((( ဗွမ်း )))

သူ့ ခြေရင်းကို လာစင်တဲ့ ဗွက်ရေစက်တွေကို သူအဓိ္ဓပါယ်မဲ့စွာ ငေးကြည့်နေမိသည်..။ ဘယ် နှစီး မြောက်မှန်း
မသိတဲ့ ဘက်စ် ကား တစ်စီး သူရပ်နေသည့် မှတ်တိုင်မှ ထွက်ခွာသွားပြီ..။ ဒီနေ့ ၂ဝ ရက်နေ့..။
လခစား အလုမ်းကြမ်းသမား တစ်ယောက်အတွက် တော်တော် ခက်ခဲနေပြီ ဖြစ်တဲ့ နေ့တွေ ရောက်လာတော့မယ်..။
ပိုဆိုးတာက သူ့မှာ မိန်းမ နှင့် သားတစ်ယောက် သမီးလေး တစ်ယောက် ရှိသေး..။မနက်စောစောပိုင်း က မိန်းမ က ကလေးတွေ မကြားအောင် သူ့ကို တိုးတိုး
မှာလိုက် သည်..။

“ယောက်ျား အိမ်မှာ ဆန်မရှိတော့ဘူး.. သမီးလေးကလဲ ဖျားနေတယ်.. ညနေ ဆေးခန်း ပြချင်တယ် ယောက်ျားရယ်..။ အဲ့တာ တော့် အလုပ်က ပိုက်ဆံ ချေးလို့ ရရင် ချေးခဲ့ပါဦး..
သားလေးကိုလဲ ကျောင်းအပ်ပေးချင်တယ်.. ဒီတစ်ပါတ်ထဲ အပြီး အပ်ရမယ်တဲ့.. နော် ယောက်ျား..။”

ဟူးးးးးးးး.. ရင်ထဲက သက်ပြင်းမော တစ်ခုကို အဆုံးမရှိ ချလိုက်မိသည်..။ သူ အိမ်ထောင်ပြုခါစက ဝန်ထမ်း
လုပ်ခဲ့သည့် အချိန်မှာ ရသည့် လခက တော်တော် အသုံးဝင်သည်.လုံလောက်သည်.။ အခု တော့ အောက်ဆိုဒ်
လေး အချိန် ပို လုပ်နေတာတောင်.. ကုန်ဈေးနှုန်းကို လိုက်မမှီပေ..။ရုံးမှာ ပိုက်ဆံ ချေးခဲ့ဖို့..

သူ့မိန်းမ မှာလိုက်ပေမယ့်… ဝန်ထမ်းတွေ အကုန်လုံးကလဲ သူလိုကို့လို ပင်…။ ဗိုက်ပူနံကား
ထွားထွားကျိုင်းကျိုင်း တစ်ယောက်မှ မပါ..။အခွင့်ရေးလေးများ ရလိုက်လို့ ကတော့ သူများတွေ
ပြောပြောနေတဲ့ သိန်းချီ ရတယ်ဆိုတဲ့ စင်ကာပူလို နေရာမျိုးမှာ မိလ္လာပဲ တူးရတူးရ သုဘရာဇာပဲ

လုပ်ရလုပ်ရ.. သွားလုပ်လိုက်ချင်တယ်..။ အော်.ဘဝ…

လေးကန်သော ခြေလှမ်းတွေ နှင့် အိမ်ပေါ် တက်လိုက်တဲ့ အချိန်မှာ စာအုပ်အဟောင်းပုံထဲက ကျန်သေးတဲ့ စာရွက်အလွတ်တွေကို
ဖြဲနေတဲ့ သားလေး …အော်.. စာတတ် ချင်ရှာတဲ့ ကလေး..။

“သား..”

“အာ ဖေကြီး… မေကြိးက ဖေကြီးကို မှာလိုက်တယ်..ဖေကြီးပြန်လာရင် ဆေးရုံကိုလာခဲ့ပါတဲ့ .. ညီမလေး ဖျားနေလို့တဲ့..။”

“ဟေ”

သူချက်ချင်းပင် ခေါင်းနပန်း ကြီး သွားသည်..။ ဘေးအိမ်မှ အသိထံ သားလေးကိုအပ်ခဲ့ပြီး ဆေးရုံလိပ်စာ မေးမြန်းစုံစမ်းကာ
လိုက်ခဲ့ သည်..။ဆေးရုံရောက်တော့ သမီးလေးကို ယပ်ခပ်ပေးနေတဲ့ သူ့ ဇနီးက တရှိုက်ရှိုက် ငိုနေလေသည်..။

“မိန်းမ ဘယ်လို ဖြစ်တာလဲ..။”

“ယောက်ျား သမီးလေး တိုက်ဖွိုက်ဖြစ်တာတဲ့.. ခုနက ဆရာဝန်ကြီး လာကြည့်သွားတယ်..။ ဆေးထိုးရမယ် ဆေးသောက်ရမယ်တဲ့..ဆေးညွန်း ရေးပေးသွားတယ်.. အဲ့တာ တွေ
အကုန်ဝယ်ပြီးမှ ဆက်ကုပေးနိုင်မယ်ဆိုပြီး

ထွက်သွားတယ်..။”

သူဆေးညွန်းကို ယူကြည့်မိတော့.. ဂွမ်းအစ အပ်အဆုံး ရေးထားတာ တွေ့ ရသည်..။ဆေးရုံတွေမှာ ကိုယ့်ပစ္စည်း
အစုံအလင် ရှိမှ ဆရာဝန်တွေ က ကုသပေးနိုင်တယ် ဆိုတာကတော့သူ ကြားဖူးနားဝ ရှိပြီးသားပါ..။

“ယောက်ျား လုပ်ပါဦး..ယောက်ျားရယ်.. ရှင် ပိုက်ဆံ ရအောင်ရှာပြီးတော့ သမီးလေးကို ဆေးကုဖို့ လုပ်ပါဦး..။”

မျက်ရည်ကြားထဲမှာ ရှိုက်သံ တစ်ဝက်ဖြင့် ပြောနေသော ဇနီးသည်ကို သူ ဖက်ထားလိုက်မိတယ်..။ ဇနီးသည်ရဲ့ လက်ကိုအားပေးတဲ့
အနေဖြင့်ဆုပ်ကိုင်လိုက်ပေမယ့် သူ့လက်အစုံကလဲ အိမ်မြောင် တစ်ကောင်လို အေးစက်နေလေပြီ..။

ဘေးကုတင်မှ ကလေးတစ်ယောက် စူးစူးဝါးဝါးထိုးငိုသံကို ကြားလိုက် ရသေးသည်..။

ငါသမီးလေး အသက်ကို ရအောင် ကယ်မယ်…။

သူ့စက်ရုံကို အချိန်ပိုင်းသွားလုပ်မည့် ညနေအချိန် ကို ရောက်သည့် အထိ ရှိသမျှ အသိတွေ ဆီမှာ ငွေ လိုက်ချေးနေမိတယ်…။ ထုံးစံ အတိုင်း. ((မရ))..။ အချိန်ပိုင်း အလုပ်က သဌေးဆီမှာ နောက်ဆုံးချေးကြည့်ဖို့ မျှော်လင့်မိလေသည်.။

“သူဌေးက တော့ မင်းသိတဲ့ အတိုင်း ချစ်တီးကျချက် .. မင်းသူငယ်ချင်း မင်းနောင် အင်ဂျင်တုံးပိပြီး ခြေထောက်ကျိုးတာတောင်.. ငွေလေး တစ်သိန်းပဲ
နစ်နာကြေးပေးတာ မင်းလဲ
သိတာပဲ..။”

အလုပ်သမားခေါင်းဆီမှာ အကြံတောင်းမှ တစ်ခါတည်း အမောဆို့သွားမိတော့တယ်..။ သူတော်တော် စိတ်ပျက်သွားလေသည်..။
စိတ်ထဲမှာလဲ တော်တော် ပူလောင်နေမိပြီ..။ရုတ်တရတ် …သူ.. အကြံ ရသွားလေသည်..။ င မင်းနောင်..။

………………………………………………………………………………………………………………………………..

သူ အရက်ကို လူပျိုဘဝ တုန်းက တစ်ခါနှစ်ခါ သောက်ဖူး ပါသည်…။ အိမ်ထောင်ကျပြီးသည့် အချိန်မှ စပြီးတော့
အခုထိသူ အရက်မသောက်ဖူးတော့ပေ.။ အခုတော့ သူ အရက်သောက်မှ ဖြစ်တော့မည်.။ဘုံဆိုင် ကိုသွားပြီးတော့
ဘီအီးတစ်ပိုင်းမှာလိုက်သည်..။ ပဲကြီး လှော် တစ်ထုတ်ဖြင့် အရက်တစ်ပိုင်းကို ခွေးသောက်နွားသောက်

သောက်ချလိုက်တယ်..။ အူအရိုင်းလို ဖြစ်နေသဖြင့် ချက်ချင်းမူးဝေပြီး ထုံဝေ လာလေသည်..။
သူအလုပ်ထဲ ပြန်သွားလိုက်လေသည်.။ တဂျူံဂျုံး မည်နေတဲ့ မီးစက်သံနှင့် အထည်တွေကို ဖြတ်နေသည့်
ဓါးစက်သံ တို့ဖြင့် စက်ရုံမှာ ဆူညံနေလေသည်..။သူဓါးစက်နားသို့ ချဉ်းကပ် လိုက်တယ်..လူရိပ်လူခြေတစ်ချက်

ကြည့်လိုက်ပြီး… အံတင်းတင်းကြိတ်လျက် သူ့ လက်သန်းကို ပိတ်အုတ်ပေါ်က ဓါးစက်အောက်သို့
ထိုးထည့်လိုက်သည်..။ လက်သန်း အရင်းမှ စပ် ရှရှ နာကျင်မှုက လက်မောင်းအရင်းမှတဆင့် ခေါင်းထိပါ
ထိုးကိုက်ပြီး တက်လာသည်..။ သူ သည်းမခံ နိုင်စွာ အသံကုန်ခြစ်ပြီး အော်လိုက်မိလေသည်..။

((((( အားးးးးးးးး ))))))

ရန်ကုန်မြို့ ကားများက ညဖက်ဆိုလျင်ပိုမို ကျပ်တည်းလှသည်..။သူ့ညာဖက်လက်ထဲမှာ သမီးလေး အတွက် ဆရာဝန်မှာလိုက်သည့်
ပစည်းတွေ ကို စုပေါင်းထုတ်ပိုးပြီးသယ်ထားလိုက်ပါတယ်..။သူ့ဘယ်ဘက် လက်မှာတော့ ပတ်တီး

ဖြူဖြူ က ညအမှောင်မှာ ထင်ထင် ရှားရှား..။သူ့ လက်သန်း တစ်ချောင်းကတော့ ဓါးစက်အောက်မှာ
နစ်နာငွေ နှစ်သိန်း အတွက် အစတေးခံ ဖြစ်ခဲ့ပြီ..။ဒါပေမယ့်သူ ဝမ်းမနည်းပါ..။

သမီးလေး အသက်ကို ကယ်နိုင်ပြီ.. သာလေးကိုလဲ ကျောင်းထားပေးလို့ ရပြီ..။

အတွေးဖြင့် စိတ်ပေါ့ပါးစွာ သူပြုံးလိုက်မိသည်.။သမီးလေးဆီ အချိန်မှီရောက်မှ ဖြစ်မည်..။ အသင့်လာ
ရပ်သော ဘက်စ် ကားပေါ် လက်တစ်ဖက်တည်းဖြင့် ခဲယာခဲဆစ် ကုတ်တက်လိုက်သည်.။ အထဲကို တိုးလိုက်တော့
တခြားခရီးသည်တွေ ထံမှအသံများ ဆူပွက်ထွက်လာသည်..။

“အာ ဘယ်လိုလူလဲ.. အရက်တွေ သောက်ထားပြီးတော့ ကားလာစီးနေသေးတယ်..”

“ဟေ့လူ.. ခင်ဗျား အရက်သောက်ထားရင်လဲ တွယ်စီးဗျ.. ခင်းဗျားလက်က သွေးတွေလဲ သူများပေကုန်လိမ့်မယ်..။”

ဟုတ်သား… သူ ဆေးပစ္စည်းတွေ ဝယ်ရင်း ဒါဏ်ရာက ကိုက်လာသဖြင့် ထပ်သောက် လာခဲ့သေးသည်ပဲ..။ သူအားလုံးကို
အားနာစွာ တောင်းပန်ရင်း.. ကားကယ်ရီယာ ခုံဆီကို ထွက်လိုက်သည်..။ သူ့လိုပဲ တွယ်ကပ်စီးနေသည့်..
ကောင်လေးတွေ အများပြား..။ သူလဲ ရုံးနောက်ကျရင် အဲ့လိုစီးနေကျ ဆိုတော့ သိပ်တော့ မခက်ခဲလှပေ..။

ဒါပေမယ့် အခုက ပစ္စည်းတွေ တစ်ဖက်ဖြင့် တွဲခိုထားရသဖြင့် တစ်ချက်ချက် လွတ်ချင်သည်.။

“ဟို အကို ကားခလေး..”

“အော် အေ ညီ.. ခဏ..”

စပယ်ယာ ညီလေးမှ ကားခတောင်းတော့ သူ တော်တော် အခက်တွေ့သွားသည်..။ ပတ်တီး စည်းထားပေမယ့် ဖော်ထားသည့် လက်မ
လက်ညိုးဖြင့် ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံကိုခဲယာခဲစစ် ဆွဲ အထုတ်..။ ကားက အရှိန် မသတ်ပဲ
အကွေ့….

သံတိုင်ကို ကိုင်ထားသည့် သူ့လက် ..လွတ်ထွတ်သွားသည်..။ သူလဲ.. လေထဲကို မြောက်တတ်သွားလေသည်..။ တခုခု
ဖြင့် ရိုက်မိလိုက်ပြီး ဆိုတာကို ဦးခေါင်းမှ နာကျင်မှု အသိကို နောက်ဆုံး အမှတ်ရလိုက်ပါတယ်..

။သူအံတင်းပြီးစိတ်ကို စုလိုက်သည်..။ ပထမဦးစွာ သူ့ပါတ်ဝန်းကျင်မှ ဆူညံနေတဲ့
လူသံတွေကို ကြားလိုက်ရသည်..။

“ပြုတ်ကျတာတောင် နည်းသေး.. မူးနေတာကိုး. အဲ့လို အမူးသမားတွေ သေတာတောင် နည်းသေး..”

“ဟုတ်ပ ဆန်ကုန် မြေလေးတွေ…”

“တကယ့် ငမူးတွေကွာ..ဒီကောင်လုပ်တာနဲ့ ကားခ အလကားကုန်တော့မယ်…”

“ကားဆရာရေ ခရီးသည်တွေ ခရီးဖင့်တယ်.. သူ့ကို နီးစပ်ရာ စခန်းကိုပဲ ဖုန်းဆက်ပြီး အကြောင်းကြားထားပေးလိုက်တော့ ဗျို့..။”

သူ့ကို ကဲ့ရဲ နေသံများကို သူဂရုမစိုက်နိုင်ပေ..။အသိစိတ်မပြောက်အောင် မနည်းထိန်းထားရလေသည်..။ သူ့လက်ထဲမှ
ဆေးပစ္စည်းတွေ ထည့်ထားသည့် အထုတ်ကိုတော့ ကျစ်ကျစ်ပါအောင် ဆုပ်ထားဆဲ…။

(((((( မဟုတ်ဘူး.. ကျနော် အဲ့လို မဟုတ်မဟုတ်ဘူး.. သမီးလေး…သမီးလေးကို ကယ်ပါဦး..ဗျာ…။))))

သူပြောချင်သည့်စကားလုံးများ လည်ချောင်းဝမှာတင် ပျောက်သွားလေသည်..။ဦးခေါင်းမှ နာကျင်မှုက သူ့ကို ကျောက်တုံးတစ်တုံးဖြင့်ဖိထားသလိုလို..။

သူ့နားထဲမှ တစ်ခုခု ထိုးထည့်ထားသလို သူ့နားစည်ထဲမှ ညည်းညူသံကို နောက်ဆုံးကြားလိုက် ရလေသည်..။ သူစကားတစ်ခွန်းလောက်တော့
ပြောချင်နေသေးတယ်..။ သူပြောချင်သည့် စကား တစ်ခွန်း…သူ့နှုတ်မှ လေသံလိုလို တိုးဖွဖွလေး

ထွက်လာသည်..။

(((((သမီးလေး..))))

ဒါပေမယ့် ဘယ်သူမှ မကြားတော့ပေ..။ကဲ့ရဲ့သံ အပြစ်တင် ရှုံ့ချ သံတွေ…ရွံရှာစက်ဆုပ်တဲ့ အကြည့်တွေ
ကြားထဲမှာ.. သူရဲ့ နောက်ဆုံးဆန္ဒလေး… ကြွေ…လွင့်

… သွား…ရ…ပါ..တော့…သည်..။

About zinmyotun

zinmyotun has written 92 post in this Website..