လူကြုံရသဖြင့် မြန်မာနိုင်ငံ၏အအောင်မြင်ဆုံး ပုံနှိပ်စာစောင်တအုပ်ဖတ်ရလေသည်။ ကွယ်လွန်ပြီး ရှေးခေတ်စာရေးသူများ၏စာများပြန်ပါသလို ဆောင်းပါးသစ်များ၏တဝက်ကျော်မှာ လွန်ခဲ့သောနှစ် ၅ဝကျော်သို့ ညွှန်းခြင်းများလှသည်။ ဆောင်းပါးတို့တွင် ၁၉၃၀, ၁၉၅၀, ၁၉၆ဝ စသဖြင့် ဘေဘီဘုမ်မာတို့၏ ဆယ်ကျော်သက်နှစ်တို့ကိုညွှန်းနေကြသည်။ ဗုဒ္ဓခေတ်နှင့် ရှေးမြေရှင်ပဒေသရာဇ်ခေတ်ထိသို့ ပတ်သက်ကိုးကားနေသည်လည်းရှိသည်။ အထည်ကြီးပျက်ခဲ့သည်မူ၍ တိုင်းပြည်ရွှေထီးဆောင်းသည်ထင်ကြသောခေတ်ကိုလွမ်းမောတမ်းတနေပုံတည်း။ စာတို့တွင် “ကျေးရှစ်မျိုး”ရှိသည်ဟူ၍လည်းပါသည်။ “ဆရာကောင်းအင်္ဂါခုနှစ်ပါး”လည်းဖတ်ရသည်။ “အပင်းစမ်းနည်း”ပင် အပိုတွေ့သေး၏။ ဘဝတသက်တာလောက်အချိန်သုံးမှ ယေဘုယျလောက်သိနားလည်နိုင်သောခေတ်တို့၏ အသိအတတ်ပညာတို့ကို ယနေ့ခေတ်တွင် အထူးထားကိုးကားဖို့လိုပါသေးသလော? ထိုစာစောင်တွင် ဘာသာပြန်စာအချို့လည်းပါ,ပါသည်။ အတွေးအခေါ်နှင့်မဆိုင် နည်းပညာနှင့် အချက်အလက်သုတေသနတို့နှင့်ဆိုင်သော ဆောင်းပါးတို့သာဖြစ်သည်။ စာပေမှ ခေတ်၏ပုံရိပ် စာဖတ်သူ/လွှမ်းမိုးနိုင်သူ တို့အခြေအနေ ဖမ်းမှန်းနိုင်သည်။ သို့ဆိုလျှင် မြန်မာတို့ ကွန်ဆာဗေးတစ်သမားများ၍ ရှေးရိုးစွဲနေသည်ဟုဆိုမည်။ ရှေးရိုးစွဲဟူသည် ရှေးအတွေးအခေါ် ဓလေ့၊ယဉ်ကျေးမှု၊ဘာသာရေးတို့ကို ဖက်တွယ်ထားသူများဖြစ်သည်။ တိုင်းပြည်တပြည်တည်ထောင်ထားရာတွင် လူ့တန်ဖိုးများအဖြစ်လိုပါအပ်ပါသည်။ သို့ပါငြား ကွန်ဆာချည်းဗေးတစ်လွန်းနေလျှင်ကား နိင်ငံရေးအလုပ်မဖြစ်ပေ။ […]