ငြင်းခုံခြင်း

“ဟေ့ ဘာသာမဲ့ကြီး နေကောင်းရဲ့လား”

“ကောင်းပါတယ် လာ ထိုင်”

“ဖြစ်ပျက်နဲ့ပတ်သက်ပြီး မင့်ကို တော်တော်မကျေနပ်ကြဘူးနဲ့တူတယ်”

“ကျေနပ်စရာမှ မဟုတ်တာကိုး”

“ကျေနပ်စရာမဟုတ်မှန်း သိပါလျှက်နဲ့ ဘာလို့ရေးလိုက်တာလဲ”

“အမြင်သစ်ဆိုတာ မြင်ပြသူရှိမှ မြင်နိုင်ခွင့်ရှိတာကြောင့်ပါ”

“အန္တရယ်ကြီးတယ်နော”

“လူစီလီရိုဗာနီနီ (၁၅၈၅-၁၆၁၉) က လူကို ဘုရားသခင်က ဖန်ဆင်းသည် မဟုတ် သဘာဝ၏ ဖြစ်ပေါ်တိုးတက်မှု အစဉ်တရပ်သာဖြစ်သည် လို့ပြောတော့ ဘာဖြစ်သွားတယ်မှတ်သလဲ”

“ဘာဖြစ်သွားလို့လဲ”

“မိစ္ဆာဒိဋ္ဌိဆိုပြီး မီးလောင်တိုက် သွင်းလိုက်ကြတယ်တဲ့”

“ရက်စက်လိုက်ကြတာပါလား”

“ပြောတော့သာ မေတ္တာထားရမယ် မေတ္တာထားရမယ်နဲ့”

“အေးကွာ”

“သူပြောခဲ့တဲ့စကား ဘယ်လောက်မှားတယ် မှန်တယ်ဆိုတာကို အခုခေတ်မှာ (DNA) က သက်သေခံနေပြီ မဟုတ်လား”

“အင်း…”

“ခေတ်တိုင်းမှာ အသစ်တွေ့ရှိချက်တွေကို တင်ပြခဲ့ကြပေမယ့် ခေတ်တိုင်းမှာ လူတွေကတော့ လွယ်လွယ်ကူကူ လက်မခံကြရုံမက အသက်ဆုံးပါးတဲ့အထိ ရန်မူတာကိုပဲ ခံသွားကြရရှာတာ”

“ဒါကို သူတို့ မသိလောက်ဘူးလား”

“သိပေမယ့် ရေရှည်မှာ လူသားတို့ အကျိုးဖြစ်ထွန်းမှာကို မျှော်မြင်နိုင်တာဆို တော့ လူသားအကျိုးမျှော်ကိုးပြီး အနစ်နာခံသွားကြတာနေမှာပေါ့”

“ခေတ်တိုင်းမှာ ဒီလိုလူတွေရှိခဲ့ကြတာပဲ”

“ဟုတ်တယ် ဒီလိုလူတွေသာ မရှိခဲ့ကြဘူးဆိုရင် ဒီကနေ့လူ့လောကဟာ ဒီလောက်ထိ ဖြစ်ထွန်းတိုးတက်လာစရာ မရှိနိုင်ဘူး မဟုတ်လား”

“အေးကွာ လူအများကောင်းစားဖို့အတွက် လူနည်းစုကို စတေးရတဲ့ခေတ်က ဘယ်တော့များမှ ရပ်တန့်မှာပါလိမ့်”

“ဒါတော့ အတော်မလွယ်တဲ့ကိစ္စပဲ”

“ဘာ့ကြောင့်လဲ”

“ကိုယ့်အယူအဆနဲ့ လွဲတဲ့ တခြားအယူအဆတွေဆိုရင် နင်းဖျက်၊ ကြိတ်ချေ ပစ်ရမယ်လို့ အထိ အရိုင်းစိတ်ဓာတ်တွေ မကုန်သေးတာကြောင့်ပေါ့”

“အယူအဆ မတူသူတွေနဲ့လည်း လက်တွဲနိုင်ရမယ်လို့ ပြောတော့ ပြောနေ ကြတာပဲ၊ တကယ့်လက်တွေ့မှာကြတော့ ပြောင်းပြန်ဖြစ်နေကြတယ်”

“ဟုတ်တယ်”

“ဘာ့ကြောင့် အဲလိုဖြစ်နေရတာလို့ ထင်လဲ”

“စနစ်တကျ မငြင်းခုံတတ်ကြတာကြောင့်ပေါ့”

“ငြင်းတာပဲကွာ စနစ်က ကျနေရအုံးမှာလား”

“နိုင်ငံ တစ်နိုင်ငံနဲ့ တခြားနိုင်ငံ တစ်နိုင်ငံ နယ်မြေပိုင်နက် အငြင်းပွားတဲ့အခါ မှာပဲဖြစ်ဖြစ်၊ ကိစ္စတစ်စုံတရာကို အငြင်းပွားရာမှာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံကသာ အမှန်ဖြစ်ကြောင်း နှစ်ဖက်လုံးက သူတို့မှန်ကြောင်းကို စနစ်တကျ ငြင်းခုံနေ ကြတာပဲ။ သည်လိုစနစ်တကျငြင်းခုံရင်းနဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်မက်ဖြစ် ပွားမယ့် အန္တရယ်ကနေ လွန်မြောက်နိုင်ပြီး ချစ်ကြည်ရင်းနှီးနေကြတာပဲ။ ဒါဟာ စနစ်တကျ ငြင်းခုံတာရဲ့ ရလဒ်ပဲပေါ့”

“မင်းရဲ့ ဖြစ်ပျက်ကရော ဘာရလဒ်ထွက်စေမှာမို့လဲ”

“လူတွေကို မကောင်းမှု(အပျက်အဖြစ်)ကနေ ရုန်းထွက်နိုင်စေလိမ့်မယ်။ လူတွေဆီက မကောင်းမှု(အပျက်အဖြစ်)ကို ဘယ်လူမျိုးမဆို သိနေကြတာပဲ၊ ဒါကို စနစ်တကျနဲ့ အများအကျိုးမျှော်ကိုးပြီး ငြင်းခုံသင့်တာပေါ့”

“ကိုယ့်အမှန်ကသာ အမှန်၊ တခြားအရာတွေဟာ အလကားလို့ တဖက်သတ် သွားတဲ့ခေတ် မဟုတ်တော့တာကို ဒီကနေ့ မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေ အနေက သက်သေပြနေပါတယ်”

“အများအကျိုးဆိုတဲ့ အခြေခံစိတ်ဓာတ်မရှိရင်တော့ ကမ္ဘာနဲ့ရင်ဘောင်တန်း နိုင်ဖို့ဆိုတာ အဝေးကြီး ဝေးနေအုံးမှာပါ။ ပြောင်းလဲတိုးတက်ဖို့ ကြိုးစားကြသူ တိုင်းကို တရားသေ အဟောင်းသမားတွေရဲ့ တစ်ဖက်သတ်တိုက်ခိုက်တာကို ခံခဲ့ကြရတာပါပဲ”

“အေး…ရှင်ဥက္ကဋ္ဌနဲ့ ရှင်အာဒိစ္စဝံသတို့က ဘုန်းကြီးတွေ အင်္ဂလိပ်စာသင်ဖို့ ပြောတော့ မိစ္ဆာဒိဋ္ဌိစာတွေဆိုပြီး မသင်ကြားဖို့ ဝိုင်းဝန်းဆန့်ကျင် တိုက်ခိုက် တာကိုခံသွားကြရရှာတယ်”

“ဘာသာမဲ့ကြီးက အရိုးတွန်ချင်နေတာလား”

“အရိုးတွေတွန်နေလို့ အခုတော့ အင်္ဂလိပ်စာမတတ်တဲ့ ဘုန်းကြီးဆိုရင် ဘုန်းကြီးရာမဝင်သလိုတောင် ဖြစ်နေကြပြီ မဟုတ်လား”

“အေးကွာ”

“အခုလည်း လူတွေဆီမှာဖြစ်နေတဲ့ မကောင်းမှု(အပျက်အဖြစ်)တွေကို လူဆီမှာလာဖြစ်တဲ့ အပျက်ဖြစ်တွေပါလို့ပြောတာကို မကျေလည်ဘူးဆိုရင် စနစ်တကျငြင်းခုံသင့်ပါလျှက် (နင်ပဲ ငါဆ) ပြောဆိုကြတာတွေဟာ စိတ်မကောင်းစရာပါပဲ”

“အင်း…သူတို့ရဲ့အရိုးတွေကလည်း ခေတ်တိုင်းမှာ တွန်နေအုံးမယ်ထင်ပါရဲ့”

About koyo

has written 23 post in this Website..