ရှင်သန်မှုအတွက် ရတက် မအေးနိုင်

ကြောင်လေးOctober 6, 20111min540

ရှင်သန်မှုအတွက် ရတက် မအေးနိုင်

 

ငါ့နှလုံးသားအဝကို ပိတ်မဲ့တံခါး

ခဏ နားထားမယ်  တဲ့။

မင်းတို့တွေ ပြောတဲ့စကား

ငါ  ကြားမိခဲ့တယ်။

ယုတ်လျော့သွားမဲ့ ငါ့သွေးအားအတွက်

ငါ    အခက်မတွေ့တော့ဘူးပေါ့။

ငါ့သွေးကြောမှာပိတ်ဆို့မဲ့အရာ

ငါ   တိုက်စားလို့ရပြီ။

ငါ့ကို မှီခိုအားထား

ငါ့သွေးသားကိုစားသုံးမဲ့ မင်းတို့အတွက်

ငါ   ဆက်လက်ရှင်သန်နိုင်တော့မယ်။

ဒါပေမဲ့လေ

ငါ့သွေးရဲ့ဖြစ်တည်ရာ နှစ်နေရာအတွက်

မင်းတို့ဘက်က အလျှော့ပေးကြမှာမဟုတ်

တကယ်ကို ဆက်ပြီးလုပ်ကြဦးမှာ……….။

 

လုပ်လိုက လုပ်ကြပါ

ငါ   မတားတော့ပါဘူး

ဒီလိုမှ အဆင်ပြေကြမယ်ဆိုရင်

ငါသာလျှင် အနစ်နာခံပါ့မယ်။

ငါ့ရဲ့ရှေ့ရေးအတွက်ကိုတော့

မင်းတို့ တွက်ချက်ရပေမပေါ့။

ငါ့ကျန်းမာရေးကိုလည်း

အလေးပေးရလိမ့်မယ်။

ငါ့ရဲ့ရှင်သန်မှုဟာ

မင်းတို့ရဲ့ရှင်သန်မှုပါ။

ငါ့ရဲ့တည်မြဲမှုဟာ

မင်းတို့ရဲ့တည်မြဲမှုပါ။

ငါ  အမြဲတည်ရှိနေမှ

မင်းတို့ဘဝ ရပ်တည်လို့ လှပမှာ…………။

 

 

မင်းတို့တွေပြောတဲ့စကား

ငါစဉ်းစားကြည့်မိတယ်

ခဏ နားတယ်ဆိုတာ

ဘယ်အရာကို ဦးတည်သလဲ

နောင်အခါ စိတ်အလိုမကျရင်

ငါ့နှလုံးသားမင်းတို့ပြန်ပိတ်မှာ

ငါ   စိတ်မအေးရပါလားကွယ်။       ။

 

ဧရာဝတီအတွက်ခံစားရေးဖွဲ့တဲ့  ကျွန်တော့ရဲ့ကိုယ်တိုင်ရေး ဒုတိယကဗျာလေးပါ။