ရဟန်းဝတ်စဉ်က အလွဲ(၁)

မနေ့က သူတို့ သူငယ်ချင်းတွေ လူဝတ်ကြောင်ကနေ ကိုရင်ကြီး စီးလိုက်ကြသည်။ ကတုံးကလေးတွေနှင့် သင်္ကန်းရုံထားလိုက်တော့  ရုပ်ကလေးတွေက ကြည်လင်နေသည်။ ဒီကနေ့တော့ သိမ်ဝင်ရမည်။ ဒါမှလည်း ပဉ္ဖင်းဖြစ်မည်။ သိမ်ထွက်သည့်အခါ မိမိတို့နေအိမ်ကိုယ်ဆီမှာ သိမ်ထွက်လာလောင်းကြမည်ဟု သိရတော့ အားလုံးကကိုယ်ဆီ ပျော်နေကြသည်။ သူတို့ သူငယ်ချင်း ခြောက်ယောက် တစ်ပြိုင်တည်း သင်္ကန်းစီးချင်တယ်ဟုပြောတော့ မိဘတွေက ကြည်ကြည်ဖြုူဖြူုပင် လိုက်လျောကြပါသည်။

“ကောင်းတာပေါ့ ကောင်းတာလုပ်တာပဲ ခွင့်ပြုရမှာပေါ့”ဆိုပြီး မိဘတွေကိုယ်ဆီက ပြေးဟယ် လွှားဟယ်နှင့် စီစဉ်လိုက်ကြတာများ နှစ်ရက်တာမကြာလိုက်။ ဒီနေ့တော့ မကြာလိုက်သော အချိန်ကလေးမှာ ပဉ္ဖင်းတွေဖြစ်ပြီ၊။ ဒါတောင် သူတို့ သူငယ်ချင်းတွေ အပြောအဆိုက လူသံမပျောက်သေး။ စကားပြောလျှင် တစ်ယောက်နှင့်တစ်ယောက် ဟေ့ကောင်ဖြစ်လိုက် မင်းဖြစ်လိုက် ငါဖြစ်လိုက်နှင့် ပြောလိုက်ကြ။ ရယ်လိုက်ကြ။

တစ်ယောက်နှင့်တစ်ယောက် အခေါ်အပြောကလည်း အရေးပါနေသည်။ သူငယ်ချင်းတစ်ယောက်ကတော့ ပြင်ရှာပါသည်။ ပြောရှာပါသည်။ အရှင်ဘုရားလို့ သူတို့ကိုခေါ်ပြီး သူ့ကိုယ်သူတော့ ငါကလို့ဖြစ်ချင်ဖြစ်သွားပြန်သည်။ တစ်နေ့ကုန်တစ်နေခမ်း ဒီအပြောအဆိုတွေကြောင့် ရယ်လိုက်ရ အိန္ဒြောထိန်းလိုက်ကြနှင့် ပထမတစ်ရက် တရားတောင်မထိုင်ဖြစ်လိုက်။

နောက်တစ်ရက်ကျတော့လည်း အလွဲကလေးတွေကို စတင်လုပ်ဖြစ်ကြသည်။ ဘုန်းကြီးကျောင်းကိုမရောက်ဖြစ်တာကလည်းကြာပြီဆိုတော့ သံဃာတော်များနှင့်ကလည်း စိမ်းနေမိသည်။ ဆွမ်းစားချိန်မှာ ဆွမ်းစားဆင်ခြင်ရသည်ကိုတော့ သိသည်။ ခက်တာ က ဘယ်သူ့မှမရကြ။ ရွတ်ဆိုဖို့နေနေသာသာ လိုက်ဝါးဖို့တောင် ခက်နေသည်။ ဖြစ်ချင်တော့ ဆွမ်းစားမည်အချိန်သို့ရောက်လာသည်။ စားပွဲဝိုင်းများမှာလည်း အချို့ သံဃာတော်များက ရောက်နှင့်နေပြီ။ အားလုံးစုံသလောက်ရှိတော့ ဆွမ်းစားဆင်ခြင် သည့် “ဤသည့်စားဖွယ်အမယ်မယ်ကို ၊မြူးရွယ်မာန်ကြွ၊ လှပစေချင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊’စသဖြင့်ရွတ်ကြပါလေရော။ မရွတ်ခင်ကလေးမှာတင် သူငယ်ချင်းဖြစ်သူက မပြောမဆိုဖြင့် စတီးဇွန်းကိုကောက်ကိုင်ပြီး အပီတွယ်မယ့်ဟန်လုပ်တော့ သံဃာတော် တစ်ပါးက ချောင်းဟန့်သံပေးသည်။ အားလုံးက ပြုံးစိ ပြုံးစိ။

အာရုဏ်ဆွမ်းစားပြီးတော့ ဆွမ်းခံကြွရမည်ဟုပြောလာသည်။ အားလုံးက သင်္ကန်းကိုမရုံတတ်။ ဦးဇင်းကြီးတစ်ပါးက လာရုံပေးသည်။ ပြီးတော့

“မနက်ဖြန်ကြရင်တော့ ကိုယ်တိုင်ရုံကြရမယ် ဒီည သင်္ကန်းရုံးတာကျင့်ထားလိုက်ပေါ့”ဟုပြောသည်။ သပိတ်များကိုပိုက်၊ ဖိနပ်ကလေးတွေချွတ်ပြီး မောင်ပဉ္ဖင်းတို့ဆွမ်.းလံကြွလေပြီ။ ပထမတော့ ဖိနပ်ချွတ်မလျှောက်ဖူးတော့ ခဲ၊များ စူးသဖြင့် ခြေဖဝါးတွေ နာနေသေးသည်။ ရှေ့က ဝါကြီးသော သံဃာတော်များကြွရာနောက်ကို အမှီလိုက်ရသည်ကလည်း မောသေး၏။ သင်္ကန်းရုံထားသည်ကလည်း မလွတ်လပ်တော့ ချိုင်းကြားကနေ ပြည်ကြသွားမှာကို ဂရုစိုက်နေရသေးသည်။ သပိတ်များကလည်း သံသပိတ်ဆိုတော့ ဆွမ်းပူပူလေးများလောင်းထည့်လိုက်လျှင် လက်ဖဝါးကို ဖလူးလူးနှင့်ကို ပူစေသည်။ ပထမတစ်ရက်ကတော့ ခြေဖဝါးစူး၊ လက်ဖဝါးပူနှင့် ဆွမ်းခံတာတောင် ဘာမှန်းမသိလိုက်။ ကျောင်းကိုမြန်မြန်ပြန်ရောက်ပါစေဟု အားလုံးက ဆုတောင်းနေမိကြသည်။

ကျောင်းပြန်ရောက်တော့ ဦးဇင်းကြီးက တစ်ခါတည်းမိန့်သည်။

“မနက်ဖြန် ဦးဇင်းတို့ ဆွမ်းကျွေးပင့်ထားတာရှိလို့ ကျောင်းမှာကလည်း သံဃာနည်းတော့ နှစ်အိမ်ကြွရမှာဆိုတော့ ကိုယ်တော်တို့ချည်းသွားရမယ် ဖြစ်မလား”

အားလုံးက တစ်ပါးမျက်နှာတစ်ပါးကြည့်ရင်း ဘယ်လိုလဲဟူသောသဘောဖြင့် မေးငေါ့ပြကြသည်။

“ရပါတယ် ဘုရား ”

“အေး ဒါဆိုရင်ဖြစ်တယ်နော် သင်္ကန်းမရုံတတ်ရင်လည်း စောစောထကြ အချိန်မီရင် ရုံပေးမယ် မမီရင်တော့ ကိုယ်တော်တို့ဘာသာရုံလိုက်ကြ ဟုတ်ပြီလား”

“တင်ပါ့ဘုရား”

အဲဒီညကျတော့ တစ်ပါးနှင့်တစ်ပါး စကားမပြောနိုင်ကြ။ အားလုံးက သင်္ကန်းရုံကျင့်နေကြတာနှင့်ပင် စကားဟဟ မပြောနိုင်။ တစ်ချို့များ ကတုံးပြောင်ပြောင်မှာ ချွေူးကလေးတွေ ဆို့လို့။ ရယ်လိုက်ကြ။ ပြင်ရုံလိုက်ကြနှင့် ခဏနေတော့ လူ့ဘဝတုန်းကလို ဗိုက်က နှိပ်စက်ကလူပြုလာလေပြီ…..။ဘယ်နှယ့်လုပ်ရပါ့….။ထိုစဉ်…….

ဆက်ရန်

သော်ဇင်(လွိုင်ကော်)

9th-July-2011

8 comments

  • moethidasoe

    July 9, 2011 at 3:31 pm

    ဒါတောင် ရဟန်း သိက္ခာပုဒ် ၂၂ရ သွယ်ကို ထည့်မရေးသေးဘူးထင်တယ် .. ဆက်ရေးရင်
    ဆွမ်းစားကြွတဲ့အခါ .. တရားမဟောတတ်ရင် နေပါစေ .. အနည်းဆုံးတော့ သီလလေး ပေးရမှာ .. ရပါ့မလားလို့ တွေးပူနေမိတယ် .. ကိုသော်ဇင်ရေ

  • ရွှေဘိုသား

    July 9, 2011 at 3:47 pm

    ဒီပို.စ်လေးဖတ်ပြီး ငယ်ငယ်တုန်းက ကိုရင်ဘဝလေးတောင် သတိရတယ်
    အမေနဲ.အဖေက သားလေးနှစ်ယောက်ရှိတာဆိုပြီး အလှူကို ဆိုင်းတွေဘိသိတ် တွေငှားပြီး
    အကြီးအကျယ် ရှင်ပြုပေးတာ

    ကျွန်တော်တို. ညီကိုနှစ်ယောက်က အလှူပြီးလို. အိပ်က ဆိုင်းဝိုင်းတောင်ဖြုတ်လို.မပြီးသေးဘူး
    ညီကိုနှစ်ယောက် မနေနိုင်လို. ပြန်ထွက်လာတာ အလွန်ဆုံးကြာမှ ကိုရင် ဘဝကို 4 နာရီပဲကြာတာ

    ရွာမှာ တော. စံချိန်တင်ထားတာ အခုထိပဲ
    ကိုရင် အကြာဆုံးဝတ်လို.ဆိုပြီး

  • တညင်သား

    July 9, 2011 at 5:04 pm

    ဘုန်းဘုန်းတွေ ဆွမ်းကျွေးမှာ ဘာတရားတွေ ဟောမယ်ဆိုတာ စိတ်ဝင်စားစရာပဲ တော်တော်လွဲနေမယ်ထင်တယ်နော် .. ဟောကြားခဲ့တဲ့ တရားတော်တွေလဲ ပြန်လည်ချီးမြင့် ပါအုံး…………

  • pooch

    July 9, 2011 at 5:55 pm

    အင်း…. ဘယ်လိုများဆက်လွဲ မှာပါလိမ့်…..

  • naywoonni

    July 9, 2011 at 6:49 pm

    ဆွမ်းစားရင်း ကြက်သွန်ဖြူလိုလို့ ငရုတ်သီးစားချင်လို့တောင်းမိသေးလား…။ ????

  • ဆူး

    July 9, 2011 at 8:30 pm

    ရဟန်းတပါး သိက္ခာနှင့် ဆွမ်းဘုန်းပေးရသည်မှာ တကယ်ကို မလွယ်ကြောင်း စိတ်ထဲမှာ တွေးမိရင်း ဦးသုခ ရိုက်တဲ့ ရဟန်းစားတဲ့ ဆွမ်းတနပ် ရုပ်ရှင်ထဲက အကြောင်းအရာများသာ စိတ်ထဲမှာ တွေးထင်လို့လာပါတော့သည်။

  • ကြောင်ကြီး

    July 10, 2011 at 9:28 am

    တချို့ကြတော့ ပုဇ္ဇင်းခံသိမ်တက်လို့ ကမ္မဝါဖတ်တုန်း ဥပဇ္ဇာယ်ဆရာက သိမ်ဝင်ရဟန်းသစ်ကို သင် လူစင်စစ်ဖြစ်၏လော၊ နဂါးလော၊ ဘာလော မေးရိုးမေးစဉ်မေးတဲ့အခါ ဘာမှမသိထားရင် ကြောင်အမ်းအမ်းနဲ့ ကို့ယို့ကားယားဖြစ်ကုန်တယ်…

    • ဆူး

      July 10, 2011 at 8:46 pm

      လူသား စင်စစ် ဖြစ်သလော ဆိုတာ အရင်တုန်းက နဂါးတွေက လူယောင်ဖန်ဆင်းပြီး ရဟန်း လာခံတတ်ကြလို့ အဲဒီ အတွက် အစဉ်အလာ သဘောမျိုးနဲ့မေးတာပါ။
      ရောဂါကြီး ရှိသလော ဆိုတာကတော့ အရင်တုန်းက ဆရာဇီဝက ဆေးစွမ်းသိပ်ထက်လွန်းတော့ လူတွေ တန်းစီနေတာ မနားရအောင် ကုရလွန်းတော့ ရဟန်းသံဃာများ ကိုအလှည့်မပေးနိုင်တဲ့ အတွက် လူတွေကို မကုဘူး ရဟန်းပဲ ကုမယ် ဆုံးဖြတ်ချက်ချထားတဲ့ အတွက် နေမကောင်းဖြစ်တဲ့ အခါ ရောဂါကုချင်တဲ့ အခါ ဇီဝက ဆီမှာ ဆေးကုခံချင်လို့ ရဟန်းလာဝတ်ပြီး နေကောင်းတော့ လူပြန်ထွက်သွားတတ်ကြတယ်။ အဲဒီ အတွက် ထိုမေးခွန်းကို မေးတာပါ..
      သင်သည် ယောကျား စင်စစ်ဖြစ်၏လော ဆိုတာလည်း ထိုအတိုင်းပါပဲ.. ဟိုမရောက်ဒီမရောက်တွေ သူ့စိတ်သူ မလုံလို့ ဘုန်းကြီး မဝတ်ရဲဘူး။

Leave a Reply