မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – စက်တင်ဘာ ၂၀၂၂

kaiSeptember 19, 20221min32190

အင်္ဂလန် စကော့တလန် ဝှေးလ်စ်နှင့် မြောက်အိုက်ယာလန်တို့၏ပေါင်းစုထားသော ဘုရင့်နိုင်ငံတော်များပြည်ထောင်စု(ယူကေ)၏ဘုရင်မကြီးII နတ်ပြည်စံခဲ့လေပြီ။
လူဦးရေ ၂.၄ဘီလီယံကျော်ရှိသော နိုင်ငံ၅၆ခုပေါင်းဗြိတိသျှဓနသဟာရ၏ အကြီးအကဲလည်းဖြစ်သည့် ဘုရင်မကြီး၏နန်းစံသက်မှာ ၁၉၅၂ ဖေဖော်ဝါရီ၆မှစတွက်လျှင် နှစ်၇၀နှင့်၁၂၇ရက်ဖြစ်၏။ ဤမြေကမ္ဘာတွင်ပြင်သစ်ဘုရင်လူဝီXIV( နန်းစံသက် ၇၂နှစ်) နောက်ဒုတိယအကြာရှည်ဆုံးပါ။
အသက်၁၃နှစ်အရွယ်မင်းသမီးသည်အချစ်ဦးမင်းသားဖိလစ်နှင့်အသက်၂၁နှစ်တွင်လက်ထပ်နိုင်ခဲ့ကာ အိမ်ထောင်သက်၇၃နှစ်သွားခဲ့သော ဘုရင်မကြီးသည် ယူနိုက်တက်ကင်းဒမ်းအတွက် ခိုင်မြဲတည်ကြည်သောပြယုဂ်ဖြစ်ပါသည်။
အခက်တိုင်းအချက်အဖြစ်ယူကြသော အမေရိကန်တို့၏မူလသဘော’Crisis into opportunity’ကောက်၍ လက်ရှိအခြေအနေကိုသုံးသပ်အမြတ်ထုတ်ကြည့်ကြပါစို့။

“နေမဝင်အင်ပါယာ(သို့) ပြည်ထောင်များမွေးဖွားရာ”
၁၉ရာစုအတွင်း မြန်မာလူမျိုးတို့ကိုမူလ Burman မှ Burmese သို့ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲခေါ်ဆိုသုံးစွဲခဲ့သော ဗြိတိသျှတို့သည် လူမျိုး ဒေသ တို့ကို စနစ်တကျသွေးခွဲအုပ်ချုပ် ကျွမ်းကျင်လွန်းလှသူများဖြစ်သည်။ အေဒီ၄၃ ရောမန်တို့သိမ်းပိုက်ခဲ့ချိန်မှစ၍ ယူကေတည်ထောင်နိုင်သည်အထိ နှစ်နှစ်ထောင်ခန့် သမိုင်းခရီးကိုကြည့်ပါလျှင် မည်မျှခက်ခဲကြမ်းတမ်းစွာဖြတ်ခဲ့ရသည် လက်တွေ့အတွေ့အကြုံတို့ကိုခံထားသည်ဟု သိမြင်နိုင်သည်။ ကမ္ဘာအရပ်ရပ်ရှိ တိုင်းပြည် လူမျိုးတို့ကို ဖြိုချ ဖျက်ဆီးခဲ့သလို တည်ထောင်ဖန်တီးပေးခဲ့သူများလည်းဖြစ်၏။
ကမ္ဘာစစ်ကြီးပြီးသည့်နောက် ယခုအစ္စရေးပြည်ဖြစ်သည့် ပါလက်စတိုင်းတို့၏ဒေသသို့ ဂျာမဏီပြန်ဂျူးလူမျိုးများအစုလိုက်အပြုံလိုက်သင်္ဘောတက်ရောက်ရှိကြခဲ့ရာ ယခုခေတ်ဂါဇာဒေသတဝိုက်ပဋိပက္ခတို့၏ လက်သည်မှာ ဒုကမ္ဘာစစ်နိုင် အင်္ဂလိပ်တို့ဟုလည်းဆို၍ရမည်။ လူဖြူ/လူမည်းပဋိပက္ခရှိရာ တောင်အာဖရိကနိုင်ငံ၏ မူလကိုလိုနီရှင်လည်းဖြစ်သည်။ ပြင်သစ်စကားပြောလူထုအများစုရှိရာ ကနေဒါပြည်ကို ဒိုမီနီယံအုပ်ချုပ်ရေးပေးထားသူလည်းဖြစ်၏။ ကိုလိုနီနယ်များကိုလက်လွှတ်၍ လွတ်လပ်နိုင်ငံများတည်ထောင်ပေးခဲ့သူလည်းဖြစ်၏။

“အင်္ဂလိပ်အခက် ဗမာအချက်(သို့)ပျက်ခြင်းနိဌာန်း”
မြန်မာနိုင်ငံအတွက်လျှင်မူ မူလ ကုန်းဘောင်မင်းဆက်၏သက်ဦးဆံပိုင်ဘုရင့်နိုင်ငံတော်ကို အရှေ့အိန္ဒိယကုမ္ပဏီတခုအရင်းပြု ကြေးစားစစ်အင်အားဖြင့်သိမ်းပိုက် ကိုလိုနီပြုကာ သီပေါဘုရင်နှင့်နန်းတွင်းမျိုးဆက်များအားလည်း ပြည်နှင်ဒဏ်ပေးခွဲထုတ်ပစ်ခဲ့ကြ၏။ ၁၈၈၆ ဇန်နဝါရီ ၁ရက်နေ့တွင် ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို ဝိတိုရိယဘုရင်မကြီးထံ မွေးနေ့လက်ဆောင်ပေးခဲ့လေသည်။
ထိုစဥ်ကာလမှစ, အိမ်နီးချင်းချိုင်းနားနှင့်လည်းကောင်း ပြင်သစ်ပြည်/ထိုင်းပြည်တို့နှင့်လည်းကောင်း နယ်စပ်နယ်နမိတ်အငြင်းပွားကြရတိုင်း အင်္ဂလိပ်တို့သည် နယ်စပ်ဒေသကျေးရွာအကြီးအကဲများ စော်ပွားများမှ မြန်မာဘုရင်မင်းဆီ အခွန်ဘဏ္ဍာလက်ဆောင်ပေးခြင်းအထောက်အထားရှာပြကာ မြန်မာပြည်နယ်နိမိတ်သို့ ထည့်သွင်းခဲ့သည်ကို သမိုင်းစာများနှင့်အထောက်အထားများကပြသည်။
သိမ်းပိုက်ခဲ့စဥ်ကတစုတည်းရယူ တည်ဆောက်ခဲ့သလောက် လွတ်လပ်ရေးပေးရမည်ပြုသောအခါဝယ် ပြည်မ/တောင်တန်းခွဲခြားမည်ဆိုခဲ့ပါသည်။
ဖက်ဆစ်ဂျပန်ထံတွင် ၆လမျှစစ်ပညာယူ၍ ဗိုလ်ချုပ်ရာထူးခံမြန်မာစစ်ခေါင်းဆောင် ၃၂နှစ်ရှိ ဗိုလ်ချုပ်အောင်ဆန်းဆီ လွတ်လပ်ရေးပေးကာမြန်မာပြည်ထိုးအပ်ရမည်ကို အင်္ဂလိပ်တို့ စိတ်ချယုံကြည်ရှိပုံမပေါ်။ သို့သော် သူခေါ်သွင်းလာသည့်မိတ်ဖက်ဂျပန်စစ်တပ်ကို ပြန်ပုန်ကန်ကာ အင်္ဂလိပ်နှင့် မဟာမိတ်ပြုလာသည့် ဗိုလ်ချုပ်အောင်ဆန်း၏နောက်တွင် မြန်မာလူထုတရပ်လုံးလည်းရှိနေလေသည်။
သို့နှင့် အမေရိကား(သမ္မတရုဇဘဲ့)နှင့် အင်္ဂလိပ်(ဝန်ကြီးချုပ်ချာချီ)တို့သဘောတူလက်မှတ်ထိုးထားသော ၁၉၄၁ သြဂုတ်လ ၁၄ရက်အတ္တလန်တစ်စာချုပ်အရ အင်္ဂလိပ်သိမ်းပိုက်ထားရာ ကိုလိုနီနယ်/နိုင်ငံများကို မူလဒေသခံတို့သဘောအရဆုံးဖြတ်လွတ်လပ်ရေးပေးရမည်ဟုဆိုထားသော်ငြား တဆင့်ထစ်လိုက်ပုံရပါသည်။ သီပေါမင်းဆီမှသိမ်းပိုက်၍ အုပ်ချုပ်ရေး/ပညာရေး ခေတ်မှီမြို့ပြစနစ် စနစ်တကျသတ်မှတ်ထူထောင်ပေးထားသော မြန်မာနိုင်ငံကို တောင်တန်းသားများ သဘောမတူညီပါလျှင် တောင်တန်း/မြေပြန့်ခွဲ၍ လွတ်လပ်ရေးပေးမည်ဟု နပ်ကြောင်းပေးလိုက်သတည်း။
ရအောင်လုပ်/ချုပ်ဆိုပေးနိုင်ခဲ့သည်ဟုဆိုသော သခင်အောင်ဆန်း၏ပင်လုံစာချုပ်တွင် ရခိုင်၊မွန်၊ကရင်၊ကယားတို့တိုက်ရိုက်မပါချေ။

“ပင်လုံ(သို့မဟုတ်)ကွဲပြားခြင်းစာချုပ်”
၁၉၄၇ ဖေဖော်ဝါရီ ၁၂ရက်နေ့တွင်ချုပ်ဆိုသော ပင်လုံစာချုပ်၏အနှစ်သာရသည်စုစည်းတည်ထောင်ပြည်ထောင်ဖွဲ့ခြင်းမဟုတ်၊ ကွဲပြားခြားနားခြင်းကိုပုံဖေါ်လိုက်ရာသာဖြစ်သည်။ လွတ်လပ်ရေးရယူပြီးနောက် ဗြိတိသျှဓနသဟာရထဲမဝင်ဟုဆိုသော မြန်မာပြည်အား နှစ်အဆက်ဆက်ပဋိပက္ခတို့ဖြစ်စေရန် စနစ်တကျပြုစားလိုက်သော ပြည်တွင်းစစ်ကိုမွေးဖွားစေရာဟုလည်း ဆို၍ရမည်။ စာချုပ်ပြီးနောက်လပိုင်းနှင့် အစိုးရအကြီးအကဲဗိုလ်ချုပ်အောင်ဆန်းသည် သူ၏အစိုးရကက်ဘိနက်တခုလုံးနီးပါးနှင့်အတူလုပ်ကြံခံရသည်။ ၂၀၁၇တွင် ၂၁ရာစုပင်လုံပြန်လုပ်ကြသည်နှင့်နောက် ယခုပြည်ထောင်စုအခြေအနေကို ကိုယ်တွေ့မျက်မြင်ကြည့်ကြပါလေ။
ပင်လုံကိုအသက်သွင်းတိုင်း စစ်ပွဲများအပါအဝင် သွေးထွက်သံယိုမှုများကြုံရပေရာ ကျိန်စာဟုလည်းဆိုမည်။

ဤအမြင်ကို တိုင်းရင်းသားစည်းလုံးညီညွတ်မှုပျက်စေသည်ဟု ထင်ပါလျှင် ပင်လုံစာချုပ်ချုပ် လွတ်လပ်ရေးရယူခဲ့ပြီးနောက် မြန်မာပြည်၏သမိုင်းခရီးကို အကြိမ်ကြိမ်သုံးသပ် ပြန်လှန်လေ့လာကြည့်ကြစေလိုပါသည်။ ထိုစာချုပ်ဖြင့် သင်၏ဘိုးဘွား လူမျိုးစုများကိုယ်စီနှင့် သင်ကိုယ်တိုင်မည်သို့ခံစား/စံစားခဲ့ကြရပါသနည်း။ ကောင်းခဲ့သည်လော ဆိုးသည်လော။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရကထဲကတောက်လောင်သွားသော ပြည်တွင်းစစ်မီး မငြိမ်းနိုင်သည်မဟုတ်ပါလား။ လူမျိုးခြင်းမျိုးဖြုတ်သတ်ဖြတ်မှုများဖြစ်ခဲ့ဖြစ်နေသည်မဟုတ်ပါလား၊ တဆင့်တက်၍ အတူမနေနိုင် ခွဲထွက်အဆင့်များရောက်လာကြပြီမဟုတ်ပါလား။ ဖြည်ချက်သည် မြန်မာနိုင်ငံကို တိကျသောနယ်နမိတ်နှင့် အုပ်ချုပ်ရေးစနစ် ပညာရေးတို့အပြင်မြို့ပြအုပ်ချုပ်ရေး အဆင့်ဆင့်ကိုစနစ်ချတည်ထောင်ပေးသွားသော အင်္ဂလိပ်သို့မဟုတ် ယခု ယူကေတွင်ရှိ၏။

“ဗြိတိသျှဓနသဟာရ(သို့)စုဖွဲ့သမဂ္ဂ”
ဘုရားပင်အမှီရှိမှပွင့်သည်ဟု ဆိုရိုးစကားရှိသည်။
တိုင်းနိုင်ငံတို့သည် ခိုင်ခံ့သောတည်မှီရာ လိုပါသည်။ သို့နှင့် ထာဝရဘုရားသခင်ဆီ ရည်ရွယ်ကြသည်။ ဘုရားသခင်မှတဆင့်လာသော ဘုရင်ကို တည်၍မှီကြသည်။ အများလူထုသဘောတူသည့် အခြေခံဥပဒေကိုပြုကြသည်။ မြန်မာတွင် ကျောရိုးဘာမှမရှိ။ လွတ်လပ်ရေးရပြီးသည့်နောက် ဘက်မလိုက်လှုပ်ရှားမှုတွင်ဝင်ပါ လွတ်လပ် တက်ကြွ ဘက်မလိုက်ဆိုသော နိုင်ငံခြားရေးရာပေါ်လစီထားခဲ့၏။ လူသား၏သဘာဝမှာစုဖွဲ့ဘက်လိုက်ရပေရာ ဘက်မလိုက်ဆိုလျှင် အထီးကျန်အင်အားမဲ့သာဖြစ်ပေမည်။ ကျောရိုးထားခိုင်မာရမည့်ရှိသောအခြေခံဥပဒေတို့သည်လည်း ၁၄နှစ်သက်တမ်းထား ၃ခါဖျက်ပြီးသားပါ။ ၄ခုမြောက် ၂၀၀၈ အခြေခံဥပဒေသည်လည်း ၁၄နှစ်ပြည့် ၂၀၂၂ ယခုနှစ်တွင်ပျက်နေသည်လော ရှိသည်လောမည်သူမှအာမမခံထား။

ပြီးခဲ့သော နှစ်၇၀ကျော်ခရီးတွင် ဓနသဟာရအဖွဲ့ဝင်နိုင်ငံအများစုသည် ယူကေ၏တည်ငြိမ်သောနိုင်ငံရေးနှင့် ကြွယ်ဝမှုတို့ကိုအခြေပြု မိမိတို့တိုင်းပြည်၏ ပညာရေး စီးပွားရေးလူမှုရေးတို့များစွာအမြတ်ထွက် တည်ငြိမ်တိုးတက်ခဲ့ကြသည်မဟုတ်ပါလော။ လန်ဒန်တွင် အိန္ဒိယသားတို့ တိုးတက်အောင်မြင်နေမှုအခြေအနေကိုကြည့်သိနိုင်သည်။ ဟောင်ကောင်သားတို့ အင်္ဂလန်တွင်ပေါက်ရောက်နေသည်ကိုမြင်နိုင်မည်။ လန်ဒန်၏၂၀%ခန့်လူထုမှာ အေးရှန်းဇာတိနွယ်များဖြစ်နေလေပြီ။ မည်သူကဘယ်သူ့ကို ကိုလိုနီပြုခဲ့ပါသနည်း။

“ပြည်ထောင်စုကို မြင်လိုလျှင်”
ယူကေ၏ဘုရင်ဖြစ်လာသော သက်တော်၇၃နှစ်အရွယ် ချားလ်စ်IIIသည် သစ္စာရှိခြင်းပြယုဂ်ဖြစ်သည်။ မိခင်၏နန်းတွင်းကိစ္စများကို အိမ်ရှေ့မင်းအနေဖြင့် ဓနဟဟာရနိုင်ငံများသို့ ခရီးပေါင်းရာချီသွားကာ ထိန်းသိမ်းစောင့်ရှောက်ပေးသူလည်းဖြစ်သည်။ ဘုရင်မကြီးလွန်ပြီးနောက် ဓနသဟာယအဖွဲ့ဝင် ၅၆နိုင်ငံတို့၏ ရပ်တည်မှု တဖန်ပြန်စဥ်းစားရန်အချိန်ကျနေချိန်ဝယ် မြန်မာနိုင်ငံကဲ့သို့ ဘက်ကန်လေ့ရှိသူကိုလိုနီဟောင်းနိုင်ငံက ဝင်ခွင့်လျှောက်ခြင်းသည် ဘုရင်ချားလ်စ်အတွက်များစွာသော အထောက်အပံ့ဖြစ်စေနိုင်ပါသည်။
အတုံ့အလှည့်ကြည့်၍ ဝင်ခွင့်စဥ်းစားပေးခဲ့ပါလျှင် ဓနသဟာရဝင်မြန်မာနိုင်ငံအတွက်ခိုင်မာသော အမှီရသွားမည်ဖြစ်၍ စည်းလုံးစုစည်းမှုလည်းပြန်ရပေလိမ့်မည်။ စီးပွားရေးအကူလည်းတွဲပါလာပေလိမ့်မည်။ တရားဥပဒေစိုးမိုးမှုနှင့် ဒီမိုကရေစီလည်းလမ်းမှန်ပေါ်ပြန်ရောက်လာပေလိမ့်မည်။
အောက်စ်ဖို့တက္ကသိုလ်သည် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်နံပါတ် ၅ရထား၏။ မြန်မာတို့ ထိုပညာရေး၏အကူတိုက်ရိုက်ရယူတက်နိုင်ပေလိမ့်။
အားတိုင်းယားတိုင်းစစ်အာဏာသိမ်းနိုင်ခြင်းလည်း ခက်ခဲသွားပေလိမ့်။
ယူကေသည် ကမ္ဘာ့စီးပွားရေးနံပါတ်၅နိုင်ငံဖြစ်သော်ငြား စီးပွားရေးစစ်ရေးအင်အား ဆင်ပိန်ကျွဲလောက်ဖြင့် အာစီယံနိုင်ငံများထက်သာလွန်သေးသည်။
အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် ချိုင်းနားနှင့်ထိုင်းနိုင်ငံတို့မှ မြန်မာ့သယံဇာတများအား အောက်လမ်းနှိုက်ယူငင်နေခြင်း၊ လုပ်အားအချောင်ဆွဲ လူကုန်ကူးနေခြင်းများအားလည်း အတိုင်းအတာတခုထိတားဆီး၍ စနစ်တကျဖြစ်စေနိုင်လိမ့်မည်။
မြန်မာနိုင်ငံအား ဓနသဟာရအဖွဲ့ဝင်အဖြစ် ဝင်ခွင့်လျှောက်လိုက်ခြင်းသည် လတ်တလောကမ္ဘာ့အခြေအနေ အချိန်အခါနှင့်ကိုက်ညီသော နိုင်ငံရေးဆုံးဖြတ်ချက်ဟုမြင်မိသည်။ တစစီကွဲပြတ်သွားတော့မည့်လမ်းပေါ်ရောက်နေသည့် မြန်မာနိုင်ငံအတွက် သက်ကယ်ကြိုးမျှင်လည်းဖြစ်ပါ၏။

ရှေးခေတ်က သမိုင်းအဖြစ်အပျက်အဆုံးအဖြတ်များကို အပြစ်ဆိုနေခြင်းမဟုတ်။ ဆို၍အကျိုးလည်းမရှိ။ အတိတ်ကိုဖတ် ပစ္စုပ္ပန်ရှု့ကာဆုံးဖြတ်ခြင်းဖြင့် အနာဂတ်ကောင်းရကြရန်ရည်ရွယ်ပါသည်။
မိမိနှင့်ရှေ့မျိုးဆက်၏ကောင်းကျိုးဆိုးပြစ်များကိုခြုံငုံသုံးသပ်၍ နောက်လာမည့်မျိုးဆက်သို့ကောင်းခြင်းအဖြာဖြာတတ်နိုင်သလောက်ရကြပါစေရန်သာ။
မြန်မာ … ဓနသဟာရအဖွဲ့သို့လျှောက်၍ဝင်ခွင့်တောင်းပါ။