ကြက်ဥစားခြင်းဟာ အပြစ်ရှိမရှိ

အရှင်ဘုရား မင်္ဂလာပါ။ တပည့်တော်အား မေးခွန်းတစ်ခုမေးမြန်းလျှောက်ထားခွင့်ပြုပါဘုရား။
ဘဲဥကြက်ဥကြော်ချက်စားသုံးခြင်းသည် ပါဏာတိပါတာကံ မြောက်မမြောက်သိချင်ပါတယ်ဘုရား။ တပည့်တော်တို့အိမ်မှာ အငြင်းပွားနေရလို့ပါ။ သနားဂရုဏာရှေ့ထားပြီး ဖြေကြားပေးပါဘုရား။

မမိုးသိင်္ဂ ီ

အင်း။ ဒီဘဲဥ၊ ကြက်ဥစားခြင်းနဲ့ပတ်သတ်ပြီး မေးတဲ့လူတွေလည်း များလှပါပြီ။ ဒါကြောင့် ဒီတစ်ခါတော့ နောက်မသိလို့မေးချင်တဲ့လူတွေ ကြိုတင်သိထားအောင် အချိန်ယူပြီး ဦးဇင်းသိသမျှကို ဖြေပေးလိုက်ပါတယ်။

ပထမဦးဆုံးအနေနဲ့ သူတစ်ပါးအသက်သတ်ရာတွင် အင်္ဂါငါးပါးပြည့်စုံမှ အပြစ်ဖြစ်တာဆိုတော့ အဲဒီငါးပါးကို ပြောပြပါမယ်။ (၁) သက်ရှိသတ္တဝါဖြစ်ခြင်း၊ (၂) သက်ရှိသတ္တဝါဟု သိခြင်း၊ (၃) သတ်လို သေစေလိုတဲ့ စိတ်စေတနာရှိခြင်း၊ (၄) ကိုယ်အမူရာ၊ နှုတ်အမူရာ၊ စိတ်အမူရာပယောဂတစ်ခုခုဖြင့် ပြုလုပ်သတ်ဖြတ်ခြင်း၊ (၅) သတ္တဝါသေသွားခြင်းဆိုတဲ့ အင်္ဂါငါးပါးနဲ့ပြည့်စုံမှ ပါဏာတိပါတကံ ထိုက်ပါတယ်။ ဒါပြင် သူတစ်ပါးသတ်သည်ကို သဘောတူနှစ်သက်ကြည်နူးခြင်း၊ အားပေးခြင်း၊ သူတစ်ပါးအားစေခိုင်းခြင်း၊ ရှင်နေရတာထက် သေရတာမြတ်တယ်စတဲ့ သူတစ်ပါးသေချင်အောင် ပြောဆိုခြင်းများဟာ ပါဏာတိပါတကံထိုက်တဲ့အင်္ဂါများတွင် စာရင်းဝင်ဖြစ်တဲ့အတွက် ဒါတွေလုပ်ရင်လည်း အပြစ်ဖြစ်ပါတယ်။ အပြစ်ဆိုရာဝယ် ဝဋ်လည်တတ်တဲ့အပြစ်မျိုးပါ။ ဥပမာ-မြတ်ဗုဒ္ဓဟာ ငါးဦးခေါင်းထုသတ်တာကို သဘောကျခဲ့တဲ့အတွက် ခေါင်းကိုက်ဝေဒနာခံစားရခြင်း အကျိုးမျိုးပေါ့။

အဲဒီတော့ ခုပြောခဲ့တဲ့အင်္ဂါတွေ၊ အချက်အလက်တွေကို ထောက်ဆကြည့်ရင် ကြက်ဥစားခြင်းမှာ တချို့ကြက်ဥက သက်ရှိလို့ပြောလို့ရသလို တချို့CPကြက်ဥကျတော့လည်း အသက်မရှိဘူးလို့ ယူဆကြပါတယ်။ CPကြက်ဥများကို သက်ရှိမဟုတ်လောက်ဘူးထင်ပြီး စားသောက်ရင်တော့ အပြစ်မဖြစ်သလို မိမိက ကြက်ဥကို လမ်းဘေးမှာဝယ်တဲ့အခါ သေစေလိုသောစေတနာမရှိဘဲ စားစရာတစ်ခုအနေဖြင့် ဝယ်စားခြင်းမျိုးများလည်း ပါဏာတိပါတကံအင်္ဂါနဲ့မညီလို့ အပြစ်မဖြစ်ပါ။ မြတ်စွာဘုရားရှင်က သံဃာတော်များကို ကိုယ့်အတွက် ရည်းစူးထားတာမဟုတ်သော လမ်းဘေးမှာချရောင်းတဲ့ ဟင်းတွေကို ချက်ကျွေးကပ်လှူရင် စားကောင်းတယ်။ ကိုယ့်အတွက် ရည်စူးလုပ်တဲ့သားငါးတွေ၊ ကိုယ်ရှေ့မှာသတ်ဖြတ်နေတာကို မြင်တွေ့ရတဲ့ သားငါးတွေဆို ချက်ကျွေးကပ်လှူရင်တော့ မစားရပါလို့ မိန့်ခဲပါတယ်။

မိမိက အိမ်တစ်အိမ်ကို အလည်သွားတဲ့အခါ ကြက်ဥကို ကိုယ့်အတွက်ဆိုပြီး တစ်ယောက်ယောက်က ကြက်မထံကနေ ယူလာတဲ့ဟာဆို မစားသင့်ပါ။ ဒါနဲ့ဆက်စပ်ပြီး ဦးဇင်းအတွေ့အကြုံလေးပါ ပြောပြပါဦးမယ်။ ဦးဇင်းမြန်မာပြည်အလည်ပြန်တော့ မိဘတွေအိမ်ရောက်တဲ့အခါ အမေက သူ့သားလေးကို ကောင်းကောင်းမစားရ တာကြာပြီ။ မြန်မာပြည်ရောက်တုန်း ကောင်းကောင်းလေးစားရအောင်ဆိုပြီး ဟင်းလိုက်ဝယ်ပါတယ်။ ဟင်းကလည်း ဘယ်လိုမှဝယ်မရတဲ့အခါ အမေက အိမ်ကကြက်ကို သတ်ပြီးချက်ကျွေးမယ်ဆိုတာကို သိတာလိုက်တာနဲ့ အမေရယ်-သားအတွက် အမေလည်း အကုသိုလ်မလုပ်ပါနဲ့၊ သားလည်း အစားတစ်ခုအတွက်နဲ့ အကုသိုလ်အဖြစ်မခံနိုင်ပါဘူး။ အဲဒီတော့ သား ထမင်းဆီစမ်းနဲ့စားရလည်း စားတတ်ပါတယ်လို့ အမေ့ကို ပြောပြခဲ့ရပါတယ်။ အဲဒါကြောင့် မိမိတို့ သူများအိမ်အလည်သွားတဲ့အခါမှာလည်း ကိုယ့်အတွက်ဆိုပြီး သားငါးတွေကို သတ်ဖြတ်ကျွေးမယ်ဆိုရင် သတ်ဖြတ်မကျွေးဖို့ရန် သတိပေးစကားတွေ ပြောထားဖို့ လိုပါတယ်။ အစားတစ်လုပ်အတွက် သူတစ်ပါးအသတ်ကို မသေချင်သလို အစားတစ်လုပ်အတွက် အကုသိုလ်မလိုချင်တဲ့လူဆိုရင်ပေါ့။

တကယ်တော့ ကြက်ဥစားခြင်းဟာ သားငါးများစားတာထက်စာရင် တော်သေးတယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သားငါးတွေဆိုတာက သက်ရှိသတ္တဝါဖြစ်ပြီးသားပါ။ ကြက်ဥဆိုတာက မျိုးစေ့ပဲဖြစ်တာမို့ သက်ရှိကို သေစေတာထက်စာရင် မျိုးစေ့ကို သေစေတာက ပိုအပြစ်သေးပါတယ်။ ဥပမာ-မဲသားစားတဲ့လူတွေရှိလို့ နွားတွေကိုသတ်ရောင်းတဲ့လူဆိုတာ ရှိလာတာပါ။ အဲဒီတော့ မဲသားစားတာဟာလည်း တကယ်တော့ အပြစ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်အတွက်ဆိုပြီး သီးသန့်လုပ်ပေးတာမဟုတ်ဘဲ အများအတွက်ရောင်းချခြင်းဖြစ်တဲ့ဟာကို စားခြင်းကြောင့် အပြစ်မဖြစ်ရတာပါ။ ကိုယ့်အတွက်သာ သီးသန့်လုပ်ပေးတဲ့ဟင်းဆို စားသုံးသူမှာလည်း အပြစ်ဖြစ်ပါတယ်။ ဒါကြောင့် အလှူဒါနများပြုရာတွင်လည်း သားငါးများကို သီးသန့်မှာပြီး အလှူဒါနပြုလုပ်ရင် အကျိုးပေးမှု နည်းပါးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်က သီးသန့်မှာတဲ့အတွက် ကိုယ့်အတွက်ဆိုပြီး သတ်ပေးလိုက်လို့ပါ။ အဲဒီတော့ အလှူဒါနပြုရာတွင် သားငါးများကို သီးသန့်မမှာဘဲ ရသလောက်သာ ရှာဖွေဝယ်ယူပြီး အလှူဒါနပြုကြပါလေ။

ဓမ္မပဒပါဠိတော်၊ ကုက္ကုရမိတ္တဝတ္ထုတွင် ပါဏာတိပါတကံနဲ့ပတ်သတ်ပြီး ဘုရားရှင်က လက်၌ အနာမရှိလျှင် ထိုလက်နဲ့ အဆိပ်ကိုကိုင်သော်လည်း လက်ကိုမပူစေနိုင်။ ထို့အတူ မကောင်းမှုကို ပြုလိုသောစိတ်မရှိသူမှာ မကောင်းမှုအဆိပ် မလောင်နိုင်ပါဟု ဟောတော်မူထားတာ ရှိပါတယ်။ အဲဒီလိုပဲ မိမိက သေစေလိုသောစိတ်မရှိသလို ဒီကြက်ဥဟာ သက်ရှိဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာလည်း သေချာမသိလို့ စားဖြစ်တဲ့ဟာမျိုးဆို အပြစ်မရှိပါ။

အဲဒီတော့ ကြက်ဥစားခြင်းဟာ ပါဏာတိပါတကံထိုက်မထိုက်၊ အပြစ်ရှိမရှိကို မိမိမှတ်ထင်တဲ့စိတ်ပေါ်မှာ မူတည်မယ်လို့ ပြောရပါမယ်။ ဒါကြောင့် မိမိက ကြက်ဥဟာ အသက်မရှိဘူးလို့ ယူဆထားလို့ဖြစ်စေ၊ သေစေလိုသော စိတ်စေတနာမရှိဘဲ စားစရာတစ်ခုအနေဖြင့် ဝယ်စားခြင်းမျိုးဖြစ်စေ အဲဒီလိုစားခြင်းမျိုးဆိုရင်တော့ အပြစ်မဖြစ်လို့ သတ်မှတ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ မိမိစားတဲ့အခါ ပထမဦးဆုံးပြောခဲ့တဲ့ ပါဏာတိပါတကံဆိုင်ရာအင်္ဂါရပ်များနဲ့ တိုက်ဆိုင်မှုရှိမရှိတို့ကို ထောက်ဆကြည့်ကြပေါ့လေ။ ကဲ ဒီလောက်ဆိုရင်တော့ ရှင်းလိမ့်မယ်ထင်လို့ ဒီမှာပဲ နိဂုံးချုပ်ပါရစေ။

 

မှတ်ချက်/ သိချင်တာများရှိပါက Comment မှာ မရေးဘဲ gmail ကသာ ပို့ပေးပါရန်။ ဆိုဒ်တိုင်းကို လိုက်လံမစစ်ဆေးနိုင်လို့ပါ။ နောက်တစ်ခုကတော့ ဦးဇင်းဖြေထားသမျှအမေးအဖြေ၊ ဆောင်းပါးတွေကို ဆိုဒ်တွေအား မဖြန့်ဖြစ်တာလည်း ရှိပါတယ်။ ဗဟုသုတအလိုငှာ အချိန်ရရင်တော့ ဦးဇင်းဆိုဒ်မှာ တချို့တလေကို ဝင်ဖတ်ကြည့်ပါ။

 

အရှင်ကောမလ(ခ)ဆန်နီနေမင်း

sanninaymin@gmail.com

http://www.sanninaymin.com/

ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

6 comments

  • ပေါက်ဖော်

    November 5, 2011 at 8:31 pm

    တပည့်တော်က ဉာဏ်တိန်လို ့..ကြက်ဥမှာ အသက်မရှိဘူး မှတ်ပြီး တွယ်တာပါပဲ..
    အဲတော့ စားသူ တပည့်တော်မှာ အပစ် စင်းစင်း မျှ မရှိပါ ဘုရား..
    ဟုတ်တယ်နော်..ဦးဇင်းနော်..ဟုတ်တယ်နော် 🙄

    ဉာဏ်တိန်လိုက်တာ ဒါမျိုးကျ အသုံးဝင်သွားပြန်ကော..
    😆

  • windtalker

    November 5, 2011 at 8:36 pm

    သာဓုသာဓုသာဓု ပါဘုရား
    အများကြီး အသိတရားတိုးပွားရပါတယ်ဘုရား
    ကျေးဇူးကြီးလှကြောင်းပါ

  • Shwe Tike Soe

    November 5, 2011 at 8:52 pm

    ကျေးဇူးကြီးလှပါပေတယ်ဘုရား အခုမှပဲ ရှင်းသွားတော့တယ် အဲဒီ ကြက်ဥပြသနာလည်း ငြင်းနေရတာကြာပါပြီ.. ဘုရား..
    နောက်တစ်ခုလဲ သိချင်ပါသေးတယ် ဥပုဒ်စောင့်ရင် လက်ဖက်ရည်သောက်လို.ရလားမရလားဆိုတာလေးပါ..
    အချိန်ရရင်ဖြေပေးစေချင်ပါတယ်ဘုရား…

    • ပေါက်ဖော်

      November 5, 2011 at 9:19 pm

      အမောင်တိုက်စိုး..
      ဘုန်းကြီးစကား နားထောင်တယ်..
      ကွန်းမန် ့မှာ မမေးပဲ ဂျီမေးလ် မှာသွားမေးလို ့..
      😆

  • fatty

    November 5, 2011 at 9:30 pm

    နောင်အပြစ်မဖြစ်ရလေအောင် ဒီလိုမှတ်ကြစေလိုပါတယ် …။
    ဈေးထဲမှာတွေ့ရတဲ့ ကြက်ဥ အခွံညိုညိုလေးတွေဟာ လေဥ ပါ အကောင်မပေါက်နိုင်ပါ။
    ကြက်ဥအခွံ ဖြူဖြူဆိုရင်တော့ မျိုးဥဖြစ်ပါတယ် ..။ အကောင်ပေါက်ပါတယ် ..။
    မျိုးဥကိုတွေ့ဖို့ခဲယဉ်းပါတယ် ဈေးကြီးပါတယ် ..။ တောအသည်များဆီက တောကြက်ဥ
    ဆိုရင် အခွံ ဖွေးဖွေးနဲ့ပါ အကောင်ပေါက်ပါတယ် ..။

    • etone

      November 8, 2011 at 12:46 pm

      လေးဖက်ရေ … သမီးသိထားတာကတော့ … ဥခွံ အဖြူဆိုတာ ဘဲဥဖြစ်ပြီး ၊ ဥခွံ အညိုကတော့ ကြက်ဥလို့ သိထားပါတယ် … ။ ဒါ့ပြင် ကြက်မှာ ဥစား ကြက်နဲ့ အသားစားကြက်ဆိုပြီး ရှိသတဲ့လေ … (ကြားဖူးတာ ဟီး ) ဥစားကြက်တွေကတော့ … ကြက်ဖမရှိပဲ လေဥနဲ့ ဥတာဖြစ်ပြီး ဘယ်လောက်ဝပ်ဝပ် အကောင်မပေါက်ပါဘူးတဲ့လေ … ။ အသားစားကြက်တွေကတော့ ကြက်ဖမျိုးနဲ့ ဖောက်တာဖြစ်ပြီး ဥကျတဲ့အခါ မရောင်းချပဲ အကောင်ပေါက်မွေးမြူတယ်လို့ ကြားဖူးပါတယ် … ။ ဟုတ်မဟုတ်ကတော့ ကြက်ခြံပိုင်ရှင်တွေပဲ သေချာသိပါလိမ့်မယ် ။ 🙂

Leave a Reply