အပြင်မှာ မိုးကတဖွဲဖွဲ .. ဒီနေ့ …

“ရွီးးး” …. “ဟေ့ကောင်တွေ ထွက်ကြတော့ ..” မထသဂိတ်မှုး ဝီစီမှုတ်မှပဲ စောစောစီးစီး ကားပေါ်ရောက်ပြီး အိပ်ငိုက်နေတဲ့ ကျွန်တော် လန့်နိုးပြီး အပြင်ကို ကြည့်လိုက်တော့ .. ဂိတ်မှုးအသံကြားမှ လက်ဘက်ရည်ဆိုင်ထဲက ဒရိုင်ဘာနဲ့ စပယ်ယာက ကွမ်းတပျစ်ပျစ်နဲ့ …

“မရှိလို့ လုပ်စားတာ ဖြေးဖြေးပေါ့ ဗျာ .. လူတောင်မစုံသေးဘူးဗျ” .. ပြောပြောဆိုဆိုနဲ့ ကွမ်းယာဝယ်နေသေးသည်။ ဒီတော့ ဂိတ်မှူးက ..

“ဟေ့ .. လူစုံလည်း ၁၅ မိနစ်တစ်စီး လူမစုံလည်း တစ်စီးထွက်ရမှာပဲကွာ ..မင်းတို့ ငွေရှာသလို တစ်ခြားကားသမားတွေလည်း .. အခုလိုအခါကြီးရက်ကြီးတွေမှာ မနက်ပိုင်းလေး ရှာရတာကွ . ကိုယ်ချင်းစာမှပေ့ါ ..”

“ဟုတ်ပါ့တော် .. ဒင်းတို့က အမြဲတမ်းကားထွက်ခါနီးဆို အတိတ်မေ့သလို ဖိနပ်ပျောက်သလိုနဲ့ ဂိတ်မှူးရဲ့” . ကွမ်းယာသည် မပုက ကွမ်းယာရင်း မီးလောင်ရာ လေပင့်ပေးလိုက်သည်။

ကွမ်းယာသည်မပုပေးသော ကွမ်းကို ပါးစပ်ထဲ ပစ်ထည့်ရင်း စပယ်ယာက ….

“ဪ .. မပု . ကျူပ်တို့က ခင်ဗျားဆိကလည်း ကွမ်းဝယ်စားရသေးတယ် ခင်ဗျားက ဂိတ်မှူးနောက်က သံယောင်လိုက်ပြီး ဟောက်စားလုပ်ရအောင် ခင်ဗျား ဂိတ်မှူးကို ကြံနေတာလား…”

ပြောပြောပြေးပြေးဖြင့် စပယ်ယာလေးကို တုံးတုတ်ထောင်ပြရင်း …….

“သေနာကျတွေ …. ဒင်းတို့လား .. နင်တို့ဝယ်စားလည်း အကြွေး ဟိုကားသမားလည်း အကြွေး . ဒီကားသမားလဲ အကြွေးနဲ့ .. ငါအရင်းပြုတ်တော့မယ်.. ဟဲ့”

ပြောပြောဆိုဆိုနဲ့ ကွမ်းယာထုတ်ကို လှမ်းပစ်ပေးပြီး ဂိတ်မှူးကို မပုက ခိုးကြည့်လိုက်သေးတယ် .. ဂိတ်မှူးကတော့ ကွမ်းတမြုံ့မြုံ့နဲ့ အလုပ်ရှုပ်နေတုန်း …

မိုးလေးကတော့ တဖွဲဖွဲပေ့ါ …

အမှတ် ၄၃ မြောက်ဥက္ကလာ-ဆူးလေ ကားကြီးကတော့ စတင်ထွက်ခွာလာခဲ့ပါပြီ … အောင်မင်္ဂလာအဝေးပြေးဂိတ်ကြီးမှ အဲဒီကားပေါ်မှာတော့ .. ဒရိုင်ဘာတစ်ယောက် စပယ်ယာ ၂ယောက်… တစ်ယောက်က ငွေတောင်းနဲ့ တစ်ယောက်က လူခေါ်ပေ့ါ ..

“လိုက်ရင်လာ .. လိုက်ရင်လာ .. အဝိုင်းကြီး မယ်လမု . လမ်းဝ .. စွယ်တော် . ကမာ္ဘအေး . ဗဟန်း(၃)လမ်း .. ရွှေတိဂုံ . .ယောက်လမ်း . ဆူးလေ . ဆူးလေ – သုဓမ္မာလမ်းက တည့်တည့်သွားမှာ . ဆရာရေး နောက်ကြောင်းရှင်းတယ် မှတ်တိုင်မှာရပ် .  လိုက်ရင်လာ လိုက်ရင်လာ … ”  စပယ်ယာရဲ့အော်ခေါ်သံကတော့ ဝေဘာဂီ၊ မင်္ဂလာဒုံ၊ ရွှေပေါက်ကံနဲ့ မြောက်ဥက္ကလာမြို့ရဲ့ ဆုံမှတ် ၆ ကွေ့မှတ်တိုင်မှာ ကျွတ်ကျွတ်ညံသွားပါတယ် . မိုးကတော့ တဖွဲဖွဲ ပေ့ါ …..

 

အခန်း (၂)

ဒီကနေ့က ကဆုန်လပြည့်နေ့မို့လား မသိ .. လူခေါ်တဲ့ စပယ်ယာလေးက အဓိကဘုရားစေတီရှိတဲ့ မှတ်တိုင်တွေကိုသာ ဦးစားပေးအော်ခေါ်နေပါတော့တယ်။ ကျွန်တော်စီးလာတဲ့ ၄၃ ဘက်စ်ကားကတော့ အရင်တုန်းက ဒရိုင်ဘာဘက်ခြမ်း မျက်နှာမူထားတဲ့ ထိုင်ခုံတွေ အလုတော့ CNG gas ပြော်ငးလိုက်တဲ့အတွက် ဘေးထိုင်ခုံနှစ်တန်းပဲ မျက်နှာချင်းဆိုင်ရှိပါတော့တယ်။ အလယ်မှာ မတ်တပ်ရပ်စီးသူများအတွက် ပိုပြီးကျယ်လာသယောင် ဖြစ်ပေမဲ့ စပယ်ယာရဲ့ စီစဉ်မှုကြောင့် လူတန်း ၄ တန်း ၅ တန်း ဖြစ်နေပါတော့တယ်။ ဒါဟာလဲ ရန်ကုန်မြို့နေ ကိုယ်ပိုင်ကားမတတ်နိုင်တဲ့သူအများ နေ့စဉ်ကြုံတွေ့ရမဲ့ ချိုမြိန်ဒုက္ခတွေပေ့ါ …

အပြင်မှာတော့ မိုး က တဖွဲဖွဲ …….

“ကျောက်ရေတွင်း ဘုန်းကြီးလမ်း . နင်းထားဆရာရေ့ .. ဘုန်းကြီးလမ်းကို .. ဘုန်းကြီးလမ်း မယ်လမုဆင်းမှာ ပြင်ထားနော် . ကျော်သွားရင် ခေါ်သွားမှာ ..”

ပြောရင်းဆိုရင်း နောက်ကားကိုလည်း ကြည့် … “ ကဲ .. ဆင်းမဲ့သူတွေ တိုးခဲ့ကြနော် . ငယ်ငယ်တုန်းကလိုပေ့ါ ..”

မြောက်ဥက္ကလာ ဘုန်းကြီးလမ်းမှာတော့ မယ်လမုဘုရားရှိတာကြောင့် အဆင်းအတက် တော်တော်များပါတယ်။ အောက်က စပယ်ယာကလည်း ခရီးသည်ခေါ်နေသလို အပေါ်က စပယ်ယာကလည်း မတွန်းချရုံတမယ် …“ဆင်းနေတုန်း ဆင်နင်းတုန်း ” နဲ့ပေ့ါ ..

 

အခန်း (၃)

ကျွန်တော် ထိုင်နေတဲ့ ထိုင်ခုံဖက်တန်းမှာ ညာဘက်က ရွှေတိဂုံဘုရားသွားမဲ့ ကိုရင်လေး နှစ်ပါး .. ဘယ်ဘက်မှာက ၆ ကွေ့မှတ်တိုင်က တက်လာတဲ့ .. ဆနွင်းမကင်းမုန့်သည် .. မုန့်ဗန်းကို ပေါင်ပေါ်တင်ထားပြီး .. ပါးစပ်ကလည်း တတွတ်တွတ်ရွတ်နေလေရဲ့ .. အဲဒီဘေးက အသက် ၂ဝ ဝန်းကျင် Emo ဆံပင်နဲ့ကောင်လေး. နဲ့ ကောင်မလေး အတွဲ..သူတို့ကလည်း ခုလို ဘက်စ်ကား ပေါ်မှာတောင် ဖက်နမ်းမတက် အီစီကလီလုပ်နေကြတာ .. အဲဒီဘေးက နို့စို့အရွယ် ကလေးလေးနဲ့ မိခင်တစ်ယောက် .. သူ့ဘေးမှာ နို့ပို့တဲ့ ကုလားကြီးတစ်ယောက် .. ဆိုတော့ စုစုပေါင်း ၈ ယောက် အဲဒီတော့ .. ကျူနေကြတဲ့ အတွဲကို ကွက်ကြည့် ကွက်ကြည့် လုပ်နေတဲ့ ဆနွင်းမကင်းသည်က တခုခုပြောချင်နေတဲ့ပုံ … သိပ်ကျေနပ်ပုံမရ .. ကဲ .ထားပါတော့ ..

ဘုန်းကြီးလမ်းက ကားထွက်တယ်ဆိုရင်ပဲ လူက ပိုကျပ် …

“ဟဲ့ ..မိစံတို့ ချောစုတို့ လာကြ . ဒီဘက် ကို တိုးကြ ..”

“အား … မေကြီး .. ညပ်နေပြီ .. ဝါးးးးးးးးးးး ”

“ဪ .. ဒီဘက်ကို တိုးလာပါဆို . ဟဲ့ ငါ့ထမီကို မဆွဲနဲ့လေ … ဟိုအငယ်ကောင် . အဲဒီဆော့စရာကို ပေးစမ်း ဒီလောက် အဆော့မက်ဦးဟဲ့ .. ဖျန်း … ဖျန်း…. ”

“ဝါးးးးးးး .. ကြောက်ပါပြီ မေကြီးရ …”

ကလေးသုံးယောက်နဲ့ အသက် ၄ဝ ကျော် မိန်းမကြီးကားပေါ်ကို တက်လာခြင်းဖြစ်ပါတယ်။ ရုန်းရင်းဆန်ခတ်နဲ့ ကျွန်တော့်ထိုင်ခုံရှေ့ကို သူတို့သားအမိ ရောက်အလာ ကျွန်တော်က မော့အကြည့် ………… စပယ်ယာလည်း လှမ်းအအော်..

“ကလေးခရော လူကြီးခရော ပေးရမှာနော် .. အထဲကိုဝင် မောင်း ဆရာရေ … ၂ဈေး .. ၅လမ်း .လမ်းဝ စွယ်တော် . မောင်းထားဆရာရေ.. လမ်းဝကို နောက်မှာ ခေမာသီ ပါလာပြီ” ..

နောက်က ပါလာတဲ့ ဆူးလေ – ခေမာသီ ကာ ကတော့ ရွှေပေါက်ကံထဲက ထွက်လာတဲ့ ကားပါ။ လမ်းကြောင်းတူနေတာကြောင့် ကားဆရာလည်း “ဝူးးးး” ခနဲ ဆို မောင်းထွက်သွားပါတယ်။ ကျွန်တော့်ရှေ့မှာ ဝရုန်းသုံးကားဖြစ်နေတဲ့ အဲဒီကလေးတွေကို နေရာပေးရင်း မော့ကြည့်လိုက်မိတော့မှ …..

ပန်းနုရောင် ဇာချည်ထိုးဝမ်းဆက်နဲ့ ဆံပင်ပုံစံကလည် အေသင်ချိုဆွေစတိုင်နဲ့ ဒါပေမဲ့ ချွေးတွေထွက်နေတော့ ပြောင်းဖူးကို ရေနွေးအိုးထြ ထည့်ထားသလို ကြို့တို့ကျဲတဲ။ အမယ် အဲဒီဆံပင်ကို သူ့လက်ဖျားလေးနဲ့ သပ်တင်လိုက်သေးတယ်။ မျက်မှန်ကလည်း ဂျနီဖာလိုပက်ဇ်တပ်နေတဲ့ နေကာမျက်မှန်အဝိုင်းကြီး။ ကိုရီးယားဇာတ်လမ်းထဲက စတိုင်ဗျာ။ နှုတ်ခမ်းကလည်း ဟောလီဝုဒ်မင်းသမီး ဂျိုလီနှုတ်ခမ်း ဒါးရှထားသလို အနီရောင်တောက်တောက် ..ပြိးတော့ ဖောင်းတင်းကားနေတဲ့ စလင်းဘက်ထဲကို သူ့ကလေးတွေဖို့ ဥိးထုပ်တွေ၊ ကစားစရာတွေ .. ထီးတွေနဲ့ဆိုတော့ မသိရင် ဆရာကြီး မင်းသိင်္ခရေးတဲ့ ပုဏ္ဍားဘကွန်းလွယ်အိပ်လိုလို ဘာလိုလို .. အမယ် လည်ပင်းမှာလဲ ဖန်စီဆွဲကြီုး.. ဆွဲပြားမှာရေးထားတာ ဘာတဲ့ “Be My Valentine” တဲ့ … သူ့ကို စိုက်ကြည့်ပြီး မှင်သက်နေတဲ့ ကျွန်တော့်ကို ..

“ဟဲ့ မောင်လေး . ဒီမှာထိုင်ဖို့ နင်ကထမပေးတော့ နင့်ပေါင်ပေါ် ထိုင်ရမှာလား ဘာကြောင်ကြည့်နေတာလဲ” ဆိုမှ ..

“ဪ ကန်တော့နော် .. လာ .လာ ..” .

ပြောပြောဆိုဆိုနဲ့ သူဝင်ထိုင်လိုက်တယ်။ သူ့ခလေးတစ်ယောက်ကို ပေါင်ပေါ်တင်ပြီး တစ်ယောက်ကို သူ့ဘေးမှာထားရင်း .

“ ဟဲ့ ရဲထိုက် ဟိုနားက တံခါးဘေးနားမှာ သွားပြီးရပ်နေ. အမေဆင်းရင် လှမ်းခေါ်လိုက်မယ်နော် .”

အဲဒီအချိန်မှ ဘေးက ဆနွင်းမကင်းသည်ကလည်း သူ့ဘေးက Emo အတွဲကို ပြောချင်နေတာ .. အခုတော့ ငါအဖော်ရပြီ ဆိုတဲ့မျက်နှာနဲ့ ကွက်ကြည့်ကွက်ကြည့် လုပ်နေပါတယ်။

“ဒီက အမကြီး ကားခလေး ….”

“ရော့ .. လူကြီးတစ်ယောက် ကလေးနှစ်ယောက် … ”  ၃၀ဝ ကျပ် ..

“ကဲဗျာ .. ဟိုဘက်နားက အကိုရှေ့ကို ဝင်ပါဗျာ .. အဲဒီမှာ ဘာမှ မရှိပါဘူး .. ဒီတိုင်နားက အမတွေလည်း ဝင်လိုက်ပေးပါဗျာ .. ဒီတိုင်နားပဲ ပတ်မနေကျပါနဲ့ ..တိုင်ပတ်ချင်ရင်တော့ ယိုးဒယားသွားကြပါ .. ဦးလေး ကလဲ အပေါက်မပိတ်နဲ့လေဗျာ .. “ဒီအပေါက်နဲ့ လုပ်စားနေရတာ .. အပေါက်ပိတ်ချင်ရင် ဒလဝမ်လုပ်ကြပါ. … ကဲ ကားပေါ်ရောက်ရင် ကားခလေး သံသရာပါသွားရင် မကောင်းပါဘူး … နောင်ဘဝ ကားတာယာ ဖြစ်နေဦးမယ် .. တစ်ယောက်ရပြီ .. ၂ ယောက် .. ဟိုက ကလေး ဘယ်သူပေးမှာလဲ ..” စပယ်ရာပြောပေမဲ့ ဘယ်သူမှ မလှုပ်  …

အပြင်မှာတော့ မိုးတွေ တဖွဲဖွဲ ပေ့ ါ………..

 

“ချော်တွင်းကုန်းနဲ့ ၁၀၆ ရိပ်သာ .. မောင်းဆရာရေ လမ်းနီကို မှတ်တိုင်ပါရင် ပြောနော် .. စပယ်ရာ ဝိုင်းစုခိုင်သိန်း သီချင်း ဆိုပြနေတာ မဟုတ်ဘူး … မောင်းဆရာရေ့ . နောက်မှာ ”လေးမူး” ပါလာပြီ (၄၄ အင်းစိန်-ဆူးလေ ကားကို ဆိုလိုုခြင်း) .. ဒီတော့မှ ကားဆရာလည်း ဖော်မြူလာဝမ်း ကားသမား ကောလင်းမက်ကရေး လို .. စတင် မောင်းထွက်လိုက်ပါတယ် ….

“ ဝူးးးးးးးးးးးးး .. ဘရော းး ဘရေားးး ” …

“ဟဲ့ သေပါပြီတော့ .. ” “အား ပူတယ် . ခင်ဗျား ထမင်းချိုင့်ကြီးက ..”

“ဘုရား ဘုရား ..”     “ ဪ .. ဖိနပ်ကို တက်နင်းရလား ဟဲ့ …”

ကားမောင်းထွက်တဲ့အရှိန်ကြောင့် ခရီးသည်တွေ ဇီးသီးတောင်းမှောက်သလို အတုံးအရုန်း .. “ဒေါင်” …

“ အားးးးးးး နာတယ် နာတယ် မေကြီးရေ .. အိးး ဟီးးး ဟီးးးးးးးးးးးးးးးးးးးးး” .. စောစောက အမကြီးရဲ့သား အကြီးလေး ရှေ့တန်းနဲ့ နဖူးနဲ့ တိုက်ပြီး ပေါက်သွားလေရဲ့ …

“ဟယ် ငါ့သားလေး .. သွေးတွေနဲ့ .. ဟဲ့ စပယ်ယာ နင့် ဒရိုင်ဘာ ဘယ်လိုမောင်းတာလဲ ..”

ဒီတော့မှ စပယ်ယာက ရှေ့တိုးပြီး “ ဪ … ခင်ဗျားက စောစောက ဒီကလေး ဘယ်သူ့ကလေးလဲ ဆိုတော့ ပိုက်ဆံပေးရမှာမို့ ဝစီပိတ် လိုလို တေမိလိုလို လုပ်နေတာလေ .. ခုမှ ငါ့သားလေး တဲ့ ”

ဒီတော့မှ .. မိန်းမကြီးက သူ့မှန်မျက်အနက်ကြီးကို ချွတ်ပြီး

“ ဒီမယ် စပယ်ယာကောင် .. ငါက င့ါသားလေးကိုမြင်တာ မဟုတ်ဘူး . ဘယ်သူ့ကလေးမှန်း မသိဘဲ ငါက ကုသိုလ်ဖြစ် အမေလိုက်တော် နေရမှာလား .. င့ါသားမှန်းသိရင် ပေးပ .. အေးမြတို့က သူများ လုံးကြီးတင်ရင်  အဆံခတ်ပစ်လိုက်ချင်တာ .. ရော့ ၁၀ဝ .. နင်တို့ကို မထသ နဲ့ ကို တိုင်မယ် ..”

မကျေမနပ် နဲ့ ဆနွင်းမကင်းသည်ကို ပြောပြနေသည်ကို ဆနွင်းမကင်းသည်ကလည်း ခေါင်းတညိမ့်ညိမ့် .. သူတို့ရှေ့က ကျွန်တော်ကတော့ လက်နှစ်ဘက် ပြုတ်မတတ် တောင့်ထားရင်း “အင်း .. ရွှေတိဂုံဘုရားရောက်ရင်တော့ ကားချောင်လောက်ပါရဲ့” ဆိုပြီး အပြင်ကိုကြည့်လိုက်တော့ . ရွှေဂုံတိုင်မီးပွိုင့် .. ဘေးက အရက်နံ့စူးစူးကို ရလိုက်တော့ ဘေးက အရက်သမားက စောစောစီးစိး ကွဲနေပြီ .. မျက်လုံးတောင် မဖွင့်နိုင် ..

“ ဟေ့ကောင်တွေ .. အရှေ့မှာ စစ်တောင်း” ဒရိုင်ဘာရဲ့ အော်သံနဲ့အတူ စပယ်ယာက ..

“ဖိုးတူးရေ .. စစ်တောင်းရှေ့မှာ တံခါးသေချာပိတ်ဟ ..”

ကျွန်တော်ကိုယ်တိုင် ဇဝေဇဝါနဲ့ ဘာ စစ်တောင်းလဲ ပေ့ါ  လို့ တွေးနေတုန်း ဘေးက အမူးသမားက ရုတ်တရက် အမူးပြေသွားတဲ့ လေသံနဲ့ ..

“ဟေ့ . စပယ်ယာ ညီလေး မင်းတို့ပြောတော့ .. ဆူးလေ ကားဆို .င့ါကို မူးနေတယ် ဆိုပြီး လိမ်တာလားကွ..”

စပယ်ယာက အူကြောင်ကြောင်နဲ့ကြည့်ပြီး ….

“ဟုတ်တယ်လေ .. ဆူးလေကားပါဗျ .. ”

“ဟားဟားဟား …. ” သူ့ရီသံက (ဗိုလ်အောင်ဒင် မမြဝင်းကိုဖမ်းထားပြီး .. ကိုကိုချစ်ကို ရီပြတဲ့ အသံမျိုး) ..

“မင်းတို့က မူးနေတယ် ဆိုပြီး လျှော့တွက်တာကို .. မလိမ်နဲ့ .. မင်းပြောတော့ ရှေ့မှာ စစ်တောင်းဆိုကွ .. ”

“ဟုတ်တယ်လေ”

“အေးလေ စစ်တောင်းလမ်း တို့ ကျောင်းလမ်းတို့ ဆိုရင် အခု မြောက်ဒဂုံရောက်နေပြီပေ့ါ ကွ … ”

ဒီတော့မှ စပယ်ယာလေးက .. “ဒုက္ခပါပဲ …. ”.

“စစ်တောင်းဆိုတာ သူတို့ကိုပြောတာ .. ရှေ့မှာကြာ့် .. ”

ဘာမဆိုင်ညာမဆိုင် .နဲ့ ဝီစီမှုတ်သံကိုကြားလိုက်ပြီး ကားကဘေးကပ်ရပ်လိုက်ပါတယ်။ အဲဒီတော့မှ စစ်တောင်း ….

“ဪ ..စောစောက ယဉ်ထိန်းရဲ ဆိုလည်း ရပါတယ် ကွာ … ”

“င့ါမှာ ကားမှားစီးလာပြီ ထင်လို့ အမူးတောင်ပြေသွားတယ် ..”

ကျွန်တော်တို့လို အခြေခံလူတန်းစားတွေ နေ့တိုင်းကြုံတွေ့နေရတဲ့ အကြောင်းအရာတွေကတော့ မရိုးနိုင်ပါဘူး။ မဆီမဆိုင် ဆရာကြီး ဦးသုခရဲ့ “ဘဝသံသရာ” သီချင်းကို သတိရလိုက်မိသေးတယ်။ တစ်ယောက်ဆင်း တစ်ယောက်တက်နဲ့ မြောက်ဥက္ကလာ  သိမ်ကြီးဈေးအထိ ဆနွင်းမကင်းလာရောင်းသူတွေ .. သားသမီးတွေကို .အခုလို ဗုဒ္ဓဘာသာရဲ့ အထွတ်အမြတ်နေ့မှာ မရှိတဲ့ကြားက ဘုရားကို လိုက်ပို့ပေးတဲ့ မိခင်တွေ .. အခုလို Media ခေတ်ကြီးထဲမှာ Internet ဆိုင်မှာ ချက်တင်လုပ်ရင်း ရည်းစားဖြစ်သွားတဲ့ ငယ်ရွယ်သူတွေ .. စိတ်ညစ်စရာတွေကို BE တစ်ပိုင်းနဲ့ ပျောက်အောင် ဖျောက်သူတွေ .. သူတို့ရဲ့ ဘဝအမောတွေ .. တစ်ရက်လောက်တော့ သက်သာကောင်းပါရဲ့ …

“ယောက်လမ်း ရုပ်ရှင်ရုံ . ဆင်းမှာ တိုးထားနော် .. ”

ကဲပါ ဒါတွေ ပြောရင် အရှည်ကြီး မှတ်တိုင်ရောက်တော့ ဆင်းပြီး လမ်းလျှောက်တော့ မိုးက ပိုသည်းလာတယ်။ တော်သေးတာပေ့ါ .. ငါထီးယူလာလို့ .. ဆိုပြီး လွယ်အိပ်ထဲကို အနှိုက် ..

“ဟိုက်!!” ထီးမရှိတော့ပါ .. သွားပါပြီ .. ဒီထီးလေးက မိန်းမက အပေါင်ဆိုင်က ၃၀၀ဝ နဲ့ ဝယ်လာပေးတဲ့ ခိုထီးအမဲလေး .. အင်းလေ … စနေ နံထွက်သွားတာပေ့ါ .. ရှေ့တည့်တည့်မြင်နေရတဲ့ ဆူးလေစေတီတော်မြတ်ကြီးကို ကြည့်ပြီး ..စိတ်က  “”စနေနံတော့ ထွက်သွားပြီ .. ကံကောင်းပါစေ ဘုရား…”  … ပြီးမှ လွယ်အိပ်လေး ခေါင်းပေါ်တင်ပြီး … ဆူးလေဘုရားလမ်းကြီးအတိုင်း လျှောက်လာရင်း .. အိမ်က မိန်းမ ….

“ရှင့် စနေနံက ၃၀၀ဝ ထောင်ကျော်တန်တယ် .. ရှင်ကလေ သိပ်နမော်နမဲ့ နိုင်တာပဲ…” လို့ ပြောနေမဲ့ မိန်းမ မျက်နှာကို မြင်မိပြန်ရော ….

“ဟူးးးးးးးးးးးးးးးးး” သက်ပြင်းရှည် ကို ချရင်း .. မိုးထဲမှာ ..

အပြင်မှာတော့ မိုးက ပိုသည်းလာပါတော့တယ် …………

 

သံလုံး

About than lone

thein naing has written 4 post in this Website..

working in U.A.E my home town is Yangon .