တားရော့ခ်ဗေဒင် ဆိုတာ ဘာလဲ???

ကျွန်တော့်ကို အဲ့ဒီလို လာမေးခဲ့ရင် အလွယ်ဆုံးနဲ့ အတိကျဆုံး ဖြေရမှာကတော့ “တားရော့ခ်ကတ်ပြားတွေထဲမှာ ကျရာ ကတ်ပြားတစ်ခုကို နိမိတ်ဖတ်၍ သင့်ရဲ့ကံကြမ္မာကို အဖြေရှာတဲ့ ဗေဒင်တွက်နည်း” ပါပဲ။ ဒါဆိုရင် ဒီလို ကတ်ပြားလေးတွေနဲ့ ကိုယ့်ရဲ့ ကံကြမ္မာ အကောင်းအဆိုးကို သိနိုင်ပါ့မလားလို့ သံသယပွားကောင်း ပွားမိပါလိမ့်မယ်။ တကယ်တော့ သင်တို့မှတင် မဟုတ်ပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း တစ်ချိန်က အဲ့ဒီအတွေးမျိုးကို သေသေချာချာကို တွေးမိခဲ့ဖူးပါတယ်။

ဒီလိုဖြစ်ခဲ့ရက်နဲ့ ဘာလို့ တားရော့ခ်ကတ်ပြားတွေအပေါ် ယုံကြည်နေတဲ့အထိ ဖြစ်လာခဲ့ရသလဲဆိုရင်တော့ အရှေ့တိုင်း ဗေဒင်နဲ့ အနောက်တိုင်း ဗေဒင်တွေရဲ့ သဘာဝတရားတွေ နည်းစနစ်တွေရဲ့ ကွဲပြားခြားနားပုံကို ပြောပြချင်ပါတယ်။

အတိုချုပ်ပြောရရင် အရှေ့တိုင်းဗေဒင်နဲ့ အနောက်တိုင်းဗေဒင်ဟာ အခြေခံ အယူအဆခြင်း လုံးဝ မတူညီဘူးဆိုတာ ကျွန်တော် သတိထားခဲ့မိလို့ပါပဲ။ အရှေ့တိုင်း ဗေဒင်မှာတောင်မှ အိန္ဒိယဘက်က ဆင်းသက်လာတဲ့ ဗေဒင်နဲ့ တရုတ်ပြည်ဘက်က ဆင်းသက်လာတဲ့ ဗေဒင်ဟာ လုံးဝ ကွဲပြားနေပါတယ်။ ကျွန်တော်တို့ ရွှေပြည်ကြီးမှာ တွင်ကျယ်နေတဲ့ ဗေဒင်တွက်နည်း အများစုဟာ အိန္ဒိယဘက်နွယ်ပါတယ်။ အဓိကက တွက်ချက်မှုအပေါ်မှာ အခြေခံတာပါ။ လူတစ်ယောက်ရဲ့ ကံကြမ္မာကို စနစ်တကျတွက်ချက် အဖြေထုတ်ခြင်းဖြင့်သာ ခန့်မှန်းနိုင်မယ်လို့ အဲ့ဒီဗေဒင်ပညာက အခြေခံယူဆကြတယ်။

အနောက်တိုင်း ဗေဒင်ပညာကျတော့ ဒီလိုမဟုတ်ဘူး။ သူတို့ဆီမှာလည်း တွက်ချက်ရတဲ့ နည်းစနစ် မရှိဘူးလို့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့ဒီတွက်နည်းတွေက လူတစ်ယောက်ရဲ့ ကံကြမ္မာကို အဖြေထုတ်လို့မရပါဘူး။

ဥပမာ – နက္ခတ်အစီးအနင်း တွက်ချက်မှုတွေ၊ ဂဏန်း ဗေဒင်တွက်ချက်မှုတွေဟာ လူတွေရဲ့ စိတ်ဓါတ်၊ အမူအကျင့်စတဲ့ စရိုက်လက္ခဏာကိုသာ ညွှန်ပြနိုင်ပါလိမ့်မယ်။ အဲ့ဒီလူ ရှေ့ဘာဖြစ်မလဲဆိုတဲ့ ကံကြမ္မာကို မဖော်ထုတ်နိုင်ပါဘူး။

ဒီလို ကံကြမ္မာကို ကြိုသိချင်ရင်တော့ သူတို့တွေက တွက်ချက်မှုကို အားမကိုးဘဲ တားရော့ခ်တို့ Runes တို့လို မဲနှိုက်သလို ကျပန်းကောက်ယူပြီး အဖြေထုတ်ရတဲ့ ဗေဒင်ပညာတွေကိုပဲ ယုံစားကြပါတယ်။

တကယ်တော့လည်း လူတွေရဲ့ ကံကြမ္မာဆိုတာ အစီအစဉ်တကျ ရှိတာမျိုးမှ မဟုတ်တာ။ ဆူးကြုံနိမ့်မြင့် နားလည်ရခက်လောက်အောင် အမျိုးမျိုးကြုံတွေနေရတတ်တာပဲ။

အဲ့ဒီလို အစီအစဉ်မဲ့စွာ ဖြစ်သလို ကြုံတွေ့နိုင်တဲ့ ကံကြမ္မာကို ကျွန်တော် အယူအဆကတော့ အပင်ပန်းခံ တွက်ချက်မနေတော့ဘဲ ကံပေါ်မှာသာ ပြန်အားကိုးပြီး အဖြေရှာကြည့်တဲ့နည်းမျိုးက ပိုယုတ္တိတန် သလိုဖြစ်နေပါတယ်။

တားရော့ခ်ဗေဒဟာလည်း အမြင်အားဖြင့် ရိုးစင်းလွန်းတယ်လို့ ထင်ရပေမယ့် ဒီပညာမှာလဲ အလွန်အဖိုးတန်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေပါတယ်။ ပြီးတော့ ယုံကြည်လျှင် ယုံကြည်သလောက် ဒက်ထိကွက်တိ အကျိုးပေးနိုင်စွမ်း ရှိတယ်ဆိုတာ မိတ်ဆွေတို့ ဗေဒင်မေးမယ်ဆိုရင် လိုက်နာရမယ် အချက်တွေကို တင်ပြပေးရင်း နိဂုံးချုပ်လိုက်ပါတယ်။

တားရော့ခ် ဗေဒင် မေးတော့မယ်ဆိုရင်…

၁။ ဗေဒင်တိုင်းမှာ အဓိက အခြေခံတာက ယုံကြည်မှုပါ။ ဗေဒင် မေးတဲ့အခါမှာ သင်ထားရှိရမှာက သင့်ရဲ့ ကံကြမ္မာကို နတ်မျက်စိလို တိတိကျကျ ဖော်ထုတ်ပေးနေတာပါလားဟု ယုံကြည်ထားရပါမယ်။

၂။ ဗေဒင်မမေးခင် နေထွက်ရာ အရှေ့အရပ်ကို မျက်နှာမူပြီး ကိုယ်ကိုးကွယ်ရာ ဘာသာအလိုက် မှန်းမျှော် ကန်တော့ခြင်း ပြုရပါမယ်။

၃။ မေးတဲ့အခါမှာ ကိုယ်ခန္ဓာ၊ အ၀တ်အစား သန့်သန့်ရှင်းရှင်းရှိရမယ်။ စိတ်တွေအရမ်းရှူပ်ထွေး မနေရဘူး။

၎။ ပြီးတော့ ရရှိလာမယ့် ဟောကိန်းတွေပေါ်မှာ လှောင်ပြောင် ရယ်မောခြင်း မပြုရပါဘူး။

(ဦးဖက်တီးက ဗေဒင်တွက်ခဲ့ဖူးတဲ့အကြောင်းတွေ၊ ဘာလို့ မှန်နေရတာလဲ??? ရေးတော့.. ကျွန်တော်လည်း တားရော့ဗေဒထဲက တတ်သိနားလည်သလို ကိုယ့်ရွာသားတွေ နားလည်အောင် ရေးလိုက်ရပါတယ်… နောက်ပိုင်း တစ်ခုသော ကာလက ကျွန်တော့်ထံသို့ ဗေဒင်လာမေးကြသော သူတွေရဲ့ အကြောင်းနဲ့ ကျွန်တော် ဗေဒင်ဟောခဲ့ရတဲ့ ဆူကြုံ၊ နိမ့်မြင့် အတွေ့အကြုံတွေကို ဆက်ရေးပေးဖို့ စဉ်းစားမိပါတယ်။ တားရော့ခ်ဗေဒကို ကျွန်တော့်အား အလင်းဥာဏ်ဖွင့်ပေးခဲ့သော သင်ဆရာ၊ မြင်ဆရာ ဖြစ်တဲ့ အဘ ဒေါက်တာမင်းသိင်္ခကို ဒီနေရာမှ ဦးညွှတ်မိလိုက်ပါတယ် ခင်ဗျာ…)

ချစ်ခင်စွာဖြင့်

ကိုရင်စည်သူ

 

About အူးစည်

has written 140 post in this Website..