မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ

kaiApril 12, 20101min1591

ပိတောက်ပန်း

လတန်ခူးပေမို့ အလှထူးပါဘိ

မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ ။

တကယ်တန်းသာဖြင့်

ဘယ်ပန်းနော် စံမတူဘု

နန္ဒမူ ဖန်ဂူ ထိပ်မှာလ

ပစ္စေကာ ချွေးတော်သိပ်ရတယ်

အေးရိပ်ဆာယာ ။

တစ်နှစ်တွင်သည်တစ်လပေပ

တစ်လတွင် တစ်ရက်ထဲ

ခက်ခဲတဲ့ ရက်ဗုဒ္ဓါ

ပွင့်ရှာကြ စုံမြိုင်တွင်း ။

မြူမင်းလွင်ထန်

ကြူသင်း တာချိန်ယံမတော့

ရွှေဝတ်ဆံငုံတံညှောက်ကယ်နှင့်

ခါသင်္ကြန် ဂိမှာန်ရောက်ပြန်တော့

သိန်သရေထိန်ဝေလို့တောက်တဲ့ပြင်

လမ်းတစ်လျှောက်သင်းပေမယ့်

ဆန်းသလောက်မလင်းနိုင်ဘု

ပန်းပိတောက်မင်း ။ ။

(ဦးကြော့)

=====

အချည်းနှီးပိတောက်

လှလိုက်တာကွယ်

ဝင်းဝါထိန်ရဲ ၊ ဆုပ်ခဲရွှေငုံ

စုပြုံပွင့်ကြ ၊ ပေါ်ဦးစရှင့်

လှ ၊ လှပါဘိ ၊ နှုတ်ခမ်းဖိကပ်

နမ်းမိ ချစ်မိ ၊ ပိတောက်နွယ် ။

ပိတောက်ဦးမို့

ယစ်မူးတသ ၊ နှမြောလှရဲ့

ဘဝချစ်သူ ၊ မိုက်မှာယူထင့်

မလှူရက်ဖူး ၊ တပ်မက်ဦးမည်

ဆုထူးမဆင် ၊ ဘုရားမတင် ။

ပိတောက်ပွင့်နွယ်

ရင်ဝယ်ပွေ့ပိုက် ၊ ဝမ်းမြောက်လှိုက်လှဲ

အိမ်ထဲပြေးခဲ့ ၊ ကြည့်ပါလှဲ့ဦး

မောင့်ရဲ့အနား ၊ စကားစလဲ

ပြုံးမြဲလျက်ပင် ၊ မောင်မမြင် ။

မောင်မမြင်၍

ငိုချင်ထွက်ခဲ့ ၊ ငဲ့မကြည့်တော့

ညွတ်ကော့မြိတ်စက် ၊ အိမ်ပြင်ထွက်၍

သင်းညက်ပျံ့လှိုင် ၊ ပိတောက်ခိုင်ကို

ပွေ့ကိုင်ရပ်ဆဲ ၊ မိုးဖွဲဖွဲမှ

သဲမဲကြမ်းရိုင် း ၊ မုန်တိုင်းရမ်းလဲ

မဆန်းကြယ်ဘူး ထင်မိ၏ ။ ။

(ကြည်အေး)

====

ဦးကြော့

ဒြဗ်ညီးပါဘိ၊ မတ်ကြီးရှင့် ရွှေလရောင်-ချီ ဗိုလ်ကတော်ဖွဲ့သံချိုရေးသူ ဦးကြော့မှာ တောင်တွင်းကြီးနယ်၊ နတ်မောက်မြို့တွင် သက္ကရာဇ် ၁၂၀၀-ခန့်လောက်က ဖွားမြင်သည်ဟု ယူဆရသည်။ ဦးကြော့ အသက် ၂၀-အရွယ်သို့ ရောက်လတ်သော် အဘိုးတဝမ်းကွဲတော်စပ်သူ နေမျိုးဘိသက္ကသူရနော်ရထာ ဘွဲ့ရ သမားတော်ကြီး ဦးကျော်စံက ခေါ်ဆောင်ခဲ့၍ နေပြည်တော် မန္တလေးသို့ရောက်သောအခါ ဘဝရှင်မင်းတရားကြီးထံ ခစားစေရာ မင်းတရားကြီးက ရွှေတိုက်တော်ဝန်ကြီးလက်သို့ အပ်တော်မူလိုက်သည်။ ဦးကြော့သည် မန္တလေးရွှေမြို့တော်တွင် နေခိုက် တောင်ပြင်မိုးထားတိုက်ခေါ်ကျီဝန်တိုက်ဦးဝိဇယထံတွင် ပိဋကတ်တော်လာ လိုအပ်သော အချက်အလက်များနှင့် ကဗျာလင်္ကာများကို လေ့လာမှတ်သားခွင့်ရလေသည်။ ဦးကြော့၏ စာပေအရည်အသွေးကျနသည်ကိုသိ၍ မင်းတရားကြီးက စာတော်ဖတ်အရာ ပေးသနား ထမ်းရွက်စေသည်။ ထိုအခါက မန္တလေးမြို့တွင် ရှာပုံတော်များ ခေတ်စားချိန်ဖြစ်၍ အခြားကဗျာလင်္ကာများအပြင် စုံနံ့သာမြိုင်ရှာပုံတော်ကြီး ရေးသားဆက်သွင်းတင်လျှောက်ဖတ်ကြားသောအခါ မင်းတရားကြီး အားရကျေနပ်နှစ်သက်လှသောကြောင့် ရှေးကထက်တိုးတတ် မြှောက်စား ဆုလပ်များ ပေးသနားတော်မူလေသည်။ ဦးကြော့သည် နန်းတော်တွင်း ထွက်ဝင်ခစားရင်း အိမ်ရှေ့ကနောင်မင်းသား၏ ကိုယ်လုပ်တော် မယ်ပရစ်နှင့် ရည်ငံနေသောကြောင့် အပြစ်တော်မရမီ ဦးကြော့ကို လိုလားသော ရေနံချောင်းမင်းကြီးက ယင်းတော်သား ဦးမိတ်ကို မြို့အုပ်ရာထူးဖြင့် တောင်တွင်းကြီးသို့ အုပ်ချုပ်ရန် စေလွှတ်သောအခါ ဦးကြော့ကို ရှေ့ဖတ်စာရေး အဖြစ်ဖြင့် ထည့်လိုက်သည်။ သို့ဖြင့် စာတော်ဖတ်ဦးကြော့၊ စာရေးတော်ကြီးဦးကြော့၊ တောင်တွင်းကြီးဦးကြော့၊ စုံနံ့သာမြိုင်ဦးကြော့ စသဖြင့်ကျော်ကြားထင်ရှားလေသည်။
====

ကြည်အေး

ငယ်ဘဝ

ဦးဟန် နှင့် ဒေါ်ငွေယုန် တို့မှ ရန်ကုန်မြို့ လှည်းတန်းရပ်တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ မကြည်ကြည်(ခေါ်) ဒေါ်သောင်းကြည် ဖြစ်သည်။ တတိယတန်းတွင် ပညာသင်ကြားရာမှ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်၍ စစ်ဘေးမှကင်းလွတ်ရာ တောရွာ၊တောမြို့များတွင် ပြေး လွှားရင်း အချိန်ကုန်ခဲ့သည်။

ပညာသင်ဘဝ

စစ်ကြီးပြီးသောအခါ ကုလားအဘိုးကြီး ကေကေမီတြ ထံတွင် အင်္ဂလိပ်စာ သင်ကြား တတ်မြောက်ခဲ့သည်။ ထိုစဉ် ကွမ်းခြံကုန်းမြို့၌-စစ်ပြေးလာကြသော စာပေဗိမာန်ဆရာများက လူငယ်များကို သင်တန်းတစ်ခုပေးရန် စီစဉ်ကြသည်။ ကြည်အေးသည် ဦးဝန်(မင်းသုဝဏ်)၏-မြန်မာစာ၊ ဆရာတက်တိုး၏ အင်္ဂလိပ်စာနှင့် သတင်းစာလုပ်ငန်း၊ ဒေါ်ခခွေး၊ ဒေါ်မမကြီး၏ကမ္ဘာ့သမိုင်းစသော သင်တန်းများကို တက်ရောက်ခဲ့သည်။ ကျောင်းနှစ်နှစ်မျှ နေပြီး ဆယ်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သည်။ ၁၉၄၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် သို့ရောက်သည်။ ဆေးပညာ တတိယနှစ်တွင် ကျောင်းထွက်သည်။ ဝိဇ္ဇာစာမေးပွဲကို ဖြေဆိုအောင်မြင်သည်။ ပထမဆုံးဝတ္ထုမှာ တာရာမဂ္ဂဇင်း(အတွဲ-၁၊အမှတ်-၄)တွင် ဖော်ပြခံရ သည့် ထိုည ဝတ္ထုတိုလေးဖြစ်သည်။ ကလောင်အမည် – ကြည်အေး ဟူသော ကလောင်အမည်ယူခဲ့ခြင်းမှာ အစ်ကို၏ သူငယ်ချင်းတစ်ယောက်သည် ဂျပန်တော်လှန်ရေး၌ ကျဆုံးခဲ့ရသည့် ကိုဗကြည် ဆိုသူဖြစ်သည်။ ကိုဗကြည်၏ ပုံနှိပ်မခံရသော အမည်ကို ယူခဲ့ ခြင်းဖြစ်သည်။ ငယ်စဉ်ကပင် ကဗျာကို ကျွမ်းကျင်ပိုင်နိုင်စွာ စပ်ဆိုနိုင်ခဲ့သည်ဟု အဆိုရှိသည်။

၁၉၄ရ – မက်ထရစ်စာမေးပွဲကို မြန်မာပြည်တစ်ပြည်လုံးတွင် အတော်ဆုံး(၁၀)ဦးတွင် ပါဝင်ကာ အောင်မြင်ခဲ့သည်။

၁၉၄၈ – ရန်ကုန်တက္ကသိုလ်တက်ရောက်ခဲ့။ ဆေးပညာတတိယနှစ်တွင် ကျောင်းထွက်ပြီး ဝိဇ္ဇာစာမေးပွဲဖြေဆို အောင်မြင်ခဲ့။ ရန်ကုန်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် အမှုထမ်း။ နောက်ဆေးပညာကိုပြန်လည်သင်ယူ၊ ဆရာဝန်ဖြစ်ခဲ့။

၁၉၅၃ တွင်ဘဏ်မန်နေဂျာ ဦးတင်မြင့်နှင့် အိမ်ထောင်ကျသည်။ သားသမီး (၆) ယောက်ထွန်းကားသည်။ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် နည်းပြဆရာမ အဖြစ် အမှုထမ်းခဲ့သည်။ ဆေးပညာကို တတိယနှစ်မှ ပြန်လည်တက်ရောက်သင်ယူပြီး ဆရာဝန်ဘွဲ့ ရခဲ့သည်။ ၁၉၄ရ ခုနှစ်ထုတ် တာရာမဂ္ဂဇင်း အတွဲ (၁) ၊ အမှတ် (၄) ပါ `ထိုည´ ဝတ္ထုတိုသည် ပထမဆုံး ပုံနှိပ် ဝတ္ထုဖြစ်သည်။

ဒေါ်ကြည်အေးသည် ၁၉၇၂ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာသွားခဲ့သည်။ ၁၉၈၁ ဇူလိုင်လ (၁၀) ရက် တွင် ခင်ပွန်းဖြစ်သူ ဦးတင်မြင့်ကွယ်လွန်ခဲ့သည်။ ယခုအခါ အင်္ဂလန်ပြည်တောင်ပိုင်း ကလိပ်လင်းန်ကယန်းမ် ဆိုသောမြို့ကလေးသို့ ပြောင်းရွှေ့ နေထိုင်ကာ ဆရာဝန်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုလျှက်ရှိသည်။

ကြည်အေး၏ကလောင်ခွဲတစ်ခုမှာ မမိုးသူ ဖြစ်သည်။ မမိုးသူ အမည်ဖြင့် The Working Peoples Daily တွင် ဆောင်းပါးများရေးသားခဲ့သည်။ တာရာမဂ္ဂဇင်းတွင် ကဗျာအများဆုံးရေးသားခဲ့သည်။ မဂ္ဂဇင်းကြီးများတွင် ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပုံပြင်၊ ဘာသာပြန်များရေးသားခဲ့သည်။

တာရာမဂ္ဂဇင်း တွင် ကဗျာများ စတင်ရေးသားခဲ့သည်။ ၁၉၄ရ ခုထုတ် တာရာမဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၄ ပါ ထိုည သည် ပထမ ပုံနှိပ်ဝတ္ထုတိုဖြစ်သည်။ အတွေးအရေး ဆန်းသစ်တီထွင်ရဲတင်းမှုနှင့်အတူ၊ ဖြစ်တည်မှုပဓာနဝါဒ ဆန်သော စာရေးဆရာအဖြစ် ကျော်ကြားခဲ့သည်။ နွမ်းလျအိမ်ပြန်(၁၉၆၄) ၊ မောင်ကိုကိုနှင့် မြနန္ဒာ (၁၉၇၃) ၊ မေတ္တာမီးအိမ် (၁၉၈၀)၊ အပြင်ကလူ (၁၉၉၆) ၂၀၀၃ ဒုကြိမ် နှင့် ကြည်အေး၏ကဗျာများ (၁၉၉၀၊၁၉၉၂) တို့မှာ အထူးထင်ရှားသည်။

ရေးသားထုတ်ဝေခဲ့သော စာအုပ်များ

  1. မီ ပထမအကြိမ် ၁၉၆ဝ ခုနှစ် (ဒု- ၁၉၉၅)
  2. တမ်းတတတ်သည် ပထမအကြိမ် ၁၉၆၁ ခုနှစ် (ဒု- ၁၉၉၅)
  3. ကျွန်မပညာသည် ပထမအကြိမ် ၁၉– ခုနှစ် (ဒု- ၂၀၀၃)
  4. နွမ်းလျအိမ်ပြန်နှင့် ဖုန်းသက်တိုင်
  5. မောင်ကိုကို နှင့် မြနန္ဒာ ပထမအကြိမ် ၁၉၇၃ ခုနှစ် (ဒု- ၁၉၉၃)
  6. မေတ္တာမီးအိမ် ပထမအကြိမ် ၁၉၇- ခုနှစ် (ဒု- ၁၉၉၄)
  7. ကြည်အေး၏ကဗျာများ ပထမအကြိမ် ၁၉၉ဝ ခုနှစ် (ဒု- ၁၉၉၂)
  8. ကြည်အေး၏ဝတ္ထုတိုများ(၁) ပထမအကြိမ် ၁၉၉၁
  9. ကြည်အေး၏ဝတ္ထုတိုများ(၂) ပထမအကြိမ် ၁၉၉၃
  10. ကြည်အေး၏ဝတ္ထုတိုများ(၃) ပထမအကြိမ် ၁၉၉၃
  11. ဤမာန ပထမအကြိမ် ၁၉၉၄
  12. ကြည်အေး၏ဝတ္ထုတိုများ(၄) ပထမအကြိမ် ၁၉၉၅
  13. ၁၉၉၅ –တောတောင်ရေမြေ(ဘာသာပြန်)ထွက်။
  14. ၁၉၉၆ – အိပ်မက်၊ အပြင်ကလူ ဝတ္ထုထွက်။
  15. ၁၉၉ရ – ညတစ်ည၊ စိမ်းမြညတစ်ည ဝတ္ထုထွက်။ အိပ်မက်၊ အပြင်ကလူ(၂)အေးရဲ့ဖွင့်ဟဝန်ခံချက် ထွက်။
  16. ၁၉၉၈ – ဖူးငုံပွင့်သစ်ဝတ္ထုထွက်။
  17. ၂၀၀ဝ – စိုးနှင့်ခိုင် ဝတ္ထုထွက်။
  18. ၂၀၀၁ – မှန်၏မှောင်ရိပ် ဝတ္ထုထွက်။

စာရေးဆရာအကြောင်းတွေကို http://wikimyanmar.co.cc ကကူးယူပါတယ်။
အတာသင်္ကြန်ရက်ထူး…သင်္ကြန်နဲ့ ပိတောက်ခွဲမရတာမို ့ သင်္ကြန်အမှတ်တရ အတွက်ပါ။

အဲဒီမှတ်တမ်းထဲမှာ ဒေါ်ကြည်အေးက အင်္ဂလန်မှာလို ့ရေးထားပါတယ်။ ကျုပ်သိသလောက်ကြားသလောက်ကတော့ အမေရိကမှာပါပဲ။ ဆက်သွယ်ဖို ့ကြီုးစားဖူးပါတယ်။ ဆရာမကြီးက လူရှေ ့မထွက်ချင်ဖူးလို ့ဆိုပါတယ်။
တနေ့တော့ ခွင့်ရမယ်ထင်နေမိပါတယ်။ ကြုံလို့ပြောရရင် မနေ့ကပဲ မြန်မာပြည်ရဲ့ ဂန္ဓဝင်အဆိုတော်ကြီး ဦးအံ ့ကြီးနဲ့ တွေ့ဖြစ်ပါတယ်။ တွေ့ဖြစ်တယ်ဆိုပေမဲ့ သူက ညစာစားပွဲအလာ ကိုယ်ကညစာစားပွဲသွားအစား ဆိုပါတော့ ၊ ထုးထူးဆန်းဆန်း သီချင်းတွေစင်ပေါ်တက်ဆိုနေသမို ့ဗီဒီယိုတောင်ရိုက်ထားပါတယ်။ ညစာစားပွဲက မြန်မာ-လက်တိုတရုတ်တွေရဲ့ ညစာစားပွဲမို ့သူက တရုတ်သီချင်း ဆိုပြနေတာပါ။
ဦးအံ့ကြီးက အသက် ၈၉နှစ်လား ၈ရ နှစ်လား (သိပ်မသေချာပါ၊ ဗီဒီယို ပြန်ကြည့်ပါမယ်) ရှိနေပြီဖြစ်ပြီး ဘာသာစကားတော်တော်များများရပါတယ်တဲ့ အဲဒါ တရုတ်လိုလဲရကြောင်း မှတ်မိသေးကြောင်း ”ပြ”သွားတာပါ။
အဲဒီနေ့ညက ပျော်စရာညနေကလေးပါပဲ။ မြန်မာပြည်ရဲ့ ဂန္ဓဝင်တရုတ်သိုင်းဝတ္ထုစာရေးဆရာကြိး တက္ကသိုလ်ဘုန်းကြွယ်နဲ့လည်းတွေ့တယ်လေ။ သူက ဦးအံ့ကြီးသီချင်းကိုဆိုပြတယ်။
အံ ့ဖွယ် သိုင်းပြောင်းပြန်သုတ…

One comment

  • susunosuki

    April 15, 2010 at 4:13 pm

    ခေတ်ဟောင်းကဗျာ ပြန်ဖတ်ရတော့
    တစ်မျိုးတော့ကြည်နူးမိသား
    ကျေးဇူးတင်ပါတယ်
    ကဗျာက ကျွန်တော်တို့ စိတ်ကိုသင်ပေးတယ်ဗျ

Leave a Reply