Master of Philosophy (M.phil) ဘွဲ့အတွက် ဒီခေါင်းစဉ်လေး ရခဲ့တယ်

ဦးဇင်းလည်း Master of Philosophy (M.phil) ဘွဲ့ ကျမ်းတင်ဖို့ ခေါင်းစဉ်ရဖို့ရန်အတွက် အရင်တစ်ပတ်က ဆွေးနွေးခဲ့တာ အဆင်မပြေတာနဲ့ ဒီတစ်ပတ်တနင်္လာနေ့တွင် တစ်ခေါက်ပြန်လည်သွားရောက်ပြီး ပါမောက္ခနဲ့ သွားတွေ့လိုက်ပါတယ်။ အရင်တစ်ပတ်က ပါမောက္ခပြောတဲ့စကားတွေကို ပြန်လည်ဆန်းစစ်ကြည့်တဲ့အခါ မြန်မာပြည်နှင့်သီရိလင်္ကာရဲ့ ဘာသာရေးအကြောင်း ကွာခြားမှုဓလေ့ထုံးစံတွေကို အတော်လေးသိချင် စိတ်ဝင်စားပုံရှိနေတယ်ဆိုတာ စဉ်းစားမိတာနဲ့ မထူးပါဘူးလေ သူများမရေးသေးတော့လည်း ကိုယ်ပဲ ရေးလိုက်တာပေါ့ဆိုပြီး
1. A comparative study of the Buddhist ordinations between Sri Llyanka and Myanmar.
2. Significance of Buddhist festivals in Theravada Buddhism: An analysitical study with a special reference to Sri Lanka and Myanmar history.
ခေါင်းစဉ်နှစ်ခုကို စဉ်းစားသွားပါတယ်။

ဒါနဲ့ ဆရာနဲ့လည်းတွေ့ရော ဆရာရေ ဦးဇင်းကတော့ ဆရာတို့နိုင်ငံမှာ (၄)နှစ်ကျော်နေရဦးမှာဆိုတော့ ဒီနိုင်ငံက ဘာသာရေးယဉ်ကျေးမှု ဓလေ့ထုံစံတွေကို လေ့လာချင်တယ်။ စိတ်လည်းဝင်စားတယ်။ ဒါကြောင့် ဒီခေါင်းစဉ်နှစ်ခုထဲက တစ်ခုကို ရွေးချယ်ပေးပါလို့ သူတို့နိုင်ငံအကြောင်း စိတ်ဝင်စားတယ်ပြောလိုက်တာနဲ့ နံပါတ်(၁)ခေါင်းစဉ် A comparative study of the Buddhist methods of ordinations in Sri lanka and Myanmar ဆိုတဲ့ခေါင်းစဉ်မှာ Methods of လေးထည့်ပေးပြီး between နေရာမှာ in ထည့်ပေးကာ “A comparative study of the Buddhist methods of ordinations in Sri Lanka and Myanmar-သီရိလင်္ကာနှင့်မြန်မာနိုင်ငံတို့၏ ရှင်ပြုရဟန်းခံခြင်းအကြောင်းများကို ဗုဒ္ဓဘာသာနည်းလမ်းများဖြင့် နှိုင်းယှဉ်တင်ပြလေ့လာခြင်း”ဆိုတဲ့ခေါင်းစဉ်ကို အတည်ပြုပေးလိုက်ပါတယ်။ ဒီခေါင်းစဉ်ဟာ လွယ်မလိုနဲ့ ခက်ဆိုတာမျိုးပါ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံနှင့်သီရိလင်္ကာ သာသနာရောက်ရှိပုံကနေ စရေးရမှာဖြစ်သလို မြတ်ဗုဒ္ဓလက်ထက်က ရှင်ပြုရဟန်းခံအကြောင်းတွေကိုပါ လေ့လာသုံးသပ်ပြရမှာဆိုတော့ သမိုင်းကြောင်းလည်း နိုင်မှဖြစ်မှာပါ။ မြန်မာနိုင်ငံအကြောင်းကတော့ ထားပါတော့ မြန်မာလိုရေးထားတဲ့စာတွေကို ကိုယ်ကဖတ်တတ်တယ်လေ။ သီရိလင်္ကာအကြောင်းကတော့ အင်္ဂလိပ်လိုအကုန်မရှိရင် သီရိလင်္ကာစကားပါ သင်မှဖြစ်မှာ။ ဒါမှလည်း တချို့အကြောင်းအရာတွေကို အင်တာဗျူးလုပ်ပြီး စုံစမ်းလေ့လာလို့ ရမှာလေ။

ဒီတစ်ခါခေါင်းစဉ်သွားဆွေးနွေးတဲ့အခါကျတော့လည်း သုံးခွန်းပဲ ပြောလိုက်တာနဲ့ အဆင်ပြေသွားတယ်။ အရင်တစ်ပတ်ကတော့ နာရီဝက်ကြာအောင် ခေါင်းစဉ်တစ်ခုကို ရွေးချယ်ပေးဖို့ပြောလည်း မရ၊ ကိုယ်ကြိုက်တာလည်း ပြောမရခဲ့ပါဘူး။ ခုအဆင်ပြေချင်တော့ ခဏလေးပဲ။ ဒါဟာလည်း ဦးဇင်းရဲ့ ကောင်းမှုတွေလည်း ပါမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခေါင်းစဉ်အတည်ပြုရန် သွားမပြောခင် တနင်္ဂနွေနေ့က သူငယ်ချင်းတွေကို စားစရာဒါနပြုခဲ့တယ်လေ။ နောက်ပြီး သွားခါနီးလည်း ပါမောက္ခကို တက္ကသိုလ်ရောက်သည်အထိ တစ်လှမ်းလုံး မေတ္တာပို့တယ်။ ဘုရားဂုဏ်တော်တွေ ရွတ်သွားတယ်။ ဒါပြင် သူတို့နိုင်ငံကအကြောင်းရော မြန်မာအကြောင်းပါ ပါနေတဲ့ခေါင်းစဉ်ဆိုတော့ ပါမောက္ခစိတ်ဝင်စားတာလည်း ပါတာပေါ့လေ။

ဘာပဲဖြစ်ဖြစ် ဒီဇင်ဘာ(၁၀)ရက်နေ့မှာတော့ ကျောင်းအပ်ရတော့မယ်။ ကျောင်းအပ်ရရင် ကျောင်းကြေးက ဘယ်လိုသွင်းရမလဲလို့ ငွေလက်ခံတဲ့ ဆရာတစ်ယောက်ကို သွားမေးကြည့်တဲ့အခါကျတော့ M.phil က တစ်နှစ်ကို USD (900) Ph.D က တစ်နှစ်ကို USD (1000) တဲ့။ သီရိလင်္ကာနိုင်ငံမှာက M.phil တန်းကို (၂)နှစ်၊ Ph.D တန်းကို (၃)နှစ်ပြဋ္ဌာန်းထားပါတယ်။ တကယ်လို့ မိမိက M.phil ကျမ်းရေးတဲ့အခါ ကျမ်းခေါင်းစဉ်နဲ့ပတ်သတ်တာကို လိုရင်းအချက်တွေ၊ အတွေးခေါ်အသစ်တွေ တစ်နှစ်အတွင်း များများတင်ပြပေးနိုင်မယ်ဆိုရင်တော့ တစ်နှစ်တည်းနဲ့ M.phil တန်းကို Upgrade လုပ်ပြီး အဆင့်ကျော်တတ်ကာ Ph.D တန်းကို တက်လို့ရပါတယ်။ ဒါပေမဲ့ M.phil ဘွဲ့တော့ မရတော့ဘူးပေါ့လေ။

ဒါပြင် Ph.D ကျမ်းရေးတဲ့အခါ သုံးနှစ်နဲ့မပြီးဘူးဆိုရင် တစ်နှစ်သက်တမ်းထပ်တိုးပေးပါတယ်။ များသောအားဖြင့်လည်း သက်တမ်းတိုးယူကြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သုံးနှစ်အတွင်းမှာ ကျမ်းရေးတဲ့အခါ ကျမ်းဟာပြည့်စုံလုံလောက်မှုမဖြစ်တာရယ်။ တက္ကသိုလ်က ဆရာအားလုံးရဲ့ စိတ်ကြိုက်မဖြစ်တာရယ်ကြောင့် တစ်နှစ်ဖြစ်စေ၊ ခြောက်လဖြစ်စေ သက်တမ်းတိုး ယူကြရပါတယ်။ ဒါက ဦးဇင်းသိသလောက်အတွေ့အကြုံများကို သီရိလင်္ကာနိုင်ငံမှာ ဒေါက်တာလုပ်ချင်သူများပါသိရအောင် တင်ပြပေးတာပါ။

သီရိလင်္ကာနိုင်ငံမှာ ဘုန်းကြီးများသာမဟုတ်၊ လူကျောင်းသားများပါ ဒေါက်တာလုပ်လို့ ရပါတယ်။ ကိုးရီးယား၊ ဂျပန်၊ တရုတ်နှင့်သီရိလင်္ကာလူများ လောကီဘွဲ့ကနေ M.A ဒီပလိုမာတက်ရောက်ကြကာ ဒေါက်တာအထိ လုပ်နေကြတာ ရှိပါတယ်။ မြန်မာပြည်က B.SC ဘွဲ့ရရှိပြီးသူဆို သီရိလင်္ကာနိုင်ငံမှာ M.A ဒီပလိုမာတက်ပြီး M.A, M.phil, Ph.D ဘွဲ့တို့ကို လူများရော ဘုန်းကြီးများပါ ဆက်တတ်လို့ ရပါတယ်။ တကယ်လို့ မိမိက အင်္ဂလိပ်စာလည်း တော်မယ်၊ ပိုက်ဆံလည်း ရှိမယ်ဆိုရင်တော့ ဒီနိုင်ငံက M.phil ဘွဲ့ယူပြီး အမေရိကန်၊ အင်္ဂလန်နိုင်ငံတို့မှာပါ ဒေါက်တာဘွဲ့သွားတတ်လို့ ရပါတယ်။

ဦးဇင်း ခုတင်ခဲ့တဲ့ ခေါင်းစဉ်ကို တက္ကသိုလ်က ပါမောက္ခဆရာတွေ ဒီလ(၂၆)ရက် တက္ကသိုလ်စည်းဝေးမှာ တင်ပြပြီး အားလုံးက သဘောတူတယ်ဆိုတာနဲ့ ကျောင်းအပ်ပြီး ရေးရပါတော့မယ်။ စာအုပ်စာတမ်း အထောက်အထားတွေရှာရန်နှင့် ကျမ်းငယ်အကျဉ်းချုပ် Synopsis ရေးရန် (၆)လတော့ အချိန်ပေးပါတယ်။ ဒီပေးထားတဲ့ (၆)လအတွင်းမှာ ကျမ်းရေးမဲ့ စာအုပ်စာတမ်းအထောက်အထားများနှင့်ကျမ်းငယ်အကျဉ်းချုပ်ကို ရေးသားရှာဖွေ တင်ပြပေးရမှာပါ။

အဲဒီတော့ ဦးဇင်းစာဖတ်ပရိသတ်များလည်း ဦးဇင်းကျမ်းခေါင်းစဉ်နဲ့ပတ်သတ်တဲ့ စာအုပ်စာတမ်းများဖြစ်စေ၊ ဝက်ဆိုဒ်လေးများဖြစ်စေ ရှာဖွေတွေ့ရှိကြမယ်ဆိုရင် ဦးဇင်းဆီကို ပို့ပေးရင်တော့ ကောင်းမယ်ထင်ပါတယ်။ ဦးဇင်းအတွက် ဝိုင်းဝန်းရှာဖွေပေးပါက အချိန်အားလပ်ချိန်ရရင် ကျန်တဲ့စာတွေ ရေးလို့ရတာပေါ့။ ဖြစ်နိုင်ရင် စာအုပ်များတွေ့ရှိပါက စာတိုက်ကနေ ပို့ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။ ဦးဇင်းအရင် ဒီမှာဒေါက်တာလုပ်နေတဲ့သူငယ်ချင်းတစ်ပါး ပြောတာကတော့ မင့် ဒီကစာအုပ်တွေကို ရှာရဝယ်ရတာနဲ့ကို ဒေါ်လာ(၁၀၀၀)လောက်တော့ ကုန်မယ်တဲ့။ ဒါဟာ မြန်မာပြည်နဲ့ဆိုင်တဲ့ စာအုပ်တွေ မပါသေးဘူးတဲ့။ တချို့စာအုပ်တွေကို အွန်လိုင်းကနေ ဝယ်ရမယ်တဲ့။ နောက်ပြီး ထိုင်းနိုင်ငံကနေလည်း ဝယ်ရမယ်တဲ့လေ။ မြန်မာပြည်ပြန်ပြီး စာအုပ်တွေစုသယ်ခဲ့ရဦးမယ်တဲ့။

အင်း ဖြစ်လာမှတော့ ဘယ်တက်နိုင်ပါ့မလဲ။ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့တွေးပြီး မဖြစ်ဖြစ်အောင် လုပ်ရတော့မှာပေါ့လေ။ ခုတော့ ဒီလောက်နဲ့ပဲ ဦးဇင်းအတွေ့အကြုံများကို ရပ်နားထားပြီး နောက်မှဆက်လက်တင်ပြပေးပါဦးမယ်။ ဦးဇင်းစာဖတ်ပရိတ်သတ်အားလုံးလည်း ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြကာ ပန်းတိုင်ကို လျင်မြန်စွာလျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးလျက်……။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

5 comments

  • kai

    November 19, 2011 at 4:42 am

    http://www.amazon.co.uk/Sacred-Sites-Burma-Donald-Stadtner/dp/9749863607
    Sacred Sites of Burma [Paperback]
    Product Description
    Uncovers the evidence for and traces the development of Buddhist myths across a wide spectrum of Burmese sacred sites. This book illustrates how sacred sites can emerge with remarkable frequency in our own time with only those that possess myths catching the imagination of the Buddhist faithful having any chance of long term survival.

    အရှင်ဘုရား..
    အပေါ်ကစာအုပ်ကတော့ ..မြန်မာဘာသာ သာသနာ..သမိုင်းတွေအကြောင်း.. ရှားပါးဓါတ်ပုံတွေနဲ့တကွ..တော်တော်ရှာရေးထားပါတယ်..။
    အရှင်ဘုရားကိုးကားလို့ ရမလားလို့ပါ..။

  • thit min

    November 19, 2011 at 8:06 am

    အရှင်သူမြတ်ဘုရား
    Typing Error လို့ထင်လို့ပြင်ဆင်ခွင့်ပြုတော်မူပါအရှင်ဘုရား။

    analysitical ဆိုတာ analytical ဖြစ်မယ်ထင်ပါတယ် အရှင်ဘုရား။

    An analysitical study with a special reference to Sri Lanka and Myanmar history.လို့ဆိုမဲ့အစား
    တိုက်ရိုက်ဘဲ
    Analysis on historical (records/ background/ references) of Sri Lanka and Myanmar
    လို့လဲ ဆိုနိုင်တယ်လို့ ထင်မြင်မိပါသည်အရှင်ဘုရား။

    • thit min

      November 19, 2011 at 8:07 am

      Analysis on the historical (records/ background/ references) of Sri Lanka and Myanmar

  • ဆန်နီနေမင်း

    November 21, 2011 at 6:15 pm

    အင်း ဦးဇင်းခေါင်းစဉ်က A comparative study of the Buddhist methods of ordinations in Sri Lanka and Myanmar.ဒါကိုပဲ ပါမောက္ခက အတည်ပြု လက်မှတ်ထိုးပေးလိုက်ပါပြီ။ ဒါကြောင့် ဒါနဲ့ဆိုင်ရာပဲ စာအုပ်ဖြစ်စေ၊ ဝက်ဆိုဒ်ဖြစ်စေ လမ်းညွှန်ပေးမှု။ ပို့ပေးမှုများလုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။

  • ဆန်နီနေမင်း

    November 21, 2011 at 6:23 pm

    အပေါ်ကဆိုဒ်က အင်တာနက်မှာ ဝယ်ရမှာဆိုတော့ မလွယ်ဘူးထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ Credit Card နဲ့ဝယ်ရမှာမို့လေ။ ဦးဇင်းနေတဲ့သီရိလင်္ကာနိုင်ငံမှာက အဲဒီကဒ်လုပ်ရင် ဘဏ်မှာ US (1000) ရှိမှ ရတယ်လေ။ ဒါကြောင့် ကိုယ်တိုင်ဝယ်ဖို့တော့ မလွယ်။ ဒါပေမဲ့ ပိုက်ဆံရှိတဲ့သူငယ်ချင်းတွေကို ကိုယ်စားဝယ်ခိုင်းကြည့်ဦးမယ်။ ခုပေးလိုက်တဲ့ဆိုဒ်ထဲက စာအုပ်(၂)အုပ်လောက်တော့ သဘောကျနေလို့လေ။ ခုလို လမ်းညွှန်ပေးတာ ကျေးဇူးပါ Kai ရေ

Leave a Reply