ရေအိုင်စပ်တွင် ပါးယက်နားယက်လူးလွန့်သွေးဆာနေသော မျှော့မတစ်ကောင်ကို တီကောင်ကြီးက ရည်းစားစကားလိုက်ပြော သည်။ အမှန်တကယ် ချစ်မြတ်နိုးလို့ ဖြစ်နိုင်ပါသည်။ အကြောင်းမှာ သည်ကိစ္စတွင် အမှန်တကယ် မချစ်ဘဲ ချစ်နေကြပြီး အမှန်တကယ်မချစ်ဘဲ အချစ်ကိုလက်ခံနေကြသည်မှာ များပြားလွန်းလာသောကြောင့် ဖြစ်ပါသည်။

´´မင်းကို ကိုယ်ချစ်တယ်။ ကိုယ့်ကို စဉ်းစားပေးပါ။ မင်းနဲ့ ကိုယ်က မျိုးနွယ်ချင်းလည်း နီးစပ်တာပဲနော်´´

´´ ရှင့်လို ခေါင်းမရှိ၊ ခြေမရှိကောင်မျိုးကို မစဉ်းစားဘူး´´

မျှော့မက မချစ်ဘဲနှင့် ချစ်တယ်ဟုတော့ ပြန်မပြောပါ။ အကြောင်းမှာ သည်ပြသနာတွင် သိပွံနည်းကျအပေးအယူ တည်ဆောက်မှု များပြားလာပြီး ရင်ခုန်ခြင်းနှင့် ရောမန္တိက သဘောကို သစ္စာဖောက်ခဲ့လေပြီဟု ထင်ရသည်။

တီကောင်ကြီး အသည်းကွဲသွားပါတော့သည်။ ကျွမ်းပစ်လွန့်လူးပြီးတော့ပင် အသည်းကွဲ၏။ ဟုတ်တော့လည်း ဟုတ်တာပါပဲ။ တီကောင်က သွေးမှ မသောက်တတ်တာကိုး။ မျှော့မ ဆိုတဲ့အမျိုးက သွေးဆာတဲ့အမျိုး။ တီကောင်တွေက သက်သတ်လွတ်စားတဲ့ တီယဉ်ကျေးမျိုးဆိုတော့ မျှော့မ ရဲ့ ဆူပွက်နေတဲ့သွေးက ဘယ်ရင်ခုန်ပါ့မလဲ။ တီကောင်ကြီးက သူ့ဘာသာ အဖြစ်သည်းပြီး လူးလွန့်လွန်းတတ်တာ။

ဒီကိစ္စခက်တယ်။ တစ်ခါတရံ အဲဒီလို တီကောင်ကြီး ရင့်မဖြစ်လျက်နဲ့ အသည်းကွဲနေတာဟာ စိတ်ပျက်ဖွယ် ရယ်သွမ်းသွေးရလောက်အောင် လေးတွဲတွဲနဲ့။ သို့သော် အသည်းကွဲခြင်းသည် ကွန်ဆာဗတစ် ၀ါဒီများကဲ့သို့ ရှိမြဲ ရှိနေချေဦးမည်ဟု အကြမ်းဖျင်းခန့် မှန်းလို့ရသည်။

ကြာတော့လည်း တီကောင်ကြီးဟာ ဖေ့ဖျောက်မရတော့လောက်အောင် စွဲလန်းလွန်းပြီး မျှောမထံသွားကာ မရဲတရဲ ထပ်မံ ဖွင့်ဟပြန်သည်။

´´ မလေးရယ် အဲဒီလိုတော့ ဂုဏ်တွေ အဆင့်အတန်းတွေ မခွဲပါနဲ့ ကိုယ့်ကိုနားလည်ပေးပါ´´

´´ ဒီမှာ ရှင်နားမလည်ဘူးလား ။ ဆားတန်းကို တီမဖြတ်ချင်ပါနဲ့´´

မျှော့မ စကားကြောင့် တီကောင်ကြီး တစ်ဘ၀လုံး ဆတ်စလူး ခါသွားတော့၏။ နောက်ဆုံးတော့လည်း ဒါပါပဲ။

မှတ်ချက်။       ။ ဆားတန်းကိုတီမဖြတ်ချင်ပါနဲ့= တီမျိုးနွယ်တို့ရဲ့ ရိုးရာစကားပုံ

About comegyi

comegyi comegyi has written 25 post in this Website..

art