ငယ်ငယ်တုံးကခေါင်းလောင်းသံအပိုင်းသုံး(မီးရထားနဲ့ ကျောင်းတက်ခြင်း)

“ငယ်ငယ်တုန်း ခေါင်းလောင်းသံ အပိုင်းသုံး”

(မီးရထားနှင့်ကျောင်းတက်ခြင်း)

(အရင်ကတော့ ဒိုင်အိုနောက်တော့ အ.ထ.က ၁၀)

1 ပင်မ သံတဲ့သုံးထပ်ကျောင်းဆောင်

2 အလည်ကျောင်းဆောင် ဘေးဘက်မြင်ကွင်း

 

4 သုံးတန်းတက်ခဲ့ရတဲ့စာသင်ဆောင်
5 တတိယတန်းတက်တဲ့ကျောင်းဆောင်
6 ကျနော်တို့ဆော့ခဲ့တဲ့ မန်းကျည်းပင်ရိပ်

ကျောင်းတွေဖွင့်တဲ့အချိန်ရောက်တဲ့အခါ ကျနော့်အဖေက ကျနော်ကို မန်းလေးက

“သံတဲကျောင်း(ခ)ဒိုင်အိုစီဇင်ကျောင်း”မှာသွားပြီးကျောင်းပြောင်းပြိင်္းနေရမယ်လို့ပြောပါတယ်။

ရှေးတုံးကတော့ ဒိုင်အိုကျောင်းလို့ခေါ်ကြပါတယ်။

ပြည်သူပိုင်သိမ်းပြီးတဲ့နောက်ပိုင်းမှာ တော့ အမှတ်(10)အ.ထ.ကလို့ပြောင်းခေါ်ပါတယ်။

မန်းလေးကျောင်းနာမယ်တွေနဲ့ပါတ်သက်ပြီးထူးခြားတာလေးကို

ကျနော်မှတ်မိသလောက်လေးပြောပြချင်ပါသေးတယ်။

မန်းလေးကကျောင်းတွေက သီးသန့်နာမယ်တွေနဲ့ရှိနေတာလေးကိုပါ။

ဟိုအရင်ပြည်သူပိုင်မသိမ်းမီကာလမှာ ခရစ်ယန်သာသနာပြုကျောင်းတွေကလဲ

သူတို့ရဲ့ ဘုန်းတော်ကြီးတွေရဲ့ နာမယ်တွေနဲ့။

ကျနော်တို့မြန်မာတွေထောင်တဲ့ကျောင်းတွေကလဲ မြန်မာနာမယ်တွေနဲ့ရှိခဲ့ကြတာပါ။

သာသာနာပြုကျောင်းတွေဆိုရင်

“စိန့်ဂျိုးဇက်ကော်ဗင့်”  ၊”ဖားသားလဖုန်း    “၊၊” ဝက်စလီ   “၊” စိန့်ဪဂတ်စတင်   “

”   စိန့်ဇေးဗီးယား  “၊”  စိန့်ပီတာ  “၊” ဒိုင်အိုစီဇင်   “ဆိုတဲ့နာမယ်တွေရှိသလို၊

ကျနော်တို့မြန်မာကျောင်းတွေမှာလဲ

“နေရှင်နယ်ကျောင်း”၊”အမျိုးသားကျောင်း    “၊” နေပြည်တော်“၊”သျှန်ကျောင်း”

“ပွဲကုန်းကျောင်း”၊”ခရေပင်ဝိုင်းကျောင်း”၊ဦးတင်ဦးကျောင်း”၊”အိုဗာစီးကျောင်း”

“တိုင်းချစ်ကျောင်း”ဆိုပြီးကျောင်းတွေကိုနာမယ်တွေနဲ့ဖွင့်ခဲ့ကြပါတယ်။

ဒါပေမယ့် ပြည်သူပိုင်းသိမ်းပြီးတဲ့အခါမှာတော့

မူလတန်းကျောင်း ၊အလယ်တန်းကျောင်း၊အထက်တန်းကျောင်းဆိုခွဲခြားပြီး

တစ် နှစ် သုံး လေး အမှတ်စဉ်တွေထိုးပြီးပြောင်းလဲခေါ်ခဲ့ပါတော့တယ်။

ဒါကတော့ ကျောင်းတွေနဲ့ပါတ်သက်တဲ့ထူးခြားတဲ့ပြောင်းလဲမူ့လေးပေါ့။

 

ကျနော်ပြောင်းမယ်ဆိုတဲ့ ဒိုင်အိုကျောင်းကတော့ မြန်မာရာဇဝင်နဲ့ဆက်စပ်နေတဲ့

ကျောင်းလေးပါဘဲ။

မြန်မာနောက်ဆုံးဘုရင်သီပေါမင်းတို့လိုမင်းညီမင်းသားတွေကိုခေတ်ပညာသင်နိုင်အောင်

ဆရာမတ်ဆိုတဲ့နိုင်ငံခြားသားကိုကျောင်းတည်ထောင်ခွင့်ပေးခဲ့တယ်လို့သိရပါတယ်။

နောက်ဒီကျောင်းနေရာက သံတမန်တွေ တည်းခိုစရာနေရာကိုကျောင်းအဖြစ်ပြောင်းလိုက်

တဲ့အတွက်သံတဲကျောင်းလို့လဲခေါ်ပါတယ်။

နာမယ်အမှန်ကတော့ ဒိုင်အိုစီဇင်ကျောင်းပါဘဲ။

မန်းလေးမြို့မှာသက်တမ်းအကြာဆုံးကျောင်းဆိုရင် မမှားလောက်ပါဘူး။

 

မန်းလေးက ဒိုင်အိုကျောင်းကိုပြောင်းပြီးနေရမယ်ဆိုတော့ မြစ်ငယ်ကျောင်းကနေထွက်

ပြီး ဒိုင်အိုကျောင်းကိုပြောင်းဘို့အတွက်လုပ်ရပါတယ်။

အဲဒီတုံးက ဒိုင်အိုကျောင်းအုပ်ဆရာမကြီးက ဒေါ်ခင်ခင်မျိုးပါ။

ကလေးဆိုတော့ ကျောင်းအသစ်ပြောင်းတက်ရမယ်ဆိုတော့ပျော်ပါတယ်။

ကျနော်တို့ပြောင်းနေမယ်ဆိုတဲ့အိမ်က ကျနော်အမေရဲ့အဘိုးနေတဲ့

22စီလမ်းရဲ့မြောက်ဘက်မှာရှိတဲ့ တောင်ပုလင်းဝင်းရပ်ပါ။

တောင်ပုလင်းဝင်းဆိုတာ မြန်မာပြည့်ရဲ့ ရီဆိုက်ကယ်အင်အားစုရပ်ကွက်ကြီးပေါ့။

သတင်းစာအစုတ်၊စက္ကူအစုတ်၊ဂျဒ်စက္ကူအစုတ်၊ပုလင်းလွတ်ခွက်လွတ်တွေကနေ

လူသုံးကုန်ပစ္စည်းဖြစ်အောင်ဖန်တည်းနေတဲ့ရပ်ကွက်လဲဖြစ်ပါတယ်။

အဲ အရက်အတု ဘာအတု ညာအတုတွေထုတ်လုပ်တဲ့ဒေသကြိးလဲဖြစ်ပါတယ်။

ဒိုင်အိုကျောင်းရဲ့အနောက်ဘက်ဘောလုံးကွင်းကြီးကိုဖြတ်ထွက်လိုက်ရင် 22စီလမ်းပေါ်ပြန်ရောက်ပါတယ်။

အဲဒီကနေအနောက်ဘက်ဆက်ဆင်းရင် မြစ်ဘက်ကိုငေးနေတဲ့ ခြင်္သေ့ကြီးနှစ်ကောင်ကိုတွေ့ရပါမယ်။

အဲဒီကနေနည်းနည်းဆက်သွားလို့ မြောက်ဘက်ကိုသွားတဲ့လမ်းကလေးအတိုင်းလို်က်သွားရင်

ကျနော်တု့ ိအဖိုးအိမ်ကိုရောက်ပါတယ်။

ဒိုင်အိုကျောင်းက 22စီလမ်းနဲ့23လမ်းကြား၊

86လမ်းရွှေတချောင်းမြောင်းရဲ့အနောက်ဘက်မှာပေါ့။

 

မဆီမဆိုင်သတိရတာလေးတစ်ခုကိုပြောပြချင်ပါသေးရဲ့နော်။

22စီလမ်းရွှေတချောင်းမြောင်းကို ကူးတဲ့တံတားက သစ်သားတံတားကြီးပါ။

ကျနော်တို့ငယ်ငယ်ကထိ ရှိပါသေးတယ်။

ဒါပေမယ့် အဲဒီတံတားက ကျနော်တို့ငယ်ငယ်မှာကို ကြမ်းခင်းတွေကပျက်စီးနေပြီ။

လူလျှောက်လို့တောင်မရနိုင်ပါဘူး။

အဲဒီတံတားရဲ့ ခေါင်မိုးမှာပန်းပုရုပ်တွေထုတားလို့” ရုပ်စုံတံတား”လို့ခေါ်ပါသတဲ့။

မသမာသူတွေလက်ချက်ကြောင့်ပျက်စီးကုန်ပါတယ်။

အခုတော့ အဲဒီတံတားကြီးတွေကို ဖျက်ပြီး အင်္ဂတေတံတားနဲ့အစားထိုးထားပါတယ်။

အဲဒီတံတားကိုလွန်လို့ 86လမ်းကျော်လိုက်ရင် လမ်းတောင်ဘက်က ဒိုင်အိုကျောင်း။

လမ်းက အမြင့် ကျောင်းက ချိုင့်ထဲမှာရှိတာ့လမ်းပေါ်ကကြည့်ရင်ကျောင်းကို အပေါ်စီးကနေမြင်နေရပါတယ်။

လမ်းမြောက်ဘက်ကတော့ ဆွေတော်မျိုးတော်သချိုင်းရှိပါတယ်။

ထိန်းသိမ်းစောင့်ရှောက်သူမရှိတော့ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့မြင်ရတာကိုက ကြောက်စရာ။

ဒီသချိုင်းရဲ့အလယ်လောက်မှာ ဘုရားကျောင်းဆောင်လိုလို ဂူအမြင့်ကြီးရှိပါတယ်။

ငယ်ငယ်ကတော့ အဲဒီနားကဖြတ်ရင် သချင်္ိုင်းဘက်ကို မကြည့်ရဲပါဘူး။

အဲဒီထဲမှာ အိမ်ခြေယာခြေမဲ့တွေ နေကြပါတယ်။

နောက်တော့ ဂူတွေဖောက်ပြီးယူကြတော့ ရွှေငွေလက်ဝတ်ရတနာတွေရပြီး

ချမ်းသာသွားသူလဲရှိပါသတဲ့။

အဲဒီသချိုင်းအနောက်ဘက်အဝင်ဝမှာ တော်တော်လေးကြီးမားတဲ့ဇရပ်ကြီးနှစ်ဆောင်ရှိပါတယ်။

တစ်ချို့ကလဲ အသုဘချလာတဲ့အခါ သရဏဂုံတင်တဲ့ဇရပ်။

တစ်ချို့ကတော့လဲ ဒိုင်အိုကျောင်းမှာစာလာသင်တဲ့မင်းညီမင်းသားများတွေကိုလိုက်ပို့တဲ့

အမူ့ထမ်းတွေ နားခိုတဲ့နေရာလို့လဲပြောကြပါတယ်။

အခုအချိန်မှာတော့ အဲဒီရှေးဟောင်းပစ္စည်းတွေနေရာတွေက ပျောက်ကွယ်သွားပါပြီ။

အဲဒီနေရာတွေက လူနေတိုက်ခန်းတွေဖြစ်ကုန်ပါပြီ။

ကျနော်တို့မိသားစုက အမေ့ရဲ့အဘိုးအိမ်ကိုပြောင်းနေကြမယ်လို့သိရပါတယ်။

အခုပုလင်းဝင်းအိမ်က မြစ်ငယ်က ထက်စာရင်ကျောင်းသွားရတာပိုနီးပါတယ်။

မြစ်ငယ်တုန်းကသွားရသလောက်မဝေးဘူးဆိုတော့လဲပျော်ပါတယ်။

မြစ်ငယ်တုံးကအဝေးကြီးလမ်းလျှောက်ရတာကိုး။

ဒါပေမယ့်မန်းလေးအိမ်ကိုမပြောင်းရသေးပါဘူး။

 

လောကကြီးက လူတွေကို ပညာပေးတတ်လွန်းပါတယ်။

နောက်မှသိရတာ အဖုိုးအိမ်မှာနေဘို့က အဆင်မပြေဘူးဆိုတာကိုသိရပါတယ်။

မြစ်ငယ်ကလဲကျောင်းထွက်ခဲ့ပြီ ဟိုမှာလဲကျောင်းအပ်ပြီး ပြီဆိုတော့ ကျနော်မှာ

ရွှေးစရာလမ်းမရှိ မြစ်ငယ်ကနေ မန်းလေးသွားပြီးကျောင်းတက်ရုံပါဘဲ။

ကျောင်းစတက်စကတော့ ကျနော်တို့လိုင်းခန်းရဲ့အနောက်ဘက်က

အကိုကြီးတစ်ယောက်ကလဲဒိုင်အိုကျောင်းမှာကျောင်းတက်မယ်ဆိုတာသိရပါတယ်။

အဲတော့ ကျနော်နဲ့ကျောင်းအတူတက်ဘို့ သူဆီမှာသွားအပ်ပါတယ်။

နေ့တိုင်း မနက်6း30ဆိုရင်အိမ်ကထမင်းချိုင့်ယူပြီးဘူတာရုံကိုသွားရပါတယ်။

ဘူတာရုံနဲ့အိမ်က မန်းလေးလိုဆို လေးငါးပြလောက်ဝေးပါတယ်။

နောက်မန်းလေးသွားမယ့်ရထားနဲ့လိုက်ရပါတယ်။

မီးရထားခကတော့  မမ မိသားစုဝင်ဖြစ်တဲ့ကျနော်တို့က မပေးရပါဘူး။

 

ရထားက မနက်(7)နာရီဆိုထွက်ပါတယ်။

ကျနော်အထင်နာရီဝက်လေးဆယ့်ငါးမိနစ်လောက်တော့ မောင်းရတယ်ထင်ပါတယ်။

မီးရထားရပ်တဲ့ ဘူတာကတော့သိပ်မများပါဘူး။

မြစ်ငယ် တံခွန်တိုင် မြို့ဟောင်း ရှမ်းစု ပြီးရင်မန္တလေးရောက်တာပါဘဲ။

ဘူတာကြီးထဲရောက်ရင် အတွင်းစင်္ကြန်တံတားကနေရထားလမ်းကိုကျော်။

ဘူတာအပြင်ဘက်ထွက်။

မြောက်ဘက်တံတားပေါ်တက်ပြီးအနောက်ဘက်ကိုဆင်းလိုက်ရင်တရုပ်တန်းဈေးကိုရောက်။

ရှုပ်ထွေးစည်ကား ဆူညံလှုပ်ယှားနေတဲ့ အဲဒီဈေးကိုဖြတ်ပြီး 29လမ်းကနေအနောက်ဘက်သွား၊

တရုပ်တန်းဈေးကြီးက 79လမ်းပေါ်မှာ ။

အနောက်ဘက်ဆင်းလိုက်တော့ လမ်း80။

အရှေ့ဘက်ကနေ အနောက်ဘက်ကိုကူးပြီး ကားဂိတ်သွား.

အမှတ်ခြောက်ဘတ်စ်ကားနဲ့လိုက်သွားရင်ကျနော်နေတဲ့ဒိုင်အိုကိုရောက်ပါတယ်။

ကားခကတော့ ဆယ်ပြားပါဘဲ။

ညနေကျောင်းဆင်းရင်လဲ အမှတ်ခြောက်လိုင်းကားစီး။

တရုပ်တန်းဆင်း။

မီးရထားပေါ်တက် လေးနာရီဆိုရထားထွက်ပါတယ်။

ညနေဆိုရင်တော့ တစ်ခါတစ်လေ အဖေတို့အမေတို့က လမ်းလျှောက်ရင်းလာကြိုပါတယ်။

ဒါနေ့စဉ်ဖြတ်သန်းသွားရတဲ့ ခရီးစဉ်အတိုလေးပေါ့။

 

အစကတော့ အဖေတို့အပ်ပေးတဲ့ကျောင်းသားကြီးက ကြည်ကြည်သာသာ။

နောက်ကျနော်ပါလာတာသူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်တာလိုလို

မခေါ်ချင်တာလိုလိုလုပ်လာတော့ငယ်ကတည်းက နည်းနည်းကျယ်ချင်တဲ့ကျနော်က

သူနဲ့အတူမလိုက်တော့ပါဘူး။

ရထားပေါ်တက်ကတည်းက သူရှိတဲ့တွဲကိုလိုက်မတက်တော့ပါဘူး။

ရထားကဆင်းရင်လဲ ကိုယ့်ဘာသာကိုယ်သွားပါတယ်။

အိမ်ကိုလဲအလုပ်ရှုပ်ခံပြီးပြောပြမနေတော့ပါဘူး။

တစ်ယောက်ထဲသွားစကတော့ နည်းနည်းကြောက်သလို။

နောက်တော့လဲ ကိုယ့်အားကိုယ်ကိုး ဖြစ်သွားတာပါဘဲ။

အဲဒီခေတ်က အခုခေတ်လိုကားမရှုပ်ဆိုင်ကယ်မရှုပ်ဆိုတော့ လမ်းကူးရတာသိပ်မခက်ခဲ့ပါဘူး။

နေ့စဉ်တစ်ယောက်ထဲသွားနေတာကို သိတဲ့ အမှတ်ခြောက်လိုင်းကားက စပယ်ယာဦးလေးကြီး

တွေက ကျနော်လာတဲ့အချိန်နဲ့သူတို့အားနေချိန်ကြုံရင် လမ်းတစ်ဘက်ကိုကူးပြီးလာကြိုပေးပါတယ်။

 

မီးရထားနဲ့ခရီးသွားရတာကိုကျနော်ပျော်ပါတယ်။

တရွှေ့ရွှေ့ တအိအိ တဂျုံးဂျုံး တဂျက်ဂျက်နဲ့ပြေးနေတဲ့ရထားကြီးပြူတင်းပေါက်ကနေအပြင်ဘက်ကို

ကြည့်လို်က်ရင် စိမ်းစိုတဲ့စပါးပင်လေးတွေက လေအလာမှာယိမ်းကနေသလို။

သစ်ပင်တွေဓါတ်တို်င်တွေကလဲ ခြာလည်လှည့်ပြီး နောက်မှကျန်ခဲ့ကြ။

လမ်းအကွေ့တွေမှာပြူတင်းပေါက်ကနေခေါင်းပြူကြည့်ရင် ရထားတွဲကြီးရွှေ့နေပုံက

ပိုးနှံကောင်လိုလို ကင်းခြေများလိုုလိုနဲ့တကယ်လှပါတယ်။

စိတ်ပျက်စရာကောင်းတာကတော့ မကြာခဏကျောက်မီးသွေးအမှုံ မျက်စေ့ထဲဝင်တာပါဘဲ။

နောက်ထပ်စိတ်ညစ်စရာတစ်ခုကတော့ ဘယ်တော့မှသန့်ရှင်းရေးမလုပ်တဲ့ မီးရထားတွဲ

တွေကညစ်ပတ်နံစော်လို့ အနံ့ဆိုးတွေထွက်နေတာပါဘဲ။

ပိုစိတ်ညစ်စရာကောင်းတာကတော့ သူတောင်းစားတွေတက်၊

ဈေးသည်တွေ က တက်လာ လူတွေကိုကျော်ခွလို့ ဈေးရောင်းကြတာပါဘဲ။

ဒါကတော့ မြန်မာပြည် မမ နဲ့ခရိးသွားရင်ကြုံရတာလေးပေါ့။

 

ကျနော်ဒိုင်အိုကျောင်းကိုတက်တဲ့အခါနေ့လည်စားဘို့ ထမင်းကို မနက်ကတည်းက

ချိုင့်နဲ့ထည့်လာရပါတယ်။

ဆိုးတာကတော့  ရာသီဥတု ပူပြင်းတဲ့ရက်များမှာ ဟင်းသိုးတတ်တာပါဘဲ။

အဲလိုခဏခဏဖြစ်ပြန်များတော့ အိမ်က ထမင်းဆီဆမ်း ပြီး

ဘဲဥ ကြက်ဥ ဝက်အူချောင်းဒါမှမဟုတ်အသားကျော်တစ်မျိုးထဲဘဲထည့်ပေးလိုက်ပါတယ်။

ငယ်ကတည်းက ထမင်းချိုင့်နေနေလိုက်ရတာ အခုချိန်ထိပါဘဲ။

အဲလိုအကြော်အလှော်တွေနဲ့စားနေကျဖြစ်နေတော့ ဟင်းရည်တို့

အနှစ်တို့ကို မက်မက်မောမောမစားတတ်တော့တာပါဘဲ။

 

ကျနော်တို့ မူလတန်းကျောင်းသားဘဝမှာ ဆရာမကြီးဒေါ်ယော ကဒိုင်အိုမှာစီနီယာဆရာမကြီးပါ။

အသင်အပြကောင်းတယ်ဆိုပြီးနာမယ်ကြီးပါတယ်။

ဆရာမကြိးက သုံးတန်း(က)မှာသင်ပါတယ်။

ကျနော်က သုံးတန်း(ခ)မှာတက်ရပါတယ်။

ဆရာမ ဒေါ်မြင့်မြင့်သိန်း အတန်းမှာနေရပါတယ်။

ကျနော်တို့ကျောင်းတက်တုံးက တိုက်တိုက်ဆိုင်ဆိုင် သုံးတန်း(ခ)တစ်တန်းထဲမှာ

တင် မြင့်သိန်း ဆိုတဲ့နာမယ်တူ ကျောင်းသားခြောက်ယောက်ရှိနေတာပါဘဲ။

ပြန်စဉ်းစားရင် အဲဒီအတန်းတွေတုံးက ဘာစာတွေသင်ပြီးဘယ်လိုစာကျက်ခဲ့တယ်ဆိုတာ

ကိုတော့ ပြန်စဉ်းစားလို့မရပါဘူး။

ကံကောင်းတယ်လု့ိဆိုရမှာကတော့ အခုခေတ်ကလေးများထက်စာရင် ကစားချိန်တွေရှိနေတာပါ။

ကျနော်တို့ငယ်ငယ်က တစ်ပါတ်တစ်ကြိမ် ကိုယ်လက်ကြံ့ခိုင်ရေး ဆိုတဲ့  PT ချိန်တစ်ချိန်ရှိပါတယ်။

အဲဒီအချိန်ဆိုရင်  ကျောင်းသားအားလုံးကျောင်းအနောက်ဘက်မှာရှိတဲ့ ဘောလုံးကွင်းကြီးထဲကို တန်းစီပြီးသွားရပါတယ်။

PTဆရာကတော့ ဆရာဦးမြဘူးပါ။

ဆရာကြီးကထောင်ထောင်မောင်းမောင်း ခေါင်းကဆံပင်မရှိတဲ့နေရာတွေကပြောင်နေပါတယ်။

အဲဒီအချိန်ဆိုရင် ကျန်းမာရေးသွေးပူလေ့ကျင့်ခန်းတွေလုပ်ရပါတယ်။

နောက်ဆရာကြီးက ကျနော်တို့ကို ဘောလုံးကန်ခိုင်းပါတယ်။

အတော်ကိုပျော်စရာကောင်းခဲ့ပါတယ်။

ကျနော်တို့ကကျောင်းရဲ့အနောက်ဘက်ဆုံး တောင်မြောက်တန်းထားတဲ့

အဆောင်ကြီးမှာတက်ရတာပါ။

သုံးတန်းအေက မြောက်ဘက်အစွန်ဘီက အလည်ခန်းဖြစ်ပါတယ်။

 

ကျနော်သုံးတန်းကျောင်းသားဘဝမှာ မှတ်မိနေတဲ့သူငယ်ချင်းကတော့

အရှည်ကြီးမြင့်သိန်း၊ဂျပုမြင့်သိန်း၊သိန်းတန်ခိုင်၊ခိုင်စိုးလှ၊ကျော်မျုးိထွန်း၊ဌေးအောင်၊တင်လေး၊

သိန်းထွန်းဝင်းနဲ့ပန်ချာပီအမျိုးသား ဂျေဘီဆင်းနဲ့ မိန်းခလေးထဲကဆိုရင် ဖရီးဒါဆိုတဲ့ကုလားမလေးနဲ့အမဲအိုးတန်းမှာနေတဲ့ယဉ်ယဉ်နုပါဘဲ။

အခုအချိ်န်မှာတော့ ဒီသူငယ်ချင်းတွေထဲမှာ သူနဲ့ကိုယ်နဲ့အမြဲတွေ့နေသူလဲရှိ။

တစ်ခါတစ်ရံတွေ့သူလဲရှိ။

မူလတန်းကျောင်းသားဘဝကိုလွန်မြောက်ပြီးကတည်းက ပြန်တွေ့သူလဲရှိ၊

ဘယ်သူကတော့ ဘယ်မှာဆိုတဲ့သတင်းစကားနဲ့ကြားရသူလဲရှိ။

ကွဲသွားပြီးကတည်းက အခုချိန်ထိ စာမလာသတင်းမကြားသူလဲရှိ။

အခုလိုပြန်တွေးမိရင်တော့ အတော်လေးသတိရပါတယ်။

မှတ်မှတ်ရရသတိရစရာလေးကတော့ အင်မတန်သဘောကောင်းတဲ့သူငယ်ချင်း

ဂျေဘီဆင်း စိတ်ဆိုးတာကိုပါဘဲ။

ကျနော်တို့တတွေဆော့ရင်းကစားရင်းက သစ်ပင်နဲ့ညိပြီး ဂျေဘီဆင်းရဲ့ခေါင်းမှာ

ပါတ်ထားတဲ့ဘောင်းထုပ်က ပုဝါစလေး ပြေသွားပါတယ်။

အဲဒါကိုတစ်ယောက်က ယူပြီးထွက်ပြေးပါတယ်။

ဂျေဘီဆင်းကပြန်တောင်းတာမရတော့ စိတ်တွေတိုတာကိုပါ။

 

ကျနော်တို့ကျောင်းမှာ မုန့်ဆိုင်တွေက ကျနော်တို့အခန်းရဲ့ အနောက်ဘက်ထဲမှာရှိပါတယ်။

အပျော်ဆုံးအချိန်ကတော့ သီးသီးပေါ်ချိန်ပါ။

အိမ်ကပေးတဲ့မုန့်ဘိုးကို မုန့်မစားဘဲ သီးသီးရိုက်ကြတာပါ။

သီးသီးတစ်လုံး ဆယ့်ငါးပြား တစ်မတ်၊

သီးသီးကို ပိုက်ဆံဆယ်ပြားစေ့ အမာ ဒေါင့်နဲ့အခွံမ မမာ တစ်ဒေါက်ဒေါက်ခေါက်ကြည့်။

ပြီးရင် ကိုယ်ရိုက်လှည့်လား အရင်ခံရမယ့်အလှည့်လားဆိုတာကိုပို်က်ဆံနဲ့ခေါင်းပန်းလှန်။

ပြီးရင်သီးသီးတစ်လုံးကအောက်ကခံ တစ်ယောက်က အပေါ်က ထု ကွဲသွားတဲ့ကောင်ကို

အရှုံးသတ်မှတ်ပြီး ကွဲတဲ့သီးသီးကို နိုင်တဲ့သူကိုပေးလိုက်ရပါတယ်။

မနက်မိုးလင်း မီးရထားစီးပြီး မန်းလေးလာ ကျောင်းတက်။

တစ်ခါတစ်လေ ကလေးဆိုပြီး ကားခမယူရင် အဲဒီပိုက်ဆံကိုမုန့်ဘိုးအဖြစ်ပိုရ။

ဒီဘဝနဲ့အသားကျနေခဲ့ပါတယ်။

မပြောင်းလဲဘူးဆိုတာမရှိဘူးဆိုတဲ့လောက သဘောတရားက သိပ်မှန်ပါတယ်။

တစ်ရက် ကျောင်းအလာ တရုပ်တန်းဈေးထဲမှာ အဖေရဲ့အမေဘက်က အဖွားရဲ့

အိမ်နီးနားခြင်း ဒေါ်စိန်မြိုင်ကိုတွေ့လိုက်ရပါတယ်။

သူကကျနော့်မြင်တော့ အရမ်းအံ့ဩနေပါတယ်။

အဲဒီနေ့ညနေ ကျနော်ကျောင်းဆင်းလို့ မြစ်ငယ်အိမ်ကိုရောက်တော့

အဖေ့ဘက်က အဖွားရော အမေ့ဘက်က အဖွားရောအိမ်ကိုရောက်နေပါတယ်။

အဲဒီနေ့ကစလို့ အသားကျနေတဲ့ ဘဝလေးက နေ တီးလုံးအသစ်နဲ့ကကြိုးအသစ်ကို

ကပြရပြန်ပါတော့တယ်။

အဲဒီအချိန်က ကျနော်မြစ်ငယ်ကနေမန်းလေးကိုကျောင်းလာတက်တာ နှစ်ဝက်ကျော်နေပါပြီ။

အဲဒါကတော့ ………………………………………………………….

 

 

(ဆက်လက်ဖော်ပြပါမည်။)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။

(16-12-2011)

 

 

 

 

 

 

 

 

 

 

 

14 comments

  • inz@ghi

    December 16, 2011 at 9:20 am

    လေးပေါက်က ကျောင်းအကြောင်းကြွားတော့
    ကျုပ်လည်း အားကျမခံ ကြွားရပေမပေါ့ …..

    “ကျုပ်တက်ခဲ့တဲ့ကျောင်း”

    သေတဲ့အချိန်ထိ အဲ့သည့်ကျောင်းက
    ကျောင်းသားဖြစ်ခဲ့ရတာ ဂုဏ်ယူနေမယ့်ကျောင်း..
    ဝင်းဦး အစ ကိုညီထွဋ်အလယ် ကျော်ထွဋ်ဆွေအဆုံး ထွက်ခဲ့တဲ့ကျောင်း…
    အ.မ.က အ.လ.က အ.ထ.က တံဆိပ်မတပ်တဲ့ကျောင်း..နံပါတ်မတပ်တဲ့ကျောင်း ….
    လက်မောင်းတံဆိပ် ရင်ဘတ်တံဆိပ် မကပ် ရင်ထိုး တပ်တဲ့ကျောင်း……
    ဘယ်သူ့ကိုမှ ဘယ်တော့မှ …မင်္ဂလာပါ လို့ မနှုတ်ဆက်တဲ့ ကျောင်း …
    လက်ညှိုးတချောင်း နှုတ်ခမ်းပေါ်တင်တဲ့ ယဉ်ကျေးမှု နဲ့ ကိုယ်ပိုင်ဟန်ကို ထိန်းသိမ်းထားတဲ့ကျောင်း…
    ကျောင်းသားတွေကို အမှတ်အလိုက် အဆင့်အလိုက် A,B,C,D မခွဲတဲ့ကျောင်း …
    အခြေခံပညာဦးစီးဌာန အောက်မှ မရှိတဲ့ တခုတည်းသောကျောင်း ….
    အဲ ….ပြောရရင်…
    ကျန်ကျောင်း(တရုတ်မင်းသားမဟုတ်ပါ) တွေအားလုံး မနာလို တဲ့ ကျောင်း ….
    သည်ကျောင်း ကိုထိရင် ဆတ်ဆတ်ထိမခံတဲ့ ကျောင်းသားတွေ မွေးထားတဲ့ကျောင်း…
    နိုင်ငံတော်ကျောင်း ရယ်လို့ အော်နေတဲ့ ..မြို့လယ်ခေါင် ရုပ်ရှင်ရုံဘေးကကျောင်းကို
    ကိုယ်ပိုင်မူနဲ့ ပျက်ရယ်ပြုတဲ့ကျောင်း…

    (အင်း …ငါ့တော့ မမာတဲ့ကြားထဲက လူချစ်လူခင်ပေါအောင် ရေးမိပြန်ဘီ ….
    ပြန်ကွေးလိုက်ဦးမှ ….)

    • ကြောင်ကြီး

      December 16, 2011 at 11:07 am

      ေဩာ် သိဘီ သိဘီ။ လသာ (၂) အထက်တန်းကျောင်းမှာ ဂီဂီတက်ခဲ့တာကိုး။။ ကြောင်ကြီး တိုင်းပြည်နဲ့လူမျိုးအတွက် ဂလဲ့စားချေဖို့ ခြေရှုပ်ခဲ့ရာ နေရာတခုပေပဲ။။။ 😎

      • inz@ghi

        December 16, 2011 at 11:19 am

        ဥကြောင်
        လသာ(၂) သိပ်ကြိုက်တယ်ဟလား …
        ကျုပ်က စမ်းချောင်း(၂) ပို အာတွေ့တယ်…
        အဲ့လေ ..ရှုပ်ကုန်ဘာဘီ…

        ခီညား ကို ..
        တီလုပ်မကြိုက်တာလေးတခုဘဲ မကြည်ညိုဘူးဂျာ
        ဘီကော့စ် အကြိုက်ချင်းတူလို့ …

        • ကြောင်ကြီး

          December 16, 2011 at 12:08 pm

          စမ်းချောင်း ၂ သွားတုန်းက လှုပ်လှီလှုပ်လှဲ့လျောက်ပြနေတဲ့ အီးဒုံးလောင်းလျာလေးကို မတွေ့ခဲ့ဘူးလား။ သူက အဲဒီတုန်းက မယ်တော်လုပ်ဖို့ ဘယ်ညာ ခြေနှစ်ဖက်ကို တကြောင်းထဲထား အလျောက်ကျင့်နေတာ။ အိမ်မှာဆို ဝါးလုံးတန်းပြီး အလျောက်ကျင့်နေလို့ ဦးမောင်မောင် ဆပ်ကအဖွဲ့က ဘုရားပွဲမှာကဖို့ ကမ်းလှမ်းတာ ခံရဖူးသတဲ့။ 😛

  • kotun winlatt

    December 16, 2011 at 9:30 am

    ကိုပေါက်ရေ….
    စောင့်မျှော်ဖတ်ရှု့နေပါတယ်ခင်ဗျာ….

  • naywoonni

    December 16, 2011 at 11:47 am

    ဟိုသီချင်းလေး သွားသတိရတယ် ကိုပေါက်ရေ………..။ ကိုင်ဇာဆိုခဲ့တာလေ………။
    ” ငယ်ငယ်တုန်းကသူငယ်ချင်း အရမ်းပဲ ချစ်ဖို့ ကောင်းတယ်……….. အိမ်အပြန် ကျောင်းအဆင်မှာ သီချင်းလေးဆို……” …။
    ခင်ဗျားကော ကျောင်းဆင်းလို့ အိမ်ပြန်ရင်း လမ်းမှာ သီချင်းဆိုခဲ့ဖူးလား?

    • windtalker

      December 16, 2011 at 1:51 pm

      သီချင်းဆိုမဆိုတော့ မသိ ။
      သေချာတာကတော့
      ငယ်ငယ်ကတည်း က လက်ဆော့ခဲ့သည်မှာတော့ အသေအချာပင် ဖြစ်၏
      အဘယ်ကြောင့် ဆိုသော်
      ကိုပေါက်ကိုယ်တိုင် စနက်ရှော့ မဟုတ်သော လက်ဆော့ ဟု မကြာခဏ ဝန်ခံခြင်း ကို ထောက်၍ မှတ်ချက် ချလိုက်ရချေပြီ တမုံ ့။

  • “ဘီလူးကြီး”ogre

    December 16, 2011 at 5:30 pm

    ကပေ
    တော်သေးတာပေါ့…ဒို့အကိုပေါက်လက်ပဲဆော့လို့
    လက်ပါ ကမြင်းရင် အင်း….မစဉ်းစားရဲဘူး..ကြောက်ချာဂျီး
    (သက်သက်နောက်တာ ချိတ်ချိုးနဲ့) 🙂 🙂 🙂

  • blackchaw

    December 16, 2011 at 6:15 pm

    ငယ်ငယ်တုန်းက ကိုပေါက်
    ရဲ့ ကျောင်းသားဘဝလေးကို
    ဖတ်သွားပါတယ်ဗျာ။

  • pooch

    December 16, 2011 at 9:00 pm

    လေးပေါက်ပုံလေးတွေက ဝါးနေတယ်နော်
    လေးပေါက် ကငယ်ငယ်ထဲက ကိုယ့်အားကိုယ်ကိုးတတ်ခဲ့တာဆိုတော့ ကောင်းတာပေါ့
    အဲ့ဒီခေတ်က ခေတ်ကို မမှီလိုက်ပေမဲ့ လေးပေါက်ပြောတော့ လျှောက်လိုက်ကြည့်လို့ ရတာပေါ့
    စိတ်ဝင်စားစရာပဲ…

    • TTNU

      December 16, 2011 at 10:10 pm

      Pooch ရေ..
      ပုံလေးတွေ ဝါးပေမဲ့ ..
      ပုံ(၆) ကိုကြည့် လိုက်စမ်းပါ့။
      “သားငယ်ငယ်တုန်းက ဒီအတန်းရှေ ့လေးမှာ အမေလာစောင့်ခဲ့ရတယ်”
      ဆိုတဲ့ အတွေးလေးရအောင် မောင်ပေါက် ပုံလေးတစ်ပုံက အမေ့ မျက်ရည်
      ချူချသွားလေရဲ့ ။(တီချာ့ သားငယ်လေးလည်း ဒီအပင်အောက်မှာ ကစားသွား
      ခဲ့ဖူးတယ်လေ။)

  • ပုံဝါးတာကတော့ စိတ်ဖြောင့်လက်ဖြောင့်မရိုက်ရတာရယ်။
    ကင်မရာဆက်တင်မှားနေတာရိုက်ပြီးမှသိတာကြောင့်ရယ်ပါ။
    အစကတော့ ကျောင်းအကြောင်းဘဲရေးမလို့နောက်တော့လဲ
    ကျနော့်ထုံးစံအတိုင်း ပါတ်သက်ဆက်နွယ်နေတာတွေကို လျှာရှည်မိပြန်ရော။.
    ဒါပေမယ့် ဖတ်မိသူအတွက် ဖြတ်သန်းမူ့လေးတစ်ခုကို သိသွားနိုင်ပါတယ်။

  • TTNU

    December 16, 2011 at 10:03 pm

    ကိုပေါက်ရေ…
    “ကျနော်က သုံးတန်း(ခ)မှာတက်ရပါတယ်။ဆရာမ ဒေါ်မြင့်မြင့်သိန်း အတန်းမှာနေရပါတယ်။”
    ဒေါ်မြင့်မြင့်သန်းပါ ကွဲ့။
    (ခိုင်စိုးလှ၊ ဂျေဘီဆင်း၊ ဖရီးဒါ၊ ယဉ်ယဉ်နု) တို့အားလုံး တီချာ့ အတန်းကမို့ ကိုပေါက်
    ကျောင်းထပ်မပြောင်းဘူးဆိုရင် မောင်မင်း တီချာ့တပည့် အရင်းဖြစ်လာရမှာကွာ။
    ကြိမ်လုံးမီးတောက် စားရဦးမှာလေ။

    ကိုပေါက်ပုံတွေကြည့်ပြီး တီချာလည်း ကျောင်းကိုလွမ်းပါတယ်တော်။

  • ဟုတ်တယ် မာမီရေ ဆရာမနဲ့ဝေးတာကြာတော့ ငါးတန်းတုံးက ဆရာမက ဒေါ်မြင့်မြင်သိန်း
    သုံးတန်းက ဆရာမကဒေါ်မြင့်မြင့်သန်း ဘယ်ဟာအမှန်လဲ ပြန်စဉ်းစားလို့မရဘဲလည်နေတာ။
    သုံးတန်းကဆရာမနေတဲ့အိမ်က “ကျနော်ရေးတဲ့ လမ်းဘေးနားကပန်းနှင့်တူသော”
    ဆိုတဲ့ ထမင်းဆိုင်လေးရှိတဲ့ 84လမ်း(23-24)ကြားက ဝင်းထဲမှာ။
    ငါးတန်းက ဆရာမကတော့ 83လမ်း (22-23)ကြားမှာ။
    လမ်းအရှေ့ဘက်က။
    ဆရာမအိမ်က အုတ်တိုက်အနီလေး။
    အဲဒါကတော့သေချာပေါက်မလွဲဘူး။
    မာမီ့ကြိမ်မီးတောက်စာ မိမှာကြောက်လို့ ကြိုတင်ပြီးထွက်ပြေးလို်က်ရတယ်လို့မှတ်လို်က်ပါတော့။
    ကျနော်ကလဲဆရာမ နာမယ်သာလွဲတာ သူငယ်ချင်းနာမယ်တော့ မလွဲဘူး။
    “ဆင်း”နဲ့က အခုထိတစ်ခါတစ်လေတွေ့တယ်မာမီရေ။

Leave a Reply