ကျွန်မတို့ ပြည်ထောင်စု မြန်မာနိုင်ငံကြီးဟာ အခုဆိုရင် တိုင်းတပါးယဉ်ကျေးမှုများရဲ့ လွှမ်းမိုးခြင်းကို ခံနေရပါတယ် …။ အထူးသဖြင့် ကိုရီးယားကားများရဲ့ လွှမ်းမိုးမှုက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေသလိုပါပဲ … ဘယ်နေရာပဲ ကြည့်လိုက် ကြည့်လိုက် မိန်းကလေးတော်တော်များများရဲ့ ၀တ်ဆင်မှုဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ ဘယ်လိုမှ မကိုက်ညီတာတွေ တွေ့ရပါတယ် … ကျွန်မလဲ လူငယ်တစ်ယောက်ပါပဲ ခေတ်မှီတာနဲ့ ခေတ်ဆန်တာကို လက်ခံလို့ရပေမယ့် ၀တ်စားဆင်ယဉ်မှုဟာ ခေတ်ရှေ့ကိုပြေးနေပြီးတော့ လျှပ်ပေါ်လော်လီတာကတော့ ဘယ်လိုမှ အမြင်မတင့်တယ်ပါဘူး … မြန်မာမိန်းကလေးတွေဟာ ဟီရိသြတပ္ပတရား ရှိသင့်ပါတယ် … ညစာစားပွဲတို့ တခြားဧည့်ခံပွဲတို့ ဘာတို့လို နေရာမျိုးကို ရင်ဖုံးအကျီ င်္၊ ချိတ်ထမီနဲ့ တက်လို့မရသလို ဘုရားပေါ်ကို ဘောင်းဘီတို၊ စကတ်တိုနဲ့ မတက်သင့်ပါဘူး … သူ့နေရာနဲ့ သူ အဆင်ပြေပြေ ၀တ်ဆင်တတ်ဖို့လဲ လိုပါတယ် …။ အခုခေတ်ကလဲ ပွဲလမ်းသဘင်က တော်တော်များသကိုး … အထိမ်းအမှတ်နေ့တွေအတွက် ရှိုးပွဲလုပ်လိုက်၊ အဆိုတော်မွေးနေ့မို့လို့ ရှိုးပွဲလုပ်လိုက်နဲ့ ပွဲစီစဉ်သူတွေနဲ့ အဆိုတော်တွေကတော့ ဟန်ကိုကျနေကြတာပေါ့ … ရှိုးပွဲတွေသွားမကြည့်ဖူးတဲ့သူကို ခေတ်မမှီဘူးလို့ ပြောရင် ခေတ်မမှီတဲ့အထဲမှာ ကျွန်မကတော့ ထိပ်ဆုံးကပါမယ်ထင်ပါတယ် ..။ သွားမကြည့်ဖူးပေမယ့်လည်း အင်တာနက်မှာတွေ့နေရတဲ့ ရှိုးပွဲလာ ဆယ်ကျော်သက်လေးများရဲ့ ၀တ်စားဆင်ယဉ်မှုတွေဟာ ဘုရားတရလောက်ပါတယ်။

ဟိုတလောက တွေ့လိုက်ရတဲ့ ဟစ်ဟော့ရှိုးပွဲ ကြော်ငြာ ပိုစတာတစ်ခုကြောင့်လဲ စိတ်ထဲမှာ တော်တော်လေး ဘ၀င်မကျ ဖြစ်သွားမိပါတယ် … ဖေဖော်ဝါရီ (၁၄)ရက်နေ့ Valentines Day ရှိုးပွဲမှာ ပထဦးဆုံးဆုံတွဲ (၅၀၀) အား ဗေဒင်တစ်ခါ ပေးမေးခြင်း၊ နှင်းဆီပန်း၊ချောကလက်များပေးပြီး အလိုက်ဖက်ဆုံး စုံတွဲများအား ပန်းချီပုံဆွဲပေး၍ dinner စားခွင့်နှင့် အခန်းများကို ကံစမ်းမဲဖောက်ပေးသွားမယ်တဲ့ … ဒီကြော်ငြာ ပိုစတာကို ဖတ်ပြီး စိတ်ထဲမှ ဘုရားတလိုက်မိပါတယ် … လူများများ လာအားပေးအောင်လို့ ဆွယ်တာလားဆိုပြီး သို့လော သို့လော အတွေးများဖြင့်ပေါ့ … ဒီလိုပွဲတွေကို အများအားဖြင့် သွားကြတာက ဆယ်ကျော်သက် အရွယ်လေးတွေပါပဲ … ဆယ်ကျော်သက်လေးများကို နည်းပေးလမ်းပြလုပ်နေသလိုပါပဲ … မမှားသင့်တာတွေ မှားပြီး အတုမခိုးသင့်တာတွေ သင်ပေးနေသလိုပါပဲ … အခုခေတ် သမီးမိန်းကလေး မွေးထားတဲ့ မိဘများအတွက်တော့ ရင်လေးစရာပါပဲ .. ဒီနေ့မနက် ဖေ့ဘွတ်ဖွင့်လိုက်တော့ ကြော်ငြာက တစ်မျိုးပြောင်းသွားပြန်ပါတယ် … အခန်းတွေကို ကံစမ်းမဲဖောက်ပေးမယ့် အစီအစဉ်အစား ချောင်းသာခရီးစရိတ်ငြိမ်း (အခန်းခ+စားစရိတ်+ကားခ) ၅ ဦးကို ကံစမ်းမဲများ ဖောက်ပေးသွားမည် ကံစမ်းမဲတစ်စောင်ပေါက်လျှင် (၂) ဦး သွားခွင့်ရှိသည်တဲ့ … ကုလားကြီးနဲ့ ဘာဘူကြီးအတူတူပါပဲ … ချောင်းသာခရီးဆိုတော့ ပိုတောင်လွတ်လပ်သွားသလိုပါပဲ … ဆယ်ကျော်သက်လေးများကလဲ ကိုယ့်အသိဥာဏ်နဲ့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်များကို ချနိုင်ကြပါစေ …။ သူများယောင်လို့ လိုက်ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိတဲ့ ဘ၀မျိုး မရောက်ကြပါစေနဲ့လို့ တောင်းဆုပြုပါတယ် …။

ဖေဖော်ဝါရီ (၁၄)ရက်နေ့ Valentines Day အတွက် စိတ်ကူးယဉ်ပြီး ကြိုတင်ပြင်ဆင်နေကြတဲ့ သူတွေကို တစ်ခုလောက်တော့ မေးချင်ပါတယ် … ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အတွက်ရော ဘာတွေများပြင်ဆင်ထားကြသလဲလို့ ……

(စိတ်ထဲမှာ မနေနိုင် မထိုင်နိုင်နဲ့ ခိုးလို့ခုလုဖြစ်နေလို့ ရေးလိုက်တာပါ)

About chit lay

chit lay has written 10 post in this Website..