ဖေဖေ့ပေးစာနဲ့ သမီးရဲ့ပြန်စာ

ချစ်သမီးလေး

သမီးနဲ့ ဖေဖေတူတူပုန်းတမ်းကစားတိုင်း ဖေဖေကို သမီးချက်ချင်းရှာတွေ့ခဲ့တယ်နော်။ ဒါပေမယ့် သမီး ဒီတစ်ခါတော့ ဖေဖေအကြာကြီး ပုန်းနေရတော့မယ်။ ဖေဖေကိုတွေ့ဖို့ သမီးမရှာသေးပါနဲ့။ သမီးအသက်(၁၄)နှစ်ရောက်မှ (ကိတ်မုန့်(၁ဝ)ကြိမ်စားပြီးမှ) ဖေဖေ ဘယ်မှာပုန်းနေသလဲဆိုတာကို သမီးမေမေဆီ မေးကြည့်နော်။

ဖေဖေအကြာကြီးပုန်းနေခဲ့လို့ ဖေဖေ့ကို သမီးလွမ်းနေမယ် မဟုတ်လား? သမီးလွမ်းနေမယ်ဆိုတာကို သိလည်း ပုန်းနေရာကနေ ဖေဖေပြေးထွက်လာလို့ မရဘူးသမီး။ ပြေးထွက်လာရင် ဖေဖေရှုံးသွားလိမ့်မယ်။ တကယ်လို့ ဖေဖေ့ကို သမီးအရမ်းအရမ်း လွမ်းတယ်ဆိုရင် မျက်လှည့်အတတ်နဲ့ ဖေဖေကိုယ်ထင်ပြမယ်လေ။ ဖေဖေရဲ့မျက်လှည့်က သမီးအိပ်နေတဲ့အချိန် သမီးအိပ်မက်ထဲ ဖေဖေအလည်လာမယ်၊ သမီးနဲ့တူတူဆော့မယ်။ ဒါဟာ တကယ့်ကိုယ်ထင်ပြတာမဟုတ်လို့ ကစားနည်း စည်းမဖောက်ဘူးနော်။ ဒါဆိုရင် ဖေဖေ မရှုံးဘူးပေါ့။

ဖေဖေ့ပုံကို သမီးဆွဲတဲ့အခါ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဒါဟာဖေဖေပါလို့ သမီးထင်ရင် သမီးဆွဲတဲ့ပုံဟာ ဖေဖေပါပဲ။ ဖေဖေ့ဓာတ်ပုံကို သမီးကြည့်တဲ့အခါ ဖေဖေလည်း သမီးကို တိတ်တခိုးလေး ပြန်ကြည့်နေမှာပါ သမီး။ သမီးအနားမှာ ဖေဖေအမြဲရှိတယ်ဆိုတာကို သမီးမမေ့နဲ့နော်။

သမီးအသက်(၄)နှစ် ရှိပြီ။ သမီးကို ဖေဖေတစ်ခုမှာခဲ့ချင်တယ်။ ဘိုးဘိုး၊ ဘွားဘွား၊ မေမေတို့ကို သမီးရိုသေလေးစား ဂရုစိုက်ရမယ်နော်။ ဖေဖေလုပ်ခဲ့တာထက် ပိုကောင်းအောင် သမီးကြိုးစားရမယ်။ သမီးလုပ်တာ ကောင်းမကောင်းဆိုတာကို သမီးမေမေက သမီးကိုပြောပြလိမ့်မယ်။

ဒီတစ်ခေါက် ဖေဖေအကြာကြီးပုန်းနေခဲ့လို့ ဘိုးဘိုး၊ ဘွားဘွား၊ မေမေတို့က ဖေဖေ့ကို လွမ်းကြလိမ့်မယ်။ လွမ်းတဲ့အခါ သူတို့ တိတ်တဆိတ်ငိုကြလိမ့်မယ်။ ငိုတယ်ဆိုတာ စည်းဖောက်တာပဲ။ ငိုရင် ရှုံးတယ်နော် သမီး…

သူတို့ငိုတာတွေ့ရင် မငိုဖို့ သမီးက အားပေးရမယ်။ ရယ်မောလာအောင် နောက်ပြောင်ရမယ်။ ဒီလိုမှမဟုတ်ရင် ကစားပွဲရှုံးသွားတဲ့အခါ သူတို့ပိုငိုလိမ့်မယ် သမီး။ ဘယ်သူရှုံး ဘယ်သူနိုင်မလဲ! သမီးလား! ဖေဖေလား! ကဲ.. သမီးရေ…အဆင်သင့်ဖြစ်ရင် ကစားပွဲကို ဖေဖေတို့ စလိုက်ကြရအောင် !

(၁ဝ)နှစ် လွန်ပြီးနောက်

ချစ်ရတဲ့ ဖေဖေ

ဖေဖေ့ကို သမီးရှာတွေ့ခဲ့ပြီ။ ဒီနှစ်တွေအတွင်းမှာ သမီးအရမ်းလိမ္မာတယ်သိလား ဖေဖေ! သမီးလုပ်တာ ဖေဖေထက်သာတယ်လို့ မေမေကပြောတယ်။ ဘိုးဘိုး၊ ဘွားဘွား၊ မေမေတို့ စည်းဖောက်တဲ့အခါ သူတို့ပြုံးရယ်နိုင်ဖို့ သမီးအတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်ဖေဖေ။ ဘိုးဘိုး၊ ဘွားဘွားတို့ အကူအညီလိုတဲ့အခါ သမီးအတတ်နိုင်ဆုံး ကူညီခဲ့တယ်။ ဖေဖေ့စကားကို သမီးနားထောင်ခဲ့ပါတယ်။ သမီးနိုင်ပြီမဟုတ်လား ဖေဖေ?

သမီးကို ဖေဖေစိတ်မပူနဲ့ ဖေဖေ။ သမီးအနားမှာ ဖေဖေအမြဲရှိနေလို့ သမီးသတ္တိတွေ ပိုရှိလာတယ်။ ဖေဖေရဲ့မျက်လှည့်အတတ်က သမီးကို ပိုကြံ့ခိုင်စေ၊ ပိုသန်မာစေခဲ့တယ် ဖေဖေ။ သမီးမှာ ဘိုးဘိုး၊ ဘွားဘွား၊ မေမေနဲ့ ဖေဖေရှိနေခဲ့လို့ သမီးပျော်ရွှင်ရပါတယ်။ သမီးအထီးမကျန်သလို ဖေဖေလည်း အထီးကျန်မှာ မဟုတ်ပါဘူးနော်။ သမီး(၁၄)နှစ်ပြည့်ပြီး အရာရာကို သိတတ်နားလည်သူဖြစ်နေပြီ ဖေဖေ။ သမီးအတွက် ပူပင်သောကတွေ မရောက်နဲ့တော့ ဖေဖေ။ မိုးပေါ်က ကြယ်ကလေးအဖြစ်နဲ့ သမီးလုပ်သမျှကို စိတ်ချလက်ချ ကြည့်နေပါ ဖေဖေ။

မိသားစုပုံတစ်ပုံ သမီးဆွဲထားတယ်ဖေဖေ။ သမီးတို့ကို ဖေဖေသတိရတဲ့အခါ အဲဒီပုံကို ကြည့်နိုင်ပါတယ် ဖေဖေ။ သမီးကို ဖေဖေလွမ်းတဲ့အခါ မျက်လှည့်အတတ်နဲ့ သမီးတို့ရဲ့ အိပ်မက်ထဲကို လာခဲ့ပါဖေဖေ..

ဖေဖေ့ကို သမီးအရမ်းချစ်တယ်။ ဒါပေမယ့် ကစားပွဲက ပြီးသွားပြီဖေဖေ။ ဒီကစားပွဲမှာ သမီးနိုင်တယ်…. သမီး ငိုခွင့်ရှိပြီလား ဖေဖေ!

** ဖေဖေရဲ့သေတမ်းစာနဲ့ (၁ဝ)နှစ်နောက်ပိုင်း သမီးလေးရဲ့ပြန်စာ or google search

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

About စနေ

mee lay has written 40 post in this Website..