လူတို့၏စိတ်ကို ခြောက်ခြားစေတတ်သော အရာများထဲတွင် ‘ည’ ဟူသော ဝေါဟာရမှာ ပါဝင်လေသည်။ ‘ည’ သည် တိတ်ဆိတ်လေလေ၊ ခြောက်ခြားဖွယ် ကောင်းလေလေပင် ဖြစ်၏။ သန်းခေါင်ကျော် ညဉ့်နက် အများသူငါ အိပ်မောကျနေသော အချိန်တွင် မိမိတစ်ယောက်တည်း အိပ်စက်မရ နိုးကြားနေရသော အဖြစ်ကို ကြုံဖူးသူများမှာ တိတ်ဆိတ်သော ည၏ ခြောက်ခြားဖွယ် ကောင်းပုံကို အလွယ်တကူ လက်ခံနိုင်ပေလိမ့်မည်။ ထိုသို့ မိမိ၏အခန်းတွင်း ညအချိန် တစ်ယောက်တည်း နိုးကြားနေရခြင်းထက် ညအချိန် တောလမ်းခရီးတစ်ခုအား အဖော်မပါဘဲ ဖြတ်သန်းသွားနေရသူ၏ အဖြစ်က ပို၍ပင် တုန်လှုပ်ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည် ဖြစ်၏။

ယခုတင်ပြမည့် အဖြစ်အပျက်မှာ လွန်ခဲ့သော ၁၉၈၈ ခုနှစ်ခန့်က ရေနံချောင်းမြို့နယ် အတွင်းရှိ ရွာတစ်ရွာတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တစ်ခု ဖြစ်လေသည်။ ကျွန်တော်တို့ရွာ၏ မြောက်ဘက်တွင် ထန်းတန်း ဟူသော ရွာတစ်ရွာ ရှိသည်။ ထိုရွာတွင် နေထိုင်သော ဦးအုတ်နှင့် ဒေါ်မယ်စံ တို့မှ မွေးသော သားကြီးဖြစ်သူ ကိုစိုးကျော်မှာ မန္တလေးမြို့သို့ သွားရောက် အလုပ်လုပ်ကိုင်ရင်း ထိုမြို့၌ပင် အိမ်ထောင် ကျခဲ့သည်။

ကိုစိုးကျော်မှာ အိမ်ထောင်ကျပြီး ငါးနှစ်ခန့် ကြာသည်အထိ ၎င်း၏မိဘများရှိရာ ဇာတိရပ်ရွာဆီသို့ ပြန်လည် ခြေဦးလှည့်နိုင်ခြင်း မရှိခဲ့ပါချေ။ မှတ်မှတ်ရရ ၈၈ အရေးအခင်းဖြစ်နေစဉ် ကာလအတွင်း ကိုစိုးကျော်၏ မိခင်ဖြစ်သူ ဒေါ်မယ်စံမှာ လူကြီးရောဂါဖြင့် အိပ်ယာထက် လဲနေခဲ့ပါသည်။ ဒေါ်မယ်စံမှ ခင်ပွန်းဖြစ်သူ ဦးအုတ်အား ‘ကိုအုတ်ရယ် ကျုပ်ဖြင့် နေရတော့မယ် မထင်ပါဘူး။ ကျုပ်မသေခင်လေးမှာ လူလေးစိုးကျော်ရဲ့ မျက်နှာလေးကိုတော့ မြင်သွားချင်မိတယ်တော်’ ဟူ၍ ပြောကြားလေရာ ဦးအုတ်မှာ ၎င်း၏သားထံ ရွာသို့ ခေတ္တခဏ ပြန်လာခဲ့ရန် အကြောင်းကြားခဲ့လေသည်။

ဖခင်၏ အကြောင်းကြားစာကို ရရချင်းပင် ကိုစိုးကျော်မှာ ၎င်း၏ ဇနီးနှင့် သားသမီးများကို မန္တလေးတွင်ပင် နေခဲ့စေ၍ ၎င်းတစ်ကိုယ်တည်း ရွာဆီသို့ ပြန်လာခဲ့ပါသည်။ မကွေး – ရေနံချောင်း ကတ္တရာ လမ်းမကြီး၏ နံဘေးတွင်ရှိသော ရွာဆီသို့သွားရာ တောလမ်းထိပ်သို့ ကိုစိုးကျော် ရောက်သောအခါ အချိန်မှာ ညနေစောင်းနေပြီ ဖြစ်၏။ (မှတ်ချက် ။ ။ ကတ္တရာ လမ်းမကြီးမှ ခွဲထွက်၍ ရွာများသို့သွားရာ တောလမ်းထိပ်ကို ကျွန်တော်တို့ အခေါ်အားဖြင့် တာထိပ်ဟူ၍ ခေါ်ပါသည်။ တာထိပ်မှ ကျွန်တော်တို့၏ ရွာဆီသို့ (၁၅) မိုင်ခန့် ကွာဝေးပါသည်။)

တာထိပ်သို့ ညနေစောင်းအချိန်တွင်မှ ရောက်ခဲ့သော်လည်း ကိုစိုးကျော်မှာမူ မိခင်ကြီး၏ ကျန်းမာရေးကြောင့် နားနေခြင်းမရှိဘဲ ရွာဆီသို့ ဆက်လက် ထွက်ခွာခဲ့ပါသည်။ ၎င်းတာထိပ်မှ ထန်းတန်းရွာသို့ ခြေလျင်သွားမည် ဆိုပါက အနည်းဆုံး (၅) နာရီခန့် ကြာမြင့်တတ်လေသည်။ ကိုစိုးကျော် တာထိပ်မှ စတင်ထွက်ခွာခဲ့သော အချိန်မှာ ညနေ (၆) နာရီခန့် ရှိနေပြီ ဖြစ်၏။

x x x x x x x x

ကိုစိုးကျော်မှာ တော်ရုံ ကြောက်တတ်သူတစ်ယောက် မဟုတ်လင့်ကစား သတ္တိပြောင်မြောက်သူ တစ်ဦးလည်း မဟုတ်ချေ။ ယင်းကြောင့် ဓာတ်မီးတစ်လက်ကို အားပြုရင်း မှောင်မှောင်မဲမဲထဲတွင် အဖော်မပါ တစ်ယောက်တည်း လျောက်လှမ်းနေရသော ကိုစိုးကျော်မှာ တစ်ခါတစ်ရံ လမ်းဘေးဝဲယာကို ကြည့်ရင်း ကြက်သီးထနေမိလေတော့သည်။

တာထိပ်မှနေ၍ စတင်ထွက်ခွာလာခဲ့သည်မှာ (၄) နာရီခန့်ပင် ရှိခဲ့လေပြီ။ အချိန်အားဖြင့် ည (၁၀) နာရီခန့်ဖြစ်၏။ ရွာဆီသို့ ဦးတည်ပြန်လာခဲ့သူ ကိုစိုးကျော်မှာ (၅) နှစ်တိုင်တိုင် ရွာနှင့် ကင်းကွာနေခဲ့သူ ဖြစ်သည့်အတွက် မှောင်မဲနေသော တောလမ်းခရီးထဲတွင် လမ်းရှိရာ မှန်းဆ၍သာ သွားလာနေရသည်။ ယင်းသို့ မှန်းဆသွားလာနေရင်း ကိုစိုးကျော်မှာ မိမိကိုယ်ကို သံသယ ဝင်လာမိလေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ရှေ့ ခပ်လှမ်းလှမ်းဆီတွင် ရေကန်တစ်ကန်အား လှမ်း၍ မြင်လိုက်ရသောကြောင့် ဖြစ်သည်။ ထန်းတန်းရွာသို့သွားရာ လမ်းတွင် ရေကန် မရှိချေ။

ရေကန်၏ အမည်မှာ ‘လိပ်ကန်’ ဟူ၍ ဖြစ်သည်။ ယခင်က ယင်းရေကန်တွင် လိပ်အများအပြား ရှိခဲ့သောကြောင့် ‘လိပ်ကန်’ ဟူ၍ ခေါ်ဆိုခြင်း ဖြစ်သကဲ့သို့ ယင်းရေကန်မှာ တစ်နှစ်တစ်ခါ လူစားသည်ဟု နာမည်ကြီး၍ လူတို့၏လိပ်ပြာကို နုတ်ယူတတ်သည်ဟူသော အကြောင်းကြောင့်လည်း ‘လိပ်ကန်’ ဟူ၍ ခေါ်ဆိုခြင်း ဖြစ်လေသည်။ အဆိုပါ ‘လိပ်ကန်’ မှာ ကျွန်တော်တို့ လေးတိုင်စင်ရွာ၏ အနောက်တောင် ခပ်စောင်းစောင်းတွင် တည်ရှိလေသည်။ သရဲကြမ်းသည် ဟူ၍လည်း လွန်စွာ နာမည်ကြီးသော ရေကန်တစ်ကန်လည်း ဖြစ်ပေသည်။

ရေကန်အနီးသို့ ရောက်သောအခါ ကိုစိုးကျော်မှာ လေးတိုင်စင်ရွာရှိ လိပ်ကန် ဖြစ်ကြောင်း သိရှိလိုက်လေသည်။ အဘယ်ကြောင့် ဆိုသော် လိပ်ကန်၏ ထင်ရှားသော အမှတ်အသား ဖြစ်သည့် ရေကန် အရှေ့တောင်ထောင့်တွင် ပေါက်ရောက်နေသော မန်ကျည်းပင်ကြီးအား တွေ့မြင်လိုက်ရသောကြောင့် ဖြစ်သည်။

ကိုစိုးကျော်မှာ ယခုလမ်းသို့ မှားယွင်း၍ လာခဲ့မိသော်လည်း လေးတိုင်စင်ရွာသို့ ရောက်တော့မည် ဖြစ်ကြောင်း သိလိုက်ရ၍ မိမိရွာသို့ပြန်ရန် ခက်ခဲတော့မည် မဟုတ်သည်ကို တွေးမိသောကြောင့် ဝမ်းသာသကဲ့သို့ ရှိလေသည်။ သို့ရာတွင် လိပ်ကန်၏ဘေး မန်ကျည်းပင်ကြီး၏ အောက်မှ ဖြတ်သန်းသွားရမည့် အရေးကို တွေးမိ၍ ကြက်သီးတဖြန်းဖြန်း ထနေမိတော့သည်။

x x x x x x x x

မန်ကျည်းပင်ကြီးမှာ ညအမှောင်ထုအောက်တွင် တစ္ဆေကြီးတစ်ကောင် မတ်မတ်ရပ်နေသည့်နှယ်။ ကိုစိုးကျော်မှာလည်း မိမိစိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ရင်း မန်ကျည်းပင်ကြီးဆီသို့ လျောက်လှမ်းလာခဲ့သည်။ လူသွားလမ်းမှာလည်း အဆိုပါ မန်ကျည်းပင်ကြီး အောက်မှ ဖြတ်သွားရသည့် လမ်းတစ်လမ်းတည်းသာ ရှိလေသည်။ အဘယ်ကြောင့် ကိုစိုးကျော်မှာ မန်ကျည်းပင်ကြီးအား လန့်နေသနည်းဟူမူ လိပ်ကန် မန်ကျည်းပင်ကြီးမှာ လွန်စွာ သရဲကြမ်းသည်ဟု မိမိတို့ ထန်းတန်းရွာအထိ နာမည်ကြီးနေခဲ့ခြင်းကြောင့် ဖြစ်လေသည်။

မန်ကျည်းပင်ကြီး အနားသို့ ကိုစိုးကျော်ရောက်သွားသောအခါ မန်ကျည်းပင်ကြီး အထက်မှ ‘ဖြောင်း’ ခနဲ ဟူသော သစ်ကိုင်းကြီး ကျိုးကျသည့်အသံကို ကြားလိုက်ရလေသည်။ ယင်းအသံကြောင့် စိတ်ကို ထိန်းချုပ်ရင်း လျောက်လှမ်းလာသော ကိုစိုးကျော်မှာ တစ်ချက်လန့်သွားကာ မန်ကျည်းပင်ကြီးပေါ်သို့ ဓာတ်မီးဖြင့် ထိုးကြည့်လိုက်မိသည့်အခိုက် ‘ဝုန်း …’ ဟူသော အသံကြီးနှင့်အတူ မန်ကျည်းပင်ပေါ်မှ မည်းမည်း အကောင်ကြီးတစ်ကောင် ခုန်ဆင်းလာသည်ကို ကိုစိုးကျော် မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည်။ ထိုမည်းမည်းကြီး အကောင်ကြီး၏ မျက်လုံးများမှာ ထန်းသီးလုံး ပမာဏခန့်ရှိပြီး တစ်ကိုယ်လုံးမှာလည်း အနက်ရောင် အမွေးရှည်ကြီးများဖြင့် ပြည့်နှက်နေလေသည်။

ရုတ်တရက် ထိုမည်းမည်းအကောင်ကြီး (သရဲကြီး) အား တွေ့လိုက်ရသောအခါ ကိုစိုးကျော်မှာ ကြက်သီး တဖြန်းဖြန်းထ၊ မျက်လုံးမှာ ပြူး၍သွားကာ ‘အောင်မလေးဗျ …’ ဟု ကြောက်အားလန့်အား အော်ဟစ်ရင်း ခြေထောက်နှင့်တင်ပါး တစ်သားတည်းကျအောင် ပြေးပါလေတော့သည်။ သူ၏ပါးစပ်မှလည်း ကျက်မှတ်ထားဖူးသမျှ ဘုရားစာများအား တွင်တွင်ကြီး အော်ဟစ်ရွတ်နေမိလေသည်။

ကိုစိုးကျော်မှာ ကြောက်လန့်တကြား နောက်သို့ လှည့်၍မျှပင်မကြည့်ဘဲ ခြေဦးတည့်ရာ ပြေးလွှားနေခဲ့သည်။ ထိုသို့ မနေမနား ပြေးလွှားနေခဲ့သော ကိုစိုးကျော်မှာ မောဟိုက်လာသောကြောင့် ပြေးခြင်းကို ရပ်လိုက်လေသည်။ နောက်သို့ လှည့်ကြည့်လိုက်သောအခါ သရဲကြီးကို မတွေ့ရတော့မှ သက်ပြင်းချနိုင်လေတော့သည်။ အတန်ငယ် အမောပြေသွားသောအခါ ကိုစိုးကျော်မှာ ဘယ်ဆီသို့ ရောက်နေသလဲ ဆိုသည်ကို သိရန်အတွက် ဓာတ်မီးဖြင့် ပတ်ဝန်းကျင်သို့ လှည့်ပတ် ကြည့်လိုက်လေသည်။

ထိုသို့ ပတ်ဝန်းကျင်အား ကြည့်လိုက်မိသောအခါ ‘ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ’ ဆိုသကဲ့သို့ လေးတိုင်စင်ရွာ၏ ရွာဦးဘုန်းကြီးကျောင်းနှင့် ခပ်လှမ်းလှမ်းတွင် တည်ရှိသော သေသူများ၏ အရိုးအိုးများကို ဂူသွင်းရာ တောင်ကုန်းငယ် (ဂူကုန်း) အား တွေ့မြင်လိုက်ရပါတော့သည်။ ထို့ထက် ဆိုးသည်ကား အုတ်ဂူတစ်လုံးပေါ်တွင် ထိုင်နေသော မည်းမည်း အကောင်ကြီး တစ်ကောင်မှာ ကိုစိုးကျော်အား စူးစိုက်ကြည့်နေသည်ကို တွေ့မြင်လိုက်ရခြင်းပင် ဖြစ်လေသည်။

‘အောင်မလေးဗျ …’ ဟု ဒုတိယအကြိမ်မြောက် ကိုစိုးကျော် အော်ဟစ်ရင်း ရွာဦးကျောင်းဆီသို့ သုတ်ခြေတင်ရပြန် ပါတော့သည်။ အုတ်ဂူစောင့် သရဲကြီးမှာ ကိုစိုးကျော်၏ နောက်သို့ လိုက်ခဲ့ခြင်း မရှိပါချေ။ ရွာဦးကျောင်းသို့ ရောက်သောအခါ ကျောင်းတံခါးအား တဒုန်းဒုန်းထုရင်း ‘ဆရာတော် ဘုရား … ဆရာတော် ဘုရား … ကယ်တော်မူပါဦးဘုရား …’ ဟူ၍ အခါခါ အော်ဟစ်လေသည်။

‘ဟေ့ … ဘယ်သူလဲဟေ့’ ကျောင်းအတွင်းမှ ခပ်မာမာ မေးမြန်းလိုက်သော အသံပိုင်ရှင်မှာ ရွာဦးကျောင်း ဆရာတော် ဖြစ်ဟန်တူလေသည်။ ‘ဆရာတော်ဘုရား တပည့်တော် ခရီးသွားတစ်ယောက်ပါ ဘုရား … တပည့်တော် လမ်းမှာ သရဲတွေနဲ့တွေ့ခဲ့လို့ ပြေးလာခဲ့ရပါတယ် ဘုရား။ တပည့်တော်ကို ကယ်ပါဦးဘုရား’ ကိုစိုးကျော်မှာ ယင်းသို့ တံခါး၏ အပြင်ဘက်မှနေ၍ ဆရာတော်အား လျှောက်ထားလိုက်လေသည်။

‘ဟေ့ .. ခေတ်ကာလ မကောင်းတဲ့အချိန်မှာ မင်းက လူဆိုးလား၊ လူကောင်းလား ဒို့က သိနိုင်တာ မဟုတ်ဘူး။ မင်းက လူဆိုးဖြစ်နေရင် ဒို့တွေ ဒုက္ခရောက်ကုန်မှာပေါ့ကွ’ ဆရာတော်၏ စကားမှာလည်း မမှားချေ။ ယင်းကာလတွင် ကုသိုလ်၊ အကုသိုလ် မသိကြသော လူဆိုး၊ လူမိုက်များမှာ ဘုန်းကြီးကျောင်းများကိုပင် ညအချိန် ခရီးသွား ဟန်ဆောင်၍ ဓားပြတိုက်ဖူးသော အဖြစ်အပျက်များ ရှိနေသော အချိန်ကာလ ဖြစ်သည်။

‘ဆရာတော်ဘုရား … တပည့်တော် လူကောင်းပါဘုရား။ တပည့်တော် ထန်းတန်းရွာက ဦးအုတ် သားပါ ဘုရား။ လမ်းမှားပြီး လိပ်ကန်ဘက်ကနေ လာခဲ့မိပါတယ် ဘုရား။ လမ်းမှာ သရဲကြီးတွေနဲ့ တွေ့ခဲ့ရလို့ ဆရာတော်ကျောင်းကို ပြေးလာခဲ့ရခြင်း ဖြစ်ပါတယ်ဘုရား။ တပည့်တော် သနားပါဦး ဘုရား’ ကိုစိုးကျော်မှာ တံခါးရှေ့တွင် လက်အုပ်ချီလျက်ထိုင်ရင်း ဆရာတော်အား တောင်းပန် လျှောက်ထားနေလေသည်။

အတန်ကြာသည်အထိ ကျောင်းအတွင်းမှ ဆရာတော်၏ ပြန်ကြားသံကို မကြားရ။ ငြိမ်သက်နေသည်။ ခဏမျှအကြာ ‘ကျီ …’ ဟူသော အသံနှင့်အတူ ဘုန်းကြီးကျောင်းတံခါးမှာ ပွင့်လာလေသည်။ ကျောင်းအတွင်းတွင် ရေနံဆီမီးအိမ်ကို ထွန်းညှိထားလေသည်။ ရေနံဆီမီးအိမ်၏ အလင်းဖြင့် ရွာဦးကျောင်း ဆရာတော်၊ ကိုရင်လေး (၁၀) ပါးနှင့် ကပ္ပိယကြီး တစ်ယောက်ကို ကိုစိုးကျော် တွေ့မြင်လိုက်ရလေတော့သည်။

ကိုစိုးကျော်မှာ ဆရာတော်၏ ခြေအစုံအား ပြေးဖက်ရင်း ၎င်း၏ ဦးထိပ်ဖြင့် ဦးတိုက်ကာ ‘ကျေးဇူးတင်ပါတယ် ဘုရား … ကျေးဇူးတင်ပါတယ် ဘုရား’ ဟူ၍ အကြိမ်ကြိမ် ပြောကြားပါတော့သည်။ ‘ကဲ … ကဲ ဒကာလေး တော်လောက်ပြီ၊ ဒကာလေး တော်တော် ပင်ပန်းလာပြီပဲ နားလိုက်ပါဦး ဒကာလေး၊ ဒကာလေး သရဲတွေနဲ့ တွေ့ခဲ့ရတာတွေကို မနက်ကျမှ အေးအေးဆေးဆေး ပြောပေါ့။ ဟုတ်ပြီလား။ ကပ္ပိယကြီး ဒီဒကာလေးအတွက် အိပ်စရာနေရာ ပြင်ပေးလိုက်ပါဦးကွယ် …’

ကိုစိုးကျော်မှာ ကပ္ပိယကြီး ပေးသောနေရာတွင်ထိုင်ရင်း ‘ကျေးဇူးတင်လိုက်တာဗျာ’ ဟူ၍ ကပ္ပိယကြီးအား ပြောလေသည်။ ကပ္ပိယကြီးမှ ‘မလိုပါဘူး မောင်ရင်ရယ်။ မောင်ရင့်ပုံစံကြည့်ရတာ တော်တော် ပြေးလွှားလာခဲ့ရပုံပဲ။ ဘာပဲဖြစ်ဖြစ် ဘုရားရိပ်၊ တရားရိပ် ရောက်လာပြီဆိုတော့ ကြောက်စိတ်တွေ ဖျောက်ပြီး အိပ်လိုက်တော့။ ဟုတ်ပြီလား’ ‘ဟုတ်ကဲ့ပါ ကပ္ပိယကြီး … ။’

မနက် မိုးသောက်သောအခါ ကိုစိုးကျော်မှာ ၎င်း၏ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအား ဆရာတော်ထံတွင် လျောက်ကြားပြီး လေးတိုင်စင်ရွာ၏ မြောက်ဘက် (၃) မိုင်ခန့်အကွာတွင် တည်ရှိသော ၎င်း၏ ဇာတိရပ်ရွာ ဖခင်ဦးအုတ်နှင့် ဒေါ်မယ်စံ ရှိရာ ထန်းတန်းရွာသို့ ပြန်သွားခဲ့ပါတော့သည်။

အထက်ပါ အဖြစ်အပျက် အကြောင်းအရာအား ယင်းအချိန်က ကပ္ပိယကြီး ဖြစ်ခဲ့သူ ကျွန်တော်၏ ဘကြီးမိုး မှ ကျွန်တော်အား ပြန်လည် ပြောပြခဲ့ခြင်းအား ဖော်ပြလိုက်ခြင်းပင် ဖြစ်ပါသည်။

ရေးသားသူ – အံစာတုံး
(http://anzartone.tk/)

About မဟာရာဇာ အံစာတံုး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။