သောနုတ္ထိုရ် ငိုချင်း


အစွယ်ကို လိုသူက မိဖုရား
အသွားစေခိုင်းသူက မင်းဧရာဇ်
လေးပစ်တဲ့သူက ကျနော်
ကြံဖော်ကြံဖက် 
သုံးယောက်သား အနက်တွင်မှ
ကံကွက်ကြား၍
ငမိုက်သား မုဆိုးလေ…
နင်ချည်းသာ သေပေရော့ ဟု
ဆဒ္ဒန်ကိုယ်တော်
သတ်လိုသော် သေရမယ့်သူ
ပူဆာလေသူက သခင်မ
စိန် ငွေ မြ မရှား
အလွန်ပင် များသည်ကို 
နားလေးလေဟန်
ဆင်စွယ်မှ ပန်လိုသတဲ့…
အဆာကျယ်တဲ့ ထိပ်ထား
မုဆိုးကို သားကောင်ဖြစ်စေရော့သလားဟင်…
ဆဒ္ဒန်သခင် ဆုံးဖြတ်
ကျနော်မျိုးရဲ့ အဆုံးသတ်ကို
ဘုန်းမြတ်အရှင် ပိုင်စိုးပြီပေါ့
အမှန်တကယ် ယိုးစွပ်ရရင်ဖြင့်
အပြစ်တင်သင့်တာက ထိပ်ထား
(ဘယ့်တွက်ကြောင့်များ)
သောနုတ္ထိုရ်က တရာခံဖြစ်သွားရပါသလဲ…
တကယ်ပဲ ဒဏ်ခတ်တော်မူလိုတယ်ဆို
ကိုယ်တော်ရဲ့ အစွယ်နှစ်ချောင်း
သူမကို နားထောင်းလုပ်ခွင့်ပြုပါလေ…
ကျနော်မျိုးလည်း ဆုငွေရ
သခင်မလည်း ပျော်ရွှင်
ကိုယ်တော်လည်း သေပွဲဝင်ရတော့မှာ…
အပြစ်အတွက်တော့ မပူပါလေနှင့်
အတိတ်ဟောင်းက အဖြစ်ကိုသာ
သခင်မ ရင်နင့်ခဲ့ပါက
သူမလည်း အတူနွှဲ
ရင်ကွဲလို့ သေ
(ကျနော်မျိုး)
သောနုတ္ထိုရ်က အနေသာကြီးပါ ဘုရား…။ ။

တောက ကိုရင်
၂၈.၁၀.၂၀၁၁

(အကြောင်းမဖက်တဲ့ ကောင်းဆက်အတွက်…။)

About koyin

တောက ကိုရင် has written 59 post in this Website..

ပျံသန်းနေတဲ့ ငှက်တစ်ကောင်ပေါ့… ခရောင်းတောမှာ လမ်းကောင်းကောင်းလျှောက်တတ်ဖို့ ကြိုးစားဆဲ…