ပုံပြောကောင်းတဲ့ အဘိုးကြီး။ ကောင်းခန်းရောက်ခါမှ ရေတစ်ခွက်လောက် ဆိုတော့ မနည်းသည်းခံပြီး သိချင်စိတ်ကို အောင့်
ထားရတာ။သူ့ဇာတ်လမ်းမှာ ကျွန်တော်တို့ မျောနေပြီဆိုတာ သိလို့ ကလိလိုက်တာ ဖြစ်မှာ။အဲဒါနဲ့ တစ်ယောက်က ထပြီး
ကော်ဖီထည့်တဲ့ ဖော့ခွက်လေးတစ်ခွက်နဲ့ ရေခပ်ပြီး ဘယ်လ်ဝမ့် ဆင်းဂ်ကြီး ကို အမြန်သွားပေးတယ်။ကျွန်တော်တို့ လည်ပင်း
လေးတွေဟိုလှည့်သည်လှည့်နဲ့ ရေသွားခပ်တဲ့လူကိုလိုက်ကြည့်လိုက်..ဘယ်လ်ဝမ့် ဆင်းဂ်ကြီးလက်ထဲ ရေခွက်ရောက်သွားလို့
သူရေသောက်နေတာကို ကြည့်လိုက်နဲ့ စိတ်ကို မနည်းရှည်အောင်ထားနေရတယ်။ ဘိုးတော်က ရေများ အရသာခံသောက်နေ
လား မသိပါဘူး။ ရေသောက်ပြီးကာမှ သူ့ဇာတ်လမ်းကို ပြန်ဆက်ပါတော့တယ်။

“အဲဒီအချိန်လောက်မှာ အက်ခ်နူးက အမှတ် ၃၆၈ တပ်မရဲ့ ဗိုလ်မှူးချုပ်တစ်ယောက် တို့ဆီရောက်လာသကွ..သူ
လည်း ဒီမှာဖြစ်နေတဲ့ဗရမ်းဗတာ ဝရုန်းသုန်းကား အခြေအနေကို မြင်ရတော့တာပေါ့..စစ်သားတွေဆိုတာလည်း
သွေးရူးသွေးတန်း ပြေးလွှားနေကြတာ..မြေပြင်တစ်ခုလုံးလည်း ဗုံးတွေ အမြောက်ဆံတွေပေါက်ကွဲလို့ ကျင်းကြီး
တွေ ချိုင့်ကြီးတွေနဲ့ လကမ္ဘာရဲ့မျက်နှာပြင်လို ဖြစ်နေတာပဲ..အလောင်းတွေဆိုတာလည်း နေရာအနှံ့အပြား ပြန့်
ကျဲလို့..မီးလောင်ပြီး ပျက်စီးနေတဲ့ တင့်ကားတွေရော..ပစ်လိုက်ခတ်လိုက်တဲ့အသံတွေ ဆိုတာလည်း တရစပ်
မပြတ်ဘူးဟေ့..တဝီမြစ်ထဲကရေတွေဆိုတာလည်း သွေးရောင်လွှမ်းလို့ပဲ..ဟား….တကယ့်ကို ထိန်းမရ..သိမ်း
မနိုင် အခြေအနေ..တော်တော်တန်တန် စိတ်ခိုင်ပါတဲ့ဆိုတဲ့ လူတစ်ယောက်တောင် ရူးသွားလောက်တယ်..
တကယ်.. မင်းတို့ခုကြည့်တဲ့ တီဗီသတင်းလို ဘာဟုတ်လိမ့်မလဲ..အမြောက်လေးတစ်ချက်လောက်ပစ်လိုက်
လက်ဘက်ရည်လေးသောက်လိုက်နဲ့..”

“လာကြည့်တဲ့ ဗိုလ်မှူးချုပ်က ငါ့ကိုသိတယ်ကွ..သူက – ဘယ်လ်ဝမ့် ဆင်းဂ်ရေ..ဘယ့်နှယ်ဖြစ်တာတုန်း..တို့
လွှတ်လိုက်တဲ့လူတွေ မတွေ့ပါလား တဲ့..ငါလည်း စိတ်လေးလေးနဲ့ ဖြေရတော့တာပေါ့ကွာ…ကျွန်တော်လည်း
သတင်းပို့ရမှာ စိတ်မကောင်းဖြစ်မိပါရဲ့ တပ်မမှူးခင်ဗျာ..ကျွန်တော်တို့ ရှိတဲ့လူတွေလည်း ကျဆုံးတဲ့သူလည်း
ကျ..ထွက်ပြေးတဲ့သူလည်းပြေး..တပ်ကူတွေကလည်း ဘယ်လိုဖြစ်တယ်မသိပါဘူး..ခုထိမမြင်မိသေးပါဘူး
ခင်ဗျာ..လို့..အဲ..ငါရှေ့ကပြောခဲ့တဲ့အတိုင်း အက်ခ်နူးက တပ်ကူတွေက လမ်းမှားပြီး တဝီမြစ် အရှေ့ဘက်ကမ်း
ရောက်သွားတယ်ဆိုတာလေ..ရန်သူတွေက အင်အားအလုံးအရင်းနဲ့ နေရာအနှံ့အပြားကနေ တရမန်းကြမ်းဝင်
စီးတော့..သူတို့လည်း ကြံကြံမခံနိုင်တော့တာ…တော်တော်များများလည်း ကျဆုံးပါတယ်..တင့်ကားတွေ
အကုန်နီးပါးလောက် သုံးမရတော့ပါဘူး..လို့ ဆက်ပြီး အစီရင်ခံရတော့တာပဲ..”

“ဗိုလ်မှူးချုပ်က ကဲဗျာ..ဒီလိုစဉ်းစားကြည့်ရအောင်..ကျုပ်တို့ ဘယ်လိုလုပ်ရင် နိုင်နိုင်မလဲ..တဲ့..ပြီးတော့
သက်ပြင်းချပြီး..ကြည့်ရတာ မျှော်လင့်ချက်တော့ ကုန်နေပါပြီ..နောက်ဆုတ်မှတော်လိမ့်မယ်..တဲ့…”

“သူက အဲဒီလိုပြောတော့ ငါလည်း ချက်ချင်းကန့်ကွက်မိတယ်..ဒီလို..တပ်မမှူးခင်ဗျာ..ကျွန်တော်တို့
တပ်ရင်းရဲ့ဆောင်ပုဒ်ကသေချာနိုင်ဖို့တိုက်..မတိုက်ဘဲမလျှော့ တဲ့ခင်ဗျ..”

“သူက အဲဒါ စိတ်ဓာတ်ပေါ့ကွ..ဘယ်လ်ဝမ့်ရ..ဆိုပြီး ငါ့ကျောကုန်းကို သူ့လက်နဲ့ အုန်းဆို ထုတော့တာ..
ကိုင်း..ဒီမယ်ကျန်သမျှလူတွေ စုကွာဆိုတော့ ငါလည်း လူတွေမနည်းပြန်စုရတယ်..တို့တပ်စိတ်က
ခေါင်းဆောင်ကတော့သေသလား ပြေးပြီလားတော့မဆိုနိုင်ဘူး..အဲဒီတော့ တပ်စိတ်မှူးအဖြစ်ငါ့ကို တာဝန်
ပေးပြီး တံတားကိုပြန်သိမ်းဖို့ ကြိုးပမ်းခိုင်းတော့တာပဲ..မတတ်နိုင်ဘူး..ရှိတဲ့လူနဲ့ အစွမ်းကုန်ကြဲရတော့မှာပဲ
…လက်ရွေးစင် ဂေါ်ရခါးရိုင်ဖယ်တပ်ရင်းရယ်..အမှတ်၃၁ ယန္တရားတပ်က သုံးလို့ရသေးတဲ့ တင့်ကား နည်း
နည်းရယ်တော့ ရှိသေးတာ..”

“မနက်လင်းတာနဲ့ အမြောက်သံနဲ့ သေနတ်သံက စတာပဲ..မန္ဒိယာလ တံတားကတော့ ငရဲပွက်ပြီ..ဟာ..
သေနတ်အမျိုးအစားပေါင်းစုံက ပစ်လိုက်ခတ်လိုက်တဲ့ တဒိုင်းဒိုင်း တဒက်ဒက်အသံတွေ..အမြောက်ဆံတွေ
ဗုံးတွေက ပေါက်ကွဲလို့ အုန်းခနဲ ဝုန်းခနဲ မြည်ဟီးသွားတဲ့အသံတွေ..စနိုက်ပါရိုင်ဖယ်တွေကလှမ်းပစ်လိုက်တဲ့
ဝီခနဲ ရွှီခနဲ ကျည်ဆံတွေ..ရန်သူလေတပ်ကလည်း ဝေါခနဲ ဝှီးခနဲနဲ့ တို့အပေါ်ဖြတ်ဖြတ်ပျံပြီး ကျဲလိုက်တဲ့
ဗုံးတွေဆိုတာ..ကိုင်းကွယ်..သေမထူး နေမထူး ဆိုပြီး အနီးကပ်တိုက်ပွဲဆင်ဖို့ သေနတ်မှာ ဘက်နက်တွေ
တပ်ပြီး ပါးစပ်ကလည်း ဆစ်ခ်လူမျိုးတွေရဲ့ စစ်ကြွေးကြော်သံကို အသံကုန်ဟစ်လို့ အတင်းကြုံးတက်တော့
တာဟေ့..အဲဒီမယ်..ရှေ့တိုးလာတဲ့ ရန်သူတွေနဲ့ မျက်နှာချင်းဆိုင်တွေ့မိပြီး အသေအကြေသတ်ပုတ်ရတာပဲ
..ဘယ်..ကွာ..ဒီလောက် ဗလပွေရှုပ်ပြီး မီးခိုးတွေ ယမ်းခိုးတွေဝေနေတဲ့ဟာ..အနားကပ်မှသာ ဟ ရန်သူဟေ့
သတ်ဟ ဖြတ်ဟ ဆိုပြီး ဆော်ကြရတာ..သေနတ်လား..သေနတ်နဲ့ပစ်ဖို့လုပ်နေရင် ကိုယ့်ကို ဘက်နက်နဲ့
ဓားနဲ့ အတင်းဝင်ထိုးသွားလိမ့်မယ်..တို့ကတော့ ချောင်ပိတ်နေတဲ့ သားရဲကောင်တွေလို သေနတ်မကြောက်
..အမြောက်မကြောက်..ဘက်နက်နဲ့ ဝင်ထိုး..ဓားမြောင်နဲ့ဝင်ထိုး..နောက်ဆုံး လက်သီးနဲ့တောင် အတင်းဝင်
ထိုးတာကလားကွ…အဲဒီလိုအတင်းဝင်ဆော်လိုက်တာ ဒီကောင်တွေ အတော်လန့်သွားကြတယ်လေ…
သူတို့လန့်ပြီး တန့်သွားကြတဲ့အချိန် တို့က ရပ်မနေဘူး..ဆက်ပြီးတိုးတော့တာပေါ့..”
“ဒီတော့ ငနဲတွေက နောက်ပြန်ဆုတ်သွားပြီး တံတားပေါ်ကို တင့်ကားတွေနဲ့ ဖြတ်ဖို့လုပ်တာပေါ့..ဟိုဘက်မယ်
သူတို့လူတွေ လက်နက်တွေ အများကြီးကျန်သေးတဲ့ဟာ..သူတို့လည်း တံတားဖြတ်လာရော..တို့တပ်ဖွဲ့နဲ့
မျက်နှာချင်းဆိုင်တွေ့ကြတော့တာပဲ..ဒီငနာတွေ တံတားကို ဖြတ်ပြီး ဒီဘက်ရောက်မလာဖို့ အတော်အရေးကြီးတာ
ကွ..အမှတ် ၃၂ ယန္တရားတပ်က တီ ၅၅ တင့်ကားတစ်ချို့နဲ့ အမှတ်၂၇သံချပ်ကာတပ်ရင်းကြီးကလည်း တိုက်ပွဲ
ထဲဝင်လာပြီပေါ့..အင်း..တို့က ဗန်းဂတ်ပေါ့..တပ်ဦးကနေ အသေခံပြီးဖောက်ရတဲ့ကောင်တွေ..ပထမတော့
တို့တင့်ကားတွေက တံတားထိပ်ကနေ ရန်သူကို ကောင်းကောင်းကြီး ပြန်ခုခံနေတာပဲ..နောက်တော့ တို့ဘက်က
တင့်ကားမောင်းတဲ့ တပ်သား ချာတိတ်ကလေး နှစ်ကောင်က တင့်ကားတွေထားပြီး ပြေးပါရောလားကွ..အဲဒါကို
ငါ ရှင်းရှင်းကြီး လှမ်းမြင်လိုက်ရတာ..”

“အဲဒါလည်း မြင်ရော..ငါဘယ်လိုဖြစ်သွားမှန်းမသိပါဘူး..ငါ့ခန္ဓာကိုယ်ထဲ ဘယ်လိုတန်ခိုးသတ္တိမျိုးဝင်စီးသွား
သလဲ မပြောတတ်တော့ပါဘူးကွာ..အဲဒီ လူမရှိတော့တဲ့ တင့်ကားဆီအတင်းပြေးသွားပြီး အဖုံးကိုဖွင့်..အတင်း
လှိမ့်ဝင်လိုက်မိတယ်…အေး..တင့်ကားအကြောင်းတော့သိတာပေါ့ကွာ..တစ်ခါမှတော့မမောင်းဘူးပါဘူး..
ခဏလောက်ပဲ..မိနစ်ပိုင်းလောက်ပဲကြာမယ်..ဘယ်လိုထိန်းချုပ်ရမလဲဆိုတာမှန်းသမ်းပြီး မောင်းကြည့်တော့…
ဟား…တီ ၅၅ တင့်ကားကြီးက လှုပ်ရှားလာပါကောလားကွ..တင့်ကားကြီးက ငါ့အမိန့်ကို နာခံလာ
ပြီဆိုပါတော့…
(ဟား…မိုက်တယ်ဗျာ..အဘက…ကျွန်တော်တို့ကလေးတွေက ထအားပေးတာ..ဘာပြောပြော သူ့ဇာတ်လမ်းမှာ သူက
ဇာတ်လိုက်၊ ဟီးရိုးကိုး..သူ့လူတွေကို ကာကွယ်ဖို့ ဟီးရိုးက စွန့်စားပြီလေ..အဘိုးကြီးက ကလေးတွေကိုပြုံးတယ်..
ဒါဘာဟုတ်သေးလဲ..ဆိုတဲ့ အပြုံးမျိုး)
“အေးအေး..ငါလည်း တင့်ကားကို မောင်းလို့ရရော ရန်သူ့ဘန်ကာတွေက စက်သေနတ်နဲ့ ငါ့တင့်ကားကို
ပြုံပစ်ကြတော့တာပဲ..ငနဲတွေသူတို့ စွတ်ပစ်လို့ ငါကြောက်ပြီး ပြေးမယ်ထင်တာ..ဘာရမလဲ..ငါလည်း
ဆိုင်းမနေဘဲ ရှေ့သာတိုးတော့တာပဲ..ငါတိုးလာတော့ ဒင်းတို့ပဲ ဘန်ကာထဲကနေ ပြေးကြရတာပဲ..အံမယ်..
ငနဲတစ်ကောင်က မပြေးဘဲ ငါ့တင့်ကားပေါ်အတင်းဖက်တက်သေးတာ..ငါလည်း အပေါ်က ၁၀၀မီလီမီတာ
အမြောက်တင်ထားတဲ့ ဆုံလည်အုံကို တအားဆွဲလှည့်ပစ်လိုက်တာ ငနဲက ပြောင်းနဲ့ ရိုက်မိပြီး လွင့်ပျံထွက်
သွားတော့တာပေါ့..”
(ကလေးများ လက်ခုပ်တီးကြပြန်ပြီ..ဟေး..ဒါမှ တို့အဘကွ..)
“ငါ့နောက်မယ် တို့ဘက်က ကျန်သေးတဲ့ တင့်ကားတွေကလည်း ရန်သူတွေကို သေချာချိန်ပြီးနေပြီ
ဆော်တော့မယ်..ဘာကြာလဲမိနစ်နှစ်ဆယ်လောက်ပဲ ထင်ပါရဲ့..ဟိုဘက်က အမေရိကန်လုပ် ပက်တွန်
တင့်ကားတစ်စီးလား ကောင်းကောင်းကန်းကန်းကျန်တော့တာ..ငါလည်း အဲဒီတင့်ကားကို တွယ်မယ်ဆိုပြီး
ထိုးလိုက်တော့ ငါ့ကို လှမ်းဆော်တော့တာပေါ့..ဒါရိုက်ဟစ်ပဲဟေ့..ငါ့တင့်ကား မီးဟုန်းဟုန်းတောက်နေပြီ..
ဒါပေမဲ့ အမြောက်ကတော့ အလုပ်လုပ်သေးတယ်ကွ..ငါလည်း မောင်းလို့ရသမျှဆက်မောင်းပြီး ဒင်း
နောက်လိုက်တာပဲ..နောက်ဆုံး ကိုက်ငါးဆယ်လောက်ပဲနဲ့ထင်ပါတယ်..ငါ အမြောက်နဲ့ တစ်ချက် ပိတ်
ထုပစ်လိုက်တော့..ဒင်းကရပ်သွားပြီး…အမြောက်တံက ရိုးတိုးရိုင်တိုင်နဲ့ ငါ့ဘက်လှည့်လာသေးတယ်..
ငါလည်း ဒီတစ်ခါတော့ သေဖို့ သေချာပြီ..ဆိုပြီးရင်တထိတ်ထိတ်နဲ့ ကြောင်ကြည့်နေမိတယ်..နောက်တော့
အမြောက်တံက ငါ့ဘက်တောင်မရောက်နိုင်တော့ဘူး..ရပ်သွားပြီးတော့ တင့်ကားကြီးက အုန်းခနဲ ထပေါက်
ကွဲသွားတော့တာပဲ..ငါလည်း ငါ့ကွန်မန်ဒါကို သတင်းပို့လိုက်တယ်..ရန်သူ့တပ်ကတင့်ကားရှစ်စီး ချေမှုန်းပြီး..
အခြေအနေကို ကောင်းကောင်းထိန်းချုပ်နိုင်ပါပြီလို့…”

“တံတားကိုတော့ တို့လက်ထဲ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင် ထိန်းချုပ်နိုင်ပေမဲ့လို့ ဟိုဘက်မယ်တော့ သူ့တို့ အင်
အားတွေ နေရာအနှံ့မှာရှိနေသေးတာကလား…ဒါထက်အရေးကြီးတာက..တံတားဟိုဘက်ထိပ်ပိုင်းမှာ
ပါကစ္စတန်အလံ တလူလူလွင့်နေတဲ့ ကိစ္စပဲ..အဲဒီအလံကို ဆွဲဆုတ်ချချင်တာ..လူက ခေါင်းထိထားလို့
မူးနောက်နောက်ဖြစ်နေပြီးတော့ လွင့်ပျံလာတဲ့ သတ္တုအပိုင်းအစတွေကလည်းလာမှန်လို့ သွေးသံရဲရဲနဲ့လေ
..ဒါပေမဲ့ ငါနောက်မဆုတ်ဘူး..ငါ့ခေါင်းထဲမှာ အဲဒီပါကစ္စတန်အလံကို ဆွဲဆုတ်ပစ်ချင်တဲ့စိတ်ပဲရှိတယ်..
တစ်လက်မချင်း တစ်လက်မချင်း ရှေ့ကိုတွားတက်သွားတာပဲ..ငါ့ဘေးနားမှာလဲ မြေကြီးထဲနစ်နေတဲ့အ
လောင်းတွေ၊စုတ်ပြတ်ပြုတ်ထွက်နေတဲ့ အလောင်းတွေ…အိုး..ပုံစံမျိုးစုံနဲ့အလောင်းတွေပြည့်နှက်လို့ပဲ..
အလောင်းတွေ ငါဂရုမထားနိုင်ဘူး..ရန်သူဘန်ကာနားကိုရောက်အောင်ပဲ အတင်းတွားတက်တာ..
ရန်သူ့ဘန်ကာနဲ့ ဆယ်ကိုက်လောက်ပဲဝေးတော့တဲ့အချိန်ကျကာမှ သူတို့ အခြေအနေကို
အကဲခတ်ရတာပဲ..ငနဲတွေက ဘန်ကာကို သံဆူးကြိုးတွေနဲ့ဝိုင်းပတ်ပြီးကာထားတာကွ..ငါလည်း
အခြေအနေကြည့်ပြီးတာနဲ့ လက်ထဲရှိတဲ့ လက်ပစ်ဗုံးကို ဘန်ကာထဲ ပစ်ထည့်လိုက်တော့တာပဲ..
ဘန်ကာထဲမှာ အုန်းခနဲပေါက်သွားပြီးတော့ အပြင်ကိုငနဲတွေထွက်ကျလာတယ်..သေတဲ့ကောင်တွေ
ကတော့ သေကုန်ပြီပေါ့..အဲ..တစ်ကောင်တော့ ကျန်သေးသကွ..ငါလည်း အဲဒီကောင်ထွက်လာ
တာနဲ့ သေနတ်နဲ့ ထိုးပစ်တာပေါ့ကွာ..ကံဆိုးချင်တော့ ငါ့သေနတ်က ဂျမ်း ဖြစ်သွားပြီးတော့ ကျည်
မထွက်တော့ဘူးဟေ့..သေပြီပေါ့..ငါတော့..အဲဒါကို ရန်သူငနဲကလည်း ကောင်းကောင်းမြင်တာပေါ့..
ငနဲက ပြုံးပြီးတော့ သူ့သေနတ်နဲ့ငါ့ကိုချိန်လို့ မောင်းကိုဆွဲပါလေရော..ဟား..ကျည်အတွဲလိုက် ဝေါခနဲ
ထွက်လာပြီးတော့ ငါ့ဘယ်ဘက်ခြေထောက်ကို မှန်ပြီး ငါလည်း ပစ်လဲသွားတော့တာ..ငတိက ငါမသေ
မှန်းသိတော့ အနီးကပ်လာပြီးငါ့နှလုံးသားတည့်တည့်ကို ချိန်ပစ်…”
(“ဟာ..အဘတော့ ဒီတစ်ခါ သေပြီပေါ့..”“မသေလို့ပြန်ပြောနေတာပေါ့…ဒယာနက်ရှ်ရ..”
ပူတူးက ပြန်ဖြေတာ..)

“အေး..ကံကောင်းချင်တော့ ငနဲသေနတ်က ဒိုင်းခနဲ ကျည်ဆံထွက်လာရမဲ့အစား ချောက်ခနဲ အသံပဲ
ထွက်လာတာ..ဒင်း ကျည်ဆံကုန်သွားပြီလေ..အဲဒီတော့ ငနာက အသံနက်ကြီးနဲ့ ကြုံးအော်ပြီး ငါ့ကို
ဘက်နက်နဲ့ ပြေးထိုးတော့ပဲ..ငါလည်း အိန္ဒိယသားကွ ဆိုပြီး အသံကုန်ဟစ်..သူ့ဘက်နက်ကို ဘေး
လှိမ့်ရှောင်ပြီး..ဒီကောင့်နံကြားကို ငါ့သေနတ်နဲ့ဆောင့်ထိုး..ငနဲလဲသွားကာမှ သေနတ်ဒင်နဲ့ ခေါင်းကို
ချည်းမသေမချင်း ဆောင့်ပစ်တာ..နောက်ဆုံးတော့ အဲဒီနေရာ ခုန်ထပြီး ရန်သူ့အလံကို ဆွဲချ..တို့နိုင်ငံရဲ့
သုံးရောင်ခြယ်အလံကို လွှင့်တင်လိုက်တော့တာပဲ..မန္ဒိယာလတံတားထိပ်မယ်..တို့နိုင်ငံအလံတလူလူ
လွင့်နေတာမြင်တော့ ငါ့ရင်ထဲဘယ်လိုဖြစ်မှန်းမသိဘူး..ပျော်လို့..ငါ့ဘဝမှာ အပျော်ဆုံးအချိန်အခိုက်
အတန့်လေးပါပဲကွာ..ငါခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ပေမဲ့..ငါကျေနပ်တယ်..”
အဘိုးကြီး အပြောရပ်သွားတဲ့အခါ ကြည့်မိတော့ သူ့မျက်လုံးထဲမှာ မျက်ရည်စလေးတွေ ဝေ့သီနေပါရော့လား။
တစ်မိနစ်လောက် ဘယ်သူမှမလှုပ်မရှားဘဲ ငြိမ်နေမိကြတာ..။နောက်တော့ ပူတူးက သူ့ရဲ့စာစီစာကုံးရေးတဲ့စာအုပ်လေး
ဆွဲထုတ်ပြီး အဘိုးကြီးနားကပ်သွားတယ်။အဲဒီကျမှ အဘိုးကြီးလည်း မျက်လုံးလေး ပွတ်သပ်ပြီး –
“ဟရေး..ဘာတုန်းဟ..မင်းရဲ့ သချာင်္အိမ်စာလား..ငါမတွက်နိုင်ဘူးနော်..”
“သခ်ာၤအိမ္စာ မဟုတ္ပါဘူး ..အဘရ”
“ဒါဖြင့် အဲဒီစာအုပ်က ဘာလုပ်ဖို့တုန်း”
“အဘရဲ့ လက်မှတ်လေး အမှတ်တရထိုးခိုင်းချင်လို့ပါ..အဘက ကျွန်တော်တို့ သူရဲကောင်းပဲလေ..”
အားလုံးလက်ခုပ်ဝိုင်းတီးကြတယ်။

About မောင်ဘလိုင်

has written 138 post in this Website..