နက္ခတ်ပျက်တဲ့ ည
အိမ်ရှေ့လမ်းမက အပွင့်ဝါဝါတွေ ပန်ထားတဲ့ညအဖြစ် အသွင်ပြောင်းသွားချိန် ၊ ကျွန်တော်ဟာ သူမပစ်ချထားတဲ့ချစ်ခြင်းတွေနဲ့ အစွမ်းကုန်လောင်ကျွမ်းပြနေတဲ့ ကြယ်ရူးတစ်ကောင်ဖြစ်နေခဲ့တယ်…။ စိတ်ဖြစ်စဉ်တွေ ဖိတ်တစ်ဝက်စဉ်တစ်ဝက်နဲ့ ကျွန်တော် ပုံအောလင်းပထားတဲ့ခံစားမှုဟာ သူမအတွက် ဖျဖျလေးတောင် လင်းရဲ့လားမသိဘူး…။ ကောင်းကင်ရဲ့အချိုးအစားတစ်ခုလုံးကို ကျွန်တော်သိမ်းပိုက်ခမ်းနားချင်တာ မဟုတ်ပါဘူး….။ သူမတစ်ကိုယ်စာ လဲ့ဖြာရူးသွပ်ချင်ရုံ..။
× × × × × × ×
ရွှေအိုရောင် အပြုံးတွေကို ဆည်းဆာရဲ့ အနားစွန်းပေါ်မှာမြင်တိုင်း ကျွန်တော် တုန်ယင်အေးစက်သွားဖူးတယ် ။ မှော်ဝင်နေတဲ့ နာရီ တစ်ချို့တစ်ဝက်ကို ကမာ္ဘဦးလူတွေရဲ့ ရိုးသားမှုမျိုးနဲ့ ကျွန်တော် ပြင်းပြတပ်မက်ခဲ့ဖူးတယ် ။ ပါးပြင်ထောင့်စွန်းက သွေးကြောမွှာတွေရဲ့ ကကြိုးကို ကျွန်တော် မရိုးတမ်း ခိုးငေးခဲ့ဖူးတယ်..။ တောလိုက်မုဆိုးတစ်ယောက်လို ကျွမ်းကျင်မှုမရှိပါဘူး…။ မြားအစင်းစင်းကို ရင်ဖွင့်ခံရုံ…၊ ကျွန်တော် သားကောင်ကောင်းဖြစ်ခဲ့တယ်….။
သူမဟာ ပြုပြင်စီရင်ခြင်းတွေရဲ့အပြင်ဘက်က နှင်းဆီရနံ့တွေ ဖြာကျနေတဲ့ ဒဏ္ဍာရီတစ်ပုဒ် ၊ လရိပ်ကမ်းပါးရဲ့ အလင်းပွင့်လွှာတွေပေါ်မှာ ကတဲ့နှင်းစက် ၊ အမှောင်ဆုံးနေ့တွေရဲ့ ရှင်ပြန်ထမြောက်ခြင်းတေးသွား………. ကျွန်တော့်အိပ်မက်တွေရဲ့ သိမ်မွေ့တည်ကြည်ရာ ဖြစ်ရဲ့…။
× × × × × × ×
အဆိပ်သီးတွေကို ဆန့်ထုတ်မြှူဆွယ်ထားတဲ့အချစ်ဟာ ကျွန်တော့်ကို ခုန်အုပ်ကိုက်ခဲထားတာ ၊ တစ်ခါတစ်ခါ နာကျင်ရမှန်းမေ့လောက်အောင်ကို နာကျင်ခဲ့တယ် ။ ဟင့်အင်း…. သူမ မဟုတ်ပါဘူး….။ ကျွန်တော် စနစ်တကျရှိဖို့ ပြင်ဆင်မထားရသေးခင်မှာတင် ခံစားမှုက ကျွန်တော့်ကို အလဲထိုးလိုက်တာ ။ အသုံးမချတတ်တဲ့ စကားလုံးတွေနေရာမှာ အလွမ်းက အကြားအလပ်မရှိ နေရာယူတယ်..။ သူမရဲ့ မျက်တောင်အဖျားမှာ လှုပ်ခါနေတဲ့ နေရောင်ခြည် ၊ သူမရဲ့ မျက်နှာလေးကို မကြာမကြာပိုင်ဆိုင်ခွင့်ရတဲ့ ကြည့်မှန်တစ်ချပ် ၊ သူမရဲ့ ပုခုံးနုပေါ် ဖွဖွလေးမှီတွယ်ထားတဲ့ ဘေးလွယ်အိတ်…. အားလုံးကို မနာလိုမိနေလောက်အောင်ကို ကျွန်တော့်အသိစိတ် အထိန်းအကွပ်လွတ်လွတ်သွားတတ်တယ်…။
× × × × × × ×
အစိမ်းပွင့်တွေ တဖွားဖွားလွင့်နေတဲ့ မီးလျှံလို ၊ “သူမ” ၊ တိမ်းမူးစရာ တင့်တယ်နေရဲ့…။ သစ်ခြောက်ပင်အိုရဲ့ ဖြစ်တည်မှုဟာ သူမကို ညွတ်တွားပူဇော်ဖို့သာ အသုံးဝင်တော့သလိုမျိုး…။ နှလုံးသားတစ်ခုလုံး ပြာကျသွားတာတောင် သူမရဲ့လင်းမြစင်ကြယ်မှုအတွက် ဂုဏ်ယူစွာ ပြုံးနေတတ်ခဲ့တယ် ။ ပျံသန်းသွားတဲ့ အိမ်အပြန်ငှက်တွေရဲ့ တောင်ပံကြားမှာ သူမရဲ့ သတင်းစကားကို မြင်ရသလို ၊ မိုးကုပ်စက်ဝိုင်းရဲ့ သင်းကွဲတိမ်စိုင်တွေထဲမှာ သူမရဲ့ရနံ့တွေ ခိုဝင်ညှင်းသွဲ့နေသလို…. အသားတကျ လွမ်းတတ်ခဲ့တယ်….။ တစ်စုံတစ်ရာကို အရှက်ရခဲ့တဲ့ လက်ဖဝါးတွေကို သေသေသပ်သပ် ဝှက်သိမ်းတတ်ခဲ့တယ်…။ ရင့်ကျက်မှုလို့ မဆိုချင်ပါဘူး ။ ကျွန်တော် အေးစက်သွားတာ ။
× × × × × × ×
အဲ့ဒီ တလိမ့်ခေါက်ကွေးရာဇဝင်ထဲမှာ ၊ နှုတ်ခမ်းတွေ မပါဘူး…။ စစ်ပွဲတွေ မပါဘူး…။ ဓူဝံကြယ် မပါဘူူး…။ အရှေ့လေစီးကြောင်း မပါဘူး…။ ကမာ္ဘကြီး ပူနွေးမှု မပါဘူး…။ ဂြိုဟ်သားတွေ မပါဘူး…။ တကယ့်ကို တစ်သီးတစ်သန့် ၊ တစ်ခါတစ်လေ အထီးကျန်ဆန်ချင်လည်းဆန်မယ့် ငြီးငွေ့ဖွယ်နာကျင်ခြင်းတွေပဲ ဦးဆွေးဆံမြည့် ရှိလှရဲ့……။
× × × × × × ×
နတ်ဆိုးတွေ ကျီစားတဲ့ ညက ရင့်မှည့်စ သစ်သီးတစ်လုံးလို အရောင်ပြောင်းလာတယ်…။ သစ်ရွက်ဖျားတွေရဲ့ လှောင်ပြောင်မှုကို မသိကျိုးကျွံပဲ ထားခဲ့တယ်…။ အနိမ့်အမြင့်မညီညာတဲ့ အရောင်တွေနဲ့ တစ်နေ့တာ ဖြတ်သန်းရဦးတော့မယ်..။ မမက်ဖြစ်ခဲ့တဲ့ အိပ်မက်တွေအစား ကော်ဖီခါးခါးတစ်ခွက်နဲ့ပဲ နေ့သစ်ကို ကြိုလိုက်တယ် ။ ရင်နှင့်အမျှ (သူမ) ငြိမ်းချမ်းအေးမြနိုင်စေ….။
လင်းစက်ရာ
3 comments
etone
February 16, 2012 at 4:44 pm
နက္ခတ်ပျက်လို့ ….ကြယ်မစုံတော့..
ပုလင်းကိုဆွဲ .. ငါးခြောက်တွဲနဲ့
မိုးပေါ်ကြည့်ကာ…. သူဆိုရှာတယ် …
ဟေ့ကောင်တွေ … ငွေချေးနင်းမိပြီကွ !!!! 😆
အဟီး … ဖျက်လိုဖျက်ဆီးလုပ်တာ မဟုတ်ရပါဘူး .. ကော့မန့်ရေးရင်း လာအားပေးတာပါ …
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 18, 2012 at 7:37 pm
အိမ်ရှေ့လမ်းမက အပွင့်ဝါဝါတွေ ပန်ထားတဲ့ညအဖြစ် အသွင်ပြောင်းသွားချိန် ၊ ကျွန်တော်ဟာ သူမပစ်ချထားတဲ့ချစ်ခြင်းတွေနဲ့ အစွမ်းကုန်လောင်ကျွမ်းပြနေတဲ့ ကြယ်ရူးတစ်ကောင်ဖြစ်နေခဲ့တယ်…။ စိတ်ဖြစ်စဉ်တွေ ဖိတ်တစ်ဝက်စဉ်တစ်ဝက်နဲ့ ကျွန်တော် ပုံအောလင်းပထားတဲ့ခံစားမှုဟာ သူမအတွက် ဖျဖျလေးတောင် လင်းရဲ့လားမသိဘူး…။ ကောင်းကင်ရဲ့အချိုးအစားတစ်ခုလုံးကို ကျွန်တော်သိမ်းပိုက်ခမ်းနားချင်တာ မဟုတ်ပါဘူး….။ သူမတစ်ကိုယ်စာ လဲ့ဖြာရူးသွပ်ချင်ရုံ..။
သူမတစ်ကိုယ်စာ????
windtalker
February 18, 2012 at 9:11 pm
ဆေးပေါင်းခတဲ့ညတုန်းကတော့ မယ်ဇလီဖူးသုပ်နဲ ့ငြိမ့်ခဲ့ဖူးတယ် ။
နက္ခတ်ပျက်တဲ့ည ကိုတော့ အခုမှဖတ်တုန်း ။