MG လိုဘဲ ကျွန်တော် အမြဲဝင်ကြည့်နေကျ ဆိုဒ်လေး တစ်ခုရှိပါတယ် ဆရာဦးစိုးမြင့်-မေ့ဆေး ရဲ့ ဆိုက်လေးပါ အမြဲဝင်ကြည့်နေကျ အသစ်မတင်ကြာပါပြီ ဒီနေ့ဝင်ကြည့်တော့မှ ပို့စ်အသစ်လေး တွေ့ရပြီး အားရဝမ်းသာ ဖတ်ဖြစ်ပါတယ် ခရီးသွားအတွေ့အကြုံတွေလဲရ ပြင်သင့်သူတွေ ပြင်နိုင်ဘို့ ဒီမှာလဲ လူများများသိအောင် ဆရာ့ဆိုဒ်ကပြန်ကူးတင်ပေးပါတယ် (http://www.soemyint.com/2011/04/blog-post.html)

Jan လတုန်းက ကျွန်တော် ခွင့်သုံးလနဲ့ ရန်ကုန်ပြန်သွားတာ ဘာမှကြာလိုက်တယ် မထင်မိပါဘူး အာဖရိက ကိုပြန်ရောက်လာရပြန်ပါပြီ။ ကိုယ့်မိသားစု နဲ့ဆွေမျိုးသားချင်းတွေနဲ့ ပြန်တွေ့ရလို့ပျော်ခဲ့ရတာ တွေ၊ တတ်နိုင် သလောက်ဘာသာရေး အလုပ်အချို့လုပ်နိုင်ခဲ့တာတွေအပြင် အမိနိုင်ငံမှာ ကိုယ်တတ်နိုင်တဲ့၊ ကူညီနိုင်တဲ့ကိစ္စတွေ၊ ဥပမာ စစ်ကိုင်းက ဝါးချက်ဆေးရုံ မှာအထူးကု ဆရာဝန်တွေ အဖွဲ့နဲ့ အတူ သွားရောက် ကုသိုလ်ဖြစ် ဆေးဝါးကုသပေးတာတွေ၊ စတာတွေနဲ့ ရေးစရာ ကြည်နူးစရာ ကုန်ကြမ်းတွေအတော် လေးရ ခဲ့ပါတယ်။ ဒါပေမဲ့ လုံးဝပျော်စရာ ကောင်းလွန်း တဲ့ ကုန်ကြမ်းတစ်ခုကိုတော့ ရန်ကုန်ကအပြန် မင်္ဂလာဒုံ လေဆိပ်မှာ ရခဲ့ပါတယ်။ အများသူငါ သိထားထိုက်တယ် ကျေးဇူးရှိမယ်ထင်လို့ ဒီစာလေးနဲ့ပဲ ကျွန်တော့စာစုလေး ကိုပြန်စလိုက်ချင်ပါတယ်။

ဇာတ်လမ်းက ကျွန်တော်ယခင်က မဟေသီမဂ္ဂဇင်းမှာတုန်းကရေးခဲ့ဘူးတဲ့ လေယဉ်လက်မှတ်ဇာတ်လမ်း မျိုးပါပဲ၊ ဒါပေမဲ့ခုပုံစံက တစ်မျိုးပါ၊ ပြည်ပ လေယာဉ်ခရီး သွားဘူးသူတွေအဖို့တော့ အထူးပြောပြစရာမလို တဲ့ကိစ္စပါ။ ခရီးသည်တစ်ယောက်အဖို့ မိမိနဲ့အတူ Cabin bag လို့ခေါ်တဲ့ ရ ကီလိုထက်မပိုတဲ့  သေတ္တာ သို့မဟုတ် အိပ်ငယ်တစ်လုံး သာကိုယ်နဲ့ ယူဆောင်နိုင်ပြီး ကျန်တဲ့ ကီလို ၂ဝ (အချို့ ၃၀)  သေတ္တာတစ်လုံး ကိုတော့ လေယာဉ်ကုန်ခန်းမှာ တံဆာလုပ် အပ်ရပါတယ်။ ခရီးဆုံးလေဆိပ် ရောက်တော့မှ မိမိပစ္စည်း ကိုပြန်ရွေးယူရတာ ထုံးစံပါ၊ ဒီနေရာမှာ ကျွန်တော်တို့လို ခရီးရှည်နိုင်ငံ ၃-၄ ခုဖြတ်သွားရ လည်းပြဿနာ မရှိပါ။ ကိုယ်ကသာ လေဆိပ်တွေမှာ လေယဉ်ပြောင်း ပြောင်းတက်ရပေမဲ့ ကိုယ့်ပစ္စည်း တွေကတော့ လေဆိပ်ဝန် ထမ်းတွေက မိမိပစ္စည်းမှာ ကပ်ထားတဲ့(လေဘယ်) ကဒ်ပြားလေးအရ နောက်လေယာဉ်တွေပေါ် ပြောင်းပြောင်းတင်ပေးရတာ သူတို့အလုပ်ပါ။ Check through လို့ခေါ်ပါတယ်။ ခုလိုမှမိမိပစ္စည်းကို ကြားလေ ဆိပ်မှာ အမှားအယွင်းတစ်ခုခုကြောင့် အချိန်မီပြောင်းတင် မပေးနိုင်ရင်တော့၊ ကျန်ရစ်ပြီး နောက်လေယာဉ် နဲ့မှပါလာ တော့မှာသေချာပါတယ်။ အကယ်လို့သာ (လေဘယ်) ကလမ်းဆုံး နိုင်ငံကို မှားရေးလိုက် လု့ိက တော့ ဆုံးပြီပေ့ါ ကံကြီး လွန်းလို့ ကူညီတတ်သူ နဲ့ တွေ့ရင်တော့ခံ သာမှာပါ၊ (ဒါကလည်း အတွေ့အကြုံရှိဦးမှကိုး)

မှတ်မိပါသေးတယ်၊ ၂၀၀၁  ခုနှစ် ဧပြီလက ကျွန်တော် Namibia ကနေ ခွင့်နဲ့အိမ်ပြန်တော့၊ UK နိုင်ငံ ကိုဝင်လည် ခဲ့ပါတယ်။ ပထမ ခရီးစဉ်က Namibia – Johannesburg Jhb – UK ပါ။ ဖြစ်ချင်တော့ (ကျွန်တော် ခရီးထွက်တဲ့နေ့က ဆောင်းရာသီစံချိန် စပြောင်းတဲ့နေ့ ဖြစ်နေတာသတိမထားမိလိုက်လို့)  လေဆိပ်ကို တစ်နာရီတိတိ နောက်ကျမှရောက်သွားလို့ ကိုယ်စီးရမဲ့လေယျာဉ်လွတ်သွားပါတယ်၊ လူလဲအတော်  ‘ပြာ’သွားတာပေါ့၊ ကံကောင်းချင်တော့ Jhb ကိုထွက်မဲ့ ဗြိတိသျှ British Airway လေယာဉ် တစ်စီးကမကြာမီပဲ ထွက်တော့မှာမို့ ချက်ချင်းပဲ လက်မှတ်ဝယ်ပြီး Jhb လေဆိပ်ကို အမှီလိုက် ခဲ့ပါတယ်။ ( Uk ထိကိုယ်စီးရမဲ့ လေယာဉ်က တောင်အာဖရိကလေကြောင်း South African Airway ပါ )၊ လေယာဉ်ပေါ် ရောက်တဲ့ထိ အားလုံးက အိုကေ ပါပဲ။ (ပျော်သွားပြီပေါ့) ဒါပေမဲ့ သိပ်မကြာပါဘူး အတွေးတစ်ခု ခေါင်းထဲဝင်လာလို့ ‘ဖျား’ သွားမိရတော့တယ်။ လေကြောင်းချင်းမှမတူတာ ကျွန်တော့ luggage သေတ္တာကြီးကို ဘယ်လိုလုပ် နောက်လေယာဉ်ပေါ် ပြောင်းတင်မလဲပေါ့၊ ကျွန်တော်လုံးဝ မပျော်နိုင်တော့ပါ၊ ဒါနဲ့ လေယျာဉ်မယ်လေး တွေအကူညီ တောင်းကြည့်တော့ သူတို့က ဟိုကျ Jhb က SA Airline ကိုရှင်းပြပါ၊ အဆင်ပြေသွားမှာပါတဲ့၊ (လွယ်လိုက်တာ) ဒါပေမဲ့ ကျွန်တော်ကတော့ ဒါမျိုး မကြုံဘူးတာမို့ တထိပ်ထိပ် နဲ့သာတစ်လမ်းလုံး ဘုရားတ နေခဲ့ရပါတယ်။

Jhb ရောက်လို့ SA Air Line ကောင်တာ သွားတော့ ကိုယ်စီးလာတာက British Airway မို့သူ့ဆိုင်ရာ ကောင် တာကိုသွားပါတဲ့။ British Airway ရုံးရောက်တော့ စောသေးလို့မဖွင့်သေး၊ ခုလောက်ဆို ကိုယ့်သေတ္တာကြီး က (သူ့လေဘယ်အရ) Jhb လေဆိပ်ထဲရောက်နေလောက်ပြီ၊ တစ်ခုတည်းသောလုပ်နိုင်က ကိုယ်တိုင်လေဆိပ် အပြင်ထွက် luggage ကိုရွေး၊ ရှေ့ဆက်ရမဲ့လေယာဉ်ပေါ် တင်ပေးဖို့ပါ။ အပြောလွယ်သလောက် လက်တွေ့
မှာလုံးဝမဖြစ်နိုင်ပါ။ ပစ္စည်းသွားရွေး ဖို့ဆိုတာက သူများနိုင်ငံထဲမှာပါ၊ သူများအချုပ်အချာနိုင်ငံထဲ ခဏ ဝင်ပရစေ ဆိုလို့  ဗီဇာမပါပဲနဲ့ ဘယ်သူက ခွင့်ပြုမှာလဲ? ဗီဇာရှိအုံးတော့ လူဝင်မှု၊ Immigration, အကောက်ခွန် Customs တို့၊ လုံခြုံရေး Security တို့၊ ကိုမလွဲမသွေ ဖြတ်ရဦးမှာ၊ ပစ္စည်းတွေပြန်စစ်၊ ဝိတ်လည်းပြန်ချိန်ရဦးမှာ၊ လွယ်တာမဟုတ် ပေအရှည်ကြီး (လူတန်းကလည်းအရှည်ကြီး) ပါ၊ နောက်ဆုံး ကိုယ်လဲဘာမှ တတ်နိုင်တာ မဟုတ် သမို့ SA ကောင်တာမှာပဲ မှာချင်တာတွေမှာခဲ့ ပြီးခုံတန်းတစ်ခုပေါ် စိတ်ပျက်ပျက်နဲ့ ထိုင်နေမိ တော့တယ်။ နောက်ခရီးဆက်ရမဲ့ လေယာဉ်က ည ၈နာရီမို့   ၂နာရီတော့ အချိန်ရသေးတာပဲလို့ စိတ်မှာ ဖြေသိပ်ရပါတော့တယ်။ (အဲဒီ ၂နာရီဆိုတာကလည်း ၂ကမ္ဘာလောက် ကြာမယ်ထင်ပါတယ်) ဘယ်သူမပြု မိမိမှုမို့၊ ကိုယ့်အပြစ်နဲ့ ကိုယ်မို့ ခံပေါ့။

ဘယ်လောက်ကြာသွားတယ်မသိ၊ လူဖြူလေယာဉ် ဝန်ထမ်းတစ်ယောက်က  ဒေါက်တာမြင့်လား? လို့လာ မေးတော့မှ ငိုက်နေရာမှ လန့်နိုးသွားမိတယ်။ သူက လူကြီးမင်းရဲ့ သေတ္တာကြီး ပစ္စည်းရွေးတဲ့ conveyer belt (ပစ္စည်းတွေနဲ့ လည်နေတဲ့ခါးပတ်ကြီး) ပေါ်မှာရွေးမဲ့သူမရှိပဲ လည်နေတာတွေ့ လို့လာ အကြောင်း ကြားတာပါတဲ့။ ခုမှပဲကျွန်တော်လည်း ဝမ်းသာအားရနဲ့ ဖြစ်ကြောင်းရယ်ကုန်စင် ပြောပြ အကူညီတောင်းရ တော့တာပေါ့၊ သူ့ ကျေးကြောင့်ပါပဲ သူတို့လေကြောင်းလိုင်းချင်း အချိပ်အဆက်နဲ့ကျွန်တော့ UK ခရီးစဉ် အဆင်ချောသွား ပါတော့တယ်။ ကျွန်တော်ဘာမှ ထွက်လုပ်စရာမလိုပါ၊ကျေးဇူးကမ္ဘာပါပဲ၊  ဒါနဲ့– ဒီလူဘယ်လိုလုပ်ပြီး ခရီးသည်တွေ ရာထောင်ရှိတဲ့ လေဆိပ်ကြီးမှာ ကျွန်တော့ကို မှဆိုက်ဆိုက် မြိုက်မြိုက် လာရှာနိုင်တာလဲ ဆိုတာကိုတော့ ကျွန်တော်ခုထိ မစဉ်းစား တတ်သေးပါ။ အံ့ဘွယ် Miracle ပါပဲ။ ဒီလူတွေရဲ့ စိတ်ကောင်း စေတနာ ကောင်းတွေ သာမပါရင်မဖြစ်နိုင်တာတော့သေချာပါတယ်။

ခုတစ်ခေါက် ကျွန်တော်မင်္ဂလာဒုံမှာဆုံရတာကတော့ ကိုယ့်အပြစ်လုံးဝ မဟုတ်ပဲနဲ့၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးနဲ့ ကျမှ သိသိကြီးနဲ့ ခံခဲ့ရတာပါ။ ကျွန်တော့ ခရီးစဉ်က ရန်ကုန် – စင်္ကာပူ – ( တောင်အာဖရိကနိုင်ငံ)
ဂျိုဟန်နက်စဘတ် Johannesburg  – (လီဆိုသိုနိုင်ငံ) မာစရူး Maseru ထိ ကြားနိုင်ငံနှစ်ခုမှာလေယဉ် ၂ကြိမ် (Singapore Air line နဲ ့  South African Airway ) ပြောင်းစီးရမှာပါ။ ကျွန်တော်ရေးခဲ့သလိုပေါ့ ဘာမှပြဿနာ မရှိပါ၊ ကိုယ့်ပစ္စည်းက Check through နဲ့သူ့ဟာသူလိုက်လာမှာပါ။ လာတုံးကလည်းဒီလိုပဲလာခဲ့တာပဲဟာ။   ဒါပေမဲ့ ဧပြီလ ၉ရက်နေ့ ကောင်တာမှာ Check in (လက်မှတ်ဝင်) လုပ်တော့ ” အန်ကယ်က လီဆိုသို ထိသွားမှာလား၊ ဒါပေမဲ့ အန်ကယ့် luggage ကတောင်အာဖရိက နိုင်ငံ ထိပဲရောက်မှာမို့၊ အဲဒီကျရင် လေဆိပ်ထဲဝင် ပစ္စည်းရွေး  လေယာဉ် ပြောင်း တင်ပေးဖို့ လိုပါတယ်” တဲ့။ ပြောတာက ကိုယ့်သမီးရွယ် လောက်ရှိတဲ့ ကောင်မလေး တွေပါ။ ပြေပြေ ပြစ်ပြစ်ပါပဲ၊ သူတို့စကားက အပြောချိုပေမဲ့ ကျွန်တော့အဖို့မှာတော့ ငယ်ထိပ်မိုးကြိုး ပစ်ချခံလိုက်ရသလိုပါပဲ၊ လုံးဝမသာယာပါ။ ( ဒီ Jhb လေဆိပ်မှာပဲ ခဲမှန်ဘူးတဲ့စာသူငယ်မဟုတ်လား) ဒါကြောင့် သူတို့ မသိဘူးထင်လို့ South Africa နဲ့ Lesotho ဆိုတာကတစ်နိုင်ငံစီ မို့ မဖြစ်နိုင်တဲ့ အကြောင်း ပြန်ပြောရတာပေါ့။ ဒါကိုပဲ သူတို့က Jhb လေဆိပ်ကိုဆင်းတဲ့ လူတိုင်းကိုယ့်ပစ္စည်း ကိုယ်ဆင်းရွေး ရပါတယ်တဲ့။ စိတ်ပျက်စရာကတော့ ဂိတ်ဆုံးနေပါပြီ၊ ဒီလောက်တောင် မဖြစ်နိုင်တဲ့ကိစ္စကြီးကို သူတို့မို့ လွယ်လွယ်လေး ငှက်ပြောသီးအခွံနွှာ စားသလိုပြောနေ တာကြားရတာကိုပဲ အသည်းယားစရာ ကောင်းနေပါပြီ။ ဒါကြောင့်မို့ မင်းတို့ရဲ့အထက် လူကြီးကို ခေါ်ပေးပါဆိုတော့ Silk Air ကတာဝန်ရှိ လူလပ်ပိုင်းတစ်ယောက် ရောက်လာပါတယ်။ အားကိုးရမလား အောက်မေ့မိပါတယ်၊ သူကလည်း ထူးမခြားနား ဒီစကားတွေပဲ ထပ်ပြောနေပြန်တော ့၊၊၊၊၊၊၊၊၊ သူကတောင် နဲနဲပိုတာက၊ Luggage တွေကို Jhb ဖြတ်ပေးသယ်တာဘာမှ မခက်ပါဘူး၊ ခလုပ်တစ်ချက်လေးကိစ္စ ပါတဲ့၊ ဒါပေမဲ့ ခုနောက်ဆုံးထုတ်ထား တဲ့အမိန့်အရ သူတို့ရုံးကို ဒဏ်ငွေ ဒေါ်လာ (၅၀၀၀) ရိုက်မှာတဲ့၊ နောက်ဆုံး မှာတော့ မချော ၄ယောက် ကိုယ်တစ်ယောက်၊ ကျီးကန်းတွေလို ဝိုင်းအအာ ခံလိုက်ရတော့ Custumer is always right ဆိုတာလဲ စဉ်းစားချိန်ပင်မရလိုက်ပါ။ ကျွန်တော်ကပဲ အောင်မြင်စွာဆုတ်ခွါခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ခုတော့သူတို့ကို ပြန်မေးဖြစ်အောင်မေး လိုက်မိပါတယ်၊ မီးမီးတို့ ခုလို်လေကြောင်း ခရီးရှည်မျိုး သွားဘူးသလားလို့? သူတို့ခုမှပဲငြိမ်ကျသွားကြတော့တယ်။

၁၉၉၄ ကတဲကနေု့ထိ ၁ရနှစ်တာ ကာလအတွင်းမှာ နှစ်စဉ် အာဖရိကနဲ့ ရန်ကုန် သွားချီပြန်ချီလုပ်နေတဲ့  ကျွန်တော်က ပြည်ပအတွေ့ကြုံ ဆိုလို့ ဘာမှ မရှိတဲ့ကောင်မလေးတွေ ရဲ့ပညာပေးခံရတာခံရချက် ဆိုးဝါးလှပါတယ်၊  ကျွန်တော်လည်းခရီးထွက်ရတာ မပျော်နိုင်တော့ပါ။ သူတို့လုပ်မပေးပေမဲ့ ကိုယ်ဘာလုပ်ရ မယ်ဆိုတာ သိပြီးသားမို့ စင်ကာပူ ရောက်ရောက်ချင်း သူတို့ လေကြောင်းကောင်တာမှာပဲ အကူညီဝင် တောင်းရပါတယ်၊ ဟိုကမမလေး တွေက သူတို့နဲ့မဆိုင်ပေမဲ့ ရှောရှောရှူရှူပါပဲ၊ ကျွန်တော့ လေဘယ်ကို ပြန် ပြင်ပေးလိုက် တာမို့ (Retag လို့ခေါ်ပါတယ် ) ကျွန်တော်လည်းခုမှပဲ ရင်ထဲကအလုံးကြီးကျသွားပြီး ပျော်နိုင်ပါတော့တယ်။
‘ ဖွ ‘ လက်စနဲ့ဆက်ပြီး ‘ ဖွ’ ရရင်တော့ ၂၀၀၉ အောက်တိုဘာလတုန်းကလည်း ကျွန်တော်ရန်ကုန်ကနေ Lesotho ပြန်သွားဘူးပါတယ်၊ အဲဒီတုန်းက ထိုင်းလေကြောင်း TG, ပင်လယ်ကွေ့လေကြောင်း
Gulf Air နဲ့ ဘန်ကောက်နဲ့ဒူဘိုင်းကိုဖြတ်ပျံတာပါ။ အဲဒီ တုန်းကလည်း မင်္ဂလာဒုံမှာ ကျွန်တော့ luggage ကို၊  ဒူဘိုင်းလေဆိပ်မှာဆင်းရွေးဖို့ အပြောခံခဲ့ရဘူးပါတယ်၊ ဒူဘိုင်းမှာ ဆိုက်မဲ့အချိန်ကလဲ ညသန်းခေါင်ယံကြီး၊  သူတို့ရဲ့ဆင်ခြေက ဟိုကတောင်အာဖရိက လေကြောင်းနဲ့ သူတို့TG အဆက်သွယ်ရှိတာမဟုတ်လို့ပါတဲ့၊ (အံ့ရောပဲ) အမှန်တော့ ဒီနေရာမှာ သူတို့ ကဦးဆောင် လေကြောင်းလိုင်း Leading airlineမို့ နောက်လေယာဉ် နဲ့ဆက်ပေး ရဖို့ တာဝန်ရှိပါတယ်။ ဘယ်လိုမှ ပြေလည်အောင်ပြောပြလို့ မရတဲ့အဆုံး မှာတော့ ခုလိုဘဲစိတ်ဆင်းရဲစွာနဲ့ ရန်ကုန်ကနေ ထွက်ခဲ့ရတာပါ၊ ဘန်ကောက်ရောက်တော့လည်း အလွယ်သား၊ TG ကောင်တာမှာဝန်ထမ်းလေးကပဲ “လူကြီးမင်းရဲ့ luggage က ဒူဘိုင်းမှာတင်လမ်းဆုံးနေပါလား” ဆိုပြီး ယဉ်ကျေးစွာနဲ့ လေဘယ်ကို ပြန်ပြင်ပေးလိုက်တာ ဘာမှမကြာလိုက်ပါဘူး၊ ကျွန်တော်ပင်သိပ်ပြောစရာမလို လိုက်ပါ။

ဗဟုသုတ အနေနဲ့ပြောရရင်တော့ JHB လေဆိပ်ဆိုတာက အာဖရိကတောင်ပိုင်းနိုင်ငံအားလုံး ရဲ့တစ်ခုတည်းသော ဝင်ပေါက်၊ထွက်ပေါက်ကြီးပါ၊ Namibia, Malawi, Angola,Zambia, Botswana
Zimbabwe…စတဲ့နိုင်ငံတွေ အားလုံးဒီလေဆိပ်ကပဲ အဝင်ထွက်လုပ်ရတာပါ။ (ရန်ကုန်လာချင်လျှင် ဘန်ကောက်၊ စင်ကာပူ စတဲ့လေဆိပ်တစ်ခုခု မှာလေယာဉ်ပြောင်းစီးရ သလိုပေါ့၊ ဘယ်နိုင်ငံမှာ
မှပစ္စည်း ဆင်းရွေးစရာမလိုပါ ) ကျွန်တော်ကိုယ်တိုင်လည်း နှစ်ပေါင်းများစွာ Namibia, Malawi, Lesotho နိုင်ငံတွေကို JHB ကနေတဆင့်ဝင်ထွက်ခဲ့ရတာ ဘာပြဿနာမရှိခဲ့ပါဘူး။ ဒီလိုအနေထားမျိုးရှိ တာကို ခုမှ JHB လေဆိပ် ကိုကျော်ပြီး ပစ္စည်းမဖြတ်ရဘူး လို့မင်္ဂလာဒုံကပြောနေတာ အံ့ဘွယ်တစ်ပါးပါပဲ။ ပြောစရာတစ်ခုရှိတာက အချို့နိုင်ငံတွေမှာ သူတို့နိုင်ငံထဲ ဝင်တာမဟုတ်ပေမဲ့ Transit visa ( ဖြတ်သန်းဗီဇာ) မပါလျှင် လေဆိပ်ထဲပင်ဝင်ခွင့်မရှိပါ။ ဥပမာ Australia လိုမျိုးပါ၊ ဒါပေမဲ့ Transit visa လိုတယ် ဆိုတာက လူကို သာ ပိတ်ပင်တာပါ၊ (ဒီဗီဇာနဲ့လည်း လေဆိပ်အပြင်ထွက်ခွင့် မရှိပါ) ပစ္စည်းမဖြတ်ရ ဆိုတာ မကြားဘူးလို့ JHB မှာဒီကိစ္စမေးကြည့်မယ် စိတ်ကူးမိပါတယ်၊ ဒါပေမဲ့ silly question ( မေးရမှာပင် ရှက်စရာ သိပ်ကောင်းနေတဲ့ မေးခွန်း) ဖြစ်နေတာမို့ မမေးဖြစ်ခဲ့ပါ။

သိချင်လွန်းတာနဲ့ လွန်ခဲ့တဲ့ တစ်လကျော်လောက်ကမှ ကျွန်တော့ခရီးစဉ်အတိုင်း Silk Air နဲ့ Namibia ပြန်သွားတဲ့ မြန်မာအမျိုးသမီးလေးကို ဖုန်းနဲ့လှမ်းမေးကြည့်တော့သူလည်းကျွန်တော့လိုပဲခံခဲ့ရပါတယ်တဲ့၊ သူမ၊ကတော့ စိတ်ညစ်လွန်းလို့ ချုံးပွဲချပြီး ငိုလိုက်မှ ပြန်ပြေလည်သွားပါတယ်တဲ့။ (အံ့ရောပဲ) နောက်တစ် ယောက်ရှိသေးတယ်၊ သူကတော့ Malaysia Air နဲ့ Lesotho ကိုမကြာမီကမှပြန်လာတဲ့ မြန်မာဆရာဝန်ပါ၊ သူ့ကျ တော့ ဘာပြဿနာမှ မတက်ခဲ့ပါတဲ့၊ ( တောင်အာဖရိက ရဲ့ဥပဒေက  လေယာဉ်လိုင်း ချင်းခွဲခြားထားသလား ) ရှင်းနေပါပြီ၊ ကောင်မလေးက ငိုပြလို့ Silk Air က ဒေါ်လာ ၅၀၀ဝ ဒဏ်ရိုက်ခံပြီး လွှတ်ပေးလိုက် တာတော့မဖြစ်နိုင်လောက်ဘူးထင်ပါတယ်။ လေယာဉ်ခကမှ ၂၀၀ဝ ပင်မရှိတာ။ ဟုတ်နေ ရင်တော့ သာဓု ၁ဝကြိ်မ်မက ခေါ်ထိုက်ပါတယ်။

ခရီးသွားတယ် ဆိုတာ ပြည်ပဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် လူနဲ့အတူ ပစ္စည်းပါရ မြဲပါ၊ လူချည်းပဲ ရောက်လာပြီး ပစ္စည်းပါမလာရင် အတော့်ကို ပြဿနာပါ၊ ဒါကို လေကြောင်းလိုင်း တွေအထူး
ဂရုစိုက်ကြပါတယ်၊ သူတို့မှာ ပစ္စည်းပျောက် ဌာနတွေနဲ့ တာဝန်ယူဖြေရှင်း ပေးကြပါတယ်။ ၁၉၉ရ တုန်းက ကျွန်တော် Namibia လေဆိပ် ဆိုက်တော့ ကျွန်တာ့ သေတ္တာကြီးပါမလာပါ၊ JHB မှာမှားကျန်ရစ် ခဲ့တာပါ။
( ဒီတုန်ကလည်း ရန်ကုန် Silk air က ဒိပ်မှားရေးလိုက်လို့ပါ ) နောက်နေ့မှာသူတို့ လေကြောင်း ကလူတွေ ကျွန်တော် တည်းတဲ့ဆေးရုံ ထိလိုက်လာပြီး ပြန်ပို့ပေးပါတယ်၊ ဒါတင်မကဘူး တောင်းပန်စကား တွေလည်းပြောယင်း နစ်နာကြေးငွေ ၁၀၀Rand ပါထုတ်ပေးတာမို့ စိတ်ညစ်စရာမရှိတော့ပါ။ (တစ်ရက်ကို ၁၀ဝနှုံးနဲ့ မို့ စောစောပြန်ရတာကိုပဲ နှမျောနေမိသလိုလို ) ဒါကနိုင်ငံခြား မှာထုံးစံပါ၊ Singapore ကော Bangkok တွေမှာလည်း ဒီလိုပါပဲ။  အဲ၊ ၂၀၀၅တုန်းက ကျွန်တော့ သေတ္တာကြီး မလေးရှား KL လေဆိပ်မှာကျန်ရစ်လို့၊ မင်္ဂလာဒုံ လေဆိပ်ကို အချိန်ကုန် ငွေကုန် လူပန်း နောက်ရက်မှာ သွားပြန်ရွေးရပါတယ်၊ ဒါနဲ့ Malaysia လေကြောင်းရုံး ကိုသွား ပြောပြတော့ ” နစ်နာကြေး ပေးတာ သူတို့မှာ ထုံးစံမရှိဘူး ” လို့ မန်နေဂျာ ကတစ်ခွန်းထဲ အပြတ်ပြော လွှတ်လိုက်တာ ခံခဲ့ရဘူး ပါတယ်။
(မိုက်ချက်ကတော့ ကမ်းကုန်ရော) အခြားနိုင်ငံမှာခုလိုလုပ်စား လို့ကတော့ ကုမ္ပဏီပါ ဒေဝါလီ ခံရဖို့ပါ။
ကြုံကြိုက်လို ့ပြောရရင်  ပြည်ပလေဆိပ် တွေမှာ မကြာခဏဆုံဘူးပါတယ်၊ ဘာစာမှမတတ်ပဲ “သူ့ကိုကူညီ
ပါ “ဆိုတဲ့ စာရွက်ပိုင်းလေး တစ်ခုထဲနဲ့ ခရီးသွားနေသူတွေ၊ လူကြီးမပါပဲနဲ့ ၊ ကျောင်းပိတ်လို့ မိဘရှိရာ နိုင်ငံ ကို လိုက်လာသူ လူငယ်လေးတွေ၊ ဟုတ်နေကြပါတယ်၊ ကြုံရာလူကကူညီ ကြပါတယ်။ ဒါမျိုး မင်္ဂလာဒုံမှာ သာဆိုဒုက္ခလှလှ ကျဖို့ပေါ့။

ဒါဆို မြန်မာနိုင်ငံမှာ လုပ်စား နေကြတဲ့ နိုငိငံခြား လေကြောင်း လိုင်းတွေ မြန်မာပြည်က ခရီးသည်တွေတွက် Double standard ထားပြီး “စံ”  တစ်မျိုးနဲ့များ ဆက်ဆံနေ သလားမသိ၊ ဆိုးတာက ကိုယ့်ခရီးသည်ကို စိတ်ချမ်းသာအောင်၊ လွယ်အောင် ကူညီရမည့်အစား ပိုခက်အောင်၊ ထိုင်ငိုရလောက်အောင်၊ သူတို့ စိတ်ကြိုက် တာဝန်မဲ့ပြောချင်ရာ ပြော နေကြသလား ? လုပ်နေကြတာများလား ? ခုလိုရင့်ရင့်သီးသီး ပြောရတာ စိတ်မကောင်းပါ၊ အမှန်တကယ်ဖြစ်နေတာတွေပါ၊ ကျွန်တော် တစ်ယောက်ထဲ မှရွေးခံနေရ တာမဟုတ်ပါ။ တစ်ခုအကြံပေး လိုတာကတော့ လေကြောင်းမှာ လုပ်နေကြတဲ့ ဝန်ထမ်းတွေကို ဘောနပ် ဆုအနေနဲ့ ပြည်ပကို မကြာခဏ မဟုတ်တောင် တခါတလေလွှတ်ပေးနိုင်ရင် ကောင်းမယ်ထင်ပါတယ် ဒါမှ၊ သူတို့လည်း  နွားခြေရာခွက်ထဲက ဖားသူငယ်တွေလို မဟုတ်ပဲ ကိုယ်ချင်းစာတတ် နိုင်ငံကြီးသား စိတ်ဓါတ် တွေဝင်တတ် သွားမှာ သေချာပါတယ်။ ကျွန်တော်တို့ ” ရွှေ ” ခရီးသည် တွေလည်း သိပ်အကြောက် မလွန် သွားစေလိုပါ သူတို့မကူညီလည်း Bangkok တို့ Singapore တို့ မှာကူညီမည့် သူတပုံကြီး တွေရှိပါတယ်။

ကျွန်တော့ဒီစာကို ဖတ်မိမည့် သူတွေထဲမှာ ဒီမှာ ပတ်သက်ရာ ပတ်သက်ကြောင်း လေကြောင်းက လူတွေ လည်းပါမှာပါ၊ ကျွန်တော့ရဲ့ အမေးကိုဖြေပေးနိုင်မယ်၊ ပြုပြင်နိုင်မယ် ဆိုရင် ကျေးဇူးပါ၊ နောင်နှစ်ကျ မင်္ဂလာဒုံမှာ ပျော်ပျော် ပါးပါးကြီး ပြန်ဆုံကြပါစို့၊ လို့……………..။

စိုးမြင့်-မေ့ဆေး
ခေတ္တ Maseru, Kingdom of Lesotho.
27 April 2011

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ