“ဆရာဝိုင်ချို၏ ဆုရကဗျာ “ကဗျာရေးသူ” အား ပြန်လည်ခံစားမှုစာတမ်း”

သူရႆဝါOctober 19, 20101min1354


မနေ့က နေမင်းအားမာန် လူငယ်စာပေဝိုင်းရဲ့ တတိယမြောက် နှစ်ပတ်လည် စာပေဂုဏ်ပြု ဆုပေးပွဲမှာ ဒီနှစ် (၂၀၀၉ – ၂၀၁၀) အတွက် ကဗျာဆုရခဲ့တဲ့ ကဗျာဆရာ (ကို) ဝိုင်ချိုရဲ့ “ကဗျာရေးသူ” ကဗျာကို ပြန်လည်ခံစားတဲ့ စာတမ်း ရေးပြီးတော့ အခမ်းအနားမှာ ဖတ်ပေးဖို့ အဖွဲ့ခေါင်းဆောင် ကိုဇော်မျိုးသက် (ကုက္ကိုင်း) က တောင်းဆိုထားလို့ ကျွန်တော် ရေးပေးပြီးတော့ ပွဲကျင်းပချိန်မှာ ပြန်ပြီး ဖတ်ပြခဲ့ပါတယ်။ အခု အဲဒီစာတမ်းကို မနေ့က ပွဲကိုရောက်ပေမယ့် သေသေချာချာ ပြန်ဖတ်ချင်တဲ့သူများ၊ ပွဲကိုမတက်နိုင်ခဲ့တဲ့ ကဗျာဝါသနာရှင်များအတွက် ကျွန်တော် ပြန်တင်ပေးလိုက်ပါတယ်။ ကြုံတုန်း မနေ့က ပွဲအကြောင်းလေး နည်းနည်းရေးပါဦးမယ်။

နေမင်းအားမာန် လူငယ်စာပေဝိုင်း ဆိုတာက ၂၀၀ရ ခုနှစ်လောက် ကတည်းက ဖွဲ့စည်းခဲ့ပြီး ဝါသနာတူ လူငယ်တွေ စာပေအနုပညာကိစ္စကို တစိုက်မတ်မတ် လုပ်ဆောင်နေခဲ့ကြတဲ့ အသင်းဖြစ်ပါတယ်။ မနေ့က ကျင်းပသလိုမျိုး စာပေ ဂုဏ်ပြု ဆုပေးပွဲလေးတွေကို ရှေ့ ၂ နှစ်တုန်းကလည်း ကျင်းပနိုင်ခဲ့ ပြီးပါပြီ။ အခုပွဲမှာတော့ ခါတိုင်းနှစ်လို တောင်ဥက္ကလာပ ဘုန်းကြီးကျောင်းမှာ မလုပ်တော့ဘဲ New Zero Art Space မှာပဲ ကျင်းပဖြစ်ခဲ့တယ်။ ပွဲအတွင်း အစီအစဉ် တွေကတော့ ဒီနေ့ပွဲအတွက် ဆရာသစ္စာနီရဲ့ သဝဏ်လွှာကို ဆရာ ဝါဆိုကိုဦးက ဖတ်ကြားပေးတာ၊ နောက် … ဒီနေ့ပွဲအတွက် အယ်ဒီတာကြီးတွေက အမှတ်တရ စကား ပြောပေးကြတာ၊ အဖွဲ့ခေါင်းဆောင် (ကို)ဇော်မျိုးသက် (ကုက္ကိုင်း) က စကား အနည်းငယ်ပြောတာ၊ နောက် … ကဗျာဆုရတဲ့ ကဗျာကို ပြန်လည်ခံစားတဲ့ စာတမ်းကို ကျွန်တော် ဖတ်ပေးတာ၊ ဝတ္ထုဆုရတဲ့ ဝတ္ထုအတွက် သုံးသပ်ချက်ကို ကိုဇော်မျိုးသက် ဖတ်ကြားပေးတာ၊ နောက် .. ကဗျာဆု အဖြစ် “ကဗျာရေးသူ” ကဗျာကို ရေးသားတဲ့ ဆရာဝိုင်ချိုကို ရွေးချယ်ခဲ့တာ၊ ဝတ္ထုဆုအဖြစ် ဆရာမာန်ဟုန် (မတ္တရာ) ရဲ့ ဝတ္ထုကို ဆုအဖြစ် ရွေးချယ်ပေးတာ၊ နောက် … ဆုပေးတာတွေ ပြုလုပ်ခဲ့ပြီး ပွဲကို တက်ရောက်လာကြတဲ့ ကဗျာဆရာ၊ စာရေးဆရာ တွေက ကဗျာတွေ ရွတ်ဆိုဖြစ် ခဲ့ကြပါတယ်။ မှတ်မှတ်ရရ ဖြစ်ခဲ့တာကတော့ ကဗျာဆုရတဲ့ ဆရာဝိုင်ချိုက သူ့ကို ဆုပေးမယ့် အချိန်ထိ အချိန်မှီရောက်မလာလို့ ဆုမကြေငြာခင် ကျွန်တော်တို့ နည်းနည်းချင်းစီ အချိန်ဆွဲ ခေါ်ရတာပါ။ တော်တော် နောက်ကျမှ ဆရာက ရောက်လာတာပါ။ မေးကြည့်တော့ ဆရာက နေမကောင်း ဖြစ်နေလို့ မလာတော့ဘူး လို့တောင် စဉ်းစား ထားတာလို့ သိရပါတယ်။ ကဲ .. ကျွန်တော်လည်း လေရှည်နေပြီ။ “ကဗျာရေးသူ” ကဗျာအပေါ် ပြန်လည်ခံစားမှု စာတမ်းကို ဖော်ပြပေးရင်း ဆရာ့ကို ဂုဏ်ပြုပါတယ်။ ဖတ်ကြည့်ကြပါဦး။

ကျွန်တော်တို့ ဘာကြောင့် ကဗျာရေးကြသလဲ၊ ဘယ်လိုကဗျာရေးကြသလဲ။ ကျွန်တော်တို့ရဲ့ ချစ်ခြင်းမေတ္တာ အလုံးစုံဟာ ကျွန်တော်တို့ရဲ့ကဗျာတွေထဲမှာ၊ ကျွန်တော်တို့ရဲ့ နာကျင်မှုဟာ ကဗျာတွေထဲမှာ၊ ကျွန်တော်တို့ရဲ့ ဝေဒနာ၊ လူမှုရေး၊ ကြေကွဲမှု၊ ခံစားချက် .. အဲဒါတွေကို ကျွန်တော်တို့ရေးတဲ့ ကဗျာတွေထဲမှာ ဖြန့်ခင်းထားလိုက်ကြတာပါ။ ကျွန်တော်တို့ရဲ့ လူနေမှုဘဝ ကိစ္စတွေ အကုန်လုံးနီးပါးကို ကျွန်တော်တို့ရဲ့ကဗျာတွေက ထမ်းပိုးပေးထားရလို့  တခါတလေမှာ ကျွန်တော်တို့ဟာ ကဗျာတွေအပေါ်မှာ မတရားသလိုများဖြစ်နေပြီလားလို့တောင် တွေးမိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တွေဟာ ကဗျာအနုပညာကို ကျွန်တော်တို့ရဲ့ ဒုတိယအသက်ရှူလမ်းကြောင်းလို့ ခံယူထားမိ တဲ့အထိ ကဗျာပေါ်မှာ ရူးသွပ်ကိုက်ခဲနေကြတယ်ဆိုတာတော့ သေချာပါတယ်။ ကဗျာတွေဖတ်နေရတဲ့အချိန်၊ ကဗျာတွေ ရေးနေတဲ့အချိန်၊ ကဗျာရေးရာတွေအကြောင်း ပြောဆိုမိကြတဲ့အချိန်မှာ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုတောင် မေ့သွား ကြတဲ့အထိ ဖြစ်ခဲ့ဖူးမှာပါပဲ။ အဲဒီလို မဆုံးနိုင်တဲ့အတွေးတွေဟာ ဆရာဝိုင်ချိုရဲ့ ကဗျာရေးသူ ကဗျာကိုဖတ်ရတဲ့အချိန်မှာ ပိုပြီးတော့ ရှည်လျားဆန့်ထွက်လာပါတော့တယ်။ သူဟာ ကဗျာရေးသူတစ်ယောက်ဖြစ်တယ်ဆိုပြီး ဖွဲ့ဆိုထားတဲ့ အဲဒီကဗျာ ထဲမှာ ကျွန်တော်ကတော့ ကဗျာရေးသူထက် သူ့ကဗျာတွေရဲ့ ဂုဏ်သတ္တိ၊ ထုထည်ပမာဏကို ပိုပြီးမြင်ယောင်မိပါတယ်။

မြစ်တွေဟာ စီးဆင်းတတ်သလိုမျိုး၊ သစ်ပင်တွေရဲ့ စိမ်းလန်းရှင်သန်မှုမျိုး၊ ကြယ်ပွင့်မှာ လင်းလက်တောက်ပတဲ့ သဘာဝမျိုးရှိသလိုပဲ သူ့ရဲ့ပင်ကိုယ်သဘာဝဟာ ကဗျာရေးခြင်းပဲဖြစ်တယ်လို့ ကဗျာဆရာက ရေးပြပါတယ်။ နောက် .. ကျွန်တော်တို့ အရွယ်ရောက်လာတဲ့အချိန်မှာ စားဝတ်နေရေးအတွက် ကိုယ်ရွေးချယ်ထားတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တွေထဲမှာ ကျွန်တော်တို့ဘဝကို တည်ဆောက်ကြရပါတယ်။ စီရော်နယ်လ်ဒိုက ဘောလုံးကန်တယ်၊ လီယောင်ဂျေးက သီချင်းဆိုတယ်၊ မိုဟာမက်အလီဟာ သူ့အသက်မွေးဝမ်းကြောင်း အလုပ်အဖြစ် လက်ဝှေ့ထိုးခဲ့တယ်။ ကျွန်တော်တို့ရဲ့ ကဗျာဆရာကတော့ သူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ဟာ ကဗျာရေးခြင်းပဲဖြစ်ပါတယ်လို့ ပြောပြထား  ပါတယ်။ ဘာကိုမှ အထူးတလည် ဖွဲ့ဆိုထားတာမျိုးမရှိပေမယ့် ကဗျာဆရာရဲ့ပင်ကိုယ်သဘာဝနဲ့ သူရွေးချယ်တဲ့ အလုပ်အကိုင်ဟာ တစ်ထပ်တည်းကျနေတာကို ဖတ်ရတဲ့အခါ ရဲရင့်စိတ်ဝင်မိပါတယ်။ ကဗျာရေးသူဟာ အလံတွေ တလူလူလွင့်သလို၊ နှင်းမှုန်တွေ တဖွဲဖွဲကျနေသလို၊ တလွင်လွင်မြည်တဲ့ ဆည်းလည်းတွေလို ဂုဏ်သတ္တိမျိုးနဲ့ ကဗျာရေးနေတာ ဖြစ်ပါတယ်။

ကျွန်တော်တို့လူသားတွေရဲ့ အတိတ်ဘဝပေးကုသိုလ်ကံဟာ အစဉ်သဖြင့် ကျွန်တော်တို့အပေါ် အုပ်မိုး နေပါတယ်။ ကျွန်တော်တို့ရဲ့ လူ့အဖြစ်ဟာ တူညီတဲ့ မြေဆီမြေသားပေါ်မှာ ရှိနေတယ်ဆိုပေမယ့် လူသားတိုင်းဟာ တူညီတဲ့ မြေကြီးပေါ်မှာ ရပ်တည်နေနိုင်ကြတာတော့ မဟုတ်ပါဘူး။ တချို့က ချမ်းသာကြွယ်ဝတဲ့ ဘဝမျိုး ပိုင်ဆိုင်ထား ချိန်မှာ တချို့က ချိုင့်ဝှမ်းတွေထဲ ကျွဲကျောင်းနွားကျောင်း ရပါတယ်။ တချို့က မိုးတွေရွာသွန်းသလို ငိုကြွေးနေရတတ်ပါ တယ်။ ကဗျာရေးသူကိုတော့ အတိတ်ဘဝပေးကုသိုလ်ကံက ကဗျာတွေရေးနေဖို့ သတ်မှတ်ပေးလိုက်တဲ့အတွက် သူဟာ ကဗျာတွေရေးနေခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ လူ့ဘဝပတ်ဝန်းကျင်မှာ ကိုယ့်အတွက်တင်မက သူများတွေ အတွက်ပါ ဖြည့်ဆည်းလုပ်ကိုင်စရာတွေ များပါတယ်။ တချို့က မီးပြင်တယ်၊ ကျောင်းဆောက်တယ်၊ သွေးလှူတယ်၊ ပရဟိတ လုပ်တယ်။ တချို့က အရက်သောက်တယ်၊ သွေးဆိုးတယ်။ ကဗျာရေးသူရဲ့ ဗီဇသွေးကဘာလဲ ….. သူ ကဗျာ ရေးပါတယ်တဲ့။ ပြဿနာကို တချို့က စကားနဲ့ရှင်းတယ်၊ တချို့က ဓါးနဲ့ရှင်းတယ်၊ ကျွန်တော် ပြောခဲ့သလို ဆိုရင်တော့ ကဗျာဆရာရဲ့ ပြဿနာတွေကို သူ့ရဲ့ကဗျာတွေက ထမ်းပိုးပေးထားပါတယ်။

ကျွန်တော်တို့ဟာ လူတွေဖြစ်တဲ့အတွက် မျောက်တွေလိုပဲ တစ်နေရာတည်းမှာ ဘယ်တော့မှ အတည်တကျ မရှိခဲ့ ကြပါဘူး။ မြေပြင်မှာ ရုန်းကန်နေကြသလိုမျိုး အာကာသထဲ ခရီးထွက်တဲ့သူက ထွက်နေကြတယ်၊ ပင်လယ်ပြင်မှာ ဓါးပြတိုက်တဲ့သူကလည်း ဓါးပြတိုက်တယ်။ ကဗျာဆရာကတော့ သူ့နေရာမှာပဲ ကဗျာတွေထိုင်ရေးနေခဲ့ပါတယ်။ တချို့က လက်ထဲမှာ ဆေးထိုးအပ်ကိုင်တယ်၊ တချို့က သေနတ်ကိုင်တယ်၊ တချို့က စိတ်ပုတီးကိုင်တယ်၊ သူကတော့ ကဗျာဆရာ ဖြစ်တဲ့အတွက် သူ့လက်ထဲမှာ အနုပညာစိတ်ကိုပဲ ကိုင်တွယ်ထားပါတယ်တဲ့။ လူသားဘဝရဲ့ ခက်ခဲမွန်းကြပ်မှု၊ ခက်ခက်ခဲခဲ တည်ရှိရမှု၊ နက်ရှိုင်းဆန်းကြယ်မှု၊ ခမ်းနားလွတ်မြောက်မှုတွေ အားလုံးနဲ့အတူတူ ကဗျာဆရာရဲ့ ကဗျာရေးခြင်းအဖြစ်ဟာ ပိုပြီး ခိုင်မြဲနေတာပါပဲ။ ကဗျာရေးနေရတဲ့အခါမျိုးမှာ ကျွန်တော်တို့နှလုံးသွေးထဲ ဖြတ်စီးလာတဲ့ ကြည်နူးမှုတွေ၊ နာကျင်မှုတွေ၊ ကျွန်တော်တို့ရဲ့ အသိတရားတွေ၊ ဘာနဲ့မှမလဲနိုင်တဲ့ ချစ်ခြင်းမေတ္တာတွေ၊ ရိုးသားမှုတွေ၊ ဘာနဲ့မှ လဲလို့ မရတဲ့ အလှအပတွေ၊ ငြိမ်းချမ်းအေးမြခြင်းတွေ၊ တရားမျှတမှုတွေ …. အဲဒီလို ဘာဆိုဘာနဲ့မှ လဲလို့မရတဲ့ အရာတွေကို ဘာနဲ့မှမလဲပဲ ကဗျာဆရာက ကဗျာအဖြစ်ရေးပါတယ်။

ကျွန်တော်တို့ အစဉ်တစိုက် ဘယ်လိုကဗျာမျိုးတွေ ရေးခဲ့ကြသလဲ။ လေထဲ .. ပျောက်ဆုံးနေတဲ့ တည်ရှိမှုကဗျာ၊ မုဆိုးက ပစ်ခတ်လိုက်လို့ သေဆုံးသွားတဲ့ သားကောင်လိုမျိုး သေလွယ်ကြေလွယ်တဲ့ ကဗျာ၊ ပါးနပ်မှုတွေ၊ ရဲရင့်မှုတွေနဲ့ အမြဲ ရဲရင့်နေတဲ့ကဗျာ၊ အဲဒီလို ဝေ့လည်နေတဲ့ကဗျာတွေကြားထဲမှာမှ ကဗျာဆရာက ကဗျာတွေရေးပါတယ်။ ကဗျာမရေး တာနဲ့စာရင် ကဗျာရေးတာက ပိုကောင်းတယ်လို့ ထင်တဲ့အတွက်၊ ကဗျာမဖတ်တာနဲ့စာရင် ကဗျာဖတ်နေတာက ပိုကောင်း တယ်လို့ ထင်တဲ့အတွက်၊ ကဗျာဖက်ကနေပဲ အရာရာကို လှမ်းမျှော်ကြည့်တဲ့ ရှုခင်းရှုထောင့်နဲ့ ကဗျာရေးနေပါတယ်။ ကမာကောင်က ပုလဲကိုဥတဲ့အခါ၊ မိခင်က သူ့ရဲ့ကလေးကို နို့တိုက်နေရတဲ့အခါ ဖြစ်ပေါ်လာတဲ့ ကြည်နူးမှုမျိုး၊ သစ်ပင်က ပန်းတွေကို ဖူးပွင့်ပစ်လိုက်တဲ့အခါ ခံစားရတဲ့ ကြည်နူးစိတ်အဟုန်မျိုးနဲ့ ကဗျာဆရာဟာ သူ့ရဲ့ကဗျာတွေကို ကြည်ကြည် နူးနူး မွေးဖွားထားရတာပဲဖြစ်ပါတယ်။

သူ့ရဲ့ဘဝအတွက် ကဗျာအနုပညာကို ရွေးချယ်ရင်း၊ ကဗျာတွေနဲ့ အမြဲတမ်း လက်ပွန်းတတီး နေထိုင်ရင်း တဖြည်းဖြည်းနဲ့ ကဗျာတွေက ကဗျာဆရာကို ပြန်ပြီး ရွေးချယ်လိုက်ကြတာပါပဲ။ ကဗျာတွေရဲ့ ကိုယ်ရောင်ကိုယ်ဝါ တောက်ပမှုနဲ့ ကဗျာတွေရဲ့ အလိုဆန္ဒအတိုင်း နေထိုင်ရင်း ကဗျာဆရာရေးတဲ့ ကဗျာတွေတောင် မဟုတ်တော့ဘဲ ကဗျာတွေက ပြန်ရေးလိုက်တဲ့ ကဗျာတွေတောင် ဖြစ်လာခဲ့ပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ ရင်ထဲရောက်နေတဲ့ ကဗျာဆရာဝိုင်ချိုရဲ့ ကဗျာတွေကို မရမက လိုက်လံရှာဖွေပြီး ဖတ်ရှုဖို့၊ ဒါမှမဟုတ် မဂဇင်းတစ်အုပ် ကောက်လှန်လိုက်တဲ့ အခါ သူ့ရဲ့ကဗျာတွေနဲ့ ကြုံကြိုက်တဲ့အခါ ဖတ်ကြည့်ကြဖို့၊ ခင်ဗျားတို့ ဖတ်ချင်စိတ်ရှိတယ်ဆိုရင် ဖတ်လို့ရအောင်လို့ တစ်သက်လုံး ခင်ဗျားတို့ကိုရော ကဗျာတွေကိုပါ ချစ်ခင်မြတ်နိုးစွာနဲ့ သူဟာ ကဗျာရေးနေတာဖြစ်ပါတယ်တဲ့။ ခင်ဗျားတို့ နောက်တစ်ခါ ထပ်မေးရင်တောင် သူ့အနေနဲ့ ကဗျာတွေ ရေးရတဲ့အကြာင်း ရှည်ရှည်ဝေးဝေးတွေ လျှောက်ပြောဖြစ်ချင်မှ ပြောဖြစ်တော့မှာပါ။ သူ ….. အဆက်မပြတ် ကဗျာတွေ ရေးနေရလို့ပါပဲ။

သူရဿဝါ

အောက်တိုဘာ ၁၉ ရက် ၊ ၂၀၁ဝ ခုနှစ်

4 comments

  • bigcat

    October 19, 2010 at 3:25 am

    အမှန်အတိုင်းပြောရရင် ကဗျာတွေကို သိပ်မခံစားတတ်ဘူး။ ပေါ့ပေါ့ပါးပါးလေးတွေက လွဲရင်ပေါ့လေ။ ဒါပေမဲ့ ကဗျာကို တည်တည်တံ့တံ့ရေးသူတွေ ဖတ်တတ်သူတွေဟာ ကျနော်တို့လို ခံစားမှုအားနဲသူတွေထက် အိုင်ကျူမြင့်တယ်ဆိုတာ ငယ်ငယ်လေးထဲက လက်ခံထားပါတယ်။ ကြီးလို့ကြိုးစားပြီး ဖတ်လည်း ကဗျာအများစုရဲ့ နောက်ကွယ်က ပေးချင်တဲ့ရသကို ဖော်ထုတ်ဖို့ စိတ်ကမရှည်လေတော့ ဝေးဝေးကနေပဲ အားကျရင်းနဲ့ ငေးပါတယ်။ ပရော်ဖက်ရှင်နယ် ကဗျာဆရာတွေ ခံစားမှုနဲ့ဦးနှောက်ကို ဂုဏ်ပြုလိုက်ပါတယ်။

  • kai

    October 19, 2010 at 9:06 am

    ဆရာသူရဿဝါခင်ဗျား..

    http://myanmargazette.net/?p=28993
    အဲဒီမှာ မြန်မာကဗျာတွေကို ယူအက်စ်ကတချို ့ကျောင်းတွေ၊ အဖွဲ ့အစည်းတွေဖတ်နေကြတာရဲ့ ၂ခုကို တင်ပေးထားပါတယ်။
    မခက်မာကိုတော့ သိမှာပေါ့။
    ကျန်တဲ့တဖွဲ ့က ဗမာတွေမပါပဲ သူတို့လူချည်းလုပ်သွားပုံရတယ်။
    နောင်အခါ ဗမာကဗျာရွတ်ရင် မူရင်းကဗျာဆရာကိုပါဖိတ်ပြီး ရွတ်ဖို့ တိုက်တွန်းကြည့်ပေးပါမယ်။

  • cherrywine

    October 19, 2010 at 9:44 am

    အရမ်းသဘောကျတဲ့ ကဗျာလေးပါ။ချယ်ရီအ
    တွက်တော့ ကဗျာဆရာဆိုတာဟာ အားကျစရာ
    တစ်ခုပါ။ငယ်စဉ်ထဲက ဝါသနာပါလို့အမြဲတမ်း
    ရေးဖြစ်ပါတယ်၊စာဖတ်တိုင်းလည်း ကဗျာတွေ
    ကိုအမြဲတမ်း လိုက်ရှာပြီး ဖတ်ဖြစ်ခဲ့ပါတယ်။
    စာရေးဆရာထဲမှာ အောင်မြင်ပြီးငွေဝင်ကောင်း
    တဲ့သူတွေအများကြီးရှိနေပေမဲ့ ကဗျာဆရာတွေ
    အဲ့လိုငွေဝင်တယ်လို့သိပ်မကြားမိပါဘူး။အဲ့ဒါ
    ကြောင့်လည်း ကဗျာရေးသူတွေကိုပိုပြီးလေးစား
    မိပါတယ်။စွန့်လွှတ်စွန့်စားနိုင်သူတွေမို့ပါ။

  • michaelaungpu

    October 19, 2010 at 12:26 pm

    အရေးထဲ သူက တစ်မှောင့်

Leave a Reply