“ကိုပေါက်လမ်းသလားနေသည်( အပိုင်းသုံး) (ရွှေပြည်ကြီးသို့အဝင်)”

ဒါနဲ့ဘဲ(27-6-2011)နေ့ညနေ7နာရီလောက်မှာ ကျနော့်အလုပ်ထဲက ကလေးတွေနဲ့အတူ ကျွဲဆည်ကန်ကားကြီးဝင်းကို
သွားကြပါတယ်။
ခုံနံပါတ်ရှာ သယ်လာသမျှ ဗြုတ်စဗျဉ်းတောင်း ပစ္စည်းတွေကို ကားပေါ်တင်ပြီးတာနဲ့ကလေးတွေကို
မိန့်ခွန်းတွေချွေ ငါးမိနစ်အလိုကားပေါ်တက်ဘု့ိနှိုးဆော်မှ ကားပေါ်အပြေးအလွားတက်၊
ကားကလဲအချိန်တိတိကျကျ ည8နာရီတိတိမှာထွက်ပါတယ်။
ကားပေါ်ရောက်တဲ့အခါ
(ခရီးတစ်ခုသွားမယ်ဆိုရင် အိပ်ပြီးလိုက်သွားသွား ဟိုကြည့်ဒီကြည့်နဲ့မှတ်မှတ်သားသားဘဲသွားသွား
အချိန်တန်ရင်တော့ လိုရာခရီးကိုရောက်သွားမှာပါဘဲတဲ့။
ဒါပေမယ့် အိပ်သွားသူနဲ့မှတ်မှတ်သားသားသွားသူ အရေးအကြောင်းဆိုရင်တော့ သိသိသာသာကွာသွားပါသတဲ့။
အဲလိုဘဲလူ့လောကကြီးမှာလဲ ဘဝကို အိပ်ပြီးဖြတ်သန်းခဲ့သူနဲ့သတိတရားနဲ့သွားသူရေရှည်မှာကွာသွားတတ်ပါသတဲ့။
အဲတော့ ခရီးသွားရင် အိပ်မလိုက်နဲ့ မြင်မြင်သမျှကြည့်သွား။
ဘဝကိုဖြတ်သန်းရာမှာလည်း မှတ်မှတ်သားသား နဲ့ဖြတ်သန်းကြပါတဲ့။)
ဆိုတဲ့စကားလေးမှာ နားထဲမှာကြားနေပါတယ်။
ဒီစကားစုလေးကတော့
ကျနော်လုပ်ငန်းခွင်ထဲစတင်ရောက်ချိန် ငယ်ဆရာတစ်ဦးက သင်ပေးခဲ့၊
ကိုယ်ကလဲ ဒီအတွေးလေးကို နှစ်သက်လို့ သဘောကျလွန်းတော့လိုက်နာခဲ့တာတင်မကဘဲ
ကိုယ်နဲ့သက်ဆိုင်သမျှ သူတွေကိုလည်းပြန်လည်လို့မျှဝေခဲ့ပါတယ်။
ကားလေးက အရှိန်ဖြည်းဖြည်းနဲ့ထွက်စ မျက်စေ့ကလဲ ဟိုငေးဒီငေး ၊
အတွေးတွေကလဲတောင်ရောက်မြောက်ရောက် ဖြစ်နေတုန်း
“မြစ်ငယ်တံတားမှာတစ်ယောက်တက်မယ်“
လို့စပယ်ယာလေးအော်သံကြားမှ အတွေးစတွေပြတ်သွားပါတယ်။

မြစ်ငယ်တံတားလွန်တော့ ကားကတော့ အရှိန်မှန်မှန်လေးနဲ့ဆက်ပြေးနေပါတယ်။
အပြင်ကိုကြည့်ချင်တယ်ဆိုပေမယ့်လဲ ဘေးက ကာထားတဲ့မှန်တွေက အရောင်တွေပါနေတော့မြင်ကွင်းက ဝိုးတဝါး။
ကြည့်ရပြန်တော့လဲ တစ်ခါတစ်ရံမှောင်မဲမဲ တစ်ခါတစ်ရံမီးရောင်းလေး တလက်လက် သဲသဲကွဲကွဲကတော့ မမြင်ရပါဘူး။
ကိုယ်ထိုင်တဲ့ခုံနံပါတ်က 29ဆိုုုပြန်တော့ ရှေ့ကြည့်ပြန်တော့လဲ ဝေးဝေးမမြင်ရ။
ကားက သာ မှန်မှန်လေးမောင်းနေတယ်ဘယ်ကိုရောက်လို့ရောက်မန်းလဲမသိနှိုင်တော့သလို
ကြည့်ရင်းကြည့်ရင်းနဲ့ဘဲခေါင်းတွေမူးလာ၊
ဘာမှလဲမမြင်ရပြန်တော့ မျက်စေ့လေးမှိတ်လို့
ရန်ကုန်ရောက်ရင်ဘယ်သူကို အရင် တွေ့ရင်ကောင်းမယ်ဆိုတာကို ကြိုတင်လို့စဉ်းစားနေလို်က်ပါတော့။
တကယ်ပြောရရင် ရန်ကုန်မှာတွေ့မယ်ဆိုသူတွေက အပြင်မှာတကယ်ကိုမမြင်ဘူးတဲ့သူတွေပါ။
ချက်တင်ကသာ စကားပြောရင်း တစ်ခါတစ်ရံဖုန်းပြောရင်း လေ ထဲမှာသာရင်းနှီးနေကျသူတွေပါ။
ဒီအထဲကမှ ကိုယ်နဲ့အသက်အရွယ်လဲတူတူလောက်ချက်တင်မှာတွေ့ကြတဲ့ အခါ တိူင်း
“ကိုပေါက်ရန်ကုန်လာမှာကို မျှော်နေမယ်နော်”လို့မကြာခဏပြောတတ်သူတစ်ယောက်ကိုတော့
နည်းနည်းလေးအားထားမိပါတယ်။
ရောက်တာနဲ့သူဆီဖုန်းဆက်ပြီးသူနဲ့တစ်နေရာမှာချိန်း၊
သူလိုက်ပို့မယ်ဆိုတဲ့စာပေတိုက်တွေကိုသွား။
နေ့လည်စာထမင်းအတူစား ပြီးမှ
ဟိုနားဒီနားသွားချင်တဲ့နေရာတွေ ဆီ သူ့ကိုလိုက်ပို့ခိုင်းမယ်ဆိုစိတ်ကူးတွေယဉ်နေတုန်း
ဆောင်းဘောက်တွေကနေ “နိုင်ငံရေးဦးတည်ချက်(3)ရပ်……………………..”ဆိုပြီးအသံအကျယ်ကြီးထွက်လာတော့
အပြင်ထွက်လည်နေတဲ့စိတ်တွေလဲအော်တိုမက်တစ် စီးလာတဲ့ကားပေါ်ကို ပြန်ရောက်လာပါတယ်။
ထုံးစံအတိုင်းမြန်မာရုပ်ရှင်ဖျော်ဖြေရေးအစီအစဉ်စတင်ပါတော့တယ်။
မင်းသားကတော့ နေတိုးနှစ်ကိုယ်ခွဲ မင်းသမီးကတော့စိုးမြတ်သူဇာ။
ကားနာမယ်ကတော့မပြောတော့ပါဘူး။
ကြည့်ရတာ အမူအယာတွေက အိုဗာဖြစ်နေသလိုပါဘဲ။
နောက်မြန်မာရုပ်ရှင်တော်တော်များများမှာ သရုပ်ဆောင်တွေက မသိ
အပြင်ကကြည့်နေတဲ့သူက အားလုံးသိ နေ မြုပ်ကွက်ဆိုတာမပါသလောက်။
ဒါပေမယ့်အပျင်းတော့ပြေပါတယ်။
ရုပ်ရှင်ကြည့်နေရင်းက အိပ်ပျော်သွားလိုက်တာ ဆောင်းဘောက်ကနေ
မြန်မာလို ဘိုလို တရုပ်လို အသံတွေကြားမှလူကလန့်အနိုး ထမင်းစားဘို့ခဏနားတယ်ဆိုတာသိလိုက်ရပါတယ်။
ဘယ်ရောက်နေပြီလဲလို့ ဘေးကလူကိုမေးတော့ 105မိုင်ဆိုတာကလွဲလို့ ဘယ်ရောက်နေတယ်ဆိုတာကိုယ်လဲမသိ။
ပါတ်ဝန်းကျင်ကြည့်တော့ ဒီထမင်းဆိုင်လေးက လွဲလို့မှောင်မှောင်မဲ ဘာဆိုင်းဘုတ်မလဲမတွေ့၊
အဲတော့လဲ
ငယ်ငယ်က ဆရာပြောဘူးတဲ့ “မှတ်မှတ်သားသားလေး”ဆိုတဲ့စကားစိတ်ထဲမှာ ပြန်ကြားမိတော့
ဒီခရီးအတွက် စိတ်ထဲမှာရီတော့ရီချင်မိပါတယ်။
တစ်ဆိုင်ထဲဘဲရှိနေတဲ့ စားသောက်ဆိုင်လေးရှေ့မှာကားကထိုးရပ်လိုက်ပါတယ်။
ကားရပ်တယ်ဆိုတာနဲ့ ပိုလျှံပစ္စည်းတွေစွန့်ပစ်ဘို့အတွက်အပြေးအလွားဆင်း။
လွယ်လွယ်ကူကူပူပူနွေးနွေးရနိုင်မယ့်ထမင်းကြော်ကို ကြော်ချင်တဲ့အသားနဲ့ကြော်ဆိုပြီး
တိတိကျကျမှာ အထုပ်တွေခုံပေါ်ချလို့ အိမ်သာကိုပြေးရပါတယ်။
ဝိတ်တွေလျှော့ပြီးမှ လက်ဖက်ရည်နှစ်ခွက်ကိုထပ်မှာ လာချတဲ့ထမင်းကြော်ကို
မဒမ်ပေါက်နဲ့တစ်ဝက်စီတီးကြပါတယ်။
သိပ်အကောင်းကြီးမဟုတ်ပေမယ့်စားလို့ကတော့ မဆိုးပါဘူး။
စားပြီးလို့ငွေရှင်းတော့ လက်ဖက်ရည်က 300 ထမင်းကြော်ကတော့ 1800 မြို့ပေါ်ကဆိုင်တွေနဲ့ဈေးကတော့ သိပ်မကွာ အဆာလဲပြေတယ်ဆိုတော့ မဆိုးဘူးပြောရမှာပါဘဲ။
ခဏနေတော့ ကားထွက်မယ်ကားပေါ်တက်ကြပါဆိုပြီးအော်သံကြားတော့ ကိုယ်စားခဲ့တဲ့ဆိုင်လေးကို ပြန်လှည့်ကြည့်တဲ့အခါဆိုင်နံမယ်ကိုလျှပ်စစ်မီးရောင်စုံနဲ့အလှဆင်ထားတဲ့
ဘိုလိုရေးထားတဲ့စာလေးကို “ကျော်ကြားခြင်း ”လို့ ဘာသာပြန်လိုက်ရင် မမှားဘူးထင်ပါတယ်။

ဒါနဲ့ဘဲကားပေါ်ပြန်တက်လို့ခရီးဆက်ရပါတယ်။
ကားထွက်ထွက်ခြင်းအိပ်ချင်စိတ်မရှိသေးလို့လျှောက်ကြည့်တော့ မှောင်မဲမဲကားမှန်တွေတပ်ထားတဲ့ဘေးဘက်ကတော့ ခြုံပုတ်လိုလိုဘာလိုလို အရိပ်မဲမဲကလွဲလို့ ဘာမှမတွေ့။
ရှေ့ကြည့်ပြန်တော့လဲ ကားမီးရောင်အထိုးမှာမြင်ရတဲ့ ကွန်ကရစ်လမ်းမကလွဲလို့ဘာမှမတွေ့ရ။
လမ်းကတော့ ကုန်းဆင်းကုန်းတက်လို နေရာလဲပါ။
မြေပြန့်လဲပါ။
တစ်ခါတစ်ခါမှာတော့ ကိုယ့်လို့ဘဲသွားနေတဲ့ မီးရောင်စုံထွန်းထားတဲ့ အိပ်စပရက်ကားတွေကလွဲလို့ ဘာမှမတွေ့ရ။
ဘာမှ မထူးခြားတာနဲ့မျက်စေ့ကိုမှိတ်လို့ ထပ်အိပ်ဘို့ကြိုးစားရပြန်ပါတယ်။

အဲဒီလိုထပ်အိပ်မယ်အလုပ်မှာ မြင်းသံခွာလို အပြာရောင် ဂွမ်းထုပ်ထူူထူလေးမြင်မိတော့သူများတွေဘယ်လိုသုံးကြသလဲဆိုတာကို
မျက်စေ့ကစားကြည့်တော့ အဲဒါလေးကို လည်ပင်းမှာစွတ်ပြီးအိပ်နေတာကို တွေ့မှ သူများလုပ်သလို လိုက်လုပ်ရပါတယ်။
အဲဒါလေးကို စွပ်ထားတော့ နောက်မှီမှာခေါင်းမှီထားရင်မနာတော့ဘဲအတော်လေး
သက်တောင့်သက်သာရှိတာကိုတွေ့ရပါတယ်။
ခရီးမသွားတာကြာတော့ ဒါလောက်လေးတောင်မသိတော့ ကိုယ့် ခေတ်နောက်ကျနေပြီဆိုတာကို စိတ်ထဲကလက်ခံမိပါတယ်။
အဲဒါနဲ့ဘဲကြိုးစားအိပ်နေပေမယ့် အပူတောမန်းလေးမှာနေခဲ့တဲ့သူက အဲကွန်းကအအေးဒဏ်ကိုမခံနိုင်ပါဘူး။
(စောင်ပါးလေးတစ်ထည်တစ်လေလောက်ယူမလာခဲ့မိတာကိုနောင်တရမိပါတယ်။)
ကျနော်အမြင်ပြောရရင်အဲကွန်းဘတ်စ်ကားဆိုတော့အဲကွန်းဖွင့်ထားတာတော့မှန်ပါတယ်။
တကယ်ဖြစ်သင့်တာက ခရီးသည်အနေအထား၊ရာသီဥတုအပြောင်းအလဲပေါ်မှာမူတည်လို့ အပူအအေးကို ချိ်န်ပြီးဖွင့်ပေးသင့်ပါတယ်။
အခုမှာတော့ ခရီးသည်အေးအေး မအေးအေး စောင်ခြုံခြုံ မခြုံခြုံ ဘာမှ လှည့်မကြည့် နဂို်ရ်ဖွင့်ထားတဲ့အတိုင်းထားတော့
ကြာလေ အေးလေ အိပ်မရလေ နဲ့စိတ်တွေလေရပါတယ်။

အဲတော့အိပ်ပျော်သွားလိုက် အဝတ်လွတ်နေတဲ့နေရာက အေးတော့ပြန်လန့်နိုးလိုက်။
အိပ်လိုက်နိုးလိုက် နိုးလိုက်အိပ်လိုက် နဲ့သံသရာလည်ပြီး လေးနာရီခွဲလောက်အရောက်မှာ ပြန်အိပ်လို့မရတော့ပါဘူး။
စိတ်ထဲမှာတော့ တွေးတွေးပြီးပျော်တာလိုလို အဆင်မပြေမှာဘဲစိုးတာလိုလို နဲ့ တမျုးိကြီးခံစားရပါတယ်။
ပျော်ဆိုနှစ်ပေါင်းများစွာမတွေ့ရတဲ့ဆွေမျုးိတွေကို တွေ့ရမှာ
မိတ်ဆွေများနဲ့ကြိုတင်လို့စီစဉ်ထားတဲ့ခရီးတွေကို သွားရမှာ
လေထဲက မိတ်ဆွေတွေနဲ့ မကြုံစဘူးတွေ့ရမှာတွေကြောင့်ပါဘဲ။
ပူဆိုမရောက်တာကလဲ နှစ်သုံးဆယ်နီးပါးကိုး…………………
အဲလိုဟိုတွေးဒီတွေးတွေးနေတုန်းဖုန်းသံမြည်လာပါတယ်။
လာကြိုမယ်ဆိုတဲ့တူမလေးတွေဆီကလာတဲ့ဖုန်းပါ။
“ဦးဘယ်နားရောက်ပြီလဲ”လို့မေးတော့
“ရောက်တော့မယ်ထင်တယ်”လို့ဘဲမရေမရာဖြေလိုက်ရပါတယ်။
ရေရေရာရာဖြေရအောင်ကလဲ ဘယ်ရောက်နေပြီဆိုတာကိုလဲ မသိတာအမှန်။
ဒီတော့အတိအကျဖြေလို့ ဘယ်ဖြစ်ပါ့မလဲနော်။

ရန်ကုန်အိမ်က တူမလေးတွေအသံကြားရတော့သူတို့လာကြိုနေပြီဆိုတဲ့အသိနဲ့ စိတ်တော့ နည်းနည်းအေးသွားပါတယ်။
နာရီကြည့်လိုက်တော့ ငါးနာရီမတ်တင်း ၊
(သူတို့ပြောတာကြားထားဘူးတာက ကျနော်စီးလာတဲ့ကားရပ်မယ်ဆိုတဲ့
အောင်မင်္ဂလာကားဝင်းနဲ့သူတို့အိမ် အငှားကားနဲ့လာမယ်ဆိုရင် မိနစ်နှစ်ဆယ်လောက်တော့ ကြာပါသတဲ့။)
နောက်နာရီဝက်လောက်နေတော့ ကားကြီးကွင်းထဲကို ကားကထိုးဆိုက်လိုက်ပါတယ်။
ကားလဲဆိုက်ရော ဝေ့စ်ကုတ်လေးတွေ ကိုယ်စီဝတ်ထားတဲ့အဖွဲ့က ကားနားကိုလာပြီး ဝိုင်းအုံလာလိုက်ကြပြီး
“အထုပ်ပါရင်ပေးလိုက် အထုပ်ပါရင်ပေးလိုက်” နဲ့ တောင်းလိုက်ကြတာ
အကြောင်းများမသိရင် ရွာကလာတဲ့ ဆွေမျုးိကိုလာကြိုနေသလိုပါဘဲ။
ကားပေါ်ကနေနောက်ဆုံးမှဆင်းပေမယ့်ကားအောက်ရောက်တာတောင် လာကြိုတဲ့တူမအရိပ်အယောင်တောင်မတွေ့တော့
ထိတ်ကနဲ့စိတ်တွေပူသွားပါတယ်။
ဒါနဲ့ဘဲအထုပ်တွေချ ကားဂိတ်က ချပေးထားတဲ့ခုံမှာထိုင် တူမတွေဆီဖုန်းဆက်တော့လာနေပြီ ကားကြီးဝင်းထဲရောက်ခါနီးပြီ လို့ပြန်ဖြေတော့ စိတ်အေးသွားပြန်ပါတယ်။
ဒါပေမယ့်လဲ နောက်ဆယ့်ငါးမိနစ်လောက်နေတာတောင်ရောက်မလာသေးတော့
စိတ်တွေလေပြီးဖုန်းထပ်ဆက်မှအဖြေထွက်လာပါတယ်။
ကျနော်တို့ရောက်နေတာက လားရှိူး မန်လေး ရန်ကုန်သွားတဲ့ ကားဂိတ် ကားကြီးဝင်းရဲအနောက်ဘက်ခြမ်း ၊
သူတို့က မန်းလေးကားတွေဆိုက်တတ်တဲ့အရှေ့ဘက်ခြမ်းမှာသွားရှာ။
နေရာတွေလွဲတော့ မတွေ့ သူတို့ကလဲ စိတ်ပူ။
မတွေ့တာနဲ့ ကိုယ့်ဘာသာကိုယ်ငှားများသွားကြသလားပေါ့။
ဖုန်းဆက်တာချင်းတူနေတော့ ဖုန်းကလဲ ခေါ်မရ၊
ခဏနေမှအပြေးအလွားရောက်လာ အထုပ်တွေဆွဲကားပေါ်တင်ကြ
ဒီတော့မှလူလဲ သက်ပြင်းတွေချလို့ စိတ်အေးသွားပါတယ်။
အဲဒါနဲ့ဘဲအငှားကားပေါ်လိုက်ရင်း တူမတွေနဲ့စကားပြော ရင်းဟိုငေးဒီငေး ငေးရင်းတောသားတစ်ယောက်
မြို့ိကို တကယ်ရောက်လာခဲ့ပါတယ်။

အခုသူတို့နေတဲ့အရပ်ကတော့ အရင်ကမယ်လမုဘုရားကိုသွားရင်းရောက်ဘူးတယ်ဆိုပေမယ့်လဲ
ရှေးကနဲ့မတူစွာ ပြောင်းလဲနေတာကိုတွေ့ရပါတယ်။
ထူးထူးခြားခြားတွေ့ရတာကတော့ ကုန်းကျော်တံတားတွေပါဘဲ။
မိုးပျံတံတားလိုလို ဆောက်ထားတာလဲတွေ့ရ။
အရှေဘက်ခြမ်းတစ်နေရာမှာတော့ ရွှေရောင်တွေဝင်းနေတဲ့ထိုင်ကိုယ်တော်ကြီးကိုလှမ်းဖူးလိုက်ရ။
ဟော ခဏနေတော့မယ်လမု ဘုရား နောက်မှသွားရအုံးမယ်လို့၊
မြင်သမျှကို စိတ်က လိုက်တွေးနေလိုက်ပါတယ်။
ဒီလိုနဲ့ဘဲ ဟိုငေးဒီငေးနဲ့တည်းတဲ့အိမ်ကိုလဲရောက်ရော နှစ်ပေါင်းများစွာ မတွေ့တာကြာနေတဲ့
မဒမ်ပေါက်တို့ညီအမတွေပေါက်ပေါက်တွေဖောက် ဗျောက်တွေဖောက် မျက်ရည်စမ်းစမ်းနဲ့အလွမ်းတွေသယ်နေတုန်း
ကိုပေါက်တစ်ယောက်ရေအမြန်ချိုးရပါတယ။်
ကျနော်တို့မန်းလေးသားတွေက နွေနွေဆောင်းဆောင်းမနက်ဆိုရေလေးလောင်းလိုက်ရမှ သန့်တယ်ထင်ပြီး
နေသာထိုင်သာရှိသကိုးဗျာ။
ဒါနဲ့ဘဲမနက်စာ စားဘို့ လက်ဖက်ရည်ဆိုင်ကိုချီတက်ကြပါတယ်။
သူတို့နေရာက ကမ္ဘာအေး မီးရထားကုန်းကျော်အောက်က မြောက်ဥက္ကလာပ ဆိုတဲ့ဆိုင်းဘုတ်နားမှာပါ။
ဒါနဲ့ဘဲ သိပ်မဝေးတဲ့”လမ်းဝမှတ်တိုင်” နားက ဲ့ လက်ဖက်ရည်ဆိုင်ကိုလမ်းလျှောက်လို့သွားကြပါတယ်။
လမ်းလျှောက်သွားရင်း မီးသတ်ဌာနကိုအကျော် စွယ်တော် မုဒ်ဦးကြီးလဲတွေ့ရော ကျနော်တော်တော်လေးပျော်သွားပါတယ်။
မနက်လမ်းလျှောက်သွားရင် စွယ်တော်စေတီတော်ကို စိတ်တိုင်းကျဓါတ်ပုံရိုက်လို့ရတော့မှာမို့ပါ။
အဲဒါနဲ့ဘဲစားကြသောက်ကြ စကားတွေပြောကြနဲ့အိမ်ပြန်ရောက်တဲ့အခါ စိတ်ထဲက စီစဉ်ထားတဲ့အတိုင်း
ရန်ကုန်မှာအားကိုးရမယ့် မိတ်ဆွေဆီကိုရောက်ကြောင်းသတင်းပို့လို့ဖုန်းဆက်လိုက်ပါတယ်။
စိတ်ထဲမှာတော့ သူရှိတဲ့နေရာကိုမေးပြီးသွားမယ်။
နောက်သူ့ကိုခေါ်ပြီး 41လမ်း မဟာဗန္တုလလမ်းကိုသွား မန်းလေးကပါးလိုက်တဲ့လက်ဆောင်တွေကိုပေးပြီးရင်
သူနဲ့အတူ ဂျာနယ်တိုက်တွေကိုသွားမယ်ဆို စိတ်ကူးတွေယဉ်ထားပါတယ်။
အဲဒါနဲ့ဖုန်းလဲပြန်ကိုင်ရော သူနဲ့စကားနည်းနည်းပါးပါးပြောပြီးဖုန်းချ လိုက်ပါတယ် ။
နောက်တော့လဲ ကျန်တဲ့မိတ်ဆွေတွေဆီကိုလဲ ဖုန်းတွေဆက်ပြီး ရောက်ပြီဆိုတဲ့အကြောင်း
နောက်မှပြန်ဆက်သွယ်မယ်ဆိုတဲ့အကြောင်းသတင်းတွေပေးရပါတယ်။
စောသေးတာနဲ့ ညီမတွေ နဲ့ထိုင်စကားပြောနေလိုက်ပါတယ်။
ခဏနေတော့ဖုန်းဝင်လာလို့ နားထောင်လိုက်တော့ ရန်ကုန်မှာ ကျနော်အားအထားဆုံးမိတ်ဆွေဆီက ဖုန်းပြန်လာပါတယ်။
သူကနေပြီး “ကိုပေါက်ပြောလိုက်ပါအုံး”ဆိုလို့ဖုန်းလဲပြောအပြီးမှာ စိတ်တွေအတော်လေသွားပါတယ်။
စိတ်ထဲမှာအရင်က ကြိုတင်စီစဉ်ထားတာတွေလဲတစ်မျိုးပြောင်းပြီလို့ခံစားလိုက်ရပါတယ်။
သေချာတာတစ်ခုကတော့ အရင်က စိတ်ထဲမှာ ထင်ထားခဲ့သလို သူ့ကို အားကိုးလို့မရတော့ဘူး။
ကိုယ်အားကိုယ်ကိုးရတော့မယ်ဆိုတာကို သိလိုက်တဲ့အတွက်
ရှုပ်ထွေး ဆူညံ စည်ကား များပြား လှသောရန်ကုန်မြို့ရွှေပြည်ကြီးထဲကို တစ်ယောက်ထဲဘဲတိုးဝင်နိုင်ဘို့
အတွက် ကြိုးစားရပါတော့တယ်။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(ဆက်လက်ဖော်ပြပါမည်)
(8-7-2011)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။