အိမ်ကထွက်တယ်ဆိုရင်ဘဲ လမ်းပေါ်ရောက်တာ ၅မိနစ်မပြည့်သေးဘူး မီးပွိုင့်မိပါလေရော(လှည်းတန်းပွိုင့်လေ၊ သိတယ်မို့လား) ။ ရုံးချိန်က ၉နာရီ၊ အိမ်ကထွက်တော့ ၈နာရီ ခွဲ၊ မီးပွိုင့်မိတာ နာရီဝက်။ ကွက်တိဘဲ ရွှေအိတို့ကတော့။ တက်ကစီ ဆရာနဲ့တော့ ကောင်းကောင်းလေပစ်လို့ရတာပေါ့လေ။ ကုတ်ကိုင်းနဲ့ လှည်းတန်း ၁၅၀၀ ခရီးကို ၂၀၀၀ အတင်းတောင်းနေလို့ မနည်းချော့မော့ဆစ်လာရတယ်။
ပွိုင့်လဲမိရော စပွါးတော့တာဘဲ။

တက်စီ ။ ။ ကျွန်တော်တို့ တက်စီသမားတွေအားလုံး စက်တင်ဘာ ၁ရက်နေ့ကစပြီး မီတာချိုးမောင်းရတော့မှာဗျ။ မီတာမှာ ပြတဲ့အတိုင်းရတာက ပိုကိုက်တယ်။ တိလဲတိကျတယ်။ ကဘာမှာ ဘယ်နိုင်ငံမှ ပါးစပ်ဈေးနဲ့ တက်စီ မစီးဘူး။ မီတာအတိုင်းပေးတာ။ ဒီမှာ က လှည်းတန်းနဲ့ မြို့ထဲဆို ၂၀၀၀ ဘဲ၊ အလွန်ဆုံးပေးတာ။ ခရီးသည်က နားမလည်ဘူး၊ စွတ်ဆစ်တော့တာဘဲ။ ပါးစပ်ဈေးနဲ့ စီးနေကြဖြစ်နေတာကိုး။

ကျွန်မ။ ။ ဟမ်၊ ဒါဆို အခုလိုပွိုင့်မိပြီး ရပ်ထားတဲ့ အချိန် မီတာတက်နေတာကျ ဘယ်လိုလုပ်မလဲ ဦးလေးရဲ့။

တက်စီ။ ။ ဒါလဲ ထည့်တွက်ရမှာဘဲလေ။ ကျွန်တော်တို့က မီတာဖွင့်မမောင်းရင် အဖမ်းခံရမှာ။ ဒီမီတာက ၂သိန်းပေးဝယ်ထားရတာ။ ပထမတကြိမ် သောင်းဂဏန်း (ဒဏ်ငွေ)၊ ဒုတိယအကြိမ် သိန်းဂဏန်း နဲ့ CNG တလပိတ်၊ တတိယအကြိမ် သိန်းဂဏန်းနဲ့ လိုင်စင်တလပိတ်။ ဆိုတော့ ဒီမီတာကဘဲ ခရီးသည်နဲ့ကျွန်တော်တို့ကြားရပ်တည်ပေးမှာ။ ကျွန်တော်တို့က နောက်ဆိုပြေစာဘဲ ထုတ်ပေးပြီးပိုက်ဆံ ရှင်းခိုင်းတော့မှာ။ ပါးစပ်နဲ့ဈေးမပြောတော့ဘူး။

ကျွန်မ။ ။ အော်။ ဦးလေးရယ် ဒီလိုသာပွိုင့်မိနေရင် ခရီးသည်က သေပြီပေါ့။ အစိုးရကလည်းနော် တက်စီ သမားနဲ့ခရီးသွားပြည်သူကြား ဒွတ်ခရောက်အောင်လုပ်တယ်။ လမ်းတွေကြကောင်းအောင်မလုပ်ပေးဘူး။

တက်စီ။ ။ မဆိုင်ဘူး သမီးရဲ့။ ဒီနိုင်ငံက အစိုးရတင် အကျင့်စာရိတ်တပျက်ပြားတာမဟုတ်ဘူး။ ပြည်သူလည်း အကျင့်ပျက်နေတာဘဲ။ ဒါကြောင့် အုပ်ချုပ်လို့ရတာပေါ့။ အုပ်ချုပ်သူလူတန်းစားနဲ့ အုပ်ချုပ်ခံလူတန်းစား လိုက်ဖက်ညီတာကိုး။ မဟုတ်ဘူးလား။

ကျွန်မ။ ။ ဟုတ်မယ်ထင်တာဘဲ ဦးလေးရယ်။ မပြောတတ်တော့ပါဘူး။ ဒါနဲ့ တက်စီတွေ နံပါတ်နိမ့်ကား အားလုံးသိမ်းတော့မယ်ဆို။

တက်စီ။ ။ မဟုတ်ဘူး။ မော်ဒယ်မြင့်တာနဲ့ လဲပေးမှာ။ အုံနာက အလိုက်ပေးရမှာလေ။ ဒီကားတွေ အကုန် သံရည်ကျိုစက်ပို့မှာ။ ဒါပေမဲ့ ဒီစနစ်ကြီးကတော့ ဖြစ်နိုင်မယ်မထင်ပါဘူး။ လွယ်မှ မလွယ်တာ။
(ဘာလို့ မလွယ်တာလဲဆိုတာတော့ တက်စီဆရာမှဆက်မရှင်းပြတော့ပါ၊ကျွန်မလဲ မသိလို့ ဆက်မရှင်းပြတော့ပါ)

Shwe Ei
29th Aug 2011

About Shwe Ei

Shwe Ei has written 44 post in this Website..