မြန်မာတွေဟာ ကမာ္ဘမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ???

မေတ္တာရှင် – ငါ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။ အဲဒီမေးခွန်းက –

မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမာ္ဘမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။

သန်း – ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။

မေတ္တာရှင် – အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့ ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။

သန်း – အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲ ဘုရား။ နည်းနည်းအကျယ်ချဲ့ ဖြေဦးမှပေါ့ ဘုရား။

မေတ္တာရှင် – မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။ အဲဒီ ၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါးချမ်းသာလာကြမှာ။ အဲဒီ ၁၁ ချက်က –

၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။ ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ) လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့ ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။

ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊ အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။ ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။ ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။

၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့ ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ တစ်ပါးမှ မပြည့်စုံဘူး။

၃။ ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၄။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား ကျင့်သုံးနေတဲ့အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၅။ အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိ ကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။ အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတယ်။ အချိန်တန်ဖိုး မသိတဲ့သူများကတော့ မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချတယ်။

၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင် ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့ အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့ ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား ဖြစ်တယ်။

ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့ လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။ ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။

ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော် အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းစကားပြောရင် သူ့သနာ္တန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။ မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သနာ္တန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။

ပညာမဲ့က သူ့သနာ္တန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။ ပညာတတ်တွေကျတော့ သူတို့သနာ္တန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ ပြတယ်။ ပညာတတ်က သူတို့သနာ္တန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။ အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။ အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။

၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ မရှိတာပါပဲ။

၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့် စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ် ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။

၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။

၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့ ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ ၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။ အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့ သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို မဖြစ်မနေ လုပ်ကြတော့တာပဲ။

မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။ တစ်နေ့ ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက် ငယ်ရွယ်သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီမောင်းနေရတာလို့ ထင်သွားတာပေါ့။

သန်း – အဲဒီအတိုင်း ဟုတ်ပါသလား ဘုရား။

မေတ္တာရှင် – ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ် ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။

၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘယအလုပ် လုပ်သလဲလို့ မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။

သန်း – တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။

မေတ္တာရှင် – အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြတာဘဲ။

~~~

၂၀၀၈ ခုနှစ် ဇွန်လထုတ် သူရဇ္ဇမဂ္ဂဇင်းတွင် ဖော်ပြထားသော မေတ္တာရှင် (ရွှေပြည်သာ)၏ လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ – ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။ အကျိုးအပြစ်ကို ဆင်ခြင် ပြင်ဆင်နိုင်ကြစေဖို့ ရည်ရွယ်ပြီး မဖတ်မိသေးတဲ့သူများအတွက် ဝေမျှလိုက်တာပါ။

About ဆူး

has written 398 post in this Website..