ဆေးခပ်ထားသော လဘက်ရည် (ပုံ-၁ သတင်းရင်းမြစ် - ကကကြောင်)


“ဘာ….ဟုတ်လို့လားဟယ် နင်တို့ကလည်း စိတ်ထင်ရာတွေ လျောက်ပြောနေတယ်၊ ဒီခေတ်ကြီးမှာ ဒါမျိုးဆိုတာ ယုံတမ်းစကားတွေပါ၊ မလိုသူတွေ သွားပုပ်လေလွင့် ပြောတဲ့စကားနေမှာပါ။ အရင်ကဆိုရင်တော့ ယုံမယ်၊ အခု အင်တာနက်မှာ မွန်းဂေးSex ဆိုက်နေ့တိုင်းတက် သတင်းဖလှယ်၊ ကွန်းမန့်တွေဖတ်နေလို့ မအ တော့ဘူး။ မောင်မင်းကြီးသား မှောင်ခို ကျန်းမာပါစေ၊ ချမ်းသာပါစေ..။” မနက် စောစောစီးစီး ပျံ့လွှင့်လာသော သတင်းအပေါ် ပဲပြုတ်သည် ဒေါ်ဘုမ၏ တုံ့ပြန်စကားဖြစ်သည်။ ကောလဟာလသတင်း သယ်ဆောင်လာသူ မောင်ကြောင် မှန်းချက်နှင့်နှမ်းထွက် မကိုက်သဖြင့် မျက်နှာရှုံ့မဲ့သွားသည်။ ယခင်က သူဘာပြောပြော ပါးစပ် အဟောင်းသား နားထောင်လေ့ရှိသူ အဒေါ်ကြီး ပြန်လှန်မေးခွန်း ထုတ်တတ်လာချေပြီ။
ဒေါ်ဘုမ မနက်ဈေးထွက်ပြီးလျင် အရင်လို ရပ်ကွက်ရှိ အိမ်ပေါက်စေ့ အတင်းထိုင်မတုပ်တော့ဘဲ အင်တာနက်ဆိုင်သွား ချက်တင်တက်နေသည်ဟု သိုးသိုးသန့်သန့် ကြားမိတာ အခု နောက်တဆင့်တက်ပြီး ဆိုရှယ်ဆိုက်များတွင်ပင် သတင်းဖတ်၊ ဝေဖန်ဆွေးနွေးတတ်နေပြီ။ ဒီပုံဆို ရပ်ရွာ သတင်းပြောသလိုနဲ့ နုံအအ အပျိုကြီးထံမှ ပဲပြုတ်အချောင်စားရကိန်း မရှိနိုင်တော့ဟု ရိပ်စားမိလိုက်သည်။ “မဖြစ်ဘူး အက်ရှင် အမြန်ယူမှ ဖြစ်တော့မယ်” ပါးစပ်ထဲမှ သွားရည်ကို အသာသိမ်းရင်း ကြောင်ကြီးစဉ်းစားသည်။ အခုတောင် ပဲပြုတ်စားပါအုံး လောကွတ်မလုပ်တော့၊ အရင်ကနဲ့များ ကွာပါ့။
“အဟမ်း.. လောကမှာ သဘာဝယုတ္တိ၊ တခါမက ဟုတ်၏ ဆိုတဲ့စကားကြားဖူးတယ် မဟုတ်လား။ တခါတရံ ကြောင်းကျိုးစပ်ပြီး ယုတ္တိဗေဒကျကျ တွေးခေါ်ရသလို နဖူးတွေ့ဒူးတွေ့ ကြုံတဲ့အခါ လက်မခံမဖြစ် လက်ခံရတာမျိုးလည်း ရှိတယ်။ အမေရိကန် အတွေးအခေါ်ပညာရှင်ကြီး ဗလယ်ဒီဖူးက အစ်တ်အစ်အကတ်၊ သဲယားဖိုး ယူအာအေဖူးလ်းလို့ ဆိုထားတယ်။” ဒေါ်ဘုမကို အမေရိကန်နှင့် ဖြဲချောက်လိုက်မှ ငြိမ်သွားသည်။ ကြောင်ကြီးရွတ်ပြသော သိုးဆောင်းစကားဂါထာ အစွမ်းကား လွန်စွာထက်လှပေသည်။
“ဒီလိုဗျ..၊ ကျုပ်တို့ အဘွားကြီး အိမ်ပြန်ရောက်လာကာစ ရယ်ရယ်မောမောနဲ့ အရင်တုန်းကအတိုင်းပဲ၊ စိတ်ကောရုပ်ပါ ရွှင်လို့။ မေးသမျှဆိုလည်း ဖြေလိုက်တာ ဒေါက်ဒေါက် ဒေါက်ဒေါက်နဲ့။ နဂိုစိတ်ကိုက ပွင့်လင်း ရိုးသားတယ်။ ထိန်ချန်ဖုံးကွယ်တာ မရှိဘူး။ သူ့ရန်သူ သတင်းပေးများတောင် ထောက်လှမ်းစရာ မတွေ့လို့ အပျင်းရောဂါ စွဲကုန်တာ ငယ်ငယ်ရွယ်ရွယ်နဲ့ ရှောကုန်ကြပါရောလား။” ကြောင်ကြီး ဆက်၍ပြောလိုက်သည်။ ဒေါ်ဘုမတယောက် မွန်းဂေးSex ဆိုက်မှ မုသာဝါဒ ပို့စ်အကြောင်း သတိရသွားပြီး “ကောင်းတယ်၊ ဒင်းတို့ သေတာတောင် နဲသေး၊ ငရဲဂျိုးကပ်မဲ့အကောင်တွေ” ဟုဒေါသသံဖြင့် ပြောသည်။ စိတ်ထဲတွင်လည်း ဖရုသဝါစာ ရုန့်ရင်းကြမ်းတမ်းသောစကားဆိုတာ ဒီခေတ်ကြီးမှာ မုသာဝါဒကံ မထိုက်သင့်ဟုတွေးရင်း သဂျီး၏ အဖမြန်မာပြည် ခေတ်ပြောင်း တော်လှန်ရေးတွင် တတပ်တအား ပါဝင်နိုင်ခဲ့သည်ကို ကျေနပ်နေမိသည်။
“ပြည်ထောင်စုနေ့မှာကတဲ့ ယိုးဒယားအီနောင်ဇာတ်ထုပ် မင်းသားအီကြောင် တည်ခင်းဧည့်ခံတဲ့ လဘက်ရည်ပွဲ သွားပြီးနောက်ပိုင်း ဘွားတော်လေသံ ပြောင်းလာတယ်၊ အရင်လို ပွင့်လင်းမှု မရှိတော့ဘူး။ မေးရင်လည်း ပြောဖို့စောသေးတယ်၊ အချိန်မကျသေးဘူး၊ အားလုံးနဲ့တိုင်ပင်ပါ့မယ်၊ အကောင်းဆုံးဖြစ်အောင် လုပ်ပါ့မယ်နဲ့ ဆင်ဝှေ့ရန်ရှောင် စကားတွေပဲ ပြောတော့တယ်။ လူတွေကသိချင်လေ အဘွားကြီးက ပိုစိလေပဲ။ ရုတ်ချည်း ပြောင်းလဲသွားတာ ဆေးမမိလို့ ဘာဖြစ်မလဲ။” ကြောင်ကြီးက ဂမ္ဘီရဇာတ်လမ်းသဖွယ် ရှင်းပြသည်။ “အိုကွယ်…ဒါမျိုး ဖြစ်တတ်ပါတယ်။ သူ့မှာပြောမရနိုင်တဲ့ အကြောင်းရှိမှာပေါ့။ ထင်ကြေးနဲ့ မပြောကောင်းဘူး။ မွန်းဂေးSex ရွာမှာ ငါ့စကားနွားရ ပြောစကားတွေကြောင့် ခဏခဏ ပွဲဆူရတယ်။ စောင့်ကြည့်ပါအုံး။” ဘေးမှ ဒေါ်ဂွက်ထော် ဝင်ဟန့်သည်။ “ဟမ်..ခင်ဗျားကြီးလည်း အင်တာနက်ဆိုင်ထိုင်နေပြီ” တအံ့တဩ ကြောင်ကြီး မေးလိုက်သည်။ “ဟုတ်တယ်ကွဲ့၊ ငါတို့တင်မက ချက်စူ၊ ဗိုက်ပူ၊ ဆတ်စလူး၊ ဘိုးပေါက်စီ၊ ရွှေမိ အကုန်လုံးပဲ ဖေ့စ်ဘွတ်၊ ဂျီမေးလ်းအကောင်ကိုယ်စီနဲ့ ကမ္ဘာပတ်နေကြပြီ။

ဒေါ်စုအား ဆွဲကြိုးယတြာချေခြင်း (ပုံ-၂ သတင်းရင်းမြစ် - ကကကြောင်)

ကြောင်ကြီးခင်မျာ နေ့ချင်းညချင်း ဖြစ်လာသော လူလည်လူတတ်ကြီးများကို ပါးစပ်အဟောင်းသား ဖြစ်ရင်း ဆက်ပြောရန် အကြံထုတ်နေသည်။ “အေးဗျာ ခင်ဗျားတို့ မယုံတာလည်း အပြစ်မတင်ဘူး၊ သူတို့ တတွေက အဘွားကြီးကို အပေါ်လမ်း အောက်လမ်း နည်းမျိုးစုံနဲ့ တချိန်လုံး အကောက်ကြံနေတာကိုတော့ သတိမလွတ်သင့်ဘူး။ အဘွားကြီးနဲ့ ဦးထောင်ရာစိန် တို့တွေ့တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံမှာ ထူးခြားတာ တွေ့မိကြလား။” အားလုံး ဇဝေဇဝါ ဖြစ်ကုန်သည်။ ဘာလဲ၊ ဘယ်တုန်းကလဲ၊ ဘယ်သူ့ကို ပြောနေတာလဲနှင့် အခြားသူများပါ စိတ်ဝင်တစား အနားကပ်လာသည်။ “အေးဗျာ.. ကျနော်လည်း မျက်မြင်မိုလို့ ပြောရဲတာပါ၊ ဒါကြောင့်ဟိုဟာ ဖြစ်တယ်လို့တော့ ယတိပြတ် မစွတ်စွဲသေးပါဘူး။ သို့ပေမဲ့ မပြေးသော်လည်း ကန်ရာရှိ ပေါ့ဗျာ။ ဒီကောင်တွေနဲ့ ပတ်သက်လာရင် သတိထားနိုင်မှ တော်ကာကြမယ် မဟုတ်လား။ အဘွားကြီးက ရိုးပါဘိနဲ့။ ကျုပ်တို့မှာ သူ့လုံခြုံရေးအတွက် တာဝန်ရှိတယ်။” ကြောင်ကြီး စကားတွင် အားလုံးနစ်မြောလျက် ရှိသည်။ အတိတ်ဖြစ်ရပ်များကို ပြန်ပြောင်းသတိရပြီး အံကြိတ်သူကြိတ်၊ လက်သီးဆုပ်သူဆုပ်ဖြင့် ပတ်ဝန်းကျင် တခုလုံး ငြိမ်သွားသည်။ “ကဲပါဟယ်၊ ပြောမှဖြင့် ပြောစမ်းပါ။ သိချင်လှပြီ” ဒေါ်ဘုမ တွန်းလိုက်မှ သတိပြန်ဝင် လာကြသည်။
“ဒီမှာကြည့်စမ်းဗျာ၊ သူတို့နှစ်ယောက်တွေ့တုန်းက ရိုက်ထားတဲ့ဓာတ်ပုံ” ဒေါနှင့်မောနှင့် ကြောင်ကြီး အိတ်ထဲမှ ထုတ်ပြသည်။ ( မှတ်ချက်။။ ပို့စ်တွင်တင်ထားသောဓတ်ပုံ) အဘွားကြီး လည်ပင်းမှာ ဘာကြီးလည်း၊ ဆွဲကြိုးနဲ့လော့ကက်သီးလည်း မဟုတ်။ ဆုတံဆိပ် ချီးမြှင့်တယ်လို့လည်း မသိရ။ ဘလိုင်းကြီး လည်ပင်းမှာ ဆွဲပေးထားတာ။ အရောင်ကလည်း အစိမ်းရောင်။ အဘွားကြီးကို စစ်စိမ်းရောင်နဲ့ နာမ်နှိမ်ထားတာ။ သူ့ခင်မျာ ဆေးမိနေတော့ ငြင်းရကောင်းမှန်းမသိ၊ သိလည်း ငြင်းဖို့လည်း အားရှိဟန်မတူဘူး။ ပြီးတော့ စဉ်းစားကြည့် ဆွဲကြိုးဆိုတာ ကတ်ကင်းပြန်ရိုက်ရင် ကြိုးဆွဲချုပ်ကိုင်တယ်လို့ အဓိပ္ပါယ်ရတယ်။ ဘယ်သူက ပုံဆိုးပန်းဆိုး ပလပ်စတစ်ပြားကြီးကို ဆွဲမှာလဲ။ ဟိုလူကြတော့ ဆွဲမထားဘူး။” ဓာတ်ပုံကိုကြည့်ပြီး အားလုံး မျက်စိမျက်နှာ ပျက်ကုန်သည်။ ငယ်ရွယ်သူများက တောက်တခေါက်ခေါက်နှင့် ကြိမ်ဆဲသည်။ “အဲသလိုဆို ဘယ်လိုလုပ်မလဲ” ကြောင်ကြီးကို အားကိုးတကြီး ဆည်းကပ်ကြသည်။ ခလုပ်ထိမှ အမိတ၊ အောက်လမ်းမိမှ ကြောင်ပသ လေပြီ။ “အားလုံးနားထောင်ကြ၊ အဘွားကြီးသည် သူ့စိတ်နဲ့သူ့ကိုယ် မဟုတ်တော့ဘူး။ လူဆိုးတွေရဲ့ မနောဓာတ် ကြိုးကိုင်ချယ်လှယ်ခြင်း ခံနေရပြီ။ သူ့ဆုံးဖြတ်ချက်တွေ မမှားရလေအောင် ငါတို့ဝိုင်းဝန်း ဖိအားပေးရမယ်။ လိုအပ်ရင် ကန့်ကွက် ဆန္ဒပြရမယ်။ အဘွားကြီး ဆုံးဖြတ်ချက်ကို မီးလောင်ရာလေပင့် လုပ်သူများသည် အောက်လမ်းဆရာ၊ နာနာဘာဝ၊ သရဲ တစ္ဆေ၊ စုန်းပြုစားတတ်သူတွေ ဖြစ်တယ်။ သင်းတို့ကို အချိန်မဆိုင်း ချေမှုန်းသုတ်သင် ပစ်ရမယ်။ အပြင်မှာဖြစ်ဖြစ်၊ အင်တာနက်မှာဖြစ်ဖြစ် တွေ့ရာသင်္ချိုင်း ဒါးမဆိုင်းကြနဲ့လို့ ငါပြောချင်တယ်” ကြောင်ကြီးမိန့်မှာချက်ကို အားလုံးလက်ခုပ်လက်ဝါးတီး ထောက်ခံကြပြီး ရန်သူရှာဖွေရေး၊ ဘွားတော်ကို စောင့်ကြည့်လေ့လာရေး၊ တားဆီးပိတ်ဆို့ရေး ဆပ်ကော်မတီများ ဖွဲ့စည်းကြလေတော့သည်။

ပဉ္စမံတပ်သားကြောင်ကြီး :cool:

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး