စာတလုံးသည် စကားများစွာပြောပါသည်။ ပြောသောစကားများသည် အဓိပ္ပါယ်များစွာနှင့်ကွေ့ ကောက်နေနိုင်သည်။ ရှင်းဖြောင့်စေနိုင်သည်။ အတွေးများစွာပေးနိုင်သည်။ အမြင်များစွာ တွေ့နိုင်သည်။

အက္ခရာ

ဤမြေကမ္ဘာပေါ်တွင် သတ်ပုံဖြင့်စာရေးနည်းကို လွန်ခဲ့သော နှစ်(၅၄၀၀)ကတည်းက ဆုမေးရီးယန်း(ယခု အီရတ်တောင်ပိုင်း)တွင်သုံးစွဲနေခဲ့သည်ဆိုသည်။ ထိုနောက် တဆင့်တက်၍ ဘီစီ ၁၀၀၀(လွန်ခဲ့သော နှစ်၃၀၀၀) ခန့်တွင် အီဂျစ်၌ အက္ခရာဖြင့်စာရေးနည်းပေါ်ပေါက်လာကာ အိန္ဒိယတွင်မူ ဗြဟ္မီအက္ခရာမှာ လွန်ခဲ့သော နှစ် ၂၈၀၀ ကျော်က စတင်အသုံးပြုခြင်းဖြစ်သည်။

မြန်မာစာပေ၏သမိုင်းအစမှာ ဂေါတမဗုဒ္ဓ၏ နှုတ်ကပါဌ်တော်ကို စာဖြင့်ချရေးနိုင်သော ဗုဒ္ဓစာပေခေတ်( မြတ်စွာဘုရား  ပရိနိဗ္ဗာန်စံပြီး အနှစ် ၄၀၀ ကျော်)မှ စခဲ့သည်ဖြစ်သဖြင့် လွန်ခဲ့သော အနှစ်၂၀၃၅မှစတင်သည်ဆိုနိုင်ပါမည်။  ဤမျှသက်တန်းရှည်ကြာလာသော စာပေတွင် ကွန့်ညွှန့်၊ကွေ့ဝိုက်လှပချက်များ များစွာရှိမည်ကိုကား ငြင်းဖွယ်မရှိဖြစ်ပါလိမ့်မည်။
မြန်မာတို့၏ အင်း၊အိုင်၊ခလှဲ့၊လက်ဖွဲ့၊မန္တန်၊ယတြာ၊ဓါတ်ရိုက်၊ဓါတ်ဆင်တို့သည် အက္ခရာ စာလုံးများကို အခြေခံ၍စီရင်ကြသည်လည်း ဖြစ်ပါ၏။

ဥုံ ..စဓဗဝ

အက္ခရာစာလုံးများကို ဌာန်၊ကရိုဏ်း၊ပယတ် ကျအောင်စီစဉ်ချရေးလိုက်ပြီး အသံထွက်ရွတ်ဆိုလျှင် အင်အား၊စွမ်အင်များအဖြစ် ပြောင်းလဲ ဖြစ်လာနိုင်ပေသည်။
စာလုံးတို့၏ အသံထွက် ကြိမ်နှုန်း၊ နရီတို့ကို အသုံးချကာ ဂါထာမန်းမှုတ်ပြုနိုင်သည်။

ဟိန္ဒူဗြဟ္မဏ ဘာသာ၏ ဝေဒကျမ်း လေးပုံမှ အက္ခရာ တခုဖြစ်သည့် “ဥုံ”သည် မဟာဗြဟ္မာ၊ ဗိဿနိုးနှင့် ပရမေသွာ (သီဝ) နတ်မင်းကြီး သုံးးပါးကို ရှိခိုးပူဇော်သော စကားတွဲတခုဖြစ်သည်။်။ “ဥုံ မပါ ဂါထာ မဖြစ်” ဟုပင် မြန်မာများ ပြောစမှတ်ပြုကြလေသည်။

ယေးလ်နှင့် ကယ်လီဖိုးနီးယားတက္ကသိုလ်တို့၏ ၁၉၆၃ ပြုစုဇယားအရ အင်္ဂလိပ်စာတွင်အင်အားအရှိဆုံး စာလုံးများကို အောက်ပါအတိုင်း ဖေါ်ပြထားသည်။
Easy, Results, Save, Discover, Guarantee, Safety, Health, Love, Money, Need, Proven, You.
အဆိုပါစာလုံးတို့သည် လူသားတို့၏ဘ၀ကို များစွာချယ်လှယ်နိုင်စွမ်းရှိသည်ကိုတွေးကြည့် သိသာပါလိမ့်မည်။

မြန်မာစာတွင်လည်း အင်အားရှိအက္ခရာများစွာတွေ့နိုင်သည်။ အထင်ရှားဆုံးယူပြရသော် “စ၊ဓ၊ဗ၊၀” ဖြစ်သည်။ စ၊ဓ၊ဗ၊၀ ဖြင့်အင်းချသည်။အစီအရင်လုပ်သည်။ ကြီး ၄ကြီးခေါ်ကကြီး ၊ ဃကြီး ၊ ဏကြီး ၊ ဠကြီးတို့ဖြင့် ဓါတ်ရိုက်၊ဓါတ်ဆင်လုပ်ခဲ့ကြသည်။ အက္ခရာများ စီစဉ်၊ဆင်ယင်၊တွဲစပ်လိုက်သော အခါ ဖြစ်ပေါ်လာမည့်တန်ခိုးသတ္တိသည် နှိုင်းတုပြ၍ပင်မရစကောင်း..။
မိုးပြိုသည်ကို တားသည်။ အသက်ကိုရှင်စေနိုင်သည်။ မြေလျှိုးနိုင်သည် ဟုပင် တင်စားယုံကိုးခဲ့ကြလေသည်။

Yes We Can အင်း

မြန်မာကျွန်ခေတ်ဦးတွင် “၀ံသာနု”ဟုသော စကားလုံး၊ ကျွန်ခေတ်လယ်တွင် “သခင်မျိုးဟေ့ တို့ဗမာ” ကြွေးကျော်သံတို့သည် မြန်မာတို့ကျွန်စိတ်ဝင်ပူးခံနေရခြင်းမှ ကုန်းရုံးထစေနိုင်ခဲ့သည်။
၁၉၆၂ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေ၀င်း၏ “ဓါးကိုဓါးချင်း၊ လှံကိုလှံချင်း ”စကားသည် စစ်တပ်နှင့်လူထုကြား၌ လွဲမှား၊ခွဲခြားအသိများ ဖြစ်စေခဲ့သည်။
၂၀ ရာစုနှောင်းပိုင်းတွင်ကား “အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ” သည် နိုင်ငံရေးအတိုက်အခံတို့၏ အဓိကကိုင်ဆွဲထားရာ မူဝါဒ၊ ဆောင်ပုဒ်ဖြစ်လာလေသည်။ ထို့ကြောင့်ပင် မတ်လ ၂၉ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်ရန် မှတ်ပုံတင်ခြင်းထပ်မပြုဟု ဆုံးဖြတ်ခဲ့သည်ဖြစ်နိုင်သည်။

အမေရိကန်ပြည်ထောင်စု၏လက်ရှိသမ္မတအိုဘားမားသည် Change, Yes We Can တို့ဖြင့် သမ္မတရာထူးလက်ဝယ်ယူနိုင်ခဲ့သည်မဟုတ်ပါလော၊ အဆိုပါ ဆောင်ပုဒ်ကြွေးကျော်သံတို့ ရွေးကောက်ပွဲမဲဆွယ်ရာသီ(၂၀၀၈နှောင်းပိုင်း)တွင် အမေရိကနေရာအနှံ့ ၌ မြင်တွေ့နေရခြင်းသည် ထိုအချိန်က နိုင်ငံသားတို့၏ ယုံကြည့်မှုနှင့်ဖြစ်လိုမှုကိုလည်းပြနေသည်။
မြန်မာ့လောကီပညာရပ်ဖြင့် မြင်ကြည့်သော် တိုက်ဆိုင်ဖြစ်သွားသော အင်းချ၊ဓါတ်ဆင်ခြင်း တမျိုးသာတည်း။

အမေရိကန်သမ္မတ အဆက်ဆက်တို့၏ နိုင်ငံကျော်မိန့်ခွန်းများသည် ကိုယ်တိုင်ရေးမဟုတ်မူပဲ တတ်သိပညာရှင်တဦး(သို့)တဖွဲ့ က ရေးသားရသည်သာဖြစ်ပါသည်။
လူအများ၏စိတ်ဓါတ်ကို လွမ်းမိုးဆွဲငင်ယူရန် နိုင်ငံရေးသမားက ဟန်နှင့်မာန်နှင့် ဟောပြောစည်းရုံးနိုင်သော်ငြား အက္ခရာ စာလုံးများစီစဉ်မှုကိုမူ စာရေးဆရာများ သတင်းသမားများ၊ စိတ်ပညာရှင်များ စသည့်တတ်သိပညာရှင်များကပိုမို ကျွမ်းကျင်လေသည်။

ထို့အပြင် ကမ္ဘာ့နိုင်ငံရေးသမားကောင်းတို့၏ ဖြစ်စဉ်တို့ဘ၀တို့ကို လေ့လာကြည့်လျှင် စာအုပ်ရေးသား ထုတ်ဝေခြင်းသည် ခေါင်းဆောင်၏ အရည်အချင်းပြယုတ်တခုဖြစ်လာနေသည်ကို တွေ့ရ၏။ ဦးဆောင်မည့်သူတို့သည် အက္ခရာ စာလုံး၊စာအုပ်စာပေတို့နှင့် ရင်းနှီးကျွမ်းဝင်ရှိရပေမည်။

စီးပွားရေးလုပ်ငန်းများတွင် ကြော်ငြာသည်အလွန်အရေးကြီးသည်ဟု လူတိုင်းသိနေကြသည် ။ အထိရောက်ဆုံးကြော်ငြာများတွင် အလှဆုံးစာလုံးကလေးများ ပါဝင်နေပါသည်။ ဥပမာ။  ။ ကမ္ဘာ့စိန်အုပ်စုကြီးဖြစ်သော DeBeers ကြော်ငြာကိုကြည့်လျှင် A diamond is forever ကိုသတိထားမိပါလိမ့်မည်။ ထိုစာလုံးတွဲလေးကြောင့်ပင် တကမ္ဘာ့လုံးရှိ စုံတွဲများမှ စိန်သည် လိုချင်သောအရာ  အဖြစ် လက်ခံနေကြရသည်မဟုတ်ပါလား..။
၂၀ ရာစု၏ အထင်ရှားဆုံးစကားလုံးအချို့ ကို ချပြလိုသည်။ စာဖတ်သူတို့ အတွေးနက်နက်ထားကာ တွေးကြပါလေ။
I love New York. (1977) Got milk? (1993) Think different. (1998)

ပညာသည်များ အတွက်သာ…

ရှေးမြန်မာတို့သည် အင်း၊အိုင်၊ခလှဲ့၊လက်ဖွဲ့ တို့ချရာတွင် သာမညလူသားတို့ မထိမတို့ စကောင်း ဟုဆရာစားချန်ကာထားခဲ့ကြသည်။ ရည်ရွယ်သည်မှာ သာမန်လူသားတို့အတွက်မဟုတ်မူပဲ ထူးခြားသူ၊ပါရမီအထုံရှိသူတို့အတွက်သာ ဖြစ်လေသည်။ အဆိုပါအမြုတေစိတ်ကြောင့်ပင်လားမဆိုနိုင်..

မြန်မာတို့သည် တတ်သိပညာရှင်ဖြစ်လိုခြင်း၌ အထုံပါရမီ နည်းကြသလို၊လိုအပ်ပါလျှင်လည်း ပညာရှင်တို့ထံမှအကူအညီပံပိုးမှု ရယူခြင်း၊ တောင်းခံခြင်းတို့၌ အားနည်းကြသည်ကိုသတိထားမိသည်။ ထို့ကြောင့် ကြော်ငြာများ၊ ဆောင်ပုဒ်များ၊ ကြွေးကျော်သံများတို့သည် ပိုင်ရှင်၊ခေါင်းဆောင်၊စတင်ဖန်တီးသူတို့၏ စိတ်ခံစားမှုသက်သက်မှသာ ထွက်လာသည်များလေ၏။ ဥပမာ။  ။ ၂၀၀၉ ခုနှစ်အော်စကာဆု တင်ကြိုတစ်ပြေးခံရသော Burma VJ သည်အလွယ်ဆုံး ပြနိုင်မည့် ဖြစ်စဉ်တခုဖြစ်သည်။ တိုတိုလွယ်လွယ်ပြောရလျှင် Saffron Revolutionဟူသော ကမ္ဘာ့အသိအမှတ်ပြု အရောင်တော်လှန်ရေး၏အမည်ကို ထိထိရောက်ရောက်ယူသုံးထားမှု မရှိခြင်းသည် မီဒီယာရေးရာအရ တွန်းအားပေးခြင်း ၊ ဖိအားယူခြင်းတို့တွင် အားနည်းမှုရှိသွားသည်ဟု သုံးသပ်မိသည်။

ထပ်ဆင့်ရေးပြရပါလျှင် အဆိုပါ အရောင်တော်လှန်ရေးအမည်သည် ကမ္ဘာသိ ဖြစ်ပါသော်လည်း မြန်မာသာသိ၍မြန်မာနှင့်သာဆိုင်သည့် အဓိပ္ပါယ်မကိုက်ညီသောဘာသာပြန်မှု တွင်ကျယ်အသုံးများသွားခြင်းသည် ကမ္ဘာအနှံ့ရှိ သင်္ကန်းစည်း ရဟန်းသံဃာတို့၏ အင်အားစုကြီးကို ဆွဲဆောင်စည်းရုံးနိုင်မှု လွတ်သွားစေသည်ဟု ထင်ပါသည်။ အဆိုပါ စကားလုံးများအကြောင်းနှင့် အောင်မြင်မှု ကျဆုံးမှုတို့ကို နောင် အနှစ် ၅၀-၁၀၀တွင်သမိုင်းက ပြန်ပြောနေပါလိမ့်မည်။

အက္ခရာ၏မာယာ

အက္ခရာစာလုံးတို့တွင် အဓိပ္ပါယ်များစွာရှိသည်။ မာယာကြွယ်သည်။တလုံးချင်းစီကို လောကီပညာဖြင့် ထိထိရောက်ရောက် စီရင်သုံးနိုင်ပါလျှင် ငလျှင်ဘေးကိုတားနိုင်သည်။ သေဘေးကို ကွင်းစေနိုင်သည်။ မိုးပျံနိုင်သည်  ဟု မြန်မာတို့ မိရိုးဖလာအစဉ်အဆက် ယုံကြည်ခဲ့ကြသော်ငြား…
ထိပ်တန်းအရေးအကြောင်းကြီးများတွင် အင်းကျိုး၊ စည်းပေါက်၊ ဓါတ်ပျောက် အာနိသင်ပြယ်မှု တို့များလှသည်ကို မြန်မာ့သမိုင်းဖြစ်ရပ် ဖြစ်စဉ်တို့အားသုံးသပ်ကြည့်မိ တွေ့နိုင်ပါလိမ့်မည်။
မြန်မာသည် လွန်ခဲ့သော ရာစုနှစ်တွင် များစွာကျရှုံးနေခဲ့ပါသည်။
အက္ခရာတို့၏“မာယာ”ကို အမိအရ သိမ်းကြုံးယူငင် သုံးတတ်သူတို့ အမှန်တကယ်လိုနေပြီဖြစ်ပါသတည်း။   ။

kai

About kai

Kai has written 930 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.