ကြားချက်အရဝင်ရောက်စီးနင်းကာ စာရွက်စာတမ်းပုံး ၂၀ကျော်ထုတ်ယူသွားခဲ့သည်။ ထိုအထဲတွင် တိုင်းပြည်၏ထိပ်တန်းလျှို့ဝှက်နှင့်ကန့်သတ်အဆင့်စာရွက်စာတမ်းများ ၁၁တွဲပါနေပေရာ တည်ပြီးဥပဒေတို့အရကောက်လျှင် ထရမ့်မှာ ရာဇဝတ်သင့်လျှက်ရှိနေပါသည်၊
ထရမ့်သမ္မတဖြစ်နေစဥ်က ကွန်ဂရက်မှပြုသောအင်ပိချ်- တရားစွဲအရေးယူမှုများကို ပြန်လွတ်နိုင်ခဲ့သော်ငြား ယခုအခြေတွင်ခက်ခဲခြင်းရောက်ခဲ့ပြီ။ မည်သို့စခန်းသွားကြမည်မသိ။
အမေရိကား၏ နှစ်ရာချီစွဲမြဲခဲ့သော ဒီမိုကရေစီနိုင်ငံရေးယဥ်ကျေးမှုအရ အတိုက်အခံကိုထောင်သွင်းအကျဥ်းချမပြုကောင်းပါလေ။
ပြုခဲ့ပါလျှင် ထိုထိုအကျိုးဆက်ကို အမေရိကပြည်ခံရပေမည်။ ကမ္ဘာ့စူပါပါဝါ အမေရိက၏ကျဆုံးခန်းသည် ပြင်ပအားမှမလာ ပြည်တွင်းမှပြည်တွင်းစစ်ဖြင့်ပင်ဖြစ်သွားနိုင်ကောင်းလေ၏။

“မပြီးဝံ့ဝံ့ ပြီးဝံ့ဝံ့” – မြန်မာ
မြန်မာနိုင်ငံတွင်ကား ဒေါ်အောင်ဆန်းစုကြည်အား ထောင်၆နှစ်ထပ်တိုးချပြန်သည်။ ယခုထိစစ်အုပ်စုမှဆွဲဆိုထားသောအမှု ၁၄မှုကျန်နေသေးငြား ၆မှုအတွက်ထောင်ကျနှစ်ပေါင်းမှာ၁၇နှစ်တည်း။ လူထုလည်း ကြပ်တည်းလာသောစီးပွားရေးတွင်တဒေါ်လာကျပ်၃ထောင်ဝန်းကျင်ငွေလဲနှုန်း၌ ဂက်စ်ဆီမြင့်စျေးနှင့်တိုးနေပေရာ အသံများပင်သိပ်မထွက်နိုင်။
အမေရိကားရှိ Holocaust Museum မှာလည်း ဒေါ်အောင်ဆန်းစုကြည်အား ရိုဟင်ဂျာဂျီနိုဆိုက်နှင့်တွဲလျှက် ကာချုပ်မင်းအောင်လှိုင်နှင့်အတူ ပြခန်း၌ချိတ်ပြထားပေရာ ကမ္ဘာ(အထူးသဖြင့်) အမေရိကရောက် မြန်မာ-အမေရိကန်များအတွက် နိုင်ငံရေးလုပ်ရ ခက်လှသောအခြေအနေပါ။ အမေရိကန်နိုင်ငံရေးသမား လွှတ်တော်ကိုယ်စားလှယ်များနှင့် မြန်မာ့နွေဦးတော်လှန်ရေးအကြောင်းစကားစပါလျှင် ဒေါ်အောင်ဆန်းစုကြည်မှသည် ဂျီနိုဆိုက်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လေ၏။

လက်မဲကြီးတို့၏ခေါင်းကိုင်ဦးသန်းရွှေငုတ်တုတ်တွင် သူ၏၂၀၀၈ ခြေဥအားဖြင့်လုပ်ကိုင်ရမည်ဖြစ်ပေရာ ကာချုပ်မင်းအောင်လှိုင်အား အပ်နှင်းထားသော အာဏာကုန်ရက်လည်း နီးလာလျှင်ရှိ၏။ ခြေဥအရ အစွမ်းကုန်တိုးပေးနိုင်သော သူ၏သက်တမ်းမှာ ၂၀၂၃ဖေဖော်ဝါရီလ၁ရက်နေ့ နောက်ဆုံးနှင့် ၂နှစ်တိတိပြည့်ဖြစ်ပါသည်။
ခြေဥအရ ၂၀၂၃သြဂုတ်လဝန်းကျင်၌ရွေးကောက်ပွဲကျင်းပသည်အထိ ကာလုံနှင့်တိုင်ပင်၍ ယာယီသမ္မတကဆက်အုပ်ချုပ်သွားမည်ဟုယူဆရ၏။ မူလ ရွေးကောက်ခံဒုသမ္မတမှ လက်ရှိယာယီသမ္မတရာထူးယူထားသူသည် ဒုဗိုလ်ချုပ်ကြီး(ဟောင်း)ဦးမြင့်ဆွေဖြစ်ပေရာ တပ်ဂျူနီယာဖြစ်သော ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မှာ လှန်နိုင်မည့်သဘောမရှိ။ သို့တည်းမဟုတ် ခြေကန်ကာ တန်ပြန်ဆင့်အာဏာသိမ်းရဲသလော။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရဲသလော။
ဦးမြင့်ဆွေမှယာယီသမ္မတတက်လုပ် အရေးပေါ်ကျေညာ၍ ကာချုပ်ထံအပ်နှင်းလိုက်သော နိုင်ငံတော်သည် ဝန်ကြီးချုပ်မင်းအောင်လှိုင်အုပ်ချုပ်ပါမှ စီးပွားရေး၊နိုင်ငံရေး၊လူမှုရေး စစ်ရေးပါမကျန်အလုံးစုံချွတ်ခြုံကျကုန်သည်။
မြန်မာနှင့် ကမ္ဘာနိင်ငံရေးအခြေအနေများသည် စိတ်လှုပ်ရှား ရင်မောစရာတို့ပြည့်လျှက်သား။ ကြီးမားသော အပြောင်းအလဲကြီးတခုအတွက် ပျိုးနေချိန်ဟု ယူဆကြရန်ရှိသည်။ ဤသို့ဖြင့် ၂၀၂၃၏ယခုလဝယ် ထရမ့်၊ရှီနှင့်မြန်မာ့အရေးတို့ ပြတ်သားမြင်သာနေမည်မှန်းပါသည်။