“ငယ်ငယ်တုန်းက ခေါင်းလောင်းသံ(အပိုင်းနှစ်)
“ငယ်ငယ်တုန်း ခေါင်းလောင်းသံ”(အပိုင်းနှစ်)
(သုံးကျောင်းပြောင်းသောရှင်……………)
ကျနော်ဦးလေးရဲ့စက်ဘီးနဲ့လျှောက်လည် ကြတဲ့အခါ လမ်းမှာတွေ့သမျှဆိုင်းဘုတ်ကို လိုက်ဖတ်လေ့ရှိပါတယ်။
အစကတော့ တစ်လုံးခြင်းစာလုံးပေါင်းဖတ်။
နောက်တော့ ဦးလေးက ဗွေရင် စိတ်ထဲမှာပေါင်းဖတ်ပြီးမှအသံထွက်လို့သင်ပေးပါတယ်။
မှားရင်သူက ပြင်ပေးပါတယ်။
ဒါနဲ့ဘဲကျနော်က စာဖတ်ရင်စိတ်ထဲမှာဘဲစာလုံးပေါင်းတဲ့အကျင့်လေးရသွားပါတယ်။
အဲဒီကျောင်းသွားအပ်တဲ့နေ့ကဆရာကြီးရဲ့ခုံပေါ်က သတင်းစာလေးကောက်ဖတ်မိတာက
ကျနော်အတွက် ဖိုးကံကောင်းဖြစ်သွားပါတယ်။
နောက်ဆရာကြီးက ဖတ်စာအုပ်ထုပ်ပြီးဖတ်ခိုင်းတော့လဲကျနော်က
မကြောက်မရွှံ့ဖတ်ပြပါတယ်။
အဲဒါနဲ့ဘဲဆရာကြီးကစိတ်ပြောင်းသွားပြီး ကျနော်ကိုနှစ်တန်းကျောင်းသား
အဖြစ်ပညာသင်ခွင့်ပေးလိုက်ပါတယ်။
- 1 မြစ်ငယ်မြို့ မူလတန်းကျောင်း အလယ်ကျာင်းဆောင်(ရှေ့ဖက်)
-
- 2 မြစ်ငယ်မြို့ က မူလတန်းကျောင်း(ကျနော် 2တန်းကျောင်းသားဘဝကနေခဲ့တဲ့ကျောင်း)
-
- 3 မြစ်ငယ်မူလတန်းကျောင်း ဘေးဘက်မြင်ကွင်း
-
- 4 ပြိုပျက်နေတဲ့ ကျနော်ငယ်ငယ်ကကျောင်းကလေး
-
အဲဒီတုန်းကကျနော်တို့နေတာက မြစ်ငယ်မီးရထားစက်ရုံကြီးရဲ့အနောက်ဘက်မှာရှိတဲ့
ဝန်ထမ်းလိုင်းအိမ်တွေမှာပါ။
မီးရထားစက်ရုံအုတ်တံတိုင်းကြီးဘေးကဖုံထူထူမြေနီလမ်းလေးအတိုင်းမြောက်ဘက်ကို
လျှောက်သွား ရင်ကျနော်တို့နေခဲ့တဲ့ “သဇင်ရပ်ကွက်”6လိုင်းကိုရောက်ပါတယ်။
အိမ်လေးတွေက ပုဆစ်တုပ် ပျဉ်ပြားအကြီးတွေနဲ့ကာ အမိုးကအုပ်ကြွပ်မိုး။
နှစ်ခန်းတတွဲစီငါးခန်းတွဲဆောက်ထားတာပါ။
တောင်ဘက်လှည့်တဲ့အတွဲနဲ့မြောက်ဘက်လှဲ့တဲ့အတွဲတွေကို မျက်နှာချင်းဆိုင်လို့ အရှေ့ကနေအနောက်
အတွဲလိုက်ကြီးဆောက်ထားတာပါ။
လိုင်းခန်းနှစ်ခုကြားမှာ တမာပင်ကြီးတွေရှိပါတယ်။
ငယ်ငယ်တုံးကဆို ဆပ်ပချီဆိုတဲ့အဖုတွေပေါက်ရင် ဝက်သက်ပေါက်ရင်
တမာရွက်တွေကို ခူးပြီးပြုတ်ထားတဲ့အရေတွေနဲ့ရေချိုးပေးတတ်ပါတယ်။
အဲဒီအပင်ကြီးတွေပွင့်ရင် တမာပွင့်ဝါဝါရနံ့ကအတော်လေးမွှေးပါတယ်။
တမာသီးဝါဝါလေးတွေက စားလို့တော့မရ ဒါပေမယ်ကျနော်တို့က အဲဒီအသီးလေးတွေကိုလိုက်ကောက်။
တစ်ယောက်နဲ့တစ်ယောက်တမာသီးနဲ့ထုပြီးစစ်တိုက်တန်းကစားခဲ့ကြတယ်။
ပြေးတမ်းလိုက်တမ်းကစားတယ်။
မန်းကျီးစေ့ ဩဇာစေ့တောက်တယ်။
ကျီးသားရိုက်တယ်။
ကြွေပန်းကန်ကွဲပစ်တယ်။
ဒီကြွေပန်းကန်ကွဲပစ်တယ်ဆိုတဲ့ကစားနည်းကိုတော့ ခုခေတ်ကလေးတွေမသိလောက်တော့ဘူးထင်ပါတယ်။
ကျနော့်ခေတ်က ကြွေပန်းကန်တွေက အင်မတန်လှတဲ့ဒီဇိုင်းလေးတွေဆွဲထားတာပါ။
ထမင်းစားရင်ကြွေပန်းကန်ပြား ဟင်းရည်သောက်တော့ ကြွေပန်းကန်လုံး၊
လက်ဖက်ရည်သောက်တော့အချိုစုံ သုံးသမျှကြွေချည်းပါဘဲ။
ဒီကြွေထည်ပစ္စည်းကလွတ်ကျရင်လဲကွဲ။
ထိမိခိုက်မိတော့ပဲ့။
အဲလို့ပဲ့သွားရင် မသုံးတော့ ဘဲလွှင့်ပစ်ပါတယ်။
အဲလိုပန်းကန်ကွဲတွေကိုစု။
ဒီဇိုင်းလှတဲ့အကွဲလေးတွေကို မြေကြီးမှာ ညီနေအောင်တန်းစီပြီးပုံထာ။
အဲဒါကို ခေါင်မှန်ရင်အကုန်ရဆိုတဲ့သီအိုရီကိုအသုံးချပြီး ဒိုးနဲ့ပစ်ကြတာပါ။
ကျနော်တို့မှာ နိုင်လာတဲ့ကြွေပန်းကန်ကွဲတွေကို လက်တိုဂျင်ပုံ်းထဲ ထည့်သိမ်းရတာအလုပ်တစ်ခု။
မှတ်သားစရာလေးကတော့ တစ်ခါမှာ ကျနော်ကြွေပန်းကန်ကွဲပစ်တာရှုံးတော့
လက်ထဲမှာတစ်ခုမှ မကျန်တော့ပါဘူး။
နိုင်တဲ့ကောင်တွေကလဲ ကျနော်ကိုမချေးပါဘူး။
ပွဲက အရှိန်ရလို့ကစားကောင်းတုန်း ကျနော်လက်ထဲမှာ တစိမှမကျန်။
အဲဒါနဲ့အိမ်မီးဖိုချောင်ထဲဝင် လူအလစ်မှာ ကြွေပန်းကန်တစ်ချပ်ယူလာ။
အုတ်ခဲနဲ့ရို်က်ခွဲပြီး ကြွေပန်းကန် ပစ်ပါတယ်။
ဒါလဲရှုံးတာပါဘဲ။
ညနေထမင်းစားမယ်လုပ်တော့ ပန်းကန်ပြားတစ်ချပ်လိုနေပါတယ်။
အဲဒီကျတော့ အိမ်က လူကြီးတွေဘယ်သူ့အိမ်ကို ပစ္စည်းထဲ့ပေးပြီး ပြန်မယူဖြစ်တာ
ထင်ပြီး စဉ်းစားခန်းထုတ်ကြပါတယ်။
နောက်သိသွားတော့ ဝါးခြမ်းပြားနဲ့အရိုက်ခံထိပါတယ်။
ကျနော်မြစ်ငယ်အမကမှာ နှစ်တန်းကစတက်ရပါတယ်။
ကျောင်းသွားတယ်ဆိုရင်အိမ်ကနေလမ်းလျှောက်သွားပါတယ်။
နေ့လည်ထမင်းစားဆိုရင်လဲလမ်းလျှောက်ပြန်ပါတယ်။
အိမ်ကနေထွက်ရင် စက်ရုံအုတ်တံတိုင်းအတိုင်းတောင်ဘက်ကိုလာ။
တံတိုင်းဆုံးရင် အရှေ့ဘက်တက်။
စက်ပေါက်ရောက်တော့ စာကြည့်တိုက်ရှေ့လမ်းမကနေ တောင်ဘက်ဆက်သွား။
(အခုတော့ မင်္ဂလာခန်းမကြီးဖြစ်နေပါပြီ)။
သုံးပြလောက်ဆက်လျှောက်။
ဈေးမရောက်ခင်တစ်ပြမှာ အထက်တန်းကျောင်း။
သူနဲ့မျက်နှာချင်းဆိုင်မှာတော့ ကျနော်နေခဲ့တဲ့ မူလတန်းကျောင်း။
အလယ်ခေါင်မှာပင်မှာကျောင်းဆောင်။
အနောက်ဘက်မှာလဲ ကျောင်းဆောင်တစ်ခု။
အလယ်ပင်မကျောင်းဆောင်ကြီးရဲ့ အရှေ့ဘက်မှာ တောင်မြောက်တန်းပြီး
ဝါးနဲ့ဆောက်ထားတဲ့တဲလေးတွေမှာစာသင်ရတာပါ။
ကျနော်တို့နှစ်တန်း အခန်းက မြောက်ဘက်အစွန်ဆုံးအခန်း။
ကျနော်တို့အခန်းဘေးမှာ မီးရထားရှန်တိန်လုပ်တဲ့ သံလမ်းရှိပါတယ်။
ကျနော်တို့အခန်းမြောက်ဘက်မှာကျောက်လမ်း။
စာသင်ခန်းရဲ့ အရှေ့ဖက်မှာ မီးရထားသံလမ်းကူးတဲ့ တံခါးလေးရှိပါတယ်။
ဒါကကျနော်တက်ခဲ့ရတဲ့ကျောင်းလေးရဲ့ပုံပါဘဲ။
ကျနော်နှစ်တန်းတုံးကအတန်းပိုင်ဆရာမ နာမယ်ကိုတော့ မမှတ်မိတော့ပါဘူး။
ခပ်ဝဝ အသားညိုညို ဆိုတာလောက်ဘဲမှတ်မိပါတယ်။
အတန်းဖော်သူငယ်ချင်းတွေထဲမှာဆိုရင်လဲ မှတ်မိတာ သုံးယောက်ဘဲရှိပါတယ်။
ကျနော်တို့အိမ်နားမှာနေတဲ့ ဆံထောက်ကြီးနဲ့ မခင်အေး
(သူက ကျနော့်အတွက်သူတို့အိမ်ကရောင်းတဲ့ မုန့်ပစ်စလက်အနီတွေ မကြာမကြာ ယူလာတတ်ပါတယ်။)
နောက်တစ်ယောက်ကတော့ ဈေးနားမှာနေတဲ့လပ်ပွားလေးပါတဲ့နေဝင်းရယ်။
ဗိုလ်ကပြားမလေး ဂျိုစဖင်း သူ တို့သုံးယောက် ကိုဘဲနာမယ်မှတ်မိနေပါတယ်။
အဲဒီနှစ်တန်းပြီးကတည်းက သူတို့နဲ့ ကွဲသွားတာ အခုထိတစ်ခါမှပြန်မဆုံဖြစ်တော့ပါဘူး။
ဒါပေမယ့်ကျနော်အခုပြန်စဉ်းစားတော့မှတ်မိတာကတော့ ဒီသုံးယောက်ပါဘဲ။
ထပ်ပြီး မမှတ်မိတာကိုပြောရရင် စာတွေဘယ်လိုသင်ပြီးဘယ်လိုကျက်ခဲ့ရတယ်ဆိုတာပါဘဲ။
ကျနော်တို့ငယ်ငယ်က အခုခေတ်ကလေးတွေထက်စာရင် ကလေးဘဝကို
ပီပီသသနေခဲ့ရတယ်လို့ စိတ်ထဲမှာထင်မိပါတယ်။
ကျောင်းမတက်ခင် ကစား။
မုန့်စားကျောင်းဆင်းရင်လဲကစား။
နေ့လည်ထမင်းစားကျောင်းဆင်းလို့ အိမ်ပြန်ထမင်းစားပြီးရင်လဲကစားပါဘဲ။
အိမ်ပြန်ရောက်ရင်လဲ အိမ်နားက ကလေးချင်းစုပြီးကစား။
အဲတော့ ဘယ်အချိန်စာကျက်ခဲ့သလဲဆိုတာတောင်ပြန်စဉ်းစားလို့မရပါဘူး။
အခုခေတ်ကလေးတွေမှာ သူငယ်တန်းဘဝကတည်းက ကျူရှင်တက်။
ကျူရှင်ပြီးတော့ကျောင်း ကျောင်ပြီးတော့ ကျုရှင် ၊
တစ်ခါကျူရှင်ပြီးတော့ ဂုိုက်ဆရာနဲ့စာကျက်။
မနက်ခြောက်နာရီက ညကိုးနာရီဆယ်နာရီထိ စာသင်တဲ့အလုပ်ကိုလုပ်နေရရှာတာပါ။
ကလေးက ကလေးလိုနေရမယ့် ဘဝပျောက်ဆုံးသွားတယ်လို့ထင်ပါတယ်။
(နောင်အနာဂါတ်မှာ အဖက်ဖက်က တော်တဲ့ သိတဲ့ ဉာဏ်ပညာဖွံ့ဖြိူးတဲ့ကလေးတွေ
ထွက်ပေါ်စေချင်ရင် ဇွတ်အတင်း ပုံရိုက်သွင်းနေတဲ့ စနစ်ကို ပြုပြင်ရမယ်လို့
အသေအချာပြောချင်ပါတယ်။
စာမှစာ ဖြစ်နေတဲ့ စနစ်ကြီးကိုရပ်ဆိုင်းသင့်ပြီလို့ ယုံကြည်ပါတယ်။)
ကျနော်ငယ်ငယ် နှစ်တန်းကျောင်းသားဘဝကတည်းက ကျောင်းသွားရင်အိမ်ကလိုက်မပို့ပါဘူး။
ကိုယ့်ဘာသာကိုယ်လမ်းလျှောက်ပြီး သွား။
အဲတော့ လဲကျောင်းအပြန်လမ်းသူငယ်ချင်းတွေနဲ့ဆော့ရင်းအိမ်ပြန်ရောက်သွားတာပေါ့။
အဲဒီခေတ်က အခုလို ကားဆိုင်ကယ် စက်ဘီးအစရှိတဲ့ ယာဉ်အန္တရာယ် နည်းလို့လဲအိမ်ကလွှတ်ထားပေးတာပါ။
နေ့လည်ဆိုအိမ်မှာထမင်းပြန်စား ပါတယ်။
တစ်ရက်ကို မုန့်ဘိုး ဆယ့်ငါးပြားရပါတယ်။
တစ်ခါတစ်လေ အဖေမသိအောင်အမေက တစ်မတ်ပေးပါတယ်။
ကျောင်းဒေါင့်ကအသည်ကြီးဆီက ဇီးယိုဆယ်ပြားဘိုးဝယ်ရင် ညောင်ရွက်
တစ်ခါတစ်လေ ဗန်ဒါရွက်နဲ့ထည့်ပေးပါတယ်။
ကလေးတစ်ယောက်အတွက်ဝအောင်စားရပါတယ်။
သေချာတာကတော့ အခုခေတ်တစ်ရာတန် အထုပ်ထက်များတာပါဘဲ။
အုန်းပေါင်းဖြစ်ဖြစ်ကောက်ညှင်းပေါင်းဖြစ်ဖြစ် ဆယ်ပြားဘိုးဆိုရင် အများကြီးပါ။
ငါးပြားဘိုးဆိုရင်ကိုစားလောက်ပါတယ်။
သူကလဲ ညောင်ရွက် တို့ငှက်ပျောဖက်တို့နဲ့ထည့်ပေးပါတယ်။
ဘာထည့်ထည့် ကျွတ်ကျွတ်အိပ်နဲ့ထည့်ပေးတဲ့အခုခေတ်ကြီးထဲမှာ
ကြီးပြင်းခဲ့ရတဲ့ကလေးများမှာတော့
ကောက်ညှင်းပေါင်းပူပူကိုဖက်နဲ့ထုပ်လိုက်လို့ထွက်လာတဲ့ဖက်နံ့သင်း
နေတဲ့ အရသာလေးကို ခံစားဘူးမယ်မထင်ပါဘူး။
ကျောင်းသွားမယ်ဆိုရင် အိမ်က မနက်မုန့်ကြွေးလိုက်ပါတယ်။
မနက်မုန့်စားကျောင်းဆင်းရင် ဆယ်ပြားဘိုးဝယ်စားပါတယ်။
နေ့လည် ထမင်းစားကျောင်းဆင်းရင် ငါးပြားဘိုးဝယ်စားပါတယ်။
တစ်ခါတစ်လေ မဆာရင် ပိုက်ဆံကို အိတ်ရှံ့လေးထဲမှာထည့်ပြီးစုထားပါတယ်။
ကစားနေရင်း ပိုက်ဆံခြင်းထိတဲ့အသံတချွင်ချွင်ကြားနေရင် စိတ်ထဲမှာပျော်ပါတယ်။
ဒါပေမယ့် ဒီပိုက်ဆံသံတချွင်ချွင်လေးရပ်သွားအောင် 1966ခုနှစ်မှာ ပိုက်ဆံအပေ့ါစေ့
တွေပေါ်လာပါတယ်။
အဲဒီ1966ခုနှစ်မှာကျနော်မြန်မာနိုင်ငံမှာဆန်ရေစပါးရှားပါးတဲ့ခေတ်ပျက်ကြီးနဲ့ကြုံရပါတယ်။
ကုန်ဈေးနုှန်းတွေတက်တယ်ဆိုတာကိုလူကြီးတွေပြောသံကြားတာကို ကလေးအသိနဲ့ဘဲ
သိခဲ့ရပါတယ်။
ဒီလိုဘဲပျော်ရွှင်စွာဆော့ရင်းကစားရင်းကနေ နှစ်တန်းအောင်တဲ့အခါ
ကျနော့် မိဘတွေက မန်းလေးပြန်ပြောင်းမယ်ဆိုပြီး မြစ်ငယ်ကျောင်းကနေထွက်လို့
ကျောင်းအသစ်ပြောင်းရပါတယ်။
ဒီတစ်ခါတော့ မိဘတွေက တောင်ပုလင်းဝင်းရပ်ကွက်ထဲမှာနေမယ်ဆိုတော့
အဲဒီအရပ်နဲ့နီးတဲ့ မြန်မာ့နောက်ဆုံးဘုရင်ငယ်ငယ်က စာသင်ခဲ့တဲ့
ဒိုင်အိုစီဆင်ခေါ် သံတဲကျောင်းခေါ်တဲ့ အမှတ်တစ်ဆယ် အ.ထ.က ကို
ကျောင်းပြောင်းပြီးအပ်ခဲ့တော့ ၊
ကျနော့်ဘဝမှာ လူက သုံးတန်းကျောင်းကသုံးကျောင်း။
ငယ်ငယ်ကစာဆိုထဲကအတိုင်းသာဆိုရင် သုံးကျောင်းပြောင်းသောရှင်
ဆိုတဲ့အထဲကို အလိုလိုပါသွားပါတော့တယ်။
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။
(13-12-2011)
-
16 comments
koyinmaung
December 13, 2011 at 8:59 am
ပြန်မရနိုင်တော့တဲ့ ငယ်ငယ်ကအကြောင်းလေးတွေ
အပူအပင်မရှိ …..
ပြန်တွေးကြည့်တော့ လွမ်းမောစရာကြည်နူးစရာတွေအပြည့်နဲ့
လူတိုင်းမှာရှိနေကြမှာပါ….
ငယ်ငယ်ကအကြာင်းလေးတွေအစဖေါ်ပေးတဲ့ဆရာပေါက်
ကျေးဇူးပါ……..
Gipsy
December 13, 2011 at 9:15 am
ကိုပေါက် အစဖေါ်မှ ငယ်ကအကြောင်းတွေကို သတိရမိ၊ လွမ်းဆွတ်မိတာ အမှန်ပါ ..၊
ငယ်ဘဝကို ပြန်မရောက်ချင်တော့ပေမဲ့ ( မဖြစ်နိုင်တော့လို့ 😛 )
ငေးမှိုုင်တွေး ဆွေး မိပါတယ် …။
blackchaw
December 13, 2011 at 9:58 am
စောင့်ဖတ်နေပါတယ် ဗျို့။
super
December 13, 2011 at 12:53 pm
လေးပေါက်ရေးပြတဲ့ ငယ်ဘဝအကြောင်းလေးဖတ်ပြီး ကျနော်တို့ သူငယ်ချင်းတွေ ဗန်ဒါသီးကို တန်းစီပြီး ဒိုးပစ်ခဲ့တာလေးတွေကို သတိရသွားမိတယ်ဗျာ……… အတိတ်ဆိုတာ ပြန်မရနိုင်တဲ့ ဆုံးရူံးသွားတဲ့ အရာတွေထဲက တစ်ခုပါပဲဗျာ၊ ဒါပေမယ့် တမ်းတပြီး လွမ်းနေလို့တော့…………….:D
Moe Z
December 13, 2011 at 12:57 pm
လေးပေါက်ရဲ့ ငယ်ဘဝအကြောင်းတွေဖတ်ပြီး
ငယ်ငယ်ကအကြောင်းတွေပြန်စဉ်းစားရင် လွမ်းစရာကောင်းတယ်
အခုလို အိုင်တီခေတ်မဟုတ်တော့ မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့်
သူငယ်ချင်းအချင်းလည်း ပိုပြီးရင်းနှီးနွေးထွေးသလိုပဲ..
kotun winlatt
December 13, 2011 at 1:00 pm
ငယ်စဉ်က ကလေးတို့ဘဝဟာ..ပျော်ပါးဘို့ရာလွယ်ပါတယ်…။
ငယ်ဘဝကိုလွမ်းးးးမိပါတယ်..
ဆက်ပါဦးးး ကိုပေါက်ရေ….။
ကိုပေါက်(မန္တလေး)
December 13, 2011 at 8:55 pm
ကျနော်ကလည်း ကလေးဘဝကတည်းက ကွဲသွားပြီးပြန်မတွေ့တော့ သူငယ်ချင်းတွေကို သတိရလို့ရေးတာပါဗျာ။
windtalker
December 13, 2011 at 9:46 pm
မှတ်မိပါတယ် အတူးရယ် ( ယခုအခါ ဒေါ်တူး )
သတိရပါတယ် အသက်ရယ် ( ယခုအခါ ဒေါ်သက် )
အဆိုပါ အတူးကော အသက်ကော နဲ ့ပြန်ဆုံလို ့ဆုံငြားပေါ့လေ…..
ကိုပေါက်(မန္တလေး)
December 13, 2011 at 9:54 pm
ကျနော်က လူပျိုဖြစ်တဲ့အရွယ်မှာ ယောက်ျားလေးသီးသန့်ထားတဲ့ကျောင်းမှာနေခဲ့တာဆိုတော့
အဲဒီဇာတ်လမ်းတွေက မရှိပြန်ဘူး။
TTNU
December 13, 2011 at 10:30 pm
ကိုပေါက်ရေ.. မြစ်ငယ်ကျောင်းလေးက အခုကောစာသင်ခန်းအဖြစ်သုံးသေးရဲ့လား။
သနားစရာလေးနော်။
ငယ်ငယ်တုန်းက ပြေးလွှားကစားကြပုံလေးတွေရေးထားတာ အသက်ဝင်တယ်။
ဆွတ်ပျံဖွယ်လေးပေါ့။
(ဒါပေမယ့် ဒီပိုက်ဆံသံတချွင်ချွင်လေးရပ်သွားအောင် 1966ခုနှစ်မှာ ပိုက်ဆံအပေ့ါစေ့
တွေပေါ်လာပါတယ်။) ဒီနေရာလေးမှာ ရေးထားပုံက ထိမိတယ်၊ အကြွေသံလေးတွေ
တောင်ကြားရသလိုပဲ။
မောင်ရင့် စာမူ ပုံနှိပ်ပါ။
ကိုပေါက်(မန္တလေး)
December 14, 2011 at 8:36 am
ပုံနှိပ်ဘို့ကတော့ ကျနော်တို့ သူကြီးနှစ်သက်မှဖြစ်လာမှာပါမာမီရေ။
ကိုပေါက်(မန္တလေး)
December 14, 2011 at 8:43 am
မာမီရေ
ကျနော်နှစ်တန်းတုံးက နေခဲ့တဲ့စာသင်ခန်းလေးနေရာလေးက လူနေတိုက်ခန်းဖြစ်နေပါပြီ။
ပင်မဆောင်ကြီးကတော့ မြင်တဲ့အတိုင်း ပျက်စီးယိုယွင်း။
ဒါပေမယ့်လဲ ဒါကိုပြုပြင်ဘို့ အင်အားက ကိုယ့်မှာမရှိ။
ဆူး
December 14, 2011 at 9:19 am
ဓါတ်ပုံက ကင်မရာ ခလုပ်မပျက်ခင်က ရိုက်ထားတာ ထင်တယ်။
ပုံက ကြည်တောက်ပြီးတော့ ကျောင်းအိုလေးကို မြင်ရတာ လွမ်းစရာလေး ဖြစ်နေသလိုပဲနော်..
ကိုပေါက်(မန္တလေး)
December 14, 2011 at 9:48 am
မဆူးရေ
အဲဒီပုံက ကင်နွန်နဲ့ရိုက်ထားတာပါ။
အချို့ပုံတွေက ဆမ်ဆောင်းနဲ့ရိုက်ထားတာပါ။
ကင်မရာကတော့ တလှည့်စီအဆင်ပြေသလိုသုံးပါတယ်။
ကင်နွန်က မော်ဒယ်ပိုမြင့်တာရယ် ဆိုင်မရောက်သေးတာရယ်ကြောင့်ကောင်းတယ်။
ဆမ်းဆောင်းကတော့ ဆေးရုံတစ်ခါတက်လိုက်တာရယ် ကျနော်ဟိုပြောင်းဒီပြောင်းနဲ့လက်ဆော့မိတာရယ်ကြောင့်အရင်လောက်စိတ်တိုင်းမကျဘူးဖြစ်နေပါတယ်။
pooch
December 14, 2011 at 12:18 pm
လေးပေါက်ရဲ့ ကျောင်းကြီးက လွမ်းစရာကြီး တော်တော်လေးလည်း ပျော်စရာကောင်းခဲ့မှာ ပေါ့နော်.
အနော်က တော့ ကျောင်း ၂ ကျောင်းပဲ ပြောင်းခဲ့ရတယ် .
အနော် ငယ်ငယ်က နေခဲ့တဲ့ ကျောင်းက တောင်ငူက ဈေးတန်းဟောင်း ကျောင်းဆိုတဲ့ မူလတန်း ကျောင်းလေးလေ . … ၃ တန်းလောက်လည်း ကြရော မန္တလေးကို အပြီး ပြောင်းခဲ့ရတယ် …
မနှစ်ကတော့ တခေါက်ပြန်ဖြစ်သေးတယ် ကျောင်းကြီးက အရင်အတိုင်းပါပဲ …
ငယ်ငယ်က အနော်နဲ့ မူကြို တူတူတက်ခဲ့တဲ့ ငယ်သူငယ်ချင်း တယောက်လည်း ဒီအတိုင်းပဲ ရှိသေးတယ် ….
ငယ်က ကျွမ်းတဲ့ ငယ်ကျွမ်းဆွေလေ …. ဟီး
ဒါနဲ့ လေးပေါက် ကလည်း မုန့်ပစ်စလက်ကျွေးတဲ့ မခင်အေး ကြတော့ မမေ့နိုင်သေးဘူးပေါ့နော် …
အန်တီနဲ့တွေ့ရင် တိုင်ပြောမယ်… … ဟီး….
ကိုပေါက်(မန္တလေး)
December 14, 2011 at 1:06 pm
နန်းမတော်ရဲ့
အဲဒီမခင်အေး အမျိုးစပ်ရင် မောင်နှမ နှစ်ဝမ်းကွဲတော်ပါသကွဲ့။