အိမ်ထောင်သက် အနှစ် နှစ်ဆယ်ကျော်တဲ့ မိန်းမဟောင်းတွေကိုလည်း ..Give&Take
Subject: Fwd: အိမ်ထောင်သက် အနှစ် နှစ်ဆယ်ကျော်တဲ့ မိန်းမဟောင်းတွေကိုလည်း သက်ဆိုင်ရာ သွားအပ်ပြီး အသက်အစိတ်ထက် မပိုတဲ့ မော်ဒယ်သစ်ကလေးတွေနဲ့ လဲယူခွင့် ပါမစ် ပြန်ထုတ်ပေး~~~~~
*အိမ်ထောင်သက် အနှစ် နှစ်ဆယ်ကျော်တဲ့ မိန်းမဟောင်းတွေကိုလည်း သက်ဆိုင်ရာ
သွားအပ်ပြီး အသက်အစိတ်ထက် မပိုတဲ့ မော်ဒယ်သစ်ကလေးတွေနဲ့ လဲယူခွင့် ပါမစ်
ပြန်ထုတ်ပေးမည်*
မှတ်ပုံတင် သက်တမ်း နှစ်နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ် ရှိပြီဖြစ်သော ယာဉ်အို
ယာဉ်ဟောင်းများကို ဖျက်သိမ်းပြီး မော်တော်ယာဉ် အသစ်များ တင်သွင်းခွင့် ပါမစ်
ထုတ်ပေးမည်ဟု သက်ဆိုင်ရာမှ ကြေညာသည်။
ကားလောက သာမက တခြား စီးပွားရေး လုပ်ငန်း များကိုပါ ရိုက်ခတ် သွားသည်။
မော်ဒယ်လ်မြင့် ကားတွေ ဈေးပြုတ် ကျသွားသည်။ အောက်ကားလေးတွေ ဈေးမြောက်လာသည်။
အလယ် ကားပိုင်ရှင်တွေကတော့ ထိုင်ငိုရမလို၊ ထပဲ ကရမလို အူလည်လည် ဖြစ်ကုန်ကြ၏။
ဘာမဆို ဖြစ်သွားနိုင်တယ်ဟု ဆိုရိုးစကား ရှိသော ပရီမီယာလိဂ် ဘောလုံးပွဲ
တွေလိုပါပဲ။ ဒီတစ်ပတ်တော့ အသင်းကြီးတွေ အခြေမလှဘဲ တန်းဆင်းဇုန်က အသင်းတွေ
အောင်ပွဲ ခံကြသည်။ အောက်ကြေး စားတယ်ပဲ ဆိုပါတော့။ ဒိုင်ကြီးတွေ၊
ပွဲစားတွေကတော့ အေးဆေးပဲ။ (တချို့က tremy ပြောကြသေးသည်။ ဖိုးကပ်စ်တိုက်
ပြီးသား ဆိုလားပဲ။)
ခုလို ရုတ်ရုတ်သဲသဲ ဖြစ်နေချိန် တစ်ညမှာတော့ ဆရာ ချစ်ဦးညို ဖုန်းလှမ်းဆက်သည်။
“ပြောပါ ကိုကြီးညို”
“ဒီလိုကွာ၊ ကိုယ်တစ်ခု စဉ်းစားမိလို့၊ သက်တမ်း ရင့်နေတဲ့ ကားအို ကားဟောင်း
တွေလိုပဲ၊ အိမ်ထောင်သက် အနှစ် နှစ်ဆယ်ကျော်တဲ့ မိန်းမဟောင်းတွေကိုလည်း
သက်ဆိုင်ရာ သွားအပ်ပြီး အသက်အစိတ်ထက် မပိုတဲ့ မော်ဒယ်သစ်ကလေးတွေနဲ့ လဲယူခွင့်
ပါမစ် ပြန်ထုတ်ပေးရင် သိပ်ကောင်းမှာပဲလို့”
ဒီလူကြီး ဒါမျိုး ကြံစည် နေတာကြာပြီ။ ဆူဆူညံညံ အသံတွေ၊ သီချင်း ဆိုသံတွေကို
ဖုန်းထဲမှ ကြားနေရသဖြင့် ကာရာအိုကေ ဘားကနေ လှမ်းဆက်ခြင်းဖြစ်ကြောင်း သိသာ၏။
ခပ်ထွေထွေနဲ့မို့ သူ့အတွင်းစိတ်ထဲက ဆန္ဒမှန်တွေ ပွင့်အန် ထွက်လာခြင်း ဖြစ်မည်။
“ဒါဆို အပျိုဟိုင်းကြီး တွေကျတော့ ဘယ့်နှယ် လုပ်မလဲဗျ”ဟု ကျွန်တော်က
ဆွပေးလိုက်တော့
“ဟာ- သုံးမရတဲ့ ဒီ အော်ဆွေးကြီးတွေကတော့ သံရည်ကျိုစက် ပို့ပစ်လိုက်တာပဲ
ကောင်းတယ်”
သူပြောတဲ့အတိုင်း ဖြစ်လာရင်တော့ အပျိုကြီးတွေ ဖြစ်တဲ့ ဂျူး၊ ရာသက်ပန်
(တောင်ငူဆောင်)၊ ဇွန်ပွင့်၊ မြူမြူ၊ ဝင်းဝင်းမြင့် (နန်း တော်ရှေ့)တို့တော့
ဒုက္ခပဲ။ ထို့အတူ ဆေးမန်းက ဆရာမ အပျိုကြီးတွေ အတွက်လည်း မဆီမဆိုင် လှမ်းစိတ်ပူ
လိုက်မိသေးသည်။ ကျွန်တော်လည်း နောက်ချင်ပြောင်ချင် စိတ်ပေါ်လာသဖြင့် ရာသက်
ပန်ဆီ ဖုန်းဆက်ပြီး ပြောပြ လိုက်သောအခါ သူက-
“အမယ်၊ ကိုယ်တွေက အိုးမော်ဒယ် ဆိုပေမယ့် ယာယီ နံပါတ်ပဲ ရှိသေးတာပါနော်”
အမှန်ကတော့ ဝယ်မယ့် လူမရှိလို့ ရှိုးရွမ်းမှာ ငုတ်တုတ် ကြီး ကျန်ခဲ့တဲ့
မော်ဒယ်မျိုး ဖြစ်မှပါ။ ပြောရင်းဆိုရင်းနဲ့ တစ် ခု သွားသတိရပြန်ပြီ။
ဟိုတစ်လောက ရုပ်ရှင် သရုပ်ဆောင် ကျော်သူနဲ့ ရွှေဇီးကွက်တို့ရဲ့
အနှစ်သုံးဆယ်မြောက် မင်္ဂလာ အမှတ်တရ အခမ်းအနားကို ကျင်းပသွားသေးသည်။သူတို့လည်း
အိမ်ထောင်သက် နှစ်သုံးဆယ် ကျော်ပြီပေါ့။ သို့ရာတွင် ကိုကျော်သူ အနေဖြင့်
ပါမစ်အသစ် တစ်စောင် ရဖို့ မျှော်လင့်ချက်တော့ မရှိနိုင်။ ရွှေဇီးကွက် ဆိုတာက
သက်တမ်းရင့်လေ တန်ဖိုး တက်လေဆိုတဲ့ ရိုးစ်ရွိုက်လို၊ မာစီဒီးလိုမျိုး
မဟုတ်လား။ (ကိုမောင်မောင်အတွက် စိတ်မကောင်းပါဘူး။)
ကျွန်တော်က ခုလို ပေါက်ကရတွေ လျှောက်ပြော၊ သူတို့ကို သံရည်ကျို စက်ပို့မယ်
ခြိမ်းခြောက်တာ ကို ရာသက်ပန်က သူ့ အပေါင်းအသင်း SPICE GIRLS အဖွဲ့ကို
ပြန်တိုင်သည်။ (SPICE = မဆလာ) တခြားလူတွေက ရယ်နေကြသော်လည်း ကံ့ကော်
ဝတ်ရည်စာပေမှ ကက်ကက်လန် မဝိုင်းကတော့ ထုံးစံ အတိုင်း-
“ဟင်း- ဒါဆို သူ့မိန်းမ ကျတော့ကော”
ဟု ပြန်ပက်သည်။
သူပြောတာ မှန်ပါသည်။ ကျွန်တော့် မိန်းမ သည်လည်း သက်တမ်းလွန် ယာဉ်အိုယာဉ်ဟောင်း
စာရင်း ထဲ ဝင်နေပါပြီ။ သူ့ကို တန်ဖိုး ကြီး ကမာ္ဘကျော် ထိပ်တန်း ကားတွေနဲ့တော့
မတင်စားဝံ့ပါ။ ဒုတိယကမာ္ဘစစ် လက်ကျန် ဗိုက်ပူ ဘတ်စ်ကားကြီးနဲ့သာ
ခိုင်းနှိုင်းချင်သည်။ ကျွန်တော်တို့ ကလေးဘဝ ဟိုနားဒီနား ငါးပြားပေးရတဲ့
ခေတ်ကနေ ခရီးတစ်ဖြတ် ငါးဆယ်ကျပ်ဆိုသော ဒီနေ့ ကာလအထိ သစ္စာရှိရှိ အသုံး
တော်ခံခဲ့တဲ့ ကားကြီးတွေ ပေါ့။ ဇိမ်မကျပေမယ့် လုံခြုံ စိတ်ချရသည်။ ကုန်ကျစရိတ်
သက်သာသည်။ (မီးခိုးတော့ နည်းနည်း လိုက်နေပြီပေါ့။ ဒါပေမဲ့ အင်ဂျင်ဝိုင်လေး
မှန်မှန် ထည့်ပေးထားရင် ခုချိန် ထိ “ဒေါက်ဝူး”ပါပဲ။)
ကျွန်တော်ကတော့ အိမ်က ဗိုက်ပူကြီးကို သက်ဆိုင်ရာသို့လည်း မအပ်နိုင်၊ သံရည်
ကျိုစက်ကိုလည်း မပို့ရက်၊ ပါမစ်လည်း မလိုချင်။ တကယ်လို့ လုံးဝ မောင်းနှင်ခွင့်
မရှိတော့ဘူး ဆိုလျှင်လည်း ဂိုဒေါင်ထဲ ထည့်ပြီး အမှတ်တရ သိမ်းထားလိုက်တော့မည်။
တပ်မတော်သားတွေဟာ လက်နက်ကို ကိုယ်နဲ့ မကွာ အမြဲတမ်း ရှိနေစေရ သည်။ ဘယ်လို
အကြောင်း ကြောင့်နဲ့မှ မစွန့်ပစ်ရ။ ရန်သူ့ လက်မပါစေရ။ အသက်နဲ့ လဲပြီး
ကာကွယ်ရမည်။ ထို့ ကြောင့် “ငါသေမှ ငါ့လက် နက်ကို ရမည်” ဆိုသော ဆောင်ပုဒ်ကို
ကိုင်စွဲထားကြ ရ၏။
ကျွန်တော်လည်း ဒီလို ပါပဲ။
“ငါသေမှ ငါ့မိန်းမကို ရမည်”
မိန်းမတစ်ယောက် ဟင်းချက်ကောင်းခြင်းသည် အိမ်ထောင်တစ်ခု သာယာ တည်ငြိမ်
ခိုင်မြဲရေးအတွက် အဓိက အချက်ပဲလို့တော့ မပြောနိုင်။ သို့ရာတွင် အရေး ပါသော
အခန်းကဏ္ဍမှ အထောက်အကူ ပြုသည်ဟု ထင်၏။
သမီးရည်းစား ဘဝ မှာ-
“ချစ်က ထမင်းဟင်း မချက်တတ်ဘူးနော်”
ဆိုလည်းရတယ်။ အမေ ချက်ကျွေးလိမ့်မယ်။ ညားခါ စမှာလည်း အရေးမကြီးသေး။
“ချစ်ရဲ့ လက်ရာဆိုရင် ကောက်ရိုးကို ဆီချက်ခေါက်ဆွဲ လုပ်ကျွေးရင်တောင်
တစ်သက်လုံး စားနိုင်ပါတယ်”
လို့ဆိုခဲ့ပြီး အိမ်ထောင် သက်ကလေး ရလာတော့မှ ပူညံပူညံ ဖြစ်တော့တာ။
ယောက်ျားများဟာ ထမင်းဆာလျှင် စိတ်တိုတတ်သည်။ ဒီကြားထဲကမှ ဟင်းကလည်း မကောင်း၊
လက်ရာကလည်း ညံ့နေလျှင် ဒေါသ ပေါက်ကွဲတော့တာပဲ။ လင်မယားတွေ ရန်ဖြစ်ကြရတဲ့
အကြောင်ရင်းတွေထဲမှာ ထမင်း၊ ဟင်းကိစ္စက အကြိမ် အများဆုံးတောင် ဖြစ်နိုင်သည်။
ဆိုင်မှာ ဝယ်စားလည်း ရတာပဲဟု စောဒက တက်စရာ ရှိ၏။ သို့ရာတွင် ခံစားမှုချင်း
မတူကြောင်း ဆိုင်ထမင်း ဟင်းစားနေကျ လူတွေ သိလိမ့်မည်။ ဘယ်လောက် စားကောင်းတဲ့
ဆိုင်ပဲဖြစ်ဖြစ်၊ ဘယ်သူချက်တာလဲ ဆိုတာ မသိရ။ တစ်နည်းအားဖြင့် သူစိမ်းတစ်ယောက်
ချက်တဲ့ ထမင်းဟင်းကို စားရတာ။ ဆိုင်က ဝန်ထမ်းတွေ ဆိုတာကလည်း တာဝန် အရသာ
ဧည့်ဝတ် ကျေနေရတာ။ တကယ့်နွေးထွေးမှု အစစ် မဟုတ်။ စားလို့ပြီးရင် ငွေ ရှင်းရမည်။
အပေးအယူ သဘော။ ပြီးတော့ ထပြန်ပေတော့။ အိမ်မှာလို ပက်လက် ကုလားထိုင်လေးပေါ်
ထိုင်ရင်း ထမင်းလုံးစီလို့ မရ။ တစ်မှေးမှေးလို့ မဖြစ်။ ဆိုင်က ထမင်းဝိုင်းသည်
အလုပ် သဘောဆန်သည်။ ဝိညာဉ် ကင်းမဲ့နေ၏။
ထမင်းဟင်း ကိစ္စသည် အိမ်ထောင်သက် ရင့်လာလေ ပိုအရေး ပါလာလေပင် ဖြစ်၏။
မိန်းမတစ်ယောက်ဟာ ဘယ်လောက်ပဲလှလှ တစ်အိမ်ထဲမှာ ကြာကြာနေရင် ရိုးသွားမှာပဲ။
အလှအပ ဆို တာကလည်း အသက် ကြီးလာရင် ပျက်စီးမှာပဲ။ ကိုယ်လုံးကိုယ်ပေါက်တွေ၊ အသား
အရေ စိုပြည်ချောမွေ့မှုတွေကလည်း အရွယ်နဲ့ အမျှ ယိုယွင်း လာမှာပဲ။
ဟင်းချက်ကောင်း တယ်ဆိုတဲ့ အရည်အချင်းကတော့ ဘယ်တော့မှ ယုတ်လျော့
ပြောင်းလဲသွားမှာ မဟုတ်။ လေးဆယ်ကျော် လည်း ဒီလက်ရာပဲ။ ငါးဆယ်၊ ခုနစ်ဆယ်၊
ရှစ်ဆယ်လည်း ဒီလက်ရာပဲ။ အချိန် ကြာလာတာနဲ့ အမျှ ကိုယ့် ယောက်ျားရဲ့ အကြိုက်ကို
ပိုတောင် သိလာသေးသည်။
ခုလို နိဒါန်းရှည်ကြီး ချီနေပြီ ဆိုကတည်းက ကျွန်တော် ဘယ်အချိုး ချိုးတော့မယ်
ဆိုတာ စာနယ်ဇင်း ဆရာကြီးများ သိပြီးဖြစ်တဲ့ အတိုင်းပါပဲ။ ဟုတ်။ ကျွန်တော့်
မိန်းမ ဟင်းချက်ကောင်းကြောင်း ပြောမလို့ပါ။
ကျွန်တော် သူ့ကို ချစ်ခဲ့တာ ဟင်းချက်ကောင်းကြောင်း ကြိုသိလို့ မဟုတ်။ တခြား
ယောက်ျားလေးတွေလိုပဲ ဒီကောင်မလေး မဆိုးဘူး၊ လှတယ်ဆိုပြီး ချစ်ခဲ့ခြင်းသာ
ဖြစ်၏။ ကြိုက်ခါစတုန်းကဆို သူ့ရဲ့ ခေတ်မီ ဝတ်စားဆင် ယင်ပုံကိုကြည့်ပြီး
ထမင်းအိုး တစ်လုံးတောင် ဖြောင့်အောင် တည်နိုင်ပါ့မလား မသိဘူးဟု အထင်
သေးမိသေးသည်။ နောက်ပိုင်း သူတို့အိမ် သွားလည်ရင်း သူ့လက်ရာကို စား ရတော့မှ
ငါတော့ ဒီတောင်က မကျော်နိုင်တော့ဘူးလို့ ဝန်ခံလိုက်ရတာ။
သူအလုပ် ရပြီးနောက် ညနေ ရုံးဆင်းချိန်မှာ သွားကြိုသည်။ လော်ကယ် ရထားစီးသည်။
ဘူတာဈေး ကလေးမှာ သားငါး၊ ဟင်းသီးဟင်း ရွက် ဝယ်သည်။ သူ့အိမ်သို့ လိုက်သွားသည်။
သူဟင်း ချက်နေချိန်မှာ ကျွန်တော်က ငရုတ်သီး ထောင်းပေးသလိုလို၊
ဘာလိုလိုလုပ်ရင်း စကား ပြောသည်။ ပြီးတော့ ထမင်း တူတူစားကြသည်။ တစ်ပတ်မှာ သုံး၊
လေးရက်တော့ သူတို့ အိမ်မှာ ညနေစာ စားဖြစ်၏။
ကျွန်တော်တို့ အမေ ပြောဖူးတာ ရှိသည်။
“မင်းတို့နော်၊ ခုချိန်မှာတော့ အမေ ကောင်းကောင်း ချက်ကျွေးမယ်၊ အိမ်ထောင်
ကျပြီးလို့ ထမင်းဟင်း ကောင်းကောင်း မချက်တတ်တဲ့ မိန်းမမျိုးနဲ့ တွေ့ရင်တော့
ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ။ အဲဒီ အခါကျတော့ မင်းတို့ မိန်းမ တွေက မင်းတို့ကို
ချီးလေးနဲ့ ပဲကျွေးကျွေး၊ အမေ ဘာမှ ဝင်စွက်ဖက်မှာ မဟုတ်ဘူး”
ကျွန်တော်က ဒီစကား ကို မှတ်ထားသည်။ တစ်ရက်မှာ ရည်းစားအိမ်မှာ ညနေစာ စားပြီးမှ
ပြန်လာတော့ အမေ က-
“ထမင်းစားတော့ မလား”
“ဟိုအိမ်က စားလာခဲ့ပြီ”
“ဘာဟင်းများ ချက် ကျွေးလိုက်သလဲ”
မေးတော့ ကျွန်တော် က-
“ချီးနဲ့ ကျွေးလိုက်တယ် အမေ”
ဟု ဖြေသောအခါ အမေ က မျက်စောင်းထိုးသည်။ ကျွန်တော်တို့ လက်ထပ်ပြီး မိန်းမက
အိမ်ကိုရောက်လာ၊ တစ်အိုးတည်း စားကြတဲ့ အခါကျမှ အမေ ကိုယ်တိုင်က သူ့လက်ရာကို
ခံတွင်းတွေ့ သွားသည်။ ဟိုဟာလေး ချက်ကျွေးစမ်းပါဦး၊ ဒီဟာလေး မစားရတာ
ကြာပြီဆိုပြီး တောင်းဆိုတတ်လာသည်။ မကြာခဏ ဆိုသလို သူတို့ နှစ်ယောက် အပြန်အလှန်
နည်းပညာ ဖလှယ်ပြီး ပိုမို ကောင်းမွန်သော အစပ်အဟပ်တွေ ပူးပေါင်း တီထွင်ကြသေးသည်။
ဟင်းချက် ကောင်းတယ်ဆိုတာက ပစ္စည်းကောင်း သုံးနိုင်တာနဲ့လည်း မဆိုင်၊ အစပ်အဟပ်
တည့်ဖို့၊ လက်အဆမှန်ဖို့ အပြင် စိတ်ရှည်ဖို့နှင့် အချက်အပြုတ် ဝါသနာ
ပါဖို့လည်း လိုသေးသည်။ ကျွန်တော့်မိန်းမ ဟင်း ချက်ကောင်းတယ် ဆိုတာ
အဲဒါတွေကြောင့်ဟု ထင်သည်။ သူက သားကြီးငါး ကြီးမှ မဟုတ်။ အရံဟင်း လေးတွေကိုပါ
စားကောင်းအောင် လုပ်တတ်သည်။ ခရမ်းချဉ်သီး ပန်ထွေဖျော်၊ ငရုတ်သီးစိမ်း
ငါးပိချက်၊ မရန်းသီးထောင်း၊ ခရမ်းသီးနှင့် ကြက်ဥမွှေကြော်၊ ပုန်းရည်ကြီးသုပ်
စသည်ဖြင့်။ သူနှင့်ပေါင်းပြီးမှ ကျွန်တော် ဘယ်တုံးကမှ မကြိုက်တတ်သော
ကြက်ဟင်းခါးသီး ချက်ကိုတောင် မက်မက် မောမော စားတတ်လာသည်။
အသားငါးဟင်း ဆိုရင်တော့ ဘာပြောကောင်းမလဲ။ သူက ခြေလေးချောင်းသားကို
ငယ်ငယ်ကတည်းက မစားဘဲ ရှောင်ခဲ့သူဖြစ်၏။ သို့ရာတွင် ကျွန်တော်တို့ စားဖို့တော့
ချက်ပေးသည်။ လုံးဝမြည်း မကြည့်ဘဲ အစပ်အဟပ် တည့်အောင် ချက်နိုင်တာ ပညာပဲ။
သူ ချက်တဲ့ထဲမှာ ကျွန်တော့်ရဲ့ ဖေးဘရိတ်ကတော့ ဝက်သားနဲ့ မျှစ်ချဉ်ပေါ့။ သူက
ဝက်သား မစားသဖြင့် မျှစ်ချဉ်ကို ငါးနှင့် အရင်ချက်သည်။ ကျက်ပြီဆိုမှ
အိုးခွဲပြီး ဝက်သုံးထပ်သားကိုထည့်၊ မီးမျှဉ်းမျှဉ်းနဲ့ ပြန်တည်။ ငါးနဲ့
ဝက်အရသာ နှစ်မျိုးပေါင်းတော့ ဘာပြောကောင်းမလဲ။ တစ်ခါတလေ ဝက်ဆီဖတ် ထည့်သည်။
ကျွန်တော်ကလည်း ဝက်သားနဲ့ မျှစ်ချဉ်ဆိုလျှင် နောက်တစ်နေ့ကျမှ ဆေးရုံတက်ရင်
တက်ရပစေ။ လောလောဆယ်တော့ တဝကြီး ကိုင်ပစ်လိုက်တာပဲ။
သူက ထမင်းဟင်းပဲ ချက်တတ်တာ မဟုတ်။ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ လည်း
ကောင်းကောင်းချက် တတ်သည်။ စားဖူးသူတွေက မုန့်ဟင်းခါးဆိုင် ဖွင့်ရင် လူကြိုက်
များမှာပဲဟု ပြောကြ သည်။ သူသာ မုန့်ဟင်းခါး ဆိုင်ဖွင့်ဖြစ်လျှင် ရွှေဥတို့၊
မြောင်းမြ ဒေါ်ချိုတို့လို နာမည်ကြီးချင် ကြီးလာနိုင်သည်။ ကျွန်တော်လည်း စာတွေ
တကုပ်ကုပ် မရေးရတော့ဘဲ ကောင်တာမှာ ငွေထိုင်သိမ်း ရုံဆိုရင် ဇိမ်ပဲ။
ခေါက်ဆွဲသုပ်၊ ကြာဆံကြော်၊ ထမင်းကြော်၊ ကော်ပြန့်စိမ်း ဆိုတာတွေက အိမ်မှာ
အပျင်းပြေ လုပ်စားတာ။ စိတ် လိုလက်ရရှိတဲ့အခါ ငါးထမင်းချဉ် လုပ်ကျွေးသည်။ သူက
ရှမ်းခေါက်ဆွဲတော့ ကိုယ်တိုင် တစ်ခါမှ မလုပ်ဖူးသေး။ ဒီတော့ ရှမ်းစာတွေ
ရောင်းသော ကုန်ခြောက်ဆိုင်ကို သွားသည်။ ရှမ်းခေါက်ဆွဲ လုပ် နည်းမေးသည်။
ပစ္စည်းအစုံ ဝယ်လာပြီး သူ့ဘာသာ လုပ်ကြည့်သည်။ သမီးတွေကရော သူတို့ သူငယ်ချင်းတွေ
ကပါ စားကြည့်ပြီး ဆိုင်တွေမှာ စားရတာထက် ပိုကောင်းတယ်ဟု ထောက်ခံကြသည်။
မုန့်ဟင်းခါး ချက်စားတဲ့ အခါ အချိန်ရလျှင် ဘူးသီးကြော်၊ ကြက်သွန်ကြော် သူ့
ဘာသာကြော်သည်။ အပြင်က ဝယ်စားတဲ့ ဗယာကြော်တွေ စားမကောင်းလို့ဆိုပြီး သူ့ဘာသာ
ကြော်တတ်သေး သည်။ စားသောက်ဆိုင်တွေ က တမ်ပူရာကြော်ကို စားကြည့်၊ ဒါများ
ဘာခက်လို့လဲ ဆိုပြီး အိမ်မှာ ကြော်ကျွေးသည်။ နာမည်ကြီး မစ္စတာ ဂစ်တာဆိုင်က
လက်ရာကို မီသည်။ သူစပ်တဲ့ အချဉ်ရည်က ပိုကောင်းသေးသည်။
ကျွန်တော်တို့ နှစ် ယောက်အတွက် အမှတ်တရ ဖြစ်စရာ ဟင်းတစ်မျိုး ရှိသေးသည်။
သမီးရည်းစား ဘဝ တုန်းက ရုံးပိတ်ရက်တစ်ရက် မှာ သူတို့အိမ်သို့ ရောက်သွား သည်။
ထမင်းစားချိန် လွန် နေပြီ။
“ထမင်းစား ပြီးပြီလား”
သူက မေးသည်။ ကျွန်တော်က-
“မစားရသေးဘူး။ ဒီ ရောက်မှ စားမယ်ဆိုပြီး”
“အဲဒါမှ ဒုက္ခပဲ၊ ဟင်း တွေက အိမ်ကစားလို့ ကုန်ပြီ၊ ဘဲဥတော့ ရှိတယ်။ ကြော်ပေး
ရမလား”
အမေ ချက်လေ့ရှိသော ဟင်းကို သွားသတိရသည်။ ဘဲဥ အချဉ်ဆီပြန် ဖြစ်၏။ ထူးခြားတာက
ဘဲဥကို သမားရိုးကျအတိုင်း ပြုတ်ပြီး မှ ခြမ်းထည့်တာမျိုး မဟုတ်ဘဲ အလုံးလိုက်
အစိမ်း အတိုင်း ဖောက်ထည့်ခြင်းဖြစ် ၏။ ဟပ်ဖရိုက်ပုံစံ အပြားလိုက် ဖြစ်သွားသည်။
ဘဲဥ ဖောက်ချက်ဟု ခေါ်သည်။ မြန်လည်းမြန်၊ လွယ်လည်း လွယ်သည်။ အရည်လေး
အနှစ်လေးနဲ့ဆိုတော့ စားလို့ လည်း ကောင်းသည်။
“အင်း- မဆိုးဘူး၊ စမ်း ကြည့်မယ်”
ဆိုပြီး သူ ချက်တော့ သည်။ ပြီးတော့ မြည်းကြည့် ပြီး-
“တစ်ခုခု လိုနေသလို ပဲ၊ ဟုတ်ပြီ”
ဟင်းထဲကို ဂေါ်ရင်ဂျီ မဆလာ ဖြူးလိုက်သည်။ မွှေးတက်လာသည်။ ကဏန်း မဆလာချက်လို
အရသာမျိုး။ သူချက်တာက အမေ့ဟင်း ထက်တောင် ပိုကောင်းသေး သည်။
တစ်ခါတော့ သူနှင့် ကျွန်တော် ကတောက်ကဆတ် ဖြစ်ကြသည်။(ကျွန်တော်က တစ်ဖက်သတ်
ဖြစ်တာ။) သူကတော့ ဘာမှ ပြန်မပြောဘဲ သုန်သုန်မှုန်မှုန် ကြီးသာ လုပ်နေသည်။ ရုံးက
အပြန် ခါတိုင်းလို ဘူတာဈေး မှာ သားငါး ဝင်မဝယ်တော့ဘဲ အိမ်ကိုသာ တန်းသွားသည်။
ကျွန်တော် စိတ်ဆိုးပြီး ဆက်မလိုက်ဘဲ လှည့်ပြန်ဖို့ စိတ်ကူးပြီးမှ သူတို့အိမ်
အထိ ပါသွားသည်။ သူက နောက် ဖေးဘက် ဝင်သွားသည်။ ကျွန်တော်က ဧည့်ခန်းမှာ
စူပုပ်ပုပ် မျက်နှာထားဖြင့် ငူငူ ကြီး ထိုင်နေသည်။ တော်တော်လေးကြာတော့ သူ ဧည့်
ခန်းဝမှာ လာရပ်ပြီး-
“ထမင်းစားမယ်”
ဟု သံပြတ်ဖြင့် ပြော သည်။ ကျွန်တော် ခေါင်းခါ လိုက်၏။ သူ ပြန်ထွက်သွားသည်။ ခဏ
အကြာမှာ-
“ထမင်းခူးပြီးပြီ”
ဟု လာပြောပြန်သည်။
“မစားဘူး”
ဟု ပြောမယ် ကြံသော်လည်း ဗိုက်က တော်တော် ဆာနေပြီ။ တာဝန် အရလိုလို၊
စိတ်မပါသလိုလို လုပ်ရင်း လိုက်သွားသည်။ ထမင်းစား ပွဲမှာထိုင်ပြီး
ကြည့်လိုက်တော့ ဘဲဥ ဖောက်ချက်ဟင်း။ မဆ လာနံ့က ဝေ့ခနဲ ဝင်လာသည်။ သွားရည်တောင်
ယိုချင်လာ၏။
ထမင်းတွေကို အကြောင်းမဲ့ လျှောက်ဖွရင်း အိုက်တင် ခံနေလိုက်သည်။ သူက
ဟင်းခပ်ထည့်ပေးသည်။ ဆာနေလို့ပဲလားမသိ။ ဒီနေ့ ကျမှ ဟင်းက ပိုအရသာရှိနေ သည်။
ထမင်းတစ်ပန်းကန် ကုန်ပေမယ့် မဝသေး။
သူက-
“ထမင်း”
ဟု ပြောသောအခါ
“တော်ပြီ”
ဟု ပြောပြီးမှ ပန်းကန်ကို ရှေ့တိုးပေးမိ၏။ သူက ထမင်း ထပ်ထည့်ပေးသည်။
ဒုတိယပန်းကန် ကုန်ပေမယ့် အာသာမပြေသေး။ သူက အထာ ပေါက်သွားလို့လား၊ စားပြီး
သွားလို့လား မသိ။ သူ့ ပန်းကန်ကိုယူပြီး ရှောင်ထွက် သွားသည်။ သူကျောပေးပြီး
ပန်းကန် ဆေးနေတုန်း ထမင်း မြန်မြန် ထပ်ထည့်စားရသည်။
ကျွန်တော်က အစားနည်းသူ ဖြစ်သည့်တိုင် ဒီနေ့တော့ ဗိုက်တင်းအောင်
စားပစ်လိုက်သည်။ မဆလာ အရှိန်ကြောင့် ချွေးတွေလည်း ပြန်လာသည်။ စိတ်ဆိုးလည်း
ပြေသွားပြီ။ ကျွန်တော် သူ့ ဘေးမှာ သွားထိုင်ပြီး လက်ဆေးရင်း-
“စားလို့ ကောင်းလိုက် တာ”
ဟု လေပြေထိုးလိုက်သည်။ သူက လှည့်မကြည့် ဘဲ-
“ပုလင်းထဲမှာ ထန်းလျက်ရှိတယ်”
ဟု ပြန်ပြောသည်။
ဒီနည်းဗျူဟာက တင်းမာမှု လျော့ပါးရေး အတွက် အလုပ်ဖြစ်ကြောင်း သူသိသွား ဟန်တူသည်။
နောင် နောင် ကျွန်တော် စိတ်ဆိုးနေတဲ့ အခါတိုင်း ဟင်းကောင်းကောင်းလေး
ချက်ကျွေးတတ်တာ ခုထိပဲ။ ကျွန်တော်သည်လည်း တဖြည်းဖြည်း ပို၍ပို၍ ဒေါသကြီး
တတ်လာလေတော့သည်။
တစ်လောက သူ့ အစ်မ တစ်ယောက် အိမ်လာလည် သည်။ တခြား ကျွေးစရာ မရှိသဖြင့်
မရန်းသီးမှည့်တွေ ချ ကျွေးသည်။ မရန်းသီးနဲ့ တို့စားလို့ ရအောင်ဆိုပြီး
ကျွန်တော့် မိန်းမက ဆားရယ်၊ နွယ်ချို ရယ်၊ ငရုတ်သီးမှုန့်ရယ် ရောစပ်ပေးသည်။
သူ့အစ်မပြန်တော့ မရန်းသီးတွေ ထည့်ပေးသည်။ ကျန်တဲ့ ဆားတွေ ကိုပါ အိတ်ကလေးနှင့်
ထည့်ပေးလိုက်သည်။
သူ့အစ်မ အိမ်ပြန်ရောက် တော့ ကလေးတွေက မရန်းသီးကို ဆားနှင့်တို့စားကြရင်း က
သားအငယ်ကောင်က-
“ဆားလေးက ကောင်းလိုက်တာ၊ ဘယ်က ဝယ်လာ တာလဲ”
မေးသည်။
“အဲဒါ ဝယ်လာတာ မဟုတ်ဘူး၊ နင့်အဒေါ် လုပ်ပေးလိုက်တာ”
ဆိုတော့ သားလုပ်တဲ့ လူက-
“အန်တီတို့များ ဆားတောင် အရသာရှိအောင် လုပ်တတ်တယ်။ ဦးဦးက သိပ်
ကံကောင်းတာပဲနော်”
လို့ ပြန်ပြောသတဲ့။
ကျွန်တော့် မိန်းမက ဒီအကြောင်းကို ဂုဏ်ယူသော လေသံဖြင့် ပြန်ပြောပြသည်။
ကျွန်တော် ပြုံးနေတော့ သူက-
“မဟုတ်ဘူးလား”
ဟု ထပ်မေးသဖြင့်
“အင်း- ဟုတ်ပါတယ်”
ဆိုပြီး ခေါင်းညိတ်ပြ လိုက်ရသည်။ စိတ်ထဲက တော့-
“အဲဒီ ဆားလေးတစ်တို့ ကို မြည်းခွင့်ရဖို့ ငါ့ဘက်က ဘယ်လောက်ထိ အရင်းအနှီး
စိုက်ထုတ်ခဲ့ရသလဲ ဆိုတာကို တော့ သူတို့ မသိကြဘူးနော်”
မင်းလူ
၁၁.၁၁.၁၁ သို့ အမှတ်တရ
(ရွှေအမြုတေ မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၁)
ဖတ်ရင်းနဲ့ သဘောကျလွန်းလို့ ဆရာမင်းလူရဲ့ ဝထ္ထုတိုလေးကိုပြန်လည်မျှဝေတာပါ…
အကြိုက်တွေ့ကြမယ်လို့မျှော်လင့်ပါတယ်..
13 comments
koyinmaung
February 14, 2012 at 9:29 am
kyeemite ရေခုလိုမျှဝေပေးတာကျေးဇူးတင်ပါတယ်
အတော်ကောင်းတဲ့ ဆရာမင်းလူရဲ့ ဝထ္ထုတိုလေးပါ……
MaMa
February 14, 2012 at 9:30 am
ကောင်းလိုက်တဲ့ စာကလေး။
ဆီထမင်းနဲ့သာ စားလိုက်ရရင် ဆွေမျိုးမေ့သွားမယ် ထင်တယ်။
သူများကျတော့ ပြန်အပ်ပြီး ပါမစ်အသစ်ထုတ်ဖို့ ချွန်တွန်းလုပ်တယ်…
ကိုယ်တိုင်ကျတော့ ပြတိုက်ထဲထည့် အမှတ်တရ သိမ်းထားချင်ပါသတဲ့လား 😉
အပျိုကြီးတွေကျတော့ သံရည်ကျိုစက် ထည့်မတဲ့။
ရွာထဲက အပျိုကြီးတွေကို အထင်စမောတယ် မှတ်တယ်။
ဒို့လူလေးများ ဆိုသလေ…….
ဝိုင်းနှက်ကြပါစို့လား 😆
apulay
February 14, 2012 at 9:33 am
ယောကျာင်္းတွေအားလုံး ကိုယ်ယူထားတဲ့မိန်းမတွေကို အိုအို ဟောင်းဟောင်း တန်ဖိုးထားတတ်ကြပါစေ ။
နွားအိုမြက်နုကြိုက်ဆိုသလို အလန်းလေးတွေကြိုက်မိကြရင် ကိုယ့်ရှိတာတွေအကုန်ခွာလို့ကုန်သွားရင် ကန်ထုတ်ခံရမှာ ။ နောက်ဆုုံးတော့ မူလအစပထမ မိန်းမအဟောင်းကြီးတွေဆီကိုပဲ ပြန်ရောက်လာရမှာ ။
K@oru
February 14, 2012 at 9:37 am
မိန်းမတစ်ယောက် ဟင်းချက်ကောင်းခြင်းသည် အိမ်ထောင်တစ်ခု သာယာ တည်ငြိမ်
ခိုင်မြဲရေးအတွက် အဓိက အချက်ပဲလို့တော့ မပြောနိုင်။ သို့ရာတွင် အရေး ပါသော
အခန်းကဏ္ဍမှ အထောက်အကူ ပြုသည်ဟု ထင်၏။
ယောက်ျားတယောက် ဟင်းချက်ကောင်းရင်ကော ဟင်င်င်င်င်
(ဆက်ရန်ရှိပါသေးသည်)
K@oru
February 14, 2012 at 10:50 am
ဆက်ဆွဲပီနော..
ဆြာမင်းလူကို အလွန်ပဲ နှစ်သက်လေးစား ပါတယ်ဗျ….
မတူတဲ့အတွေးနဲ့ ပြောရရင် ..အဟမ်း …
ဟင်းချက်တာ မိန်းမအလုပ် ဆိုတဲ့အတွေးကိုတော့ ….အင်းးးး …တယ်သဘောမကျချင်ဘူးရယ်
သည်လိုဗျ
နိုင်ငံရပ်ခြားက တပြည်သူမရွှေထားတွေကြားမှာ
ဗမာယောက်ျားတွေ ရောင်းပန်းလှသလား ဆိုတဲ့မေးခွန်းကိုဖြေကြည့်ရရင်ဖြင့်
ဟင့်အင်း လို့ (အကြမ်းဖျင်း) ဖြေရမှာဖြစ်ပါတယ်..
ဘယ်ကြိုက်ကြမတုန်းဗျာ ….ကျနော်တို့ ပုံသွင်းခံရတဲ့ လူနေမှုစနစ်အရ
ယောက်ျားလေး ဆို ချက်ပြုတ် ကြော် လှော် သုတ် ဖုတ် ကင် တတ်မှ မလုပ်တတ်ကြတာ
သည်တော့ မရွှေထားက တွက်ပီလေ ရွှေကို ယူရင် သူပဲ နားကားမယ်ဆိုတာ..
သူတို့တွေက ၁၈နှစ် ကတည်းက အိမ်ပေါ်ကဆင်း ၁ယောက်တည်း နေ
ကြတာဆိုတော့ ကျားမ မဟူ အိမ်မှုကိစ္စ တတ်ကျွမ်းကြတော့သကိုးးးးးးး
ပိုက်ပိုက်ရှာတာ အရေးကြီးသလို အိမ်တွင်းမှု အလုပ်ကို အသက်ရှင်သန်ရပ်တည်ရေး
ရဲ့ တစိတ်တပိုင်းလို့ လက်ခံသဘောပေါက်ထားကြလို့ပါပဲဗျာ….
ကြုံလို့ စကား အတင်းစပ်ရရင် ဟင်းချက်ကောင်းတဲ့ ယောက်ျားဟာ စွံတာများတယ်ဗျ …
အော် …ရယ် …..သူတို့လည်း ပါးစပ်ပါတာပဲလေ …ဟုတ်ဘူးလား …
ပုံ
စွံမယ့်ရက်ကို ဒယ်အိုးရွက်ရင်းစောင့်နေတဲ့
ဂီ
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
February 14, 2012 at 11:04 am
မိဂီက ဒယ်အိုးရွက်ပြီးစောင့်နေပြန်တော့
မီးဖိုပိုက်စောင့်နေတဲ့ မိချိန်ပေါက်ပေါက်ကိုထားခဲ့ရမှာလည်းခက်
အစွဲကြီးတဲ့ မိဖရဲသီးကို မပြစ်ပယ်နိုင် …
ခက်တော့ ခက်နေပါပြီကွာ …
ဘယ်သူ့ကိုရွေးရမလဲဗျာ … 😛 😀 🙂
စိန်ပေါက်ပေါက်
February 14, 2012 at 11:23 am
ဟယ်.. (အရောင်တောက်ပသောမျက်လုံးများဖြင့် ဟယ်သံ)
ဟင်းချက်ကောင်းတယ်တဲ့တော့
blackchaw
February 14, 2012 at 10:15 am
ကိုကြီးမိုက်ကြီးရေ။
မင်းလူ ဝတ္ထုလေးအတွက် ကျေးဇူးပါဗျာ။
ကားကသက်မဲ့
မိန်းမက သက်ရှိ ပါဆရာရေ။
အသာလုပ်ပါ။
jujuma
February 14, 2012 at 11:16 am
အသစ်တွေဘယ်လိုကောင်း၂ အဟောင်းကိုတော့တစ်လည်လည်ပါရှင်ရေ…
သီချင်းပြောပါတယ်…ဟိဟိ
အန်းဒိတ် ဖြစ်လေ ဈေးကောင်းပေးလေ တော့ကြားဖူးတယ်နော် ..
ကွန်မကောင်းတဲ့ကြားက စာကိုဆုံးအောင် ဖတ်ရှုသွားပါတယ် ဗျို့
ရှဲရှဲ …
Thel Nu Aye
February 14, 2012 at 11:36 am
အရမ်းကောင်းတာပဲ။ ဖတ်ရင်းဖတ်ရင်းနဲ့စားချင်လာတယ်။ တခုတော့ရှိတယ်။ ဦးကြီးမိုက်ဇာတ်လမ်းမှတ်လို့ အိမ်ကိုထမင်းစာဖိတ်ခိုင်းမလို့ဟာ နောက်ဆုံးမှ ဦးမင်းလူဖြစ်နေတယ်။ ဦးကြီးမိုက်တို့များတော်တော်ကံကောင်းတယ်မှတ်တာ။
kyeemite
February 14, 2012 at 11:58 am
ကံကောင်းပါ့ ကိုသဲနုရေ့..မနက်ရုံးမသွားမီ ထမင်းနဲ့ဟင်း ချက်ပေးခဲ့ရတယ်..မဒန်ကြီးမိုက်အတွက်လေ..
အို..အို…အိုး..ချစ်တာကိုး..
ထမင်းစားကြွခဲ့ဘို့ဖိတ်ပါတယ်ဗျား..
Thel Nu Aye
February 14, 2012 at 1:23 pm
ဟုတ်ကဲ့ပါဒေါ်ကြီးမိုက်ရေ။ တရက်တော့ထမင်းလာစားပါအုံးမယ်။ ဘယ်သူချက်ချက်စားပါ၏။ ဟီဟိ
aungnng87
February 14, 2012 at 2:16 pm
ကိုကျီးမိုက်များလားလို့ စိတ်ဝင်တစားဖတ်နေတာ….နောက်ဆုံးကျမှ မင်းလူကိုး….ကိုကျီးမိုက်..များလည်းကြွားလိုက်ဦးမယ်။ သူကလည်းဟင်းချက်ကောင်းတယ်သိလား….