နေပြည်တော်ကအပြန်ဝယ်လာတဲ့ မျှစ်ချဉ်ထုပ်လေးကိုမြင်တော့ ဝက်သားနဲ့မျှစ်ချဉ်ချက်စားမယ်ဆိုပြီး စဉ်းစားလိုက်မိတယ် ဒါပင်မယ့် အလုပ်က သူငယ်ချင်းတွေကလည်း စားချင်တယ်ဆိုတော့ အားလုံးလည်းစားလို့ရအောင်ဆိုပြီး ဝက်သားအစား ငါးနဲ့ ချက်မယ်ဆိုပြီး ငါးကြင်းသားမျှစ်ချဉ်ဟင်းလေး ချက်ဖြစ်ပါတယ် .နွယ်ပင်က နေပြည်တော်က မျှစ်ချဉ်ဆို ပန်ဒါတံဆိပ် မျှစ်ချဉ်ကိုကြိုက်တယ် ။
အခုလည်း ဒီတံဆိပ်ပဲ ဝယ်လာဖြစ်ပါတယ် ။

မျှစ်ချဉ်ချက်မယ်ဆိုရင် မျှစ်ချဉ်ကို သင့်သလို တုံးပြီး ရေတစ်ထပ် ဆေးပါတယ် ။ပြီးတော့ မျှစ်ကို အိုးထဲတည့်ပြီးပြုတ်ပါတယ် ။ပန်ဒါ မျှစ်ချဉ်ကနုတော့
သိပ်ကြာကြာတော့ မပြုတ်ရပါဘူး ဒီအတိုင်းချက်ရင်တောင် ရပင်မယ့် မျှစ်ချဉ်အနံ့နံမှာဆိုးတာနဲ့ ပြုတ်တော့ ပြုတ်လိုက်ပါသေးတယ် ။

ငါးကြင်းသားကို ဆား၊ အချိုမှုန့်၊ နည်းနည်းနဲ့ နယ်ပြီးနောက် ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းပါ ပြီးတော့ ဆီအိုးတင်၊ ဆီပူရင် ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းထားတာတွေ ထည့်၊ အရောင်တင်မှုန့် ထည့်ပြီး ဆီသပ်ပါတယ်။ ပြီးရင်တော့ ငါးကြင်းသားကို ထည့်လို့လုံးပါတယ် ။ ခဏနေမှ ပြုတ်ထားတဲ့ မျှစ်ဖတ်တွေပဲ ယူပြီး ဆီသပ်အိုးထဲထည့် ငါးကြင်းနဲ့ ရောလုံး ငံပြာရည်နဲ့ အချိုမှုန့် နည်းနည်း ထည့် နည်းနည်းကြာကြာ လုံးပြီးလို့ ဆီပြန်ရင်တော့ ရေနွေးဆူပြီးသား လောင်းထည့်ပြီး ဆူပွက်အောင်တည်ပါတယ် ရေနွေးကိုတော့ ကိုယ်လိုချင်သလောက် အရည်သောက်ကို မှန်းပြီးထည့်ပါ ပြီးရင်တော့ အပေါ့အငံမြည်းပြီး လိုတာ ပြင်ပြီးသွားရင်တော့ အရသာရှိတဲ့ ငါးကြင်းသားမျှစ်ချဉ်ဟင်းတစ်ခွက် ရပါပြီ ….

ဒါကတော့ နွယ်ပင့်အကြိုက် ပန်ဒါ မျှစ်ချဉ်လေးပါ …

မျှစ်ပြုတ်ပြီး ရေစစ်ထားတာပါ …

ငါးကြင်းသားမျှစ်ချဉ်ဟင်း

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..