နည်းလမ်းရှာလို့ အာသ၀ရန်သူတွေကို တိုက်ကြပါစို့ ဆိုတော့ အရင်ဆုံး ဆရာလိုလာပြီ။ ဒီလမ်း၊ ဒီခရီးကို ကိုယ်တိုင် လျှောက်ဖူးပြီးသော ကိလေသာ ရန်သူတိုက်ပွဲတွင် တိုက်ခိုက်လို့ အောင်နိုင်ပြီးသော သာသနာ့ အာဇာနည် သူတော်ကောင်း တို့ကို ဆရာတင်ရပေမည်။ ဒါက ကျနော့ရဲ့ နံပါတ်တစ် အစီအစဉ်ပေါ့။ တစ်သံသရာလုံးက မလျှောက်ဖူးခဲ့သောလမ်းကို လျှောက်ရမည်။ ပြီးတော့ကာ ရိုးရိုး အပျော် လျှောက်ခြင်းမဟုတ်ပဲ ကိလေသာ ရန်သူတွေနဲ့ တိုက်ဖို့ ရှေ့တန်းထွက်ရတော့မည်။ ဒီတော့ ဆရာမပြ ၊ နည်းမကျ ဆိုသကဲ့သို့ ကိုယ်မသိသော ခရီးလမ်းကို လျှောက်ဖို့ ဒီခရီးတွင် လျှောက်လှမ်း အောင်မြင်ခဲ့ပြီးသော လမ်းပြဆရာကတော့ ရှိမှဖြစ်မည်။ ဘယ်လို နေရာမျိုးမှာ ဘယ်လို အခက်အခဲတွေ ကြုံလာရင် ဘယ်လိုနည်းနဲ့ ရင်ဆိုင်ရမယ်။ ဆိုတဲ့ ညွှန်ကြားချက်မျိုး ပေးနိုင်သော ဆရာကောင်း သမား ကောင်းကို အရင်ဆုံး ရှာဖွေဆည်းကပ်ရပေမည်။
အင်း ပြောသာပြောရတယ် ။ ပရိယာယ် အလွန်များသော ကိလေ သာ ရန်သူတွေနဲ့ တိုက်ရတော့မယ်ဆိုတော့ ကျနော့်မှာ ဇွဲ၊ သတ္တိ၊ လုံ့လ၊ ၀ီရိယတို့ကတော့ အားပြည့်နေမှဖြစ်မည်။ ဒီတော့ ကျနော့ နံပါတ်တစ် အစီအစဉ်အတိုင်း ဆရာကောင်းကို ရှာဖွေလို့ ကိုယ်ခံပညာကောင်းဖို့နဲ့ ဆရာ့ လမ်းညွှန်ပြသမှုတို့ကို အပြတ်လိုက်နာလို့ လေ့ကျင့်ရပေမည်။ အင်း…ပြောရင်း နဲ့တောင် ကျနော် အားတွေတက်လာပါပြီ။ တိုက်ပွဲ အတွေ့အကြုံနဲ့ တကွ ဘယ်လိုပုံစံ၊ ဘယ်လို စိတ်ဓါတ်မျိုးနဲ့ ဘယ်လို နည်းလမ်းကို အသုံးချရပါ့မလဲ ဆိုတာတွေပါမကျန် ဆရာ့ဆီက အကုန်သင်ကြားလိုက်နာရပေမည်။
အကြမ်းဖျင်းလေ့လာလိုက်တော့ သိလာရပါပြီ။ အ၀ိဇ္ဇာသ၀က တပ်ရင်းလေးရင်း၊ ကာမာသ၀က တပ်ရင်း လေးရင်း၊ ဘ၀ါသ၀ကလည်း တပ်ရင်း လေးရင်း၊ ဒိဋ္ဌါသ၀ကတော့ တစ်တပ်ထဲသာ ရှိတယ်ဆိုပဲ။ ဒီတော့ ကျနော်တို့ ဒီရန်သူတွေကို တိုက်တဲ့အခါမှာ တစ်ဆင့်ချင်းရှင်းသွားရပါမယ်။ ဘာလက်နက်နဲ့ တိုက်ရမလဲဆိုတော့ ဥာဏ်လက်နက်မှ သူတို့ကို နိုင်ပါမယ်။ သူတို့ကို တိုက်ဖို့ ကျနော်တို့မှာက တပ်သား စုဆောင်းရပါမယ်။ သိပ်အများ ကြီးတော့မလိုပါဘူး။ မဂ္ဂင်တပ်သား ငါးယောက်လောက်ရှိရင် ရပါပြီ။ အဲဒီ မဂ္ဂင်ငါးပါးဆိုတဲ့ တပ်သား ငါးယောက်နဲ့ ခြံလို့ ဒီကိလေသာရန်သူ အာသ၀ တွေကို တိုက်နေရပါမယ်။
အဲလို တိုက်တဲ့အခါမှာ ကိုယ့်မှာရှိတဲ့ တပ်သား မဂ္ဂင်ငါးပါးကတော့ မလျော့သောဇွဲနဲ့ ကြိုးစားလို့ တိုက်နေရပါမယ်။ တိုက်နေတုန်းမှာပဲ ကိလေသာ ရန်သူတွေက နည်းနည်း သွားမှာပေါ့နော်။ နောက်ဆုံး ဘယ်အချိန်ကျမှ ဒီရန်သူတွေက လက်နက်ချလို့ သွားမှာပါလဲမေးရင် မဂ္ဂင် ရှစ်ပါး ပြည့်တဲ့ အချိန်ပေါ့။ ကိုယ်က တိုက်နေတာက ဥာဏ်လက်နက်နဲ့နော်။ အဲဒီ ဥာဏ်လက် နက်ထဲမှာမှ ဒီရန်သူကို သေစေသော ဥာဏ်က မဂ်ဥာဏ်ပဲမို့ သူတို့ကို မဂ်ဥာဏ် မရောက်သေးမချင်း အားကြိုးမာန်တက် တိုက်ပေးနေရပါမယ်။ အဲ မဂ်ဥာဏ်လက်နက်လည်း ရရော။ မဂ္ဂင်ရှစ်ပါးလည်း ပြည့်ရောမို့ အဲဒီအချိန်မှာ ဒိဋ္ဌါသ၀ရန်သူကိုတော့ အမြစ်ပြတ်အောင် သုတ်သင်နိုင်သွားပြီပေါ့။ တခြား အာသ၀ သုံးပါးကိုကျတော့ ခုလိုပဲ ဆက်တိုက်ရင်းနဲ့ တစ်ဆင့်ချင်း ဖြုတ်သွား ရမှာပါပဲ။
အင်း ဒါနဲ့ အနှစ်ချုပ်လိုက်တော့ သစ္စာမသိအောင် ဖုံးကွယ်နေတဲ့ အာသ၀တွေကို သစ္စာသိအောင် လုပ်ရင်းနဲ့ ဖယ်ရှားသုတ်သင်ရမယ်။ အဲလို သုတ်သင်ဖို့ကျတော့ မဂ္ဂင်ငါးပါး အကူအညီနဲ့မှ ရမယ်။ အဲလို ဖယ်ရင်းနဲ့မှ နောက်ဆုံး ဒို့ရထားတဲ့ ခန္ဓာဟာ ဒုက္ခခန္ဓာပါလားဆိုတဲ့ တကယ့် အရှိ ဒုက္ခသစ္စာကြီးကို မြင်နိုင်တဲ့ ဥာဏ်လက်နက်လည်း ရရော အဲဒီ အာသ၀ တွေလည်း အတုံးအရုံးသေကုန်ရောပေါ့။ ဒုက္ခသစ္စာကို မြင်လိုက်ရတဲ့ ဥာဏ် ဆိုတာက မဂ္ဂသစ္စာပါပဲ။ သေတာက အာသ၀ (သမုဒယသစ္စာ)ပဲလေ။ အဲလို အာသ၀လည်း သေရော သူတို့နေရာမှာ ဒုက္ခ လွတ်ရာဖြစ်တဲ့ နိရောဓသစ္စာ အစားထိုးရောက်လာရော ။ ဒါဆို သစ္စာလေးချက် ကိုက်သွားပြီမို့ တစ် ကြိမ် တိုက်ပွဲ အောင်သွားပါပြီ။ အင်း တစ်ကြိမ်နိုင်အောင် တိုက်နိုင်တယ် ဆိုရင်ပဲ အပါယ်လေးဘုံကို အရောက်ပို့ဖို့ တာဝန်ယူထားတဲ့ ဒိဋ္ဌါသ၀တပ်ကြီး ကို အပြီး ဖြိုခွင်းနိုင်သွားပြီမို့ ဒိုတော့ဖြင့် အပါယ်ကလွတ်သွားပြီဆိုတာ သေချာ သွားပါပြီနော်။
အင်းဒီနေ့တော့ဖြင့် ရန်သူကို တိုက်ဖို့ နည်းလမ်းလေးတော့ သိသွား ပါပြီ။ တကယ့်တကယ်တန်း စလုပ်နိုင်ဖို့ နည်းမှန်လမ်းမှန်နဲ့ လိုရာ ခရီး အမြန်အရောက်ပို့မယ့် ဆရာကောင်းကို အရင်ရှာလို့ နည်းလမ်းသင်ယူကြပါ စို့လို့ တိုက်တွန်းရင်းနဲ့ပဲ အာသ၀ရန်သူတွေအကြောင်း ဒီမှာပဲ နိဂုံးချုပ်လိုက် ရပါပြီ။

About who who

who who has written 97 post in this Website..

“အများအကျိုး ရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့”