ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ ဓမ္မလက်ဆောင်

who whoFebruary 13, 20121min961

“ဗိုလ်ချုပ်အောင်ဆန်း၏ ခံယူချက်နှင့် ပတ်သက်၍ သူသည် ဂေါတမ မြတ်စွာဘုရား၏ ကာလာမသုတ္တန်လာ ဝိဘဇ္ဇဝါဒကို ကြိုက်နှစ်သက်သူ ဖြစ် ကြောင်း သိရ၏။ ပုထုဇဉ်လူသားတိုင်း အမှားနှင့်မကင်းနိုင်သဖြင့် အမှားလုပ် မိပါက ကိုယ့်အမှားကိုယ်သိပြီး အမှန်ရောက်အောင် ပြင်နိုင်သူ၊ ပြင်ရဲသူဖြစ်ဖို့ သာ အရေးကြီးသည်ဆိုသည့် ခံယူချက်မျိုးရှိသူလည်း ဖြစ်၏။ လူ့ဘဝ လူ့လောက ဆိုသည်မှာ အကြောင်းကြောင့် ဖြစ်သည့် အကျိုးတရားများ စဉ်ဆက်မပြတ်ဖြစ်နေသည့် ကြောင်းကျိုးဖြစ်စဉ်ကြီးမျှသာ ဖြစ်သည်။ အကြောင်းကင်းသည့် အကျိုးတရားဟူ၍ မရှိ။ ထို့ကြောင့် အကြောင်းကောင်း လျှင် အကျိုးကောင်းမည်။ အကြောင်းမကောင်းလျှင် အကျိုးမကောင်းနိုင် ဟု လည်း ခံယူသူဖြစ်ကြောင်း သူ့စာပေလက်ရာများတွင် ပေါ်လွင်နေသည်။” ဟူ၍ ဗိုလ်ချုပ်ရဲ့ ခံယူချက်နှင့် ပတ်သက်လို့ ရေးသား ဖော်ပြထားတာကို ဖတ်လိုက် ရပါသည်။
ဗုဒ္ဓရဲ့ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတဲ့ အရာရာဟာ အကြောင်းရှိလို့သာ အကျိုးတွေ ဖြစ်လာရတာဖြစ်ပြီး အကြောင်းအကျိုးကင်း တဲ့ အရာရယ်လို့ မရှိနိုင်ဆိုတဲ့ ဆက်စပ်မှုကိုတော့ ကျနော် လက်ခံ ယုံကြည် သဘောပေါက်ပါသည်။ သို့သော် ဗိုလ်ချုပ် ကြိုက်နှစ်သက်သည် ဆိုသော ကာလာမသုတ္တန်ကိုတော့ ကျနော် မလေ့လာဖူးပါ။ ဒါကြောင့် သိချင်စိတ်လေး များ ပြင်းပြလာတာလို့ပဲ ရှာဖွေလေ့လာမိခဲ့ပါတယ်။ လေ့လာမိသမျှလေးတွေ ကို ပြန်လည် ဝေမျှတင်ပြလိုက်ပါတယ်။

ကေသမုတ္တိသုတ်(ခေါ်)ကာလာမသုတ်-

ကာလာမမင်းတို့ တပ်မက်သော ပုဂ္ဂိုလ်သည် တပ်မက်သော {လောဘ}နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ သူ့အသက် ကိုလည်း သတ်၏၊ မပေးသည်ကိုလည်း ခိုးယူ၏၊ သူ့မယားကိုလည်း သွားလာ၏၊ မဟုတ်မမှန်သော စကားကိုလည်း ပြောဆို၏၊ သူတစ်ပါးကိုလည်း ထို အတိုင်းပြုရန် ဆောက်တည် စေ၏၊ ယင်း သူတစ်ပါး အသက် သတ်ခြင်း စသည်သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွား မဲ့ခြင်းငှါ ဆင်းရဲခြင်းငှါဖြစ်နိုင်သည်မဟုတ်လောဟု(မိန့်တော်မူ၏)။
အစီးအပွားမဲ့ခြင်းငှါဆင်းရဲခြင်းငှါဖြစ်နိုင်ပါသည်အသျှင်ဘုရား။
အကျွန်ုပ်သည်ဤသို့ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလ တိုင်းတို့၌ ဒေသစာရီ ကြွချီတော်မူလတ်သော် ကာလာမမင်းတို့၏ ကေသမုတ္တ မည်သောနိဂုံးသို့ ရောက်တော်မူ၏။ ကေသမုတ္တနိဂုံးသား ကာလာမမင်းတို့သည်ဤသို့ကြားသိကြကုန်၏-
{{အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် ကေသမုတ္တနိဂုံးသို့ ရောက်လာတော်မူ၏။ ထို အသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏။
ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့် လည်း အရဟံ မည်တော်မူ၏။ပ။ ထိုသို့သဘောရှိသော ရဟန္တာပုဂ္ဂိုလ်တို့အား ဖူးမြော်ရ ခြင်းသည် ကောင်းသည် သာတည်း}} ဟု (ကြားသိကြကုန်၏)။
ထို့နောက် ကေသမုတ္တနိဂုံးသား ကာလာမမင်းတို့သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင် အချို့တို့သည် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေကြကုန်၏။ အချို့တို့သည် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက် ဝမ်းသာ (နှုတ်ဆက်) ပြောဆို ကုန်၏။ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို ပြီးဆုံးစေပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။ အချို့တို့သည် မြတ်စွာဘုရား ရှိရာ အရပ်သို့ လက်အုပ်ချီကုန်လျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။ အချို့တို့သည် အမည်အနွယ်ကို ပြောကြားလျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။ အချို့တို့သည် တိတ်ဆိတ်စွာ တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။
တစ်ခုသော နေရာ၌ ထိုင်နေကြသော ကေသမုတ္တနိဂုံးသား ထိုကာလာမမင်းမျိုး တို့သည် မြတ်စွာဘုရားအား- အသျှင်ဘုရား အချို့သော သမဏဗြာဟ္မဏတို့သည် ကေသမုတ္တ နိဂုံးသို့ ရောက်လာ ပါကုန်၏။ ထို သမဏဗြာဟ္မဏတို့သည် မိမိအယူဝါဒကိုသာလျှင် ပြပါကုန်၏၊ ထွန်းပ စေပါ ကုန်၏။ သူတစ်ပါး အယူဝါဒကိုမူကား ထိပါးပါကုန်၏၊ မထီမဲ့မြင်ပြုပါကုန်၏၊ ရှုတ်ချပါကုန်၏၊ချေဖျက်ပါကုန်၏၊
အသျှင်ဘုရား တခြားသော သမဏဗြာဟ္မဏအချို့တို့သည်လည်း ကေသမုတ္တနိဂုံး သို့ ရောက်လာပါကုန်၏၊ ထို သမဏဗြာဟ္မဏတို့သည်လည်း မိမိ အယူဝါဒကိုသာလျှင် ပြပါကုန်၏၊ ထွန်းပ စေကုန်ပါ၏၊ သူတစ်ပါး အယူဝါဒကိုမူကား ထိပါးပါကုန်၏၊ မထီမဲ့မြင်ပြု ပါကုန်၏၊ ရှုတ်ချ ပါကုန်၏၊ ချေဖျက်ပါကုန်၏၊
{{အသျှင်ဘုရား ဤသမဏဗြာဟ္မဏတို့တွင် အဘယ် သမဏ ဗြာဟ္မဏသည် မှန်သော စကားကို ဆိုပါသနည်း၊ အဘယ်သမဏဗြာဟ္မဏသည် မမှန်သော စကားကို ဆိုပါသနည်း}}ဟု အကျွန်ုပ်တို့အား ယုံမှားခြင်း တွေးတောခြင်း ဖြစ်ခဲ့ပါ၏}}(ဟုလျှောက်ကုန်၏)။
ကာလာမမင်းတို့ သင်တို့အား ယုံမှားခြင်းငှါ သင့်ပေ၏၊
တွေးတောခြင်းငှါသင့်ပေ၏၊သင်တို့အား ယုံမှားခြင်းငှါသင့်သော အရာ၌ ယုံမှားခြင်းဖြစ်၏။
ကာလာမမင်းတို့…သင်တို့သည် ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီမှန်ပြီဟုအတည်)မယူကုန်လင့်ဦး၊ အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီမှန်ပြီဟုအတည်)မယူကုန်လင့်ဦး၊ဤသို့ဖြစ်ဖူးသတတ်ဟူသော စကား မျှဖြင့်လည်း(ဟုတ်ပြီမှန်ပြီဟုအတည်)မယူကုန်လင့်ဦး။
ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း
(ဟုတ်ပြီမှန်ပြီဟုအတည်)မယူကုန်လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့် လည်း(ဟုတ်ပြီမှန်ပြီဟုအတည်)မယူကုန်လင့်ဦး၊နည်းမှီး ယူခြင်း မျှဖြင့်လည်း (ဟုတ်ပြီမှန်ပြီဟုအတည်)မယူကုန်လင့်ဦး၊အခြင်းအရာကိုကြံစည်သောအား
ဖြင့်လည်း (ဟုတ်ပြီမှန်ပြီဟုအတည်)မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည် နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီမှန်ပြီဟုအတည်)မယူကုန်လင့်ဦး။
ကာလာမမင်းတို့{{ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့ အပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည် ရှိသော် အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏}}ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင် သိသောအခါ၌မူ ပယ်စွန့်ကုန်ရာ၏။
ကာလာမမင်းတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန် သနည်း။ တပ်မက်ခြင်း {လောဘ} သည် သတ္တဝါ၏ အတွင်း {အဇ္ဈတ္တ} သန္တာန်၌ ဖြစ်သော် အစီးအပွား ရှိခြင်းငှါ ဖြစ်သလော၊ (သို့မဟုတ်) အစီးအပွား မဲ့ခြင်းငှါဖြစ်သလောဟု(မိန့်တော်မူ၏)။ အစီးအပွား မဲ့ခြင်းငှါ ဖြစ်ပါသည် အသျှင်ဘုရား။
ကာလာမမင်းတို့ တပ်မက်သော ပုဂ္ဂိုလ်သည် တပ်မက်သော {လောဘ} နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ သူ့အသက် ကိုလည်း သတ်၏၊ မပေးသည်ကို လည်း ခိုးယူ၏၊ သူ့မယားကိုလည်း သွားလာ၏၊ မဟုတ်မမှန်သော စကားကိုလည်း ပြောဆို၏၊ သူတစ်ပါးကိုလည်း ထို အတိုင်းပြုရန် ဆောက်တည် စေ၏၊ ယင်း သူတစ်ပါး အသက် သတ်ခြင်း စသည်သည် ထိုသူအား ကြာမြင့်စွာ သော ကာလပတ်လုံး အစီးအပွား မဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မိန့်တော်မူ၏)။
ဖြစ်နိုင်ပါသည်အသျှင်ဘုရား။
ကာလာမမင်းတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန် သနည်း။ အမျက်ထွက်ခြင်း {ဒေါသ}သည် သတ္တဝါ၏ အတွင်း {အဇ္ဈတ္တ} သန္တာန်၌ ဖြစ်သော် အစီးအပွား ရှိခြင်းငှါ ဖြစ်သလော၊ (သို့မဟုတ်) အစီးအပွား မဲ့ခြင်းငှါဖြစ်သလောဟု(မိန့်တော်မူ၏)။ အစီးအပွားမဲ့ခြင်းငှါ ဖြစ်ပါသည် အသျှင်ဘုရား။
ကာလာမမင်းတို့ အမျက်ထွက်သော ပုဂ္ဂိုလ်သည် အမျက် ထွက်ခြင်း {ဒေါသ} နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ သူ့အသက်ကိုလည်း သတ်၏၊ မပေးသည် ကိုလည်း ခိုးယူ၏၊ သူ့မယား ကိုလည်း သွားလာ၏၊ မဟုတ်မမှန်သော စကားကိုလည်း ပြောဆို၏၊ သူတစ်ပါးကိုလည်း ထိုအတိုင်းပြုရန် ဆောက်တည်စေ၏၊ ယင်း သူတစ်ပါး အသက်သတ်ခြင်း သတ်စေခြင်း စသည်သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွား မဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု(မိန့်တော်မူ၏)။ဖြစ်နိုင်ပါသည်အသျှင်ဘုရား။
ကာလာမမင်းတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ တွေဝေခြင်း {မောဟ}သည် သတ္တဝါ၏ အတွင်း {အဇ္ဈတ္တ} သန္တာန်၌ ဖြစ်သော် အစီးအပွား ရှိခြင်းငှါ ဖြစ်သလော။ပ။ ဆင်းရဲခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု(မိန့်တော်မူ၏)။ဆင်းရဲခြင်းငှါ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။
ကာလာမမင်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤတရားတို့သည် ကုသိုလ် တရားတို့လော၊ (သို့မဟုတ်) အကုသိုလ် တရားတို့လောဟု(မိန့်တော်မူ၏)။အကုသိုလ်တရားတို့ ဖြစ်ပါသည် အသျှင် ဘုရား။
အပြစ်ရှိသော တရားတို့လော၊ (သို့မဟုတ်) အပြစ် မရှိသော တရားတို့လောဟု(မိန့်တော်မူ၏)။ အပြစ်ရှိသောတရားတို့ဖြစ်ပါသည် အသျှင် ဘုရား။
ပညာရှိတို့ ကဲ့ရဲ့အပ်သောတရား တို့လော၊ (သို့မဟုတ်) ပညာရှိ တို့ချီးမွမ်းအပ်သောတရားတို့လောဟု(မိန့်တော်မူ၏)။ ပညာရှိတို့ ကဲ့ရဲ့ အပ် သောတရားတို့ဖြစ်ပါသည်အသျှင်ဘုရား။
(ဤတရားတို့ကို)ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သော် အစီးအပွား မဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်သလော၊ (သို့မဟုတ်) မဖြစ်ကုန်သလော။ ဤနေရာ၌ (သင်တို့စိတ်) အဘယ်သို့ ရှိသနည်းဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား (ဤတရားတို့ကို) ပြည့်စုံစေအပ် ကောင်းစွာ ဆောက်တည်အပ် ကုန်သော် အစီးအပွါးမဲ့ခြင်းငှါ ဆင်းရြဲခင်းငှါ ဖြစ်ကုန်ပါ၏၊ ဤနေရာ၌ တပည့်တော်တို့၏(စိတ်) ဤသို့ ရှိပါသည် အသျှင်ဘုရားဟု (လျှောက်ကုန်၏)။
{{ကာလာမမင်းတို့ သင်တို့သည် ပြောသံကြားကာမျှဖြင့် (ဟုတ်ပြီမှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အစဉ်အဆက် စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း မယူ ကုန်လင့်ဦး။ ပိဋကတ် (မိမိတို့ ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ် ပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊ နည်းမှီးယူခြင်း မျှဖြင့်လည်း မယူကုန်လင့်ဦး၊ အခြင်းအရာကို ကြံစည်သော အားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည် နှစ်သက်၍ ယူထားသော အယူနှင့် တူညီ ပေသည် ဟူ၍လည်း မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ငါတို့လေးစားသော ရဟန်း၏စကားဟူ၍လည်းမယူကုန်လင့်ဦး။
ကာလာမမင်းတို့ {ဤတရားတို့ကား အကုသိုလ်တရားတို့ တည်း၊ ဤတရားတို့ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရားကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည်ရှိသော် အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏}ဟု သင်တို့သည် မိမိတို့ ကိုယ် တိုင်ပင် သိသော အခါ၌မူ ပယ်စွန့်ကုန်ရာ၏}} ဟု ငါမိန့်ဆိုခဲ့သော စကားသည် ကား ဤသည်ကို စွဲ၍ မိန့်ဆိုသောစကားဖြစ်၏။
{{ကာလာမမင်းတို့ သင်တို့သည် ပြောသံကြားကာမျှဖြင့် (ဟုတ်ပြီမှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အစဉ်အဆက် စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း မယူ ကုန်လင့်ဦး။ ပိဋကတ် (မိမိတို့ ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ် ပေသည်ဟူ၍လည်း မယူကုန် လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊ နည်းမှီးယူခြင်း မျှဖြင့်လည်း မယူကုန်လင့်ဦး၊ အခြင်းအရာကို ကြံစည်သော အားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည် နှစ်သက်၍ ယူထားသော အယူနှင့် တူညီ ပေသည် ဟူ၍လည်း မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ငါတို့ လေးစားသော ရဟန်း၏စကားဟူ၍လည်းမယူကုန်လင့်ဦး။
ကာလာမမင်းတို့ {ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရား တို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည် ရှိသော် အစီးအပွားရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏}ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင်လျှင် သိသောအခါ၌မူ ပြည့်စုံစေ၍နေကုန်ရာ၏။
ကာလာမမင်းတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ မတပ်မက်ခြင်း {အလောဘ}သည် သတ္တဝါ၏ အတွင်း {အဇ္ဈတ္တ} သန္တာန်၌ ဖြစ်သော် အစီးအပွား ရှိခြင်းငှါ ဖြစ်သလော၊ (သို့မဟုတ်) အစီးအပွားမဲ့ခြင်းငှါ ဖြစ်သလောဟု (မိန့်တော်မူ၏)။ အစီးအပွား ရှိခြင်းငှါ ဖြစ်ပါသည် အသျှင် ဘုရား။
ကာလာမမင်းတို့ မတပ်မက်သော ပုဂ္ဂိုလ်သည် တပ်မက်ခြင်း {လောဘ} မနှိပ် စက်အပ် မသိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ သူ့အသက်ကိုလည်း မသတ်၊ မပေးသည်ကို လည်း မယူ၊ သူ့မယားကိုလည်း မသွားလာ၊ မဟုတ်မမှန်သော စကားကိုလည်း မပြောဆို၊ သူတစ်ပါးကိုလည်း ထို အတိုင်း (သူတစ်ပါး အသက် သတ်မှုစသည်) ပြုရန် မဆောက်တည်စေ၊ ယင်းသူတစ်ပါး အသက် မသတ်ခြင်း စသည်သည် ထိုသူအား ကြာမြင့် စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု(မိန့်တော်မူ၏)။ဖြစ်နိုင်ပါသည်အသျှင်ဘုရား။
ကာလာမမင်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန် သနည်း၊ အမျက်မထွက် ခြင်း {အဒေါသ}သည် သတ္တဝါ၏ အတွင်း {အဇ္ဈတ္တ} သန္တာန်၌ ဖြစ်သော်။ပ။ မတွေဝေခြင်း {အမောဟ} သည် သတ္တဝါ၏ အတွင်း {အဇ္ဈတ္တ} သန္တာန်၌ ဖြစ်သော်။ပ။ အစီးအပွါး ရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်နိုင်သည်မဟုတ်လောဟု(မိန့်တော်မူ၏)။ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။
ကာလာမမင်းတို့ ထို အရာကိုအဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤတရားတို့သည် ကုသိုလ်တရားတို့လော၊ (သို့မဟုတ်) အကုသိုလ် တရား တို့လော ဟု (မိန့်တော်မူ၏)။ ကုသိုလ်တရားတို့ ဖြစ်ပါသည် အသျှင်ဘုရား။ အပြစ်ရှိသော တရားတို့လော၊ (သို့) အပြစ်မရှိသော တရားတို့လောဟု (မိန့်တော်မူ၏)။အပြစ်မရှိသောတရားတို့ဖြစ်ပါသည်အသျှင်ဘုရား။
ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့လော၊ (သို့မဟုတ်) ပညာရှိတို့ ချီးမွမ်းအပ် သော တရားတို့လောဟု (မိန့်တော်မူ၏)။ ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့ ဖြစ်ပါသည် အသျှင်ဘုရား။ (ဤတရားတို့ကို) ပြည့်စုံစေအပ် ကောင်းစွာ ဆောက်တည်အပ်ကုန် သော် အစီးအပွါး ရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်သလော၊(သို့မဟုတ်)မဖြစ်ကုန်သလော၊ ဤနေရာ၌ (သင်တို့စိတ်) အဘယ်သို့ရှိသနည်းဟု(မိန့်တော်မူ၏)။
အသျှင်ဘုရား (ဤတရားတို့ကို) ပြည့်စုံစေအပ် ကောင်းစွာ ဆောက်တည် အပ်ကုန်သော် အစီးအပွါး ရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါကုန်၏၊ ဤနေရာ၌ တပည့်တော်တို့၏(စိတ်) ဤသို့ရှိပါသည် အသျှင်ဘုရား ဟု (လျှောက်ကုန်၏)။
{{ကာလာမမင်းတို့ သင်တို့သည် ပြောသံကြားကာမျှဖြင့် (ဟုတ်ပြီမှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အစဉ်အဆက် စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူး သတတ် ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ပိဋကတ် (မိမိတို့ ရှေးဟောင်း ကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည် ဟူ၍လည်း မယူကုန်လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်း မျှလည်း မယူကုန်လင့်ဦး၊ နည်းမှီ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့)ကြံစည် နှစ်သက်၍ ယူထားသော အယူနှင့် တူညီပေသည် ဟူ၍လည်း မယူကုန် လင့်ဦး၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူ ကုန်လင့်ဦး၊ ငါတို့ လေးစားသော ရဟန်း၏ စကားဟူ၍လည်း မယူကုန်လင့်ဦး၊ ကာလာမမင်းတို့ {ဤတရားတို့ကား ကုသိုလ် တရားတို့တည်း။ ဤတရားတို့ကား အပြစ် မရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း၊ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏} ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင် သိသောအခါ၌မူ ပြည့်စုံစေ၍ နေကုန်ရာ၏}} ဟု ငါမိန့်ဆို ခဲ့သော စကားသည်ကား ဤသည်ကို စွဲ၍ မိန့်ဆိုအပ်သော စကားဖြစ်၏။
ကာလာမမင်းတို့ အရိယာတပည့်သည် ဤသို့ မက်မောခြင်း {အဘိဇ္ဈာ} မှ ကင်းသည် ပျက်စီးစေလိုခြင်း {ဗျာပါဒ}မှ ကင်းသည် တွေဝေခြင်းမရှိသည် ဆင်ခြင်တုံတရားရှိသည် သတိနှင့်ပြည့်စုံသည်ဖြစ်၍ မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာ ကို။ လေးခုမြောက်အရပ်မျက်နှာကိုပျံ့နှံ့စေ၍နေ၏။
ဤနည်းဖြင့် အထက်အောက်ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါ အားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိသော ကြောင့်ကြ ခြင်း မရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
သနားခြင်း{ကရုဏာ}နှင့်ယှဉ်သောစိတ်ဖြင့်။ပ။
ဝမ်းမြောက်ခြင်း{မုဒိတာ}နှင့်ယှဉ်သောစိတ်ဖြင့်။ပ။
လျစ်လျူရှုခြင်း{ဥပေက္ခာ}နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက်အောက်ဖီလာအလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါ အားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါ အားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိသော ကြောင့်ကြခြင်း မရှိသော လျစ်လျူရှုခြင်း {ဥပေက္ခာ} နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍နေ၏။
ကာလာမမင်းတို့ဤသို့ ရန်ကင်းသောစိတ် ကြောင့်ကြကင်း သောစိတ် မညစ်ညူးသောစိတ် စင်ကြယ်သောစိတ်ရှိသော အရိယာ တပည့်အား ယခုဘဝ၌ပင် ထောက်တည်ရာ လေးမျိုးတို့ကို ရအပ်ကုန်၏။
တမလွန်လောကသည် အကယ်၍ ရှိအံ့၊ ကောင်းစွာ ပြုအပ် မကောင်းသဖြင့် ပြုအပ် ကုန်သော ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဆက် အကျိုးရင်းသည် အကယ်၍ ရှိအံ့၊ ထို့သို့ရှိခဲ့သော် ငါသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်သို့ ရောက်ရလိမ့်မည်ဟူသော ထောက်တည် ရာကို ရလေ၏၊ ဤသည်ကား ထို အရိယာတပည့်အားရအပ်သောပဌမထောက်တည်ရာပေတည်း။
တမလွန်လောကသည် အကယ်၍ မရှိအံ့၊ ကောင်းစွာ ပြုအပ်သော မကောင်း သဖြင့် ပြုအပ်ကုန်သော ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဆက် အကျိုး ရင်းသည် အကယ်၍ မရှိအံ့၊ ထို့သို့ မရှိခဲ့သော် ငါသည် မျက်မှောက်ဘဝ၌ပင် ရန်မရှိသော ကြောင့်ကြမရှိသော ဆင်းရဲမရှိသော ချမ်းသာခြင်းရှိသော မိမိကိုယ် ကို ဆောင်ရပေ၏ ဟူသော ထောက်တည်ရာကို ရလေ၏။ ဤသည်ကား ထို အရိယာ တပည့်အား ရအပ်သော ဒုတိယထောက်တည်ရာ ပေတည်း။

မကောင်းမှုကို ပြုခဲ့လျှင် ပြုသည် မည်အံ့၊ ငါသည် တစ်စုံတစ်ခုသော မကောင်း မှုကို အားမထုတ်ခဲ့၊ (မကောင်းမှု) မပြုသော ငါ့အား အကုသိုလ်ကံသည် အဘယ်မှာ ဆင်းရဲကို တွေ့ထိနိုင်စေအံ့နည်းဟူသော ထောက်တည်ရာကို ရလေ၏။ ဤသည်ကား ထို အရိယာတပည့်အား ရအပ်သော တတိယ ထောက်တည်ရာပေတည်း။
မကောင်းမှုကို ပြုသော်လည်း ပြုသည် မမည်အံ့၊ ထိုသို့ ပြုသည် မမည်သော် ငါသည် (မကောင်းမှုကို မပြုခြင်း၊ ပြုသည် မမည်ခြင်းဟူသော) နှစ်ပါးစုံဖြင့်သာ လျှင် စင်ကြယ်သော မိမိကိုယ်ကို ရှုမြင်ရပေ၏ ဟူသော ထောက်တည်ရာကို ရလေ၏၊ ဤသည်ကား ထို အရိယာ တပည့်အား ရအပ်သော စတုတ္ထ ထောက်တည်ရာပေတည်း။
ကာလာမမင်းတို့ ဤသို့ ရန်ကင်းသောစိတ် ကြောင့်ကြကင်းသောစိတ် မညစ်ညူး သောစိတ် စင်ကြယ်သောစိတ် ရှိသော ထိုအရိယာ တပည့်အား ယခုဘဝ၌ပင် ဤ ထောက်တည်ရာ လေးမျိုးတို့ကို ရအပ်ကုန်၏ ဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရား ဤအတိုင်းပင် မှန်ပါပေ၏၊ မြတ်စွာဘုရား ဤအတိုင်းပင် ဟုတ်ပါပေ၏၊ ဤသို့ ရန်ကင်းသောစိတ် ကြောင့်ကြကင်းသောစိတ် မညစ်ညူး သောစိတ် စင်ကြယ် သောစိတ်ရှိသော ထို အရိယာတပည့်အား ယခုဘဝ၌ပင် ထောက်တည်ရာလေးမျိုးတို့ကိုရအပ်ပါကုန်၏။
တမလွန် လောကသည် အကယ်၍ ရှိအံ့၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဆက် အကျိုးရင်းသည် အကယ်၍ ရှိအံ့၊ ထို့သို့ရှိခဲ့သော် ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရလိမ့်မည် ဟူသော သက်သာရာကို ရလေ၏၊ ဤသည်ကား ထိုအရိယာတပည့်အား ရအပ်သော ပဌမ ထောက်တည်ရာ ပေတည်း။
တမလွန်လောကသည် အကယ်၍ မရှိအံ့၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဆက် အကျိုးရင်းသည် အကယ်၍ မရှိအံ့၊ ထို့သို့ မရှိခဲ့သော် ငါသည် ယခုဘဝ၌ပင် ရန်မရှိသော ကြောင့်ကြ မရှိသော ဆင်းရဲမရှိသော ချမ်းသာခြင်း ရှိသော မိမိကိုယ်ကို ဆောင်ရ၏ဟူသော ထောက်တည်ရာကို ရလေ၏။ ဤသည်ကား ထို အရိယာ တပည့်အား ရအပ်သော ဒုတိယ ထောက်တည်ရာ ပေတည်း။
မကောင်းမှုကို ပြုခဲ့လျှင် ပြုသည်မည်အံ့၊ ငါသည် တစ်စုံတစ်ခုသော မကောင်းမှုကို အားမထုတ်ခဲ့၊ (မကောင်းမှု) မပြုသော ငါ့အား အကုသိုလ်ကံ သည် အဘယ်မှာ ဆင်းရဲကို တွေ့ထိ နိုင်စေအံ့နည်းဟူသော ထောက်တည်ရာ ကို ရလေ၏။ ဤသည်ကား ထို အရိယာ တပည့်အား ရအပ်သော တတိယ ထောက်တည်ရာပေတည်း။
မကောင်းမှု ပြုသော်လည်း ပြုသည် မမည်အံ့၊ ထိုသို့ ပြုသည် မမည်သော် ငါသည် (မကောင်းမှုကိုမပြုခြင်း၊ ပြုသည် မမည်ခြင်းဟူသော) နှစ်ပါး စုံဖြင့်သာလျှင် စင်ကြယ်သော မိမိကိုယ်ကို ရှုမြင်ရပေ၏ ဟူသော ထောက်တည်ရာကို ရလေ၏။ ဤသည်ကား ထို အရိယာ တပည့်အား ရအပ်သောစတုတ္ထထောက်တည်ရာပေတည်း။
အသျှင်ဘုရား ဤသို့ ရန်ကင်းသောစိတ် ကြောင့်ကြကင်းသောစိတ် မညစ်ညူး သောစိတ် စင်ကြယ်သောစိတ်ရှိသော ထိုအရိယာတပည့်အား ယခုဘဝ၌ပင် ဤထောက်တည်ရာလေးမျိုးတို့ကိုရအပ်ပါကုန်၏။
အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ ပ ။
အကျွန်ုပ်တို့သည်…
မြတ်စွာဘုရားကိုကိုးကွယ်ရာဟူ၍ဆည်းကပ်ပါကုန်၏၊
တရားတော်ကိုလည်းကိုးကွယ်ရာဟူ၍ဆည်းကပ်ပါကုန်၏၊
သံဃာတော်ကိုလည်းကိုးကွယ်ရာဟူ၍ဆည်းကပ်ပါကုန်၏။

မြတ်စွာဘုရားသည်အကျွန်ုပ်တို့ကိုယနေ့မှစ၍အသက်ထက်ဆုံး
(ရတနာ သုံးပါးကို) ကိုးကွယ် ဆည်းကပ်သော ဥပါသကာတို့ဟု မှတ်တော်မူပါ ဟု(လျှောက်ကြကုန်၏)။
၅-ကေသမုတ္တိသုတ်၊မဟာဝဂ်၊တိကနိပါတ်၊အင်္ဂုတ္ထိုရ်။

ဒီထိကတော့ ကျနော်လေ့လာ ဖတ်မှတ်မိခဲ့သော ကာလာမသုတ္တန် အကြောင်း လေးပဲဖြစ်ပါတယ်။
အားလုံး ဗုဒ္ဓအဆုံးအမများဖြင့် စိတ်နှလုံး ရွှင်လန်းနိုင်ပါစေ။

One comment

  • ကြောင်ကြီး

    February 13, 2012 at 12:47 pm

    ဒဂျီးပြောဒေါ့ ငရဲနတ်ပြည် ရှိဘူးဒဲ့…။ သူပြောလေ့ရှိတဲ့ ကာလမသုတ်က ဟူးဟူးပြောတာရဲ့ ရှေ့ပိုင်းတဝက်ပဲရှိဒယ်…။ သဂျီးဖြုတ်ထားခဲ့တာလား ဟူးဟူးထပ်ဖြည့်လိုက်တာလား…သိတော့ဝူး…။ 🙄

Leave a Reply