Happy New Year 2011 ….လို့စာပို့လိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အကို့သူငယ်ချင်းတွေက မေ့နေကြလို့ပဲလား သတိမရတာလား? သူတို့အတွက် အရေးမပါလို့ပဲလားမသိဘူး ဘယ်သူဆီကမှဒီလိုစာမျိုး မပို့ကြဘူး။ ညီမလေးကအမှတ်တရ ပို့ပေးလို့သာ နှစ်ကုန်တော့မယ်ဆိုတာ သတိရသွားတာ။ နို့မို့ဆို သင်္ကြန် နှစ်ကူးတာလောက်ပဲ သိတာ ။ ခရစ်နှစ်ပြောင်းသွားတာလောက်တော့ မေ့မေ့လျော့လျော့ပဲ။ တစ်ခါနှစ်ခါကြိုးစားရုံနဲ့ မအောင်မြင်တိုင်း ငါ့ကုသိုလ်ကံက မကောင်းတာပါလို့ ကံကိုလွှဲချခြင်းကို တင်းတိမ်ရောင့်ရဲခြင်းနဲ့ ရောထွေးနေတဲ့ ညီမကို အမြင်မှန်ရအောင်ပြောပြပေးတဲ့ အတွက်ဆိုလို့ ညီမငယ် သောမတ်အက်ဒီဆင်ဆိုတာကြားဖူးမှာပေါ့။ မီးလုံးတွေ ထွင်ခဲ့တာလား? 999 ကြိမ် ထိမအောင်မြင်တော့ သူ့တပြည့်က လက်လျော့လိုက်ဖို့ ပြောတော့ သူကပြန်ပြောခဲ့တာလေ။ “ငါတို မဖြစ်နိုင်မဲ့ နည်းလမ်း 999 ခုတောင်သိသွားပြိ တဲ့ အဲဒိနည်းလမ်းပေါင်း 999 ခုရှောင်ပြီး နောက်တစ်ကြိမ် ထပ်စမ်းကြည့်ကြရအောင်” တဲ့လေ ဘယ်လောက်မှတ်သားဖို့ကောင်းလဲ သူသာအဲဒိလိုမလုပ်ခဲ့ရင် ဒီနေ့ မီးလင်းပါ့မလား တွေးစရာနော် ။ ညီမတို့က အဲဒိလောက်လုပ်ဖို့မလိုပါဘူး ။ လူတိုင်းအောင်မြင်နိုင်တဲ့ကိစ္စ မျိုးကိုယ့်ကျမှ အညံ့မခံဘူး ဆိုတဲ့ စိတ်မွေးနိုင်ရင် အောင်မြင်နိုင်ပါတယ်။
ငြင်းရခုန်ရတဲ့ကိစ္စ ရျောင်တာကတော့ အကောင်းဆုံးပေါ့ညီမရယ်။ အကိုဆိုရင် တစ်ခါတစ်လေ ဘာမှမသိမသလို နေပစ်လိုက်တာ ၀င်ကိုပြောမနေတော့ဘူး။ တစ်ချို့က ငြင်းရခုန်ရတာကို ဂုဏ်တစ်မျိုးထင်နေတာ ဒီအကြောင်းအရာ သူတို့သိလို့ ပြောနိုင်ဆိုနိုင် ငြင်းနိုင် ခုန်နိုင်တယ်ပေါ့။ အဲဒိလို လူမျိုးတွေကိုတော့ ဝေးဝေးကရှောင်ညီမရေ…..။ကိုယ့်ဖာသာကိုသာ ပညာရင့်သန်အောင်အားထုတ်ပေါ့ညီမရယ်။ ပညာကြီးရင့်ခြင်း(၈)ပါး ရှိတယ်တဲ့။အဲဒါတွေကတော့-
၁။ အရွယ်ကြီးရင့်ခြင်း
၂။ အခြေံအရံ အကျော်အစောများခြင်း
၃။ အဖန်ဖန်မေးမြန်းခြင်း
၎။ ဆရာသမားထံ အမြဲ ချဉ်းကပ်ခြင်း
၅။ အသင့်အတင့် နှလုံးသွင်းခြင်း
၆။ တိုင်ပင်ဆွေးနွေးခြင်း
ရ။ ချစ်သူနဲ့ပေါင်းဖော်ရခြင်း
၈။ သင့်လျော်သောအရပ် `၌နေထိုင်ရခြင်း တိုပဲဖြစ်တယ်။
အဲဒိတော့ ပလွှားတတ်သူ တွေနဲ့ ငြင်းခုန်နေမဲ့အစား ကိုယ့်ဖာသာကို ပညာဝမ်းစာပြည့်ဖို့အရင်လုပ်ပါ။
ဪ… အလှူအတန်းတွေနဲ့ပတ်သက်လို့ပြောရဦးမယ် ။အကိုတို့ ဗုဒ္ဓဘာသာမှာမပေးလှူရတဲ့ အရာ ဆယ်ပါးရှိတယ်တဲ့နော်။ အဲဒါတွေကတော့
၁။ အရက်အလှူ
၂။ သဘင်အလှူ
၃။ မိန်းမအလှူ
၎။ နွားမအုပ်ထဲသို့ နွားလားဥဿဘ လွှတ်ပေးသောအလှူ
၅။ ကာမဂုဏ်နှင် စက်စပ်သော စာ/ပန်းချီ ဆေးရေး အလှူ
၆။ လက်နက်အလှူ
ရ။ အဆိပ်အလှူ
၈။ သံခြေချင်းအလှူ
၉။ ကြက်ဝက် အလှူ
၁၀။ချိန်စဉ်းလဲ၊တောင်းစဉ်းလဲ အလှူ တဲ့ အဲဒါတွေရှောင်ဖို့လိုတယ်နော်။ ဘာသာရေး စကားတွေသာပြောနေတာ အကိုက သိပ်တော့ သိတာမဟုတ်ပါဘူး။ ဒါပေမဲ့ နှစ်သစ်မှာ ညီမလေးသိထားသင့်တာလေးတွေပြောပြ ပေးသင့်တယ် ထင်လို့ အလွယ်ရှိနေတဲ့ စာအုပ်ထဲကကူးပေးလိုက်တာနော်။
နောက်အကိုနားလည်သလိုပဲပြောမယ်နော်။ လူတွေဟာ သံ သရာ ရျည်မှာတော့ကြောက်ကြတယ်။ လုပ်နေတာတွေကတော့ သံသရာ ရှည်မဲ့ အလုပ်တွေ ချည့်လုပ်နေကြတာကလား။ တကယ်တန်းသံသရာကို ရက်တိုတို နဲ့ရောက်ချင်ရင်တော့ ပဋိစ္စ သမုပ္ပဒ် ကိုနားလည်အောင်ကြိုးစားပေတော့။ ဒီနေရာမှာအကိုနားလည်တာက –
ပဋိစ္စ=အကြောင်းကြောင်းကိုမှီလျှက်
သံ=ကောင်းစွာ
ဥပ္ပါဒ= အကြောင်းအားလျောစွာဖြစ်ပေါ်လာရသည်။တဲ့
အင်္ဂလိပ်လိုတော့( law of dependent origination)လို့ပဲခေါ်မလား(cycle of rebirth) လို့ခေါ်မလားပဲ ။
အဲဒိမှာ အကြောင်းအရာ(၁၂)ချက်ရှိတယ်။ ညီမတို့ကဒါကို စက်ဝိုင်းနဲ့ လေ့လာ သင်ယူဖူးချင် သင်ယူဖူးမှာပေါ့။
အဲဒိ အကြောင်းကြောင်းကိုမှီလျှက် ကောင်းစွာ အကြောင်းအားလျောစွာ ဖြစ်ပေါ်လာရတဲ့ အချက်တွေကတော့
၁။ အ၀ိဇ္ဇာ ပစ္စယာ သင်္ခရာ
အ၀ိဇ္ဇာ ကိုအကြောင်း ပြု၍ သင်္ခါရ ဖြစ်လာရသတဲ့
၂။ သင်္ခါရာ ပစ္စယာ ၀ိဉာဏံ
သင်္ခါရ ကိုအကြောင်းပြု၍ ပဋိသန္ဓေ ၀ိညာဏ ဖြစ်လာသတဲ့
၃။ ၀ိဉာဏ ပစ္စယာ နာမရူပံ
ပဋိသန္ဓေ ၀ိညာဏ ကိုကြောင်းပြုလို့ နာမ်ရုပ်ဖြစ်လာရသတဲ့။
၎။ နာမရူပံ ပစ္စယာ သဠာတံနံ
နာမ်ရုပ်ကိုအကြောင်းပြုလို့ အာရုံခြောက်ပါးဖြစ်လာသတဲ့
၅။ သဠာယတန ပစ္စယာ ဖသော
အာရုံခြောက်ပါး ကိုအကြောင်းပြုလို့ ထိတွေ့မှု ဖြစ်လာရသတဲ့
၆။ ဖဿ ပစ္စယာ ဝေဒနာ
ထိတွေ့မှုကို အကြောင်းပြုလို့ ခံစားမှုဖြစ်လာရသတဲ့။
ရ။ ဝေဒနာ ပစ္စယာ တဏှာ
ခံစားမှု ကိုအကြောင်းပြုလို့ တပ်မက်မှုဖြစ်လာရသတဲ့။
၈။ တဏှာ ပစ္စယာ ဥပါဒါနံ
တပ်မက်မှုကို အကြောင်းပြုလို့ စွဲလမ်းမှု ဖြစ်လာရသတဲ့။
၉။ ဥပါဒါန ပစ္စယာ ဘဝေါ
စွဲလမ်းမှုကို အကြောင်းပြုလို့ ကမ္မဘ၀ ဖြစ်လာရသတဲ့
၁၀။ ဘ၀ ပစ္စယာ ဇာတိ
ကမ္မ ဘ၀ကိုအကြောင်းပြုလို့ ပဋိသန္ဓေ နေရသတဲ့။
၁၁။ ဇာတိ ပစ္စယာ ဇရာ၊ မရဏ ၊ သောက ၊ ပရိဒေ၀ ၊ ဒုက္ခ ၊ ဒေါမနသ ။ ဥပါယာသော ။
ပဋိသန္ဓေ နေရတဲ့ အတွက် အိုမင်းခြင်း ။သေဆုံးခြင်း ။ စိုးရိမ်ကြောင့်ကြခြင်း ။ ငိုကြွေးခြင်း လွန်စွာပူပန်ခြင်းတို့ဖြစ်ရသတဲ့
၁၂။ ဇရာ၊ မရဏ ၊ သောက ၊ ပရိဒေ၀ ၊ ဒုက္ခ ၊ ဒေါမနသ ။ ဥပါယာသော ပစ္စယာ အ၀ဇ္ဇာတဲ့
အိုမင်းခြင်း ။သေဆုံးခြင်း ။ စိုးရိမ်ကြောင့်ကြခြင်း ။ ငိုကြွေးခြင်း လွန်စွာပူပန်ခြင်းတို့ဖြစ်ရတဲ့ အတွက် အ၀ိဇ္ဇာ ပြန်ဖြစ်သတဲ့။
ဒီ(၁၂)ချက်က အကိုတို့တစ်တွေ မရေမတွက်နိုင်အောင်လည်ခဲ့ပြီနော်။ ကျောင်းတုန်းက ယုတ္တိဗေဒ မှာသင်ခဲ့ရတာက အကြောင်းအရာအချက်အလက်တွေဟာ တစ်နေရာထဲကို
ပြန်ပြန်ရောက်နေလို့ရှိရင် အဲဒါ ကရွတ်ကင်းလျှောက်အမှားတဲ့ ။ ကရွတ်ခွေ ဆိုတာတော့သိမှာပေါ့။ ရန်ကုန်သူတွေဆိုတော့ သောက်ရေအိုး ထားကြတာမဟုတ်ဘူး ရေသန့်ပဲသောက်ကြတာဆိုတော့ ကရွတ်ခွေ ဆိုတာမြင်ဖူးပါ့မလားမသိဘူး ။ ကရွတ်ခွေဆိုတာက သောက်ရေအိုးကို ဒီအတိုင်းတည်ထားရင် မငြိမ်ဘူးလေ။ အဲတော့ရေအိုး အောက်ကနေ ငြိမ်အောင် ခံပေးရတဲ့ အခွေကိုပြောတာ။ ရေအိုးရဲ့နှုတ်ခမ်းကိုချည့် ဖြတ်ထားတာနဲ့တူတယ် ။ အဲဒိတော့ ကရွတ်ခွေပေါ်မှာ ကင်းကလျှောက်နေတော့ဒီနေရာချည့်ရောက်ရောက်နေတာကိုပြောတာ။ အဲဒိတော့ ကရွတ်ကင်လျှောက်များနေမှန်းသိရင်သိချင်း ပြင်ရမှာပေါ့။ အမှားပ်ြတယ်ဆိုတာနောက်ကျတယ်မရှိပါဘူး ။ သိနေပါရက်နဲ့ မပြင်ပဲ ဆက်သွားနေရင်သာ နောက်ကျ သွားမှာပါနော်။ အကိုတို့တွေကတော့ ဇာတိ ဆိုတဲ့နေရာမှာ လူ့ဘ၀ ချည့်ရခဲ့တာဟုတ်ဟန်မတူပါဘူး ။ ၃၁-ဘုံ ကျင်လည်နေခဲ့ကြရမှာပေါ့။
အဲဒိတော့ စောစောက အကိုပြောခဲ့တဲ့ ကွင်းဆက် ၁၂ ချက်ကို မှီတဲ့နေရာကနေ ရပ်တန့်သွားအောင် ကြိုးစား ကြရအောင်နော် ။ ဒီစာလေးကို ညီမလေးတွေ့ တိုင်း နှလုံးသွင်း ဆင်ခြင်ကြည့်ပါ။ အကိုလည်း အဲဒိလိုလုပ်ကြည့်မယ်။ စာလည်းရှညသွားပြီ။ စာအုပ်ထဲက ကူးပေးလိုက်တာချည့်ပဲ ။ ဘာပဲဖြစ်ဖြစ် ကျန်တဲ့အလာပသလာပ တွေ ပြန်ရေးပေးလိုက်တာနဲ့စာရင်တော့ ညီမလေးအတွက် တန်ဘိုးရှိတဲ့နှစ်သစ်လက်ဆောင်ဖြစ်မှာပါ။ ညီမလေး နှစ်သစ်မှာ သာယာချမ်းမြေ့ပါစေ။

ညီမလေးရဲ့အကို

နေ၀န်းနီ

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010